Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ဟာသ၀ထ္ထုတိုများ၄

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

ချစ်ကြည်ရေး

 

          သူကိုယ်တိုင်လည်း စာရေးဆရာ၊ စာပေကိုဝါသနာပါပေသော သခင်နုမို့သာ ဝန်ကြီးချုပ်အဖြစ်နှင့် စာရေးဆရာအသင်းကို အခွင့်အရေးပေးကောင်းမှန်းသိ၍ ကျွန်တော် တို့တတွေ မန္တလာတစ်ခေါက်၊ မြစ်ကြီးနားတစ်ခေါက် ရောက်ခဲ့ရပါပေသည်။ ကျေးဇူးတင် ပါ၏။ နောက်နောင်လည်း မျှော်လင့်လျက် ရှမ်းပြည်ပို့စမ်းပါဗျာ တစ်ခါမှ မရောက်ဖူးသေးလို့။

          ကျွန်တော် မြစ်ကြီးနားမှ ပြန်ရောက်လာသောအခါတွင် ကျွန်တော်၏ဉာဏ် စိတ်ကူးတို့ ဖူးပွင့်ရာ ရှုမဝဥယျာဉ်၏မာလီဖြစ်သူ ဦးကျော်သည် ကျွန်တော့်အား မြစ်ကြီးနား မှ မျိုးစေ့ပါခဲ့သော မနောရောင် မြိုင်ယံပန်းကို သူ့ဥယျာဉ်ခန်းတွင် ဆင်မြန်းပေးရန်တောင်းပန်ရှာလေသည်။ (တယ်... ကြီးကျယ်လိုက်တာလို့ မဆိုပါနဲ့ဦးကျော်ရာ တစ်ခါ တလေ ကြွားစမ်းပါရစေ)

          အမှန်ကိုဆိုရသော်ကား ကျွန်တော်သည် ဤမာလီငယ် မောင်ကျော်က တောင်းခံ မှသာ မဟုတ်ပေဘဲ၊ ဝန်ကြီးချုပ်၏ကျေးဇူးကြောင့် စင်စစ်နိုင်ငံတော်၏ ငွေဖြင့်သွားလာ ရခြင်းဖြစ်၍ ကျွန်တော့်မှာ နိုင်ငံတော်၏ကျေးဇူးကို ပြန်လည်ပေးဆပ်ရန် တာဝန်ရှိနေပါ သည်။ ထို့ကြောင့် ကျွန်တော်တတ်သမျှ မှတ်သမျှကို စာတစ်ပုဒ်လုပ်၍ ရေးလိုက်ရပါ၏။

 

          ၁၉၅၁ ခု၊ ဇန်နဝါရီလ၅ရက်နေ့ညနေ။ဝန်ကြီးချုပ်၏ဂေဟာ၌ဝန်ကြီးချုပ်၏လက်ဖက်ရည်ပွဲအပြီးအားလုံး လူတွေအထတွင် ကျွန်တော်သည် သခင်နုအနီးသို့ချဉ်းကပ်၍ ကျွန်တော်တို့စာရေးဆရာတွေကို မြစ်ကြီးနားမနောပွဲသို့ ခေါ်ငင်ရန် ပူဆာ လိုက်သည်။ ကနဦးကပင် သူစိတ်ကူးရှိဟန်တူသည်။ ချက်ချင်းပင် အတွင်းဝန် ဦးသန့်ကို ခေါ်ငင် စီမံစေ၍ နောက်တစ်နေ့ ၁၁ နာရီလောက်တွင် ရွှေမန်း ရွှေဂုန် ကလောင်ရှင်တွေ အတွက် နှစ်ဆယ့်ခြောက်ယောက်နိုင်၊ ဒါကိုတာ” လေယာဉ်ကြီးတစ်စင်းရကြောင်း၊ ပြန်ကြားရေးဌာနမှ ထုတ်ပြန်လိုက်သောအခါ၌ ကျွန်တော်ဝမ်းသာလိုက်ပုံကား..

          ကျွန်တော်မြစ်ကြီးနားသို့ မရောက်ဖူး၍ မဟုတ်ပါ လပိုင်းမျှ နေပင်နေခဲ့ဖူးပါ၏။ မနောပွဲကို မတက်ဖူး၍ မဟုတ်ပါ။ ၄၇ ခုနှစ်တွင်ကပင် ကခဲ့ဖူးပါ၏။ သို့ရာတွင် ဤစဉ် ကမူ ၎င်းအရပ်ဒေသက ပစ္စည်းတွေကို ငါဘယ်နည်းနဲ့ ဈေးချောင်ချောင်ရပါ့မလဲ။ ငါ...အောက်ကတင်ခဲ့တဲ့ ကုန်တွေကို ဘယ်လိုပုံဈေးကြီးကြီးရအောင် ရောင်းရပါ့မလဲဟူသော ကုန်သည်စိတ်နှင့်ဖြစ်၍ ယခုမူ စာရေးဆရာ၏နှလုံးသားဖြင့်သာ သွားလိုခြင်း ဖြစ်ပါသည်။

          ကျွန်တော်ကား ကုန်ရှုံးကြွေးတင်၊ လိုအင်မရ၍ လေးရာ့ခြောက်နှင့် ပြေးနေရာမှ စာရေးဆရာဘဝရောက်ခဲ့သူ ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်တွင် မင်းကွန်းတစ်ဖက်ကမ်း နန်းတော်ကျွန်းရွာ၌ ခိုအောင်းကာ စိတ်ညစ်ညစ်နှင့် ဟာသဝတ္ထုတွေရေး၍ စာပေနယ် ဝင်ခဲ့သူဖြစ်ပါသည်။

          ဟော... အခု ကျွန်တော် ကုန်သည်ဘဝနှင့် ကျင်လည်ခဲ့သော ဤမြစ်ညာဒေသသို့ စာရေးဆရာအဖြစ်နှင့် သွားရတော့မည်။ မြစ်ကြီးနားမြို့သည် ကျွန်တော်၏ဇာတိဒေသနှင့် ခရီးစဉ်အရ မိုင်ပေါင်းရှစ်ရာကျော်ဝေး၍ ကျွန်တော်ကုန်ရင်းပြုတ်ပြီး နောက်ဆုံး ထွက်ခွာလာရကတည်းက နောက်ထပ်ရောက်ရန်ဖြင့် ခဲယဉ်းလှပြီထားသော ဒေသဖြစ်ပါသည်။ ၁၉၄၇ ခု၊ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ခင်း နှင်းငွေ့ တွေ ဝေဝေရီနေခိုက် ကြေးတွေသိမ်း၊ ပိုင်ရှင်ဖမ်း” ဟူသော အစိုးရ၏ရုတ်တရက် အမိန့်ကြောင့် ကျွန်တော် ၏တစ်သောင်းကျော် တန်ကြေးတွေ တစ်မိနစ်အတွင်း ဆုံးရှုံးရပြီဖြစ်၍ (ချစ်ပန်းနှစ်ခိုင်ဝတ္ထုတွင် ဖော်ပြခဲ့ဖူးပါ သည်) ကျွန်တော်စိတ်ညစ်နေသည့်နေရာ၊ မြစ်ကြီးနားဘူတာ ရှေ့ပလက်ဖောင်းပေါ်ကို ခဏကလေးမျှ မတ်တတ်ရပ်၍ ကြည့်လိုက်စမ်းချင်ပါဘိသည်။ ကျွန်တော်အဖော် တစ်သိုက်နှင့် ကြေးလိုက်ခဲ့သော လမ်းကြိုလမ်းကြားတွေကို လျှောက်သွားလိုက်ချင်စမ်း ပါဘိသည်။ ကြေး သို့မဟုတ် ရွှေမှုန့် (ကျင်ရွှေ) တွေကို ကျွန်တော်တို့က မတရား သက်သက်အမဲဖျက်သလို ပက်ပက်စက်စက်ဈေးနှင့် မရရအောင် အတင်းဈေး နှိမ့်ဝယ် လိုက်သော ယောယင်တောတွင်းသားတွေကိုတွေတွေကြည့်ကာ “ကျွန်တော် မိုက်ခဲ့မိပါ တယ်ဗျာ” ဟု ပြောလိုက်ချင်စမ်းပါဘိသည်။

          ကျွန်တော့်တွင် စာရေးဆရာဘဝ၌၊ အချို့စာရေးဆရာများနည်းတူ၊ လူချင်း မတွေ့ ဖူးပါဘဲလျက် စာပေးစာယူဖြင့် အလွန်ခင်မင်ကြသော ကလောင်မိတ်ဆွေများရှိပေရာ ကျွန်တော်သည် မြစ်ကြီးနားသို့သွားရန် သေချာသောအခါ၌ မှတ်စုစာအုပ်ကို ဖွင့်၍ မြစ်ကြီးနားရှိ၊ ကလောင်မိတ်ဆွေနှစ်ယောက်၏လိပ်စာတွေကို ကြည့်လိုက်သည်။

          ပထမ မောင်ထွန်းခိုင်၊ ကောင်းဖတ် အရက်ကုမ္ပဏီ မြစ်ကြီးနားမြို့။

          နောက်တစ်ယောက်ကား... မိန်းကလေးဖြစ်နေ၍ သူ၏လိပ်စာကို ဖော်ပြ၍ သင့်လျော်မည်မထင်ပါ။

          မောင်ထွန်းခိုင်သည် ကျွန်တော့်အား စာရေးဆရာအစ်ကိုကြီးဟုခေါ်၍၊ မိန်းကလေး ကမူ အစ်ကိုလေးဟု ခေါ်ပါသည်။

          ကျွန်တော်တို့စတင်ခင်မင်ကြသည်မှာ (မိန်းကလေးက ဦးသည်) တစ်နှစ်ကျော် ပြီးဖြစ်၍၊ လူချင်းမတွေ့ဖူးသေးသော်လည်း ဓာတ်ပုံချင်းလဲလှယ်ထားကြသည်။

          မောင်ထွန်းခိုင်မှာ တရုတ်ကပြားဖြစ်၍ သူ့မိခင်နှင့် ယောက်ဖအစုငွေပါသော အရက်ဆိုင်တွင် စာရေးလုပ်နေရကား၊ ကျွန်တော့်အား ကျွန်တော့်ဝတ္ထုများတွင် ကျွန်တော့် ကိုယ်ကျွန်တော် အရက်သမားဖြစ်အောင် ရေးသားထားသည်နှင့် သူတို့အိမ်သို့လာနေပြီး အရက်ကို သဘောရှိသောက်နေရန် ဖိတ်မန္တကပြုခဲ့ပါသည်။ တစ်ခါတစ်ရံ၌ သူ့ချစ်သူ အကြောင်းနှင့်ပတ်သက်၍ ကျွန်တော့်ကို တိုင်ပင်လေ့ရှိပါသည်။

          ကျွန်တော့်ချစ်ဆွေမကလေး မမြရီကတော့ (နာမည်တစ်ဝက်ပြောင်းထားသည်) တစ်ခါက သူရေးလိုက်သောစာတွင်..“ဘာလဲ အစ်ကိုလေးရဲ့ ‘အခုတလောအရီမှာ အိမ်ထောင်မှုတာဝန်တွေများနေလို့ အစ်ကိုလေးစာကို အပြန်နောက်ကျတာပါ”ဆိုတာနဲ့ အစ်ကိုလေးက “သြ... ငါ့နှမ အပျို မှတ်နေပါတယ် အခုတော့ ငါ့ မှာယောက်ဖတွေဘာတွေနဲ့ကိုး” တဲ့ အင်း.. ထင်သားပဲ ဒီလိုရေးလိုက်မိကတည်းက ဒီလိုတွေးလိမ့်မယ်ဆိုတာ။ ဒီမှာအစ်ကိုလေးရဲ့ အိမ်ထောင်မှုတာဝန်ပြုရတယ်ဆိုတာနဲ့ အိမ်ထောင်ရှင်ဖြစ်ရရောလား၊ အရီတို့မှ မောင်နှမ ၅ ယောက် ရှိတဲ့အနက် အစ်ကိုတစ်ယောက်ကလွဲပြီး အရီက အကြီးဆုံးဖြစ်တော့ မေမေ နေမကောင်း ခိုက်မှာ အိမ်ထောင်မှုတာဝန်ပြုရတယ် ပြောတာပါ အစ်ကိုလေးရဲ့ ... အထင်တော် မလွဲ လိုက်ပါနဲ့ အရီအသက်က အခုမှဆယ့်ရှစ်နှစ်ရှိသေးတယ်၊ ရည်းစားတောင် မထားဖူးသေး ဘူး။ ထားဖို့လည်း စိတ်မကူးပါဘူး။ ဘာလဲ... အစ်ကိုလေးက ယောက်ဖ လိုချင်နေလို့ လား။ ယောက်ဖလိုချင်ရင် အစ်ကိုလေးလူ အစ်ကိုလေးရှာပြီး ရန်ကုန်ကနေ ပါဆယ်နဲ့ပို့ လိုက်။ ဒါမှမဟုတ်ရင် အစ်ကိုလေး မြစ်ကြီးနားလာတော့ ခေါ်ခဲ့”

          (ကျွန်တော်သည် အမြို့မြို့ရှိ ကလောင်မိတ်ဆွေများကို တစ်နေ့နေ့လာခဲ့မည် ကျွေးဖို့ ပြင်ထားပေရော့ဟု ရေးလေ့ရှိပါသည်။)

           ကျွန်တော်သည် မြစ်ကြီးနား မလာမီ တစ်နေ့၌ ဤစာနှင့် သူ့ဓာတ်ပုံကလေးကို ကျွန်တော်နှင့်အတူ မြစ်ကြီးနားလိုက်မည်ဖြစ်သော ကိုမင်းရှင်ကိုပြမိရာ

           “အလဲ... အချောကလေးပဲဗျ။ အဟဲဟဲ... ကျွန်တော့်ကိုပဲ ခင်ဗျား ယောကီဖ လုပ်ခေါ်သွားတာပေါ့ ဗျာ” ဟု ဆိုလေသည်။ ကျွန်တော်ကပြုံး၍

          “ခင်ဗျား... ကမ္ဘာဇ သဇင်တော့ ကျွန်တော်ပေးမှာလားလို့...”

 

           ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် ကျွန်တော်တို့ ဒါကိုတာ လေယာဉ်ပျံကြီးသည် မင်္ဂလာဒုံမြေပြင်မှ ဝေဟင်သို့ပြေးတက်လိုက်သည်။ ပန်ကာကြီး အသံကုန်မြည်ဟီးလျက် လေထုကို “လိမ်ရစ်သွားခြင်းဖြစ်သည်။ကျွန်တော်တို့မျက်စိအောက်ကလယ်ခွက်တို့သည်တစ်စတစ်စငယ်၍ငယ်၍လာကြသည်။ တဖြည်းဖြည်း နှင့် ရွှေရောင်မြရောင်ဖျာချပ်တွေဖြစ်လာကြသည်။ နောက်ဆုံးလေယာဉ်ပျံက အတက် ရပ်၍ အနေတော်ပျံနေသောအခါ၌ကား ရွှေအုတ်ချပ် မြအုတ်ချပ်ကလေးများ ဖြစ်သွား ကြတော့သည်။ ချောင်းငယ်မြောင်းငယ်တို့ကိုကြည့်ရလျှင်မြနှင့်ရွှေဂဟေဆက်ထားသည့်တို့အကြား၊မျဉ်းသားထားသည်နှင့်တူသည်။ အင်းကြီး အိုင်ကြီးတို့ကား ငွေပြားကြီး များ ဖြစ်ကြကုန်၏။လေယာဉ်ပျံသည် စီးရသူအဖို့၌အောက်က မြင်ရသလိုမြန်သည်ဟု မထင်ရချေ။

          ယခုကျွန်တော်တို့သည် ရွှေစင်မြသား ငွေပွားခတ်သည့် ကမ္ဗလာပေါ်တွင် တရွေ့ ရွေ့ ရွေ့လျားနေကြသည်။ တစ်ချက်တစ်ချက်၌ ဂွမ်းငှါဂွမ်းစုတိမ်ဖြူနုတို့က ကျွန်တော် တို့မျက်စိအောက်သို့ အထွေးလိုက်အထွေးလိုက် ရောက်လာတတ်ကြသည်။အချို့ကနံဘေးမှနေ၍ကျွန်တော်တို့ကိုနှုတ်ဆက်ကြသည်။ ကျွန်တော်သည် သူတို့အကြားထဲသို့ ဝင်သွားပြီး လောကကြီးနှင့်တူတူပုန်းနေချင်သည်။ မေ့တစ်ယောက်ကိုတော့ ခေါ်ထားချင် သည်။ လိုက်မှာလားမေရယ်...

          “ဟော.. အဲဟိုဟာ.. ပဲခူးရိုးမပေါ့ ”

          ရန်ကုန်မှထွက်လာ၍နာရီဝက်မျှအကြာတွင်တစ်ယောက်သောသူကလေယာဉ်ပျံဘယ်ဘက်တောင်ပံကိုကြို၍ လက်ညှိုးထိုးကာ ပြလိုက်သည်။ဟုတ်ပါ၏။သစ်ပင်တို့ပင်နိမ့်မြင့်စီလျင်မြန်ရသည်။အောက်ဗမာပြည်တွင်

မြနှံရွှေသီးတို့ ဖန်တီးဖို့ရာ မိုးရေကို ပေးတဲ့တောင်၊ ကျွန်းသစ်တွေ ထွက်ဖို့ရာ နေသား တကျရှိတဲ့တောင်။

          ကောင်းကင်ယံက ကြည့်ရသည်၌ ကျွန်တော်တို့ မြန်မာပြည်သည် ပို၍ချစ်စရာ ကောင်းသည်။ မြကွက်ရွှေပြင် ငွေမင်ကြောင်းနှင့် စိမ်းမောင်းမောင်းတောင်တန်းတွေ။

          လူနေနှင့် မြေရာစာလျှင် လူနေကနည်းလှသေးသည်။ ကျွန်တော်တို့မြန်မာပြည် သည် အေးအေးချမ်းချမ်းနှင့် တကယ့်အမြင်မှန် နည်းလမ်းအရ စည်းကမ်းကျနစွာ တိုးတက် ခဲ့ပါလျှင် ယခုလူဦးရေ ၁၇ သန်းခွဲကို မဆိုထားနှင့် သန်းငါးဆယ်ကျော်ပင် ချမ်းသာစွာ နေနိုင်လိမ့်မည်ဟု ကျွန်တော် တွက်ကိန်းချလိုက်မိ၏။

          အသီးအနှံစိုက်ဖို့ မြေရာတွေ၊ သစ်ဝါးခုတ်ယူဖို့ တောတောင်တွေ၊ တိရစ္ဆာန် မွေးမြူဖို့ကုန်းမြင့်လွင်ပြင်တွေ မြေတွင်းရတနာတူးဖို့နေရာတွေ

          ဟော... မိုးကုတ်မြို့ကို ကြည့်လိုက်စမ်းပါ။

          ကျွန်တော်တို့လေယာဉ်ပျံသည် ၉ နာရီခွဲအချိန်တွင် ရွှေမန်းချမ်းမြသာစည် လေယာဉ်ပျံကွင်းရောက်၍ ရွှေမန်းကလောင်ရှင်တွေ တင်ရင်းနာရီဝက်မျှ နားပြီး ဆယ်နာရီ ၌ ခရီးဆက်ခဲ့ရာ ၁၁ နာရီတွင် တောင်ကမ်းပါးယံ အင်းလျားကြီး၏နံဘေး၌ အိမ်ခြေ တည်ထားသော မိုးကုတ်မြို့ကို မြင်ရလေသည်။

          ဗမာပြည်က ပတ္တမြားထွက်တဲ့မြို့။

          ဟင်... အခုတော့ ခွေးမသားတွေ အနှစ်ငါးဆယ်ကျော်ထုတ်ယူသွားလို့ တို့ပြည် တို့ပြန်ရမှ များများမှ ကျန်ပါတော့မလား။

          “အို... မြေတွင်းပစ္စည်းအတွက်တော့ ဗမာပြည်မှာ မပူစမ်းပါနဲ့ဗျာ..”

          ကျွန်တော်၏စိတ်သည် ယခုပေခုနစ်ထောင်ကျော်အမြင့်မှနေ၍ မိုးကုတ်မြို့ကို ငုံ့ကြည့်နေရာမှ ၁၉၄၆ ခု၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မွန်းတည့်အချိန်ခန့်၊ မိုးကောင်းမြို့ ဘူတာအနောက်တည့်တည့်လမ်း၊ မလှမ်းမကမ်းရှိ ဦးစောနောင်၏အိမ်ပေါ်ထပ်သို့ ရောက်သွားကာ ဦးစောနောင်၏စကားကို ပြန်လည်ကြားယောင်လိုက်ခြင်း ဖြစ်ပါသည်။

          “မြေတွင်းပစ္စည်းတော့ ကျုပ်တို့ဆီမှာ ပေါလှပါဘိဗျာ။ ခင်ဗျား ရွှေထွက်တဲ့နေရာ လိုချင်သလား။ ရေနံထွက်တဲ့နေရာရချင်သလား၊ ကျောက်မီးသွေး ထွက်မယ့် မြေရာ ကြည့်ချင်သလား၊ ကျွန်တော် အခုလိုက်ပြနိုင်တယ်။ အခု ကျုပ်တို့နယ်က လူတွေက အရင်တွေ့ထားတဲ့ ကျောက်စိမ်းတွင်းမြေရာကိုသာ တူးနေကြသေးတာ သည့်ပြင်နေရာတွေ မချဲ့ထွင်ကြသေးဘူး...”

          ဦးစောနောင်မှာ မိုးကောင်းနယ်မှ စော်ဘွားမျိုးဖြစ်ပါသည်။ ကျွန်တော်တို့သိကျွမ်းရသည်မှာ မိုးကောင်းကျောက်တွင်းနယ် စော်ဘွားလ,မောင်း စောတောင်မှတစ်ဆင့် ဖြစ်ပါသည်။ ယခုကျွန်တော်တို့နှင့်စကားပြောနေချိန်၌ လ,မောင်းစောတောင်သည် ကျွန်တော်တို့နှင့်အတူ ထိုင်လျက်ရှိပါသည်။ သို့သော် သူသည် ကျွန်တော်တို့ ပြောစကား တွေကို ဘာမျှမကြားပါ။ အကြောင်းမှာ သူသည် နားအလွန်ထိုင်းရုံမက အသံပါ၀င်နေ သောကြောင့် သူနှင့်စကားပြောလိုလျှင် သူ့တွင် အသင့်ပါလာသော ကျောက်သင်ပုန်းကွဲ ကလေးနှင့် ကျောက်တံကို အသုံးပြုရသည်။ မြန်မာစာ ကောင်းကောင်းတတ်၏။ တော်လှန် ရေးတွင် ရင်အုံကိုသေနတ်ထိခံရ၍ ဤသို့ဆို့ ထိုင်းသွားသည်ဟု သိရပါသည်။ သူသည် ဂျပန်ကို တော်လှန်စဉ်၌ မိုးကောင်း ရှမ်းနယ်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏လက်ရုံး တစ်ဆူဖြစ်ခဲ့ကြောင်း မြန်မာစစ်ဗိုလ်တစ်ယောက် ပြောပြဖူးပါသည်။ လ,မောင်းစောတောင် သည် ရှေးမြန်မာဘုရင်လက်ထက်ကပင် ဘုရင်အသိ အမှတ်ပြုသော စော်ဘွားမျိုးမှ ဆင်း သက်လာခဲ့ကြောင်း၊ သူ့ရင်ဘတ်တွင် ဆွဲထားသည့် ငွေတံဆိပ်တော်က သက်သေခံလျက် ရှိလေသည်။

          လ,မောင်းစောတောင်သည် ကျွန်တော်နှင့်မိတ်ဆွေဖြစ်ရသည်မှာ မြစ်ကြီးနားမြို့ တွင် အမျိုးသမီးခေါင်းဆောင် မသန်းရီနှင့် ဗိုလ်မြင့်က ကျေးဇူးပြု၍ဖြစ်ပါသည်။ ထိုစဉ်၌ ကျွန်တော်သည် ကုန်သည်ဘဝနှင့်စီးပွားရေးရူး ရူးနေသည်ဖြစ်၍ မိုးကောင်းကျောက် တွင်းနယ်ပယ်၌ တွင်ကျယ်နိုင်ရန် လ,မောင်းစောတောင်ကို ပေါင်းသင်းခြင်းဖြစ်သည်။ သို့ရာတွင် သူနှင့်စကားပြောရသည်မှာ သူ့ကျောက်သင်ပုန်းကွဲကလေးကို တစ်ယောက် တလဲ ရေးလိုက်ဖျက်လိုက်နှင့် အားမရနိုင်စရာ၊ သူလည်း ဤအခြေကိုသိသောကြောင့် ကျွန်တော့်ကို မြစ်ကြီးနားမှ မိုးကောင်းမြို့ပေါ်သို့ ခေါ်လာခဲ့ပြီး ဦးစောနောင်အား သူ့ ကိုယ်စား စကားပြောစေခြင်းဖြစ်ပါတော့၏။

          “ခင်ဗျားသာ... ငွေရင်းကြေးရင်းနဲ့.. ဒီအလုပ်လုပ်မယ်ဆိုရင် ကျုပ်တို့မြေရာကို ပေးမယ်” ဦးစောနောင်က စကားဆက်သည် “အလုပ်သမားရဖို့ဆိုတာလည်း ကျုပ်တို့ တာဝန်ထား...”

          “စစချင်းငွေဘယ်လောက်လိုမယ် ထင်သလဲ”

ထိုစဉ်၌ လက်ထဲတွင် ငွေတစ်သောင်းကျော်ရှိနေသော ကျွန်တော်က မေးလိုက် ၏။

          “ဟာ.. ဒါကတော့... နည်းနည်းနဲ့လည်း ဖြစ်တယ်၊ များများလည်း ဖြစ်တယ်။ အလုပ်သဘောက ဒီလိုလေ ဥပမာဆိုပါတော့ ခင်ဗျား အလုပ်သမားဆယ်ယောက်တွဲ တစ်ဆိုင်းငှားမယ်၊ သို့မဟုတ် နှစ်ဆိုင်းငှားမယ်ဆိုရင် ဒီအလုပ်သမားတွေ စားဖို့ ခင်ဗျားဆန်ဆီ ငါးပိ ငါးခြောက် ဝယ်ပေးထားရမယ်။ သူတို့က ခင်ဗျားပို့ထားတဲ့နေရာမှာ၊ နေ့စဉ်တူးလိမ့်မယ်။ ကျောက်ရတဲ့အခါမှာ ခင်ဗျားနဲ့ သူတို့ရတဲ့အဆိုင်းနဲ့ တစ်ယောက် တစ်ဝက်၊ ခင်ဗျားကံကောင်းမယ်ဆိုရင် ကျောက်ကောင်းများရလို့ တစ်လအတွင်း ခင်ဗျား သူဌေးဖြစ်နိုင်တယ်။ နို့မဟုတ်ရင်လည်း ခင်ဗျားအလုပ်သမားတွေတူးတဲ့နေရာမှာ ဘာ

ကျောက်မှမရလို့ ခင်ဗျား သူတို့စားစရိတ်ရှုံးလိမ့်မယ်၊ သို့သော် ကျုပ်တို့ရွေးပေမဲ့ နေရာ ဆိုရင် သူဌေးဖြစ်ကျောက်မရသည်တိုင်အောင် အလုပ်သမား စားစရိတ်ကျေမယ့်ကျောက် မျိုးတော့ ရရမယ်ဗျာ”

          ဦးစောနောင်က အာမခံရဲလိုက်ပါသည်။ 

          “လူဆယ်ယောက်တွဲအဆိုင်းဆိုရင် တစ်လ ဘယ်လောက်လောက် ကုန်မယ်ထင်သလဲ ”

ကျွန်တော်က မေးလိုက်ပါသည်။

          “ဟာ.. မများပါဘူး လေးငါးရာဆိုရင် ဖြစ်ပါတယ် အလွန်ဆုံးငါးရာပါပဲ အခု နှယ် ကျုပ်တို့ဆီမှာ အဲလိုငွေပင်ငွေရင်းစိုက်နိုင်တဲ့ လူနည်းနေလို့ အလုပ်သမားတွေ ပေါနေပါတယ်ဗျာ ခင်ဗျား..... အဲ့လိုကျောက်တွင်း တစ်ဆိုင်းနှစ်ဆိုင်းက စချင်စ ဒါမှ မဟုတ် လူတစ်ရာလောက် ကိုင်နိုင်မယ်ဆိုရင် ရွှေရမယ့်နေရာကို စွန့်စေချင်တယ်ဗျာ”

          “ရွှေတူးဖို့နေရာက ဘာလို့ ဒီလောက်လူများများ လိုတာလဲ”

          “အို... ဒီနေရာက လူသူအရောက်အပေါက် ဝေးလေတော့ ဟိုမှာလူစုလူအုပ်နဲ့ ရွာသစ်ကျေးသစ်တည်ပြီးလုပ်ရလိမ့်မယ်ဗျ၊ တစ်လငါးထောင်လောက် သုံးနိုင်ရလိမ့်မယ်”

          “ဘယ်နှလလောက်များ အရင်းတည်နေရာမှာပါလိမ့်”

          “မြေတွင်းရတနာ ရှာတယ်ဆိုတာ အချိန်ကိုတော့ မပြောနိုင်ဘူးပာ တစ်လနဲ့ တွေ့ချင်တွေ့ မယ်နှစ်လကြာမှ တွေ့ချင်တွေ့မယ် တစ်နှစ်ကြာချင်ကြာမယ်။ အဲ.. ခင်ဗျား အစရလိုက်ပြီဆိုရင်တော့ နောက်ထပ်လူတိုးချဲ့ပြီး တစ်စတစ်စနဲ့ အဲ့သည်နေရာမှာ မြို့ ကြီးတစ်မြို့ဖြစ်လေရဲ့”

          ထိုသို့ ဦးစောနောင်က ပြောနေစဉ်၌ ကျွန်တော့်မျက်စိတို့သည် ရီဝေမှုန်မှေးကာ၊ မိမိကိုယ်မိမိ ရွှေတွင်းသူဌေးကြီးဟူသော ဘွဲ့ထူးကိုခံယူရုံသာမက အထက်ဗမာပြည်တွင် ပတ္တမြားထွက်သော “မိုးကုတ်” မြို့၊ ကျောက်စိမ်းထွက်သော “မိုးကောင်း” မြို့တို့နှင့် အပြိုင်ရွှေထွက်သော “မိုးတိမ်တောင်” မြို့ကြီးကို တည်ဆောက်လျက် ရှိလေသည်။ (ကျွန်တော်သည် သော်တာဆွေ နာမည်မခံယူမီ၌ “မိုးတိမ်တောင်” ဟူသော ကလောင် နာမည်ကိုယူရန် စိတ်စွဲလမ်းခဲ့ကြောင်း မိတ်ဆွေသိပြီဖြစ်ကောင်း ဖြစ်လိမ့်မည်) ကျွန်တော့်