စိတ်ကူးချိုချိုစာပေ
သော်တာဆွေ - မခင်နှင်းဆီ
Couldn't load pickup availability
ကျွန်တော်သည် စောင်ခြုံကိုဖွင့်၍ ခြေလက်ကိုဆန့်ရင်း အားရပါးရ ကြီး သမ်းဝေလိုက်ကာ...
“အား..ပေါ်ဦး”
အိမ်မှုကိစ္စကိုပြုရင်း ဆရာ၏အခြေကို အမြဲတမ်းနားစွင့်နေသော တပည့်ကြီးသည် ကျွန်တော်၏အိပ်ခန်းထဲသို့ ကြောင်၏ခြေလှမ်းမျိုးဖြင့် ညင်သာစွာ ဝင်ရောက်လာလျက်...
“ဆရာ...”
ကျွန်တော်သည် ညာဘက်နံစောင်းဖြင့် ခါးကိုလိမ်၍လှည့်ရင်း စားပွဲတင်နာရီကို ကြည့်မိ၍...
“အို..ညနေ ၆ နာရီတောင်ထိုးပြီကော”
ပေါ်ဦးသည် ကျွန်တော့်အိပ်ရာနံဘေးတွင် လက်နောက်ပစ်၍ ခြေစုံ ရပ်နေရာမှ တည်ငြိမ်သောအသံဖြင့်..
“မနက် ၆ နာရီပါ ဆရာ”
“ဪ...”
ကျွန်တော်မှာ နံနက်စာ ထမင်းစားပြီးတုန်းက အိပ်သည်ဖြစ်၍ ရုတ်တရက် အံ့အားသင့်သလိုဖြစ်သွားပြီးမှ ကိုယ်ကို ပက်လက်ပြန်လှန်မိသောအခါတွင် ကျွန်တော့်ခြေရင်းဘက်မှ ဝါဝင်းသောနေခြည်ကိုမြင်သည်၌ ကျွန်တော် ပြုံးမိပါတော့သည်။
“ပေါ်ဦး”
“ဆရာ”
“မင့်ဆရာ အိပ်ရာကနိုးစမှာ ဒီလိုကျီစယ်တာ ကျေးဇူးတင်ပါတယ်
သို့သော် ပေါ်ဦးက မျက်နှာထားတည်တည်နှင့်...
“ကျွန်တော် မကျီစယ်ပါဘူးဆရာ”
ကျွန်တော် ထပ်မံပြုံးမိလျက်..
“ပေါ်ဦး”
“ဆရာ”
“မင်း ငါ့ကို အမူးမပြေသေးဘူးထင်တာကိုး” “
နည်းနည်း မူးရိပ်ကလေးတော့ ကျန်ဦးမှာပေါ့ဆရာ”
“ဒါပေမဲ့ ငါ့စက္ခုနှစ်ကွင်းက နေခြည်အလင်းကိုတော့ မြင်နိုင်ပါ သကွယ့်”
သို့တိုင် သူ့အမူအရာက လျှော့ပေးပုံမပေါ်သေးဘဲ..
“ဟုတ်ကဲ့...ဆရာ”
ယင်း၌ ကျွန်တော်ဖွင့်ရတော့သည်။
“ ဒီမှာ ပေါ်ဦး”
“ဆရာ”
“တို့ဗမာလူမျိုးတွေဟာ အရှေ့နဲ့အနောက်ကို ဘယ်ဘက်ခေါင်းထား အိပ်ကြသလဲ”
“အရှေ့ဘက်ကိုပါ ဆရာ”
“နို့ပြီး...ဘာနုရာဇာ ဒေါင်းစကြာဟာ အနောက်ပုဗ္ဗာက ထွက်ရိုး ထုံးစံမရှိဘူး ဆရာ”
“အား...ဆောရီး၊ ပညာရှိပင် သတိဖြစ်ခဲ ဆိုပေသကိုးကွယ့်”
ပြောပြီး ကျွန်တော်သည် အေးဆေးပိုင်နိုင်သောအသံဖြင့်...
“ဒါဖြင့် ဟောဒီမှာကြည့်စမ်းကွယ့်”
ကျွန်တော့်ခြေရင်းဘက်မှ ထိုးဝင်နေသော ရွှေစင်ရောင်နေခြည်နုကို သူ့အားပြလိုက်ပါသည်။
“ငါ အမူးပြေပြီ ပေါ်ဦးရဲ့”
သို့သော် ပေါ်ဦးသည် မပြောင်းလဲသောမျက်နှာထားနှင့်ပင်..
“ဒါပေမဲ့ အခု ဆရာ့ခြေရင်းက ခုတင်ကာကို သတိပြုမိလောက် အောင်တော့ မကြည်လင်သေးပါဘူး ဆရာ”
သူပြောမှ ကျွန်တော် ရုတ်တရက်ကြည့်လိုက်မိရာ...
“အား...ငါ ခုတင်ခေါင်းရင်းနဲ့ခြေရင်း မှားအိပ်နေတာကိုး”
“ဟုတ်ကဲ့...ဆရာ၊ ကိုယ်တစ်ပတ်လည်နေတာကို ကျွန်တော်ခေါင်းအုံး ယူပြီး ခုပေးထားရတယ်ဆရာ”
“ဟိုက်..ဒါဖြင့် ငါတစ်နေ့ခင်းနဲ့ တစ်ညကို တစ်ကျိုးတည်းအိပ်ပစ် လိုက်ပါပကော၊ ဒီနေ့ဟာ မနေ့က မဟုတ်တော့ပါဘဲ ကရို”
ဝီစကီဝီစကီ...စကော့ခ်ျဝီစကီ။ မနေ့က ကျွန်တော့်သူငယ်ချင်း တင် အောင်လွင် သူ့မဒီနှင့် စေ့စပ်ကြောင်းလမ်းပြီးသည်၏ ဝမ်းသာခြင်း အထိမ်းအမှတ် ဖြင့် မီးရထားဟိုတယ်မှာ မိတ်ဆွေတွေစုံတုန်း သဘောရှိ ကလောဟိခဲ့ခြင်းဖြင့် ကျွန်တော် အမူးလွန်သွားပါသည်။ ကိုယ့်ရေချိန်ကိုယ် မမှန်းနိုင် ဖြစ်သွားပါသည်။
ကျွန်တော် မီးရထားဟိုတယ်ကအပြန်မှာ အားလုံးလူတွေနှုတ်ဆက်ပြီး ကားပေါ်တက်ခဲ့သည်သာ သတိရ၍ ယခု နံနက် ၆ နာရီနှင့် မနေ့က ညနေ ၆ နာရီ မှားသည်အထိပင် ဖြစ်တော့သည်။
ကျွန်တော် အိပ်ရာကထလိုက်သည်၌ ခေါင်းထဲ၌ မူးနောက်နောက် ပင် ရှိသေးလေ၍..
“ဟေ့...ပေါ်ဦး”
“ဆရာ”
“ငါ ဖရုဆော့လ်သောက်မှ ဖြစ်မယ်ကွ”
“ဟော့ဒီမှာ ကျွန်တော် အသင့်ပြင်ခဲ့ပြီးပါပြီ ဆရာ”
အချို့လူတို့သည် လွန်ခဲ့သောနေ့က အမူးလွန်ခဲ့သည်ကို “ပစ်ကမီ အပ်ဆို၍ ထပ်သောက်ခြင်းဖြင့် ခေါင်းကိုက်ပျောက်စေကာ ရီတီတီမူးသည့် အရသာကို ဆက်ပြီးခံစားကြသည်။ ကျွန်တော်ကား သောက်တုန်းက နောက် ကမီဒေါင်း” အလိုရှိ၍ နောက်နေ့မှာ ဆက်ပြီးမမူးလို။ အမူးအို အမူးဟောင်းကြီးကို မခံစားချင်သောကြောင့် အစာအိမ်ကို ဆေးကြောပစ်လိုက်သည်သာ ဖြစ်ပါသည်။ သို့မဟုတ်ဘဲ အလျဉ်မပြတ် ဆက်သောက်တတ်သောအကျင့်ရှိနေပါမူ ဝမ်းထဲ အရက်ဓာတ်ကုန်သည်နှင့် တစ်ပြိုင်နက် လက်တုန်ခြေတုန် ဖြစ်လာတတ်ပါသည်။
ကျွန်တော်သည် ပေါ်ဦးစီမံထားသော ဝမ်းနုတ်ဆေးကိုသောက်ပြီး သောအခါ၌ အိပ်ရာထဲ ပြန်မှေးနေလိုက်ပါသည်။ တော်တော်လေးအကြာတွင် ပေါ်ဦးသည် နွားနို့မပါသော ကော်ဖီခါးခါးတစ်အိုးကို ယူလာပါသည်။
ကျွန်တော် အိပ်ရာမှထထိုင်လိုက်ပြီး ကော်ဖီမပူမအေး ကြက်သီး နွေးကိုသောက်ရင်း.....
“ပေါ်ဦး”
“မနေ့က ငါ့ဆီလာတဲ့စာများ ရှိသလား”
“မရှိဘူး ဆရာ”
“တယ်လီဖုန်းခေါ်တာများကော”
“တယ်လီဖုန်းတစ်ခုတော့ အခုမနက်ပဲ ခေါ်တယ်ဆရာ”
“ဘယ်သူ့ဆီကလဲ”
“ဆရာ အန်တီမြဆီကဆရာ”
“သြ... အန်တီမြ၊ ဘာတဲ့လဲကွ”
“ဆရာ့ကို စကားပြောချင်လို့ ဆရာအိပ်ရာကနိုးရင် သူ့ဆီဖုန်းဆက် စမ်းပါတဲ့ ဆရာ”
“ကျွန်တော် ဖုန်းခေါ်ပေးရမလားဆရာ”
“အား...နေပါဦး”
ကျွန်တော် ရုတ်တရက်စိတ်ကူးရသည်နှင့်
“ငါ သူ့ဆီကို လူကိုယ်တိုင် သွားမယ်ကွ၊ မနက်စာ ဟိုမှာစားမယ်ကွ”
“ကောင်းပါပြီ ဆရာ”
မိတ်ဆွေစဉ်းစားကြည့်ပါ။ ဝမ်းနုတ်ပြီးသောအခါ၌ ထမင်းကောင်း၊ ဟင်းကောင်းကို မြိန်မြိန်ကြီးစားချင်သည် မဟုတ်ပါလား။ ဤအချိန်တွင် လူ့ပြည် တွင် ထမင်းကောင်း၊ ဟင်းကောင်းသည် ဘယ်မှာရှိသနည်း။ ကျွန်တော့်ကိုမေး၊ အန်တီမြအိမ်မှာ သူတို့၏ ခန္တမာ “တိုနီ” ချက်သောလက်ရာ ဖြစ်ပါသတည်း။
ထမင်းချက်တိုနီ၏ အကြောင်းကိုဖြင့် ကျွန်တော် မိတ်ဆွေအား ပြောခဲ့ ဖူးပေါင်းများပြီ ထင်ပါရဲ့။ သို့သော် နည်းနည်းကလေးထပ်ပြီး လျှာရှည်ပါရစေဦး။ တိုနီလက်ရာ မည်မျှကောင်းသည်ကို ကျွန်တော်တတ်စွမ်းသမျှ စကားအရာနှင့် ပြောရလျှင် သူစီမံပေးသော ထမင်းစားပွဲတွင် ထိုင်စားနေရသောအခါများ၌ ကျွန်တော်သည် ဘယ်တော့မှ ဝမ်းဗိုက်မပြည့်အောင် ဖြစ်နိုင်မည်ဆိုခဲ့သော်ကျောကုန်းက အပေါက်ဖောက်ပြီး အစာတွေကို အပြင်သို့ ပြွန်နှင့်သယ်၍ ထုတ်ထားချင်ပါ၏။ ဤအထိ အရသာထူးလှပေသည်။ မိတ်ဆွေနားလည် ပါတော့။
“မောင်ဆွေရဲ့ စိန်ကောင်း ကျောက်ကောင်းဟာ မင်းမှာပိုက်ဆံရှိရင် လိုချင်သလောက်ရတယ်ကွယ့်၊ တိုနီလို ထမင်းချက်ကောင်းကတော့ကွာ မင်း ဗမာပြည်မှာ ပတ္တမြားလှည်းတစ်စီးတိုက်တင်ပြီး လိုက်ရှာစမ်းပါ”
ဤကား အန်တီမြ၏စကား။ ဒါကို ကျွန်တော်က ခြွင်းချက်တစ် စက်ကလေးမရှိ ထောက်ခံသည်။
ထို့ကြောင့်
“ပေါ်ဦး”
“ဆရာ”
“ငါသွားဖို့ ကားအသင့်ပြင်ထားကွ”
ဤနေရာ၌ ပေါ်ဦးသည် ကိုယ်ဟန်ကို အနည်းငယ်ပြင်လိုက်၍..
“ကားမရှိဘူးဆရာ”
“အို..ဘယ်ရောက်သွားတုန်း”
“မနေ့ကပဲ မိုင် ၅ဝဝ ပြည့်လို့ ဆားဗစ်စ်ပို့ထားလိုက်တယ်ဆရာ၊ အခုညနေမှ ရမယ်ဆရာ”
“အိုး...မိုင်ဂေါ့ဒ်”
ကျွန်တော့်မော်တော်ကားမှာ စီး၍ မိုင် ၅ဝဝ ပြည့်တိုင်းပြည့်တိုင်း အင်ဂျင်ကိုဆေးကြောရန် ချို့ယွင်းချက်ရှိလျှင်ပြုပြင်ရန် ဝယ်သောတိုက်က တာဝန်ယူပါသည်။
ထို့ကြောင့် ကျွန်တော်သည် နံနက် ၁၀ နာရီခန့်တွင် ကိုယ်လက် ပေါ့ပါးသွား၍ ရေမိုးချိုးပြီးသည့်နောက်၌ ကိုယ်ပိုင်မော်တော်ကားအစား ဖဲထီး ကိုဆောင်း၍ ဘတ်စ်ကားဆိပ်သို့ ထွက်ခဲ့ရပါတော့သည်။
ဤမျှ ကျွန်တော်သည် အန်တီမြ၏ အိမ်ထဲကို ဝင်မိသည်နှင့် တစ်ပြိုင် နက် တစ်ခါမှမကြုံဘူး မကြားဘူးသော ကင်းဝန်မင်းကြီးကွမ်းအစ်၊ တင်အောင် လွင်၏ မှတ်စုစာအုပ်နှင့် သမီးရည်းစားနှစ်စုံ၏ အချစ်ဇာတ်ရှုပ်ကြီးထဲသို့ မခင်နှင်းဆီနှင့် ပါဝင်ကပြရန် လက်မှတ်ထိုးလိုက်မိသည်နှင့်သာ တူပါတော့၏။
( ခ )
အန်တီမြအိမ်ထဲသို့ ရောက်လျှင်ရောက်ချင်း ပထမဦးဆုံးတွေ့ရသူ မှာ အန်တီမြယောက်ျား ဦးကြီးချစ် ဖြစ်ပါသည်။ သို့သော် ဦးကြီးချစ်က ကျွန်တော့်ကို မမြင်ချေ။ ကျွန်တော်လာသည့်ဘက် ကျောခိုင်းကာ သူ့ဗီရိုကြီး ထဲကပစ္စည်းတွေကို စိတ်ဝင်စားနေ၏။
ဤနေရာ၌ လာမည့်ရှေ့ဇာတ်လမ်းအတွက် ကျွန်တော့်ဦးကြီးချစ် ပေါကြောင်ပုံကို ဖော်ပြထားရဦးမည်။ ပိုက်ဆံချမ်းသာသူများသည် အသက်ကြီး လာသောအခါ၌ တစ်ခုခုဘက်ကို လိုက်စားတတ်လေရာ ကျွန်တော့်ဦးကြီး ဝါသနာကား ရှေးဟောင်းပစ္စည်းများကို ရှာဖွေဝယ်ယူ စုဆောင်းတတ်ခြင်းပင် ဖြစ်၏။ သူ့မှာ ဒီကိစ္စနှင့်သာ ထာဝရအလုပ်များလျက်ရှိသည်။ သူ ရပြီးသော ပစ္စည်းများကို အရိပ်တကြည့်ကြည့်နေသည်။ အိမ်သို့ တစ်စုံတစ်ယောက် ဧည့်သည်လာလျှင် အဲဒီဟာတွေ တစ်ခုစီပြပြီး ပြောဆိုနေရပါက တစ်ဖက်လူ စိတ်ပါလား၊ မပါလား မစဉ်းစား။ သူထမင်းစားဖို့ပင် မေ့သည်။ ဤကိစ္စ မျိုး၌ ကျွန်တော့်လိုကောင်ကိုပင် ချမ်းသာမပေးတတ်ချေ။
ထို့ကြောင့် ကျွန်တော်သည် သူ၏ ဘေးဒဏ်မှ လွတ်ကင်းအောင် အသာကလေး ခြေဖွပြီး အတွင်းခန်းသို့ဝင်ခဲ့ပါ၏။
အစေခံမကလေးကိုတွေ့လျှင်...
“ဟေ့..အန်တီမြ ဘယ်မှာလဲ”
“သူ့အလုပ်ခန်းထဲမှာ ကိုကို”
ဩ..သူ့အလုပ်ခန်းထဲမှာဆိုလို့ အန်တီမြ ဘာလုပ်သနည်း။ ပြောပြ ရဦးမည်။ ရှေးယခင်ကလည်း မိတ်ဆွေကို ကျွန်တော်ပြောပြဖူးသည် ဖြစ်ပါ လိမ့်မည်။ ထို့ကြောင့် အကျယ်ချဲ့စရာလိုမည် မထင်ပါ။ ကျွန်တော့်အန်တီ



