Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - သတ္တ၀ါတို့၏သံသရာ

Regular price 7,000 MMK
Regular price Sale price 7,000 MMK
Sale Sold out

ကိုယ့်ဘဝ ကိုယ်ပဲပျော်

 

          လွန်ခဲ့သောလက တစ်ခုသော နေ့လယ်ခင်းဝယ် ကျွန်တော်သည် မြေနီကုန်းသို့ ကိစ္စတစ်ခုနှင့်သွားရင်း ဓနိရည်ဆိုင်ရှေ့ ဖြတ်လျှောက်မိသည်၌ ထိုဆိုင်မှ သင်းပျံ့လာသည့် ကဇော်ရနံ့သည် ကျွန်တော်၏ အတိတ်ဘဝကို ရုတ်တရက်သတိ ရစေစဉ်မှာပင် “ဗျို့...ကိုကြင်ဆွေကြီးရဲ့ အတိတ်ကို အတိတ်မှာပဲ ထားတော့မှာ

လား။ ဒီများ ခဏမဝင်တော့ဘူးလား”ဟူသော သရော်တော်တော်အသံကို ကြားရ ၍ လှမ်းကြည့်လိုက်တော့ ကျွန်တော်၏ မိတ်ဆွေဟောင်းကြီး နှစ်ယောက် .....။

          အခုန လှမ်းပြောလိုက်သူက ကိုမြဟန်။ နောက်တစ်ယောက်က ကုလား အပ္ပနား ..။ သူတို့ ဓနိရည်ဆိုင်တံစက်မြိတ်အောက် မြေပြောင်ပြောင်တွင် မျက်နှာ ချင်းဆိုင် ထိုင်လျက်၊ သူတို့ရှေ့မှာတော့ ပလတ်စတစ်ခွက်ကလေး တစ်လုံးစီနှင့်၊ အလယ်ခေါင်က ဓနိရည်ပုလင်းငယ် ခေါင်းပြတ်ကလေးတစ်လုံး၊ ဓနိရည်က ဖင် ကပ်။ ယခု ဘီဘီအယ်လ်ခေတ်တွင် သောက်ခွက်သည် ရှေးတရုတ်လိုင်စင်စီများ လက်ထက်တုန်းကလို ပုလင်းဖင်ပြတ်များ မဟုတ်။ ပလတ်စတစ်ခွက်များကို သပ် သပ်ရပ်ရပ် ထုတ်၍ပေးထားသော်လည်း ဓနိရည်ထည့်သော အာတားဝင် ဘိလပ် ရည်ပုလင်းဖြူများကိုကား မညီမညာ ခေါင်းများကိုရိုက်ချိုးထား၏။ ဤပုလင်းမျိုး အကောင်းဖြစ်၍ ရောင်းစားသော် ၁၅ ပြား၊ပြား ၂၀ရသောကြောင့် အသောက်သမား တွေ လစ်လစ်သွားတတ်ကြသဖြင့် ဖျက်ဆီးထားရခြင်း ဟူလို။

          ဘုံဆိုင်တို့မည်သည် ကျက်သရေတော့ တစ်မျိုးမဟုတ် တစ်မျိုးတော့ တုံးရသည်သာ။ ဤကျက်သရေတုံးသော ဌာနမျိုးမှာပင် ကျွန်တော်လည်း နှစ်ပေါင်း များစွာ ကျက်သရေတုံးခဲ့သူဖြစ်ရာ ကျွန်တော်၏ အတိတ်ဘဝကို မမေ့ပါ။ အတိတ် က မိတ်ဆွေများကိုလည်း မပစ်ပယ်ပါ။ ထို့ကြောင့် ကျွန်တော် သူတို့ဆီဝင်ကာ သူတို့နှင့် ဖိုခနောက်ဆိုင် ထိုင်လိုက်ပြီး ..

          “ခုန ကိုမြဟန်ပြောလိုက်တဲ့ စကားလေးက ချွန်ပါ့ဗျာ .....ကျွန်တော့်ဘဝင်ကို ခိုက်သွားတာပဲ ..”

          ကိုမြဟန်သည် သူတို့လက်ကျန် ပုလင်းဖင်ကပ်ကလေးကို ခွက်ထဲင့်ပြီး ကျွန်တော့်ပေးရင်း ...

          “မသိပါဘူးဗျာ၊ ကိုကြင်ဆွေကနေပြီး နိုင်ငံကျော် ဦးသော်တာဆွေဖြစ် သွားတော့ ဒီဓနိရည်များ ဘာရည်တွေလဲ မေးနေဦးမလားလို့ ....”

           “ကျွန်တော် ငယ်ကကြိုက်ကို ဘယ်မေ့မှာတုန်းဗျ”ဟု ပြောပြီး သူပေး သောခွက်ကို အားရပါးရ ယူမေ့ပစ်လိုက်တော့မှ ဘာမျှမပြောသေးသော အပ္ပနား က ပြုံးပြုံးကြီးကြည့်နေရာမှ .. ၊

          “ဟေး ..မြဟန်၊ ကြင်ဆွေ မမိုက်သေးပါဘူးကွ”

          အပ္ပနားသည် ဂေါ်ရင်ဂျီကုလားအစစ်ဖြစ်သော်လည်း ဗမာလို ပီသရုံမက သီချင်းတောင် ကျအောင်ဆိုတတ်သူ ဖြစ်၏။

          သူတို့၏ ပုလင်းငယ်ကို ကျွန်တော်နောက်ဆုံးရှင်းပြီးနောက် သူတို့၏ ဆန္ဒနှင့် ကျွန်တော်၏တာဝန်ကို သိသည်ဖြစ်၍ ...

         “ဟေးလူတွေ ခင်ဗျားတို့ ဖောင်ကို သောက်ကြပါလားဗျ”

ဖေါင်ဆိုသည်မှာ ကွပ်ပုလင်းဖြူကြီးထဲက ဓနိရည်ကို အပေါ်က ဖော့ဆို့ ကြိုးသိုင်းနှင့် လေလုံအောင် ပိတ်ထား၍ ဖွင့်လိုက်သော် ဘီယာလိုအမြှုပ်များဝေကာ အရသာရှိသော ဓနိရည်အကောင်းစား ဖြစ်၏။ အခုန  သူတို့သောက်နေကြသည့် ပုလင်းငယ်က ပြား ၂ဝ၊ ဤဖေါင်ပုလင်းကြီးက ပြား ၅ဝ၊ ထို့ကြောင့် အပ္ပနားက...

          “ဟ ...ကြင်ဆွေရာ ...ဖောင်မတတ်နိုင်လို့ ဒါလေးသောက်နေရတာပေါ့ ကွ ..မင့်မလဲ ..ငါ့လခွီး ...”

          ကျွန်တော် ကျပ်တန်တစ်ရွက်ထုတ်ပေး၍ ... 

          “ရော့ ...ကိုမြဟန် ယူချေဗျာ ...”

           ကိုမြဟန်ရော အပ္ပနားပါ ကျွန်တော့်ထက် ၁ဝနှစ်မျှ ကြီးကြပေသည်။ ကျွန်တော်နှင့်သူတို့ ဂျပန်ခေတ်ဦးက စတင်သိကျွမ်းကြစဉ်က ကျွန်တော်က အသက် ၂ဝလောက်၊ သူတို့ ၃ဝ မျှ။ထို့ကြောင့် ကျွန်တော်က ကိုမြဟန်ကို ခင်ဗျား ကျွန်တော်ပြောရသည်။ အပ္ပနားကိုတော့ ကုလားမို့ ကျွန်တော်က (အများနည်းတူ) မင်း၊ ငါပဲပြောသည်။ အပ္ပနားကလည်း ကျွန်တော့်ကို ဒီလိုပဲ ပြောသည်။

ယခုဆို ကျွန်တော့်အသက်က ၄၅ ရှိ၍ သူတို့လည်း ၅၅ ရှိကြပေမည်။ သို့သော် သူတို့ဘဝကား ဟိုတုန်းက အတိုင်းပင်။

          ကိုမြဟန်ကား ဟိုယခင်ရှေး အင်္ဂလိပ်ခေတ်ကပင် စမ်းချောင်းရပ်တွင်မြင်းလှည်းသမားဖြစ်ခဲ့၍ ကျွန်တော် ဂျပန်ခေတ်က မြင်းလှည်းသမားဘဝရောက် သည်၌ ကျွန်တော့်ဆရာဖြစ်ခဲ့ဖူးပါသည် ဆိုလည်း မမှားပေ။ အပ္ပနားကား ဒိုဘီ ကုလားဖြစ်၏။ ယင်း၌ ဒိုဘီကုလားနှင့် မြင်းလှည်းသမားတွေ ဘယ်လိုများ အကြောင်းဆက် ပေါင်းဖက်ကြပါသနည်းဟူသော မေးခွန်းလာလိမ့်မည်။ အဖြေကတော့ လွယ်ပါ၏။ ဒိုဘီကုလားလည်း အသောက်သမား၊ မြင်းလှည်းသမားလည်း အသောက်သမား၊ အသောက်သမားချင်းသည် ဘယ်လိုပဲ ဘဝခြားခြား ပေါင်း သင်း၍ ရသည်မှာ ဓမ္မတာတည်း။ထို့အပြင် အပ္ပနားသည် ကျွန်တော်တို့၏ မြင်း လှည်းအသင်းဝင်။ ။

          “ဟဲ - ဟဲ ဘယ့်နှယ် ဒိုဘီကုလားက မြင်းလှည်းအသင်းဝင် ဖြစ်ရတာ တုန်း။ အလန့်တကြား မေးစမ်းပါဦးတော့”

          မအံ့သြပါနဲ့ခင်ဗျာ။အဲသည်ခေတ်အဲသည်အခါမှာခေါက်ဆွဲတရုတ်လည်းမြင်းလှည်းအသင်းဝင်ဖြစ်နေရတာပဲ။ ဒန်ပေါက်ကုလား၊ လက်ဘက်ရည် ဆိုင်သမားတွေလည်း မြင်းလှည်းအသင်းဝင်ဖြစ်ရတာပဲ။

          အတိုချုပ်ပြောမယ်ဗျာ။ ကျွန်တော်တို့၏ မြင်းခေါင်းတံဆိပ် မြင်းလှည်း အသင်းကြီးတည်ရာ စမ်းချောင်းရပ်ကွက်၊ မြင်းလှည်းဂိတ်အနီး ရှမ်းလမ်းမကြီးနှင့် ဗားဂရာလမ်းဖြတ်သန်းရာ လမ်းလေးမြွာ ဘေးမှာရှိသည့် မုန့်ဟင်းခါးဆိုင်ကအစ ကျွန်တော်တို့ မဟာမြင်းလှည်း အသင်းကြီးကို ဝင်ကြရ၏။ ဝင်ကြေးပေးကြရ၏။ လစဉ်ကြေးပေးကြရ၏။

          “မဆီမဆိုင်ကွယ် မဝင်ဘဲနေတော့ ဘာဖြစ်လဲ”ဟု မေးအံ့။

          အန္တရာယ် သိပ်ကြီးတယ်။ ညအချိန်တွင် ဆိုင်မှာ အမူးသမားတွေရုတ်ရုတ်ရုတ်ရုတ်လည်းဖြစ်တတ်တယ်။ မြင်းလှည်းအသင်း ဝင်ထားလိုက်မှ ဒီ အန္တရာယ်က ကင်းတယ်။ ဒီလို ဝင်ထားပါလျက် မတော်တဆ ဖြစ်ပွားအံ့။ မြင်း လှည်းအသင်းဥက္ကဌကြီးကို သွားတိုင်ပါ။ ချင်းချင်းပဲ ငဖြူ၊ ငနီ၊ငကြောင်၊ငကျားခေါ်ပြီးဆုံးမပေးလိမ့်မယ်။ အဲဒီငတိတွေက သူ့တပည့်လက်သား မြင်းလှည်း သမားတွေကို ခင်ဗျား။

          နားလည်လောက် ရောပေါ့နော်။ နိုင်ငံရေးသမားတွေ အသင်းဖွဲ့ စားတဲ့ ပါလီမန် ဒီမိုကရေစီခေတ် မရောက်ခင်ကတည်းက ကျွန်တော်တို့ မြင်းလှည်းသမား အသင်းကြီးက ဒီအပေါက်ချိုးလာတာ ခေတ်နောက် မကျပါဘူးဗျာ။ အခု ရန်ကုန် မှာ မြင်းလှည်းတွေ ပိတ်ပစ်လိုက်လို့သာ၊ မပိတ်ခင်တုန်းကဆိုရင် ကျွန်တော် စာရေး ဆရာဘဝ ရောက်တော့တောင် တစ်ခါတစ်ခါ မြင်းလှည်းတက်မောင်းလိုက်သေး။ပျော်တယ်ဗျ။

           တစ်နှစ် ကျွန်တော် အဲဒီမြင်းလှည်းအသင်းကြီးမှာ အမှုဆောင်ဖြစ်ခဲ့သေး တယ်။ စာရေးဆရာ အသင်းနဲ့များ အပြတ်အသက်ကွာပါ့ဗျာ။ စာရေးဆရာအသင်း ဆိုတာက အသင်းသားချင်းလည်းကောင်း၊ အမှုဆောင်ချင်းလည်းကောင်း၊ တစ်ဦး နဲ့တစ်ဦး တစ်ဖက်နဲ့တစ်ဖက် အချင်းချင်း အာရိုက်ပြီး နှက်ကြတဲ့ အမျိုးကလားဗျ။

          မြင်းလှည်းသမားများကတော့ ကိုယ့်အသင်းအတွက်ဆိုရင် အသက်ပေး ပြီး ကာကွယ်ကြတယ် ခင်ဗျာ။ ဥပမာ-ကိုယ့်အသင်းဝင် မောင်ဖြူဟာ အခြားမြင်း လှည်းသမားတွေနဲ့ ၊ သို့မဟုတ် ဆိုက်ကားသမားတွေနဲ့ သို့မဟုတ်မြင်းလှည်းခတောင်းတိုင်းမရ၊ မတန်တဆပေးလို့ ဘယ်အရပ်သားတွေနဲ့ ပဋိပက္ခဖြစ်ခဲ့သည်ဆို ပါတော့။ တစ်ယောက်တည်းမို့ ခံခဲ့ရပေမယ့် ချက်ချင်းလူပြန်စု၊ အမှုဆောင်တွေ မြင်းလှည်းက ရှေ့မှချီတက်၊ အကျိုးအကြောင်းပြော၊ ရသင့်တာတောင်း၊ အခြေ အနေမကောင်းရင် ရိုက်ပွဲကြီး ကျင်းပပစ်ခဲ့သတည်း။ အမှုဖြစ်ခဲ့သော် လူများစု ရုန်းရင်း ဆန်ခတ်မှု၊ အသင်းရန်ပုံငွေကလည်း ဂျပန်ခေတ်က ပုလိပ်လက်သိပ်ထိုးဖို့ အသင့်။

          ကဲ ..မနိပ်ဘူးလားဗျာ။ ကျုပ်တို့ အသင်းဖွဲ့စည်းပုံ၊ ဆောင်ရွက်ပုံ။

         အသင်းဝင်တို့မှာ မှန်တာ၊ မှားတာ၊ တရားတာ၊ မတရားတာ အပထား။ အကျိုးကျေးဇူး ခံစားရသည်ကတော့ အမှန်ပင်။ ထို့ကြောင့် အပ္ပနား၏ ဒိုဘီဆိုင် ကလည်း ကျုပ်တို့မြင်းလှည်းသမား အသင်းဝင်၊ သူအသင်းဝင်ဖြစ်လာလေတော့ “ကုလားပေမယ့် မစော်ကားကြနဲ့ဟေ့ ...၊ တို့အသင်းဝင်ကွ” ဆိုသော စကားတစ် လုံးနှင့်ပင် အပ္ပနားအဖို့ အကျိုးကျေးဇူးကြီးလှပေပြီ။

          အပ္ပနားက ကျွန်တော်တို့ကို အကျိုးကျေးဇူးပြန်ပြုသည်များလည်း ရှိ၏။ ကျွန်တော်တို့အား ကစော်တိုက်ခြင်း၊ ကြက်သားချက်ကျွေးခြင်း၊ သူ့ပင်းမင်းဆိုင် ရောက်လာသော အဝတ်အထည်များမှ ကိုယ်နှင့်တန်သော အင်္ကျီရှိလျှင် ခေတ္တငှား ဝတ်ခြင်းများ ပြုရ၏။

          ဟုတ်သလေ ..ဤခေတ်တွင် ကျွန်တော်တို့ မြင်းလှည်းသမားတွေမှာ သန်းချေးတထွေးထွေးနှင့် ဝါစေ့ကွဲဖျဉ်ကြမ်းတွေသာ ဝတ်ရတာ။ တစ်ခါတစ်ရံ ပွဲလမ်းသဘင်ရှိတော့ အပ္ပနား ဒိုဘီက ပေါ်ပင်မီးပူတိုက်တွေ ဘာတွေ ယူဝတ်ရတာ ပေါ့ဗျာ။ အပ္ပနားကတော့ အင်္ကျီရှင်လာရင်ကြည့်ပြော၊ မိုးရွာနေလို့တို့၊ ဝါရှင်ဆိုဒါ ကုန်နေလို့တို့။

          အပ္ပနား၏ ဒိုဘီဆိုင်မှာ မြင်းခေါင်းတံဆိပ် ဆွဲချိတ်ထား၍ ကျွန်တော်ကအာကာဘုံ ပင်းမင်း'ဟု ဆိုင်းဘုတ် ချိတ်ထားစေ၏။ အပ္ပနားက အဓိပ္ပာယ်ကိုမေး သဖြင့် ကျွန်တော်က ပြာနှမ်းသောကောင်းကင်ကို လက်ညှိုးထိုးပြပြီး “မင်းဆိုင်ကလျှော်လိုက်တဲ့ အဝတ်ဟာ မဲနယ်လဲနိုင်လို့ ဒီမိုးသားတွေလို လှပတဲ့ အဓိပ္ပာယ်ပေါ့ ကွ”ဟု ပြောပြတော့ သူသဘောကျ၏။

          သို့သော်လည်း ရွှတ်နောက်တတ်ကြသူများပီပီ နောက်ပိုင်း၌ ခေါ်ကြ သည်ကတော့ “အာပုံပင်းမင်း၊ အာပုံအပ္ပနားပဲ ဖြစ်သွားတော့၏။

           ကျွန်တော်သည် ဓနိရည်ခွက်ကို ကိုင်ရင်း ရှေးနှစ်ပေါင်း နှစ်ဆယ်ကျော် က အထက်ဖော်ပြပါ အကြောင်းများကို ပြန်ပြောင်းစဉ်စားမိရင်း ပြုံးမိရာ အပ္ပနား က....

          “ဟေ့ - ကြင်ဆွေ မင်းဘာပြုံးတာလဲကွ” 

          “ဟေ့ အပ္ပနား မင်းဒိုဘီဆိုင်မှာ ငါရေးပေးတဲ့ ဆိုင်းဘုတ်ရှိသေးရဲ့လား”

          “မင်း အာပုံပင်မင်းဆိုတာကြီး မရှိတော့ပါဘူးကွာ။ မြင်းခေါင်းလည်း မရှိတော့ဘူးကွ”ဟုပြောပြီး မြင်းလှည်းအသင်းကြီး ပျက်စီးရသည်ကို နှမြောတသ ပုံပေါ်လျက် ...

          “ဟေ့ ..ကြင်ဆွေ ဟိုတုန်းက တို့သိပ်ပျော်တယ်နော်”

ယင်းအခိုက် ကိုမြဟန်သည် ဓနိရည်ပုလင်းနှစ်လုံးပိုက်ပြီး ပြန်ရောက်လာ၍ အပ္ပနားက ယူပြီး င့်နေစဉ် ကျွန်တော်က ကျပ်တန်တစ်ရွက်ထုတ်ပြ၍ ..

          “ကဲ ..ကိုမြဟန် အမြီးလုပ်ဦးဗျာ”

ယင်း၌ အပ္ပနားသည် ရုတ်တရက်တစ်ခုခုကို ပြန်သတိရဟန်ဖြင့် သူ၏ ဖြူဖွေးသော သွားများပေါ်အောင်ပြုံးလျက် ၊

          “ဟေ့ မြဟန်၊ ကြင်ဆွေက ကြက်အမြစ် ကြိုက်တယ်ကွ ၊ ကြက် အမြစ်ကြီးကြီးနဲ့ ငါ့ ဖို့တော့ ခြေထောက်ရိုးပဲ ဝယ်ခဲ့ပါကွာ။ ဂေါ်ရင်ဂျီပီပီ ခြေထောက်ရိုးပဲ ဝါးပါ့ မယ်။ ဟားဟား...ဟား..ဟား”ဟု ပြောသည်၌ ကိုမြဟန်ကရော ကျွန်တော်ပါ နားလည်ကာ အားရပါးရ ရယ်မောကြပါတော့ သည်။

          အတိတ်က ဖြစ်ရပ်ကား လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကပဲပေါ့။

         တစ်နေ့သော ညနေရီတမှောင်၌ ကျွန်တော်နှင့် ကျွန်တော့်မြင်းလှည်း ဒရိုင်ဘာ ကိုမြတ်သာသည် ထိုနေ့အဖို့ လုပ်ငန်းကုန်ဆုံးပြီး နေ့တွက်ကိုက်ပြီဖြစ်၍ အပန်းတော်အံ့ဟု ဤဓနိရည်ဆိုင်ရှေ့မှာပင် မြင်းလှည်းထိုးရပ်လိုက်သည်၌ ဤသို့လျှင် ဘုံဆိုင်တံစက်မြိတ်အောက်မှာပင် ကိုမြဟန်နှင့် အပ္ပနားတို့ ဖြိုးနေနှင့်

ကြပြီကို တွေ့၍ ကျွန်တော်တို့နှစ်ယောက်ပါ ဝင်ဝိုင်းလိုက်သည်။ တစ်ယောက်တစ် လှည့် တစ်ပုလင်းစီ ဆွဲကြလျက် အတန်ငယ်မူးလာကြသည်၌ အပ္ပနားက ခုညဒီ ဆိုင်မှာတင် အပြီးမသောက်ကြဘဲ သူ့အိမ်ရောက်မှ ဆက်လက်သောက်ကြရန်၊ ထိုနေ့ညနေက လမ်းထဲက ကြက်ဖကြီးတစ်ကောင် ခွေးကိုက်၍ သူအချောင်ရထား သဖြင့် ယခု သူ့မိန်းမက ချက်နေပြီဖြစ်ကြောင်း ပြောသဖြင့် ကျွန်တော်တို့သည် ပုလင်းပေါင်ပေး၍ ဓနိရည်ပုလင်းများဆွဲကာ အပ္ပနားအိမ်သို့ ကျွန်တော်တို့ မြင်း လှည်းနှင့်ပင် တပျော်တပါးကြီး ယွန်းခဲ့ကြသည်။

          အပ္ပနားတို့အိမ် ရောက်သည်၌ သူ့မိန်းမ မငွေစိန်သည် ဟင်းလည်းချက် ပြီးပြီ။ တော်တော်လည်း မူးနေပြီဖြစ်၍ ကုလားမူ၊ ကုလားချွဲဖြင့် တော်တော်ပဲ လေများနေလေပြီ။

          မဟူရာခဲ၊ သပိတ်ကွဲ၊ အိုးမဲက အစ်မခေါ်ရသော ကုလားမတို့အား မငွေစိန်” ဟု အမည်ပေးကြသည်မှာ ကျွန်တော်တို့၏ ဓမ္မတာ။ သူ့ကိုယ်သူ “ကိုလှ'ဟု နာမည်ပေးထားသော အပ္ပနားကလည်း နှစ်သက်သည်ဖြစ်၍ ကျွန်တော်တို့ရောက် သွားသည်ဆိုလျှင်ပဲ ...

          “ဟေ့ ..မငွေစိန် စကားသိပ်များမနေနဲ့ ။ ဒီမှာ ငါ့သူငယ်ချင်းတွေပါလာ တယ် ...ဟင်းခတ်စမ်း ...”

မငွေစိန်က ဆာဒီကားယားနှင့် လက်တား၍ ..

          “ကိုယ့်ဟာကိုယ် ခတ်ပြီးခေါ်တော်မူ ...ကျုပ်တော့စားလည်း ပြီးပြီ။ မူးလည်းနေပြီ”ဟု စက်ရာထဲ လဲလျောင်းတော်မူ၏။

          ထိုအခါ ကိုလှခေါ် အပ္ပနားက “ကုလားမကြီး အမရာ၊ ကိန္ဒရီ၊ မဒီ၊ သမ္ဗူလဆိုတာ နင့်လိုဟာမျိုးနေမှာပဲ”ဟု အမြီးအမောက်မတည့် ပြောချင်ရာပြောပြီး သူ့ဟာသူ ဟင်းအိုးထဲသွားခတ်၏။ ပါလာသည်များမှာ အသဲ(သည်း)၊ အမြစ်နှင့် ခြေထောက်ရိုး၊ တောင်ပံရိုးနှင့် အခြားအသားစများဖြစ်လေရာ အကောင်းကြိုက် သော ကျွန်တော်က အမြစ်အသဲ(သည်း)တစ်တွဲကို လှမ်းဆွဲလိုက်ပြီး ...“ကိုယ့် တော့ ဒါပဲစားမယ်ဟေ့ ...အပ္ပနားတို့က ဂေါ်ရင်ဂျီပဲ ခြေထောက်ရိုး ဝါးလကွာ...” ဟု ပြောလိုက်ပြီး ရေနံမီးရောင် မှောင်တောင်တောင် မလင်းတလင်း၌ အမြစ်တုံးကို မူးမူးနှင့် ကျွန်တော်ကိုက်လိုက်တော့ ...တောက် ...လားလား ကြက်ချေးတွေ ပါးစပ် ထဲ ထွက်လာ၏။

          ထီ ထီ ထွမ်...ထွမ် နှင့် အော့အန်ပြီး မငွေစိန်အား ခြေနှင့်ကန်နှိုး ပြီးတော့ ..