Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - မဟာစံအိမ်တော်ကြီး

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out

[၁] 

 

          ၁၉၅၆ ခု ဧပြီလ တတိယသီတင်းပတ်။

          သာစည်ဘူတာသည် အထက်အောက် မြန်မာပြည်နှင့် ရှမ်းပြည် နယ်သွား မီးရထားလမ်းဆုံဖြစ်၍ ရထားများ အဝင်အထွက် မပြတ်ရှိနေ သဖြင့် အချိန်မရွေး စည်ကားသောနေရာ ဖြစ်လေ၏။

          ယခု ဤဝတ္ထု အစပြုသည့်နေ့ ညနေ ၄ နာရီခန့်တွင် ရှမ်း ပြည်နယ်သွား မီးရထားကြီးသည် တွဲထိုးထား၍ ရှမ်းရိုးမကို တက်ရန် မီးပေါင်အားဖြည့်လျက် ရှိလေပြီ။

          ထိုအချိန်မှာ သည်ဝတ္ထု၏ အဓိက ဇာတ်ကောင်တစ်ကောင်ဖြစ် သော ဝတ်လုံတော်ရ မောင်မြတ်ကျော်သည် သူ့နောက်က ပစ္စည်းထမ်း အလုပ်သမားတစ်ယောက်နှင့် ရွှေညောင်ရထားဆိုက်ကပ်ရာ စကြံပေါ်လျှောက်လာသည်။ ထုံးစံအတိုင်း ရိုးရိုးတန်းတွဲများမှာ ခရီးသည်များ ပြည့်ကျပ်နေကာ ကိုယ် ရထားပေါ်ရောက်၍ နေသားတကျရှိပြီဆိုလျှင် ရထား ကို မြန်မြန်ထွက်စေချင်လျက် နောက်ထပ် လူတက်လာမှာကို ဝန်တိုမစ္ဆရိယ ရှိတတ်သော (အများအားဖြင့်) လူတို့၏ စိတ်ဓာတ်အလျောက်၊ တွဲကို

လျှောက်ကြည့်လာသော မောင်မြတ်ကျော်အား တွဲပေါ်ရှိ အချို့သူတို့သည် အခန့်သင့်၍ မျက်စိချင်းဆုံသွားလျှင် ရှုသိုးသိုးဆီးကြည့်တတ်ကြသည်။ အမျိုးသမီးများကဆိုလျှင် “လာပြန်ပြီတစ်ယောက်” ဆိုသော ပုံစံမျိုး၊

ခပ်နောက်နောက် လူရွယ်များကမူ “ရုံပြည့်ပြီ ကိုယ့်လူ” ဆိုသော သဘောဖြင့် လက်ကိုပင် ပြတတ်ကြကုန်သည်။ မှတ်မှတ်ရရ သုံးခါလည်သားမျှ ခန့်မှန်းရသော ကလေးငယ်တစ်ယောက်ကသာလျှင် မြတ်ကျော်အား ပြုံးပြလျက် သူစားနေသော မုန့်ကို “ဦးဦး စားပါဦး” ဟု လောကွတ်ပျူငှာလေး လုပ်ပြ ဖော်ရသဖြင့် မောင်မြတ်ကျော်သည် “ကြွက်ချေးထဲ ဆွမ်းဆန်တစ်စေ့ တွေ့ရ သေး” ဟု သဘောပေါက်ကာ ထိုကလေးငယ်ခေါင်းကို လက်ဖြင့်ပွတ်၍ “ကျေးဇူးတင်ပါတယ်ကွာ၊ ရော့.. ရော့.. သားသား နောက်ထပ် မုန့်ဝယ်စား ဖို့” ဟု ငွေတစ်ကျပ် ထုတ်ပေးခဲ့သည်။

          စင်စစ် ရန်ကုန် တရားရုံးလောကတွင် နာမည်ရနေသော ဝတ်လုံ တော်ရ မောင်မြတ်ကျော်သည် ဤလို ရိုးရိုးအတန်း၌ စီးရန်မဟုတ်။ အထက် တန်းတွဲ လက်မှတ်ကို ယူလာသူဖြစ်သည်။ သို့ရာတွင် ရှမ်းပြည် နယ်သွား အထက်တန်းတွဲတို့မှာ သာစည်ဘူတာကစ၍ ချိတ်သည်မဟုတ်။ ရန်ကုန်မန္တလေး စာပို့ကပါလာသော တွဲများကို ပြောင်းချိတ်သည်ဖြစ်၍ သာစည် ဘူတာက တွဲအမှတ်နှင့် ခုံနံပါတ်ကို မပေးနိုင်။ ရန်ကုန်ဘူတာနှင့် ဆက်သွယ် ၍ ရှမ်းပြည်နယ် အထက်တန်းတွဲမှာ ဘယ်နှနေရာ လွတ်လာတယ်ဆိုသည် ကိုသာ ကြည့်ပြီး လက်မှတ်ရောင်းသဖြင့် ခရီးသည်က ကိုယ့်ဟာကိုယ်ရှာပြီး စီးရပေသည်။

          မောင်မြတ်ကျော်သည် ရန်ကုန်ဌာနေဖြစ်သော်လည်း ယခု ရှမ်း ပြည်နယ်သွားရာ၌ ကိစ္စတစ်ခုကြောင့် မိတ္ထီလာကတစ်ဆင့် လာခဲ့သည်ဖြစ် သောကြောင့် သာစည်ဘူတာမှာ လက်မှတ်ဝယ်စဉ် ရောင်းသူက “ရနိုင်ပါ တယ် ခင်ဗျာ။ ငါးနေရာလောက် လွတ်လာပါတယ်” ဟု ပြောလိုက်၏။

          ယင်းသို့ဖြင့် ပစ္စည်းထမ်း အလုပ်သမားတစ်ယောက်နှင့် အထက် တန်းတွဲကို လျှောက်ရှာလာခဲ့ခြင်းဖြစ်လေရာ မောင်မြတ်ကျော်က ကလေး ငယ်အား မုန့်ဖိုးထုတ်ပေးနေစဉ် သူ့ရှေ့ကျော်သွားသော အလုပ်သမားက ပထမဦးဆုံးတွေ့သော အထက်တန်းတွဲရှေ့မှာ ရပ်လျက် အထဲကို လှမ်း ကြည့်လိုက်ပြီး

          “ဆရာ ဒီတွဲမှာ နေရာလွတ် ရှိပါတယ်”

          မောင်မြတ်ကျော်သည် အလုပ်သမားပြသော တွဲအတွင်းကို လှမ်း ကြည့်လိုက်ပြီး.....

          “အတ္လားလား မုတ်ဆိတ်ဖွားကြီးတွေ ပါလားဟေ့။ တခြားတွဲ လျှောက်ကြည့်ပါဦး။ ငါးနေရာတောင်ဆိုတော့ ရှိပါလိမ့်ဦးမယ်”

          သို့ဖြင့် နှစ်ယောက်သား ဆက်လျှောက်ကြ၍ နောက်ထပ်တွေ့ သော တွဲအတွင်း လှမ်းကြည့်လိုက်ရာ နေရောင်လာသောဘက်က တံခါးကို ပိတ်ထားသောကြောင့် အထဲတွင် မသဲမကွဲရှိ၍ မည်းမည်းပုံကြီးတစ်ပုံကို မြင်ရသဖြင့် မောင်မြတ်ကျော်က အလုပ်သမားအား...

          “ကိုယ့်လူရ၊ အထဲက ဘာကြီးလဲဟ” 

          “လူကြီးတစ်ယောက် အိပ်နေတာပါ ဆရာ”

          “ဟ... နည်းတာကြီး မဟုတ်ပါလားကွာ။ ဆင်ကြီးများ လူလို အဝတ်ဝတ်ပေးထားသလား အောက်မေ့ရတယ်။ ဒီထဲ သူတစ်ယောက်တည်း ဟေ့။ ငါ ဒီဘက်ကပဲ လိုက်တော့မယ်”

          ပြောပြောဆိုဆိုနှင့် မောင်မြတ်ကျော်သည် တွဲပေါ်တက်၊ အခန်း ထဲဝင်လိုက်၍ သူ့ပစ္စည်းကိုချစေကာ     အလုပ်သမားခပေးပြီးသကာလ လူကြီးအိပ်နေသော ခုံနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သောအခါ ထိုလူကြီးသည် ငေါက်ခနဲထလာပြီး...

          “ဒီအခန်းက ငါနဲ့ ငါ့သမက်အတွက် ရန်ကုန်ကတည်းက ရီဇတ် လုပ်လာတာကွ”

သူ့အသံက မြန်မာအသံမဟုတ်သော လေးလေးဝဲဝဲကြီးနှင့် မြင်လျှင် မြင်ချင်း ဆောက်နှင့်ထွင်းဆိုသလို တင်းတင်းမာမာ ရှိလှသဖြင့် ပင်ကိုစိတ်က ခပ်ဆတ်ဆတ်ဖြစ်သော မောင်မြတ်ကျော်က ခံပြင်းသွားသည်နှင့်

          “ဘယ်မှာတုန်းဗျ။ ခု ခင်ဗျား သမက်က”

          “တခြားတွဲ သွားနေမှာပေါ့။ သူ လာချင်တဲ့အခါ ပြန်လာလိမ့်မယ်။ ဟောတာတွေဟာ သူ့ပစ္စည်းတွေပေါ့”

ဟု ပြောပြ၍ သူ့ အိပ်ရာပေါ်က စင်တွင် ကြည့်လိုက်ရာ များစွာသော သေတ္တာနှင့် အထုပ်အပိုးတွေ။ မောင်မြတ်ကျော်က...

          “အောင်မလေး... မချိမဆံ့ပါလား။ ဒါတွေ ဒီအတိုင်းထားလို့ မဖြစ်ဘူး။ အောက်ချဦးမှပဲ”

          “ဘာလို့ ချရမှာလဲ၊ သူတို့ဟာ သူတို့နေတဲ့ဟာ”

          “ရထားထွက်တော့ သူတို့ဟာသူတို့ နေမှာမဟုတ်ဘူးဗျ။ အောက် ကို ပြိုကျလိမ့်မယ်”

          “ဟား.. ဟား၊ ရန်ကုန်ကတည်းက ဒီအတိုင်း ပါလာခဲ့တဲ့ဟာကို”

          “ဦးက ဒီရှမ်းပြည်နယ် ခရီးလမ်းကို ဒါ ပထမဦးဆုံးအကြိမ် သွားဖူး တာ ထင်ပါရဲ့”

မောင်မြတ်ကျော် ပြောလိုသည်မှာ ဤရှမ်းပြည်နယ်သွား ခရီးမှာ ရန်ကုန်-မန္တလေးလမ်းနှင့်မတူ တောင်ဆင်းတောင်တက်၊ အကွေ့အကောက်၊ အစောင်းအလှည့်တွေရှိကြောင်း ရှင်းပြချင်ပေရာ။ သို့သော် မာနစိတ်နှင့် ခွကျလိုသော ဤလူကြီးသည် လိုရာစကားကို မရောက် စေဘဲ...

          “ကျုပ်ဟာကျုပ် သွားတာ ဒါ ပထမဦးဆုံးဖြစ်ဖြစ်၊ နောက်ဆုံး ဖြစ်ဖြစ် မောင်ရင့်အလုပ် ဘာမှမရှိဘူး”

          ဒီတော့ မောင်မြတ်ကျော်က ပမာမခန့်သံနှင့်ပဲ.. 

          “ဟွန်း... ကျုပ်အလုပ် မရှိဘူးလို့ မပြောနိုင်ဘူးဗျ” 

          “ဘာကြောင့်တုန်း”

          သူ့ အသံက မာသည်ထက် မာလာသည်။ ဒီတော့ မောင်မြတ် ကျော်ကလည်း မလျှော့ဘဲ...

          “ဘာကြောင့်တုန်းဆိုရင် အဲသည်အပေါ်က ပစ္စည်းတွေ မတော် တဆ ပြုတ်ပျက်ပြိုကျလို့ ကျုပ်ကို ထိခိုက်နာကျင်စေမယ်ဆိုရင် ခင်ဗျား တို့သမက်၊ ယောက္ခမနှစ်ယောက်ကို ကျုပ်က တရားစွဲပြီး လျော်ကြေး

တောင်းရလိမ့်မယ်ဗျ။ ကျုပ် ဘယ်သူလဲဆိုတာလဲ ကောင်းကောင်း မှတ်ထား လိုက်ဦး။ ဝတ်လုံတော်ရ ဦးစိုင်းမြတ်ကျော်တဲ့။ ရန်ကုန်ရှေ့နေ လောကမှာ မသိတဲ့လူ မရှိဘူး” ထိုအခါ ထိုလူကြီးကလည်း... ။

          “ဟေ့... ငါကလည်း ထားဝယ်သူဌေး လောကမှာ မသိတဲ့လူ မရှိဘူးကွ။ မင်း ခန္ဓာကိုယ် ကျိုးပဲ့သမျှကို ထိုက်တန်သလောက် လျော်နိုင်ပါတယ်။ ငါ ဘယ်သူလဲဆိုတာလဲ မှတ်ထားလိုက်ဦး။ ထားဝယ်က မိုင်း သူဌေး ဦးရွှေဒိုးဆိုတာ ငါပဲကွ။ နားလည်ထားလိုက်ပါ”

          သည်တော့ မောင်မြတ်ကျော်က အိပ်စင်ပေါ်က ပစ္စည်းပစ္စယ အနေအထားကို တစ်ဖန် မော့ကြည့်လိုက်ပြန်ပြီး...

          “ဒါဖြင့် ကောင်းပြီ။ တော်တော်ကြာတော့ ဘယ်သူ ဘယ်လိုဖြစ်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။ အခု ပြောနေလို့ အပိုပါပဲ”

          “အို... ကျုပ်ကလည်း မောင်ရင့်ကို စကားအဖက်လုပ်ပြီးများ ပြောနေချင်တယ် အောက်မေ့လို့လား”

          ဟု ပြောပြီး တုံးလုံးလဲကာ ပြန်လည် အိပ်စက်လိုက်လေ၏။

          ထိုမှ မကြာမီ ရထားကြီးသည် ဥဩသံ သုံးချက်ပေး၍ သာစည် ဘူတာမှ ထွက်လာခဲ့လေ၏။ သာစည်နယ်နှင့် ရှမ်းပြည်နယ်အကူး ရှုခင်း သည် ဤလိုညနေခင်းမျိုးမှာ သာယာလှပေသည်။ သာစည်နယ်အတွင်းရှိ ပူပြင်းသော ရာသီဥတု၏ ရင်သွေးများဖြစ်ကြသော ထနောင်းပင်၊ တောင်း ပင်၊ ဆူးရစ်ချုံ စသည့် ဆူးရှဲသော အစေးထွက်သော အပင်မျိုးတွေ တစ်စ တစ်စ ပါးလျားလာကြသည်။ ဤကွင်းရှိ ကျယ်ပြန့်သော စားကျက်ပြင် ကြီးမှာ နွားအုပ်၊ ဆိတ်အုပ်၊ သိုးအုပ်တို့သည် တလှုပ်လှုပ် ရွေ့လျားနေလျက် သူတို့နှင့်အတူ သူတို့ကိုယ်က ပိုးမွှား များကိုသာ စားနေကြသော ဥဗျိုင်းနှင့် ငှက်တော်တို့ကိုလည်း အဖြူနှင့် အမည်း သဲသဲကွဲကွဲ မြင်ကြရသည်။

          ညနေက သာစည်မှ ထွက်ခဲ့သော ရထားသည် နေလုံးပျောက်သော အချိန်၌ ရှမ်းပြည်နယ်ထဲသို့ ဝင်ခဲ့၍ ရှုခင်းလည်းပြောင်းပြီး နောက် ရာသီ ဥတုလည်း ချမ်းအေးလာလေသည်။

          ထို့ကြောင့် မောင်မြတ်ကျော်သည် သူ့သေတ္တာထဲမှ အနွေးထည်ကို ထုတ်ဝတ်ပြီး ကိုယ်ကို သက်သောင့်သက်သာ လဲလျောင်းကာ မိမိ ရှမ်း ပြည်နယ်သို့ ယခု လာခဲ့ရသည့်အကြောင်းကို ပြန်လည် စဉ်းစားသည်။

          ပထမ သူ့ဦးရီးတော် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်စား ဦးခွန်ပိုင် ထံမှစာ။

          မောင်မြတ်ကျော်သည် ဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းတို့နယ်ပယ်မှာ သူတစ်ပါးကို ကူညီမစတတ်သော စိတ်နှလုံးကောင်းရှိသော လူတစ်ယောက်ဟု ကျော်ကြားသူဖြစ်သည်။ သူ့အမေမှာ ဖော်ပြပါ နယ်စား ဦးခွန်ပိုင်၏ နှမဖြစ်သည်။ နယ်မှ ၁ဝ တန်း အောင်မြင်၍ ရန်ကုန်ကောလိပ် တွင် ကျောင်းဆက်နေခဲ့ရာမှ မောင်မြတ်ကျော် ဖခင်ဖြစ်သူနှင့် အိမ်ထောင်ကျ ခဲ့သည်။ သူ့ဖခင်သည် လိုင်စင်ခေတ်က အတွင်းဝန်များရုံး ဝန်ထောက်ဖြစ်၍ ရန်ကုန်ဆင်ခြေဖုံးမှာ ခြံနှင့်ဝင်းနှင့် မော်တော်ကားနှင့် ကောင်းကောင်းမွန်မွန် နေနိုင်ခဲ့ကြသည်။ သူ့မိခင်သည် ဤသားတစ်ယောက်သာ မွေးပြီး မောင်မြတ်ကျော် ဖခင် ကွယ်လွန်သောအခါ ငယ်ငယ်ရွယ်ရွယ်ပင်ဖြစ်သော် လည်း မျိုးရိုးအလျောက် နောက်ထပ် အိမ်ထောင်မပြုတော့ဘဲ လင့်လုပ်စာ လက်ကျန်ပစ္စည်းဖြင့် ဘုန်းကြီးလမ်းတွင် ပွဲရုံတစ်ခုဖွင့်ကာ မိမိတို့အရပ်မှ ထွက်သော ရှမ်းဖက်၊ လက်ဖက်ခြောက် စသည့်ကုန်များကို ရောင်းဝယ် ဖောက်ကားလျက် သားကလေးတစ်ယောက်ကို ပေါက်မြောက်အောင် ပညာ သင်ကြားပေးခြင်းဖြင့် ယခု မောင်မြတ်ကျော်သည် နာမည်ရဝတ်လုံ တစ်ယောက် ဖြစ်ခဲ့လေပြီ။ သို့တိုင် သူ့မိခင်သည် ပွဲရုံအလုပ်ကို ဆက်လက် လုပ်ကိုင်လျက်ပင်။ ရှမ်းပြည်နယ်ကိုမူ သူတို့သားအမိသည် တစ်ခါတစ်ရံမှ အလည်အပတ် သွားတတ်ကြသည်။

          သူ့ဦးရီးတော် ဦးခွန်ပိုင်ကား ယခုခေတ်မှာ ဟိုတုန်းကလို နယ်စား ပယ်စားခေတ် မကောင်းတော့သဖြင့် ရှေးကာလက တည်ဆောက်ခဲ့သော စံအိမ်တော်ကြီးမှာ ရွှေကျောင်းပြောင်ပြောင် ဝမ်းဟောင်ဟောင်ဆိုသလို အခြေ အနေ မယိမ်းမယိုင်အောင်သာ ဟန်မပျက်ဖို့ ကြိုးစားနေရသည်။ တယ်ပြီး နိပ်လှသည်တော့မဟုတ်။ သူ့မှာ သားတစ်ယောက်၊ သမီးအပျိုတစ်ယောက် ရှိသည်။ ဇနီးကား ကွယ်လွန်ခဲ့ပြီဖြစ်၍ မုဆိုးဖိုဘဝနှင့် နေရသည်။

          အထူးသဖြင့် ဦးခွန်ပိုင်သည် ဆွေမျိုးတို့အလယ်မှာ သူ့ပစ္စည်းတော့ ကပ်စေးနှဲသည်။ သူများအပေါ်တော့ စီးပိုးချင်သည်။ ဆွေမျိုးသားချင်းကို တစ်စုံတစ်ရာ အကူအညီလိုမှ သတိရသည်ဟု ယူဆသောကြောင့် မောင်မြတ်ကျော်သည် သူ့ဦးရီးဆီက အောက်ပါစာလာတော့ မဲ့ပြုံး ပြုံးမိ သည်။