စိတ်ကူးချိုချိုစာပေ
သော်တာဆွေ - နှောင်းချစ်သူနှင့်အချစ်ရူးဝထ္ထုတိုများ
သော်တာဆွေ - နှောင်းချစ်သူနှင့်အချစ်ရူးဝထ္ထုတိုများ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
နှောင်းချစ်သူ
လေလွင့်လာသောကြွေပွင့်
မြစ်ကြီးနားသို့ စီးကရက်ဝယ်ရန်
ကျွန်ုပ်စိတ်သည် အမှန်စင်စစ် ကြည်လင်ရွှင်လန်းခြင်း
ကင်းမဲ့လျက်... ။
ဤနံနက်ပင် ချစ်ဇနီးထံသို့ ကြွေးများ မကြာမီရတော့မည်။
ရလျှင်ရချင်း ပြန်ခဲ့မည်၊ မွေးခါစ ရင်သွေးကလေးကို
မြင်ချင်လှ၍ သမီးအကြီးကလေးကို လွမ်းလှကြောင်း
စာတစ်စောင် ရေးလိုက်သည်။
(၁၉၄၇)ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက်ခင်း။
မြန်မာပြည် အထက်ဖျား၏ ဆောင်းတွင်းနှင်းထုသည် ဒက္ခိဏ ယာဉ်စွန်းတန်းက နေဝန်း၏ အလင်းကို ငြင်းဆိုနေတုန်း။ ကသာမြို့ မီးရထားဝင်းအတွင်း အလုပ်သမား တန်းလျားရှည်ကြီး၏ အခန်းငယ်တစ် ခု၏ ရှေ့မျက်နှာစာတွင် ကုန်ရှုံးကြွေးကျန်နှင့် ပြန်ချင်လျက် မပြန်ရ၍ စိတ်လေလွင့်နေသော ကျွန်တော်သည် အထက်ပါမှတ်တမ်းကို ဒိုင်ယာရီ ရေးသား ပြီးနောက် စီးကရက်တစ်လိပ်ကို မီးညှိကာ အိပ်ရာလိပ်တစ်ဖက်၊ အဝတ် သေတ္တာတစ်ဖက်နှင့် သက်ငယ်ဝါးထရံတို့ဖြင့်ပြီးသော အိမ်တန်းလျားကြီး၏ လှေကားသုံးထစ်ကိုနင်း၍ ဆင်းခဲ့ပါသည်။
ကျွန်တော့် မိတ်ဆွေများဖြစ်ကြသော မီးရထားလက်မှတ်စစ် ကိုလှ ငွေနှင့် ကိုအောင်ကြီးတို့သည် သူတို့၏ အထုပ်အပိုးများနှင့် ကျွန်တော့် ရှေ့ကပင် ဘူတာသို့ သွားနှင့်နေကြပေပြီ။ အထက်မြန်မာပြည် ဆောင်း ရာသီ နံနက်ခင်းများ၌ ကသာမြို့၏နှင်းသည် ၎င်းထက် မိုင်တစ်ရာ့ငါးဆယ် မျှ (ခန့်မှန်းချက်) အထက်ကျသော မိုးညှင်းမြို့လောက် မဆိုးရွားချေ။
ထို့ကြောင့် ကျွန်တော့်ရှေ့မှ ပေသုံးဆယ်မျှကွာနေသော ထိုမိတ်ဆွေ နှစ်ယောက်၏ ကျောပြင်ကို ခပ်ထင်းထင်းပင် မြင်ရပေသည်။ မိုးညှင်းမြို့၌ ဆိုလျှင်ကား ဆယ်ပေကကျော်လျှင် မမြင်တော့ပေ။
ဘူတာတစ်ခြမ်းက လက်ဖက်ရည်ဆိုင်ခန်းကို ကျွန်တော် ဝင်မိလျှင် ထွက်အံ့ဆဲဆဲ မီးရထားကြီးပေါ်သို့ ဟိုဟိုဒီဒီ မျှော်ကြည့်ပြီးဟန်ရှိသော ကိုလှ ငွေသည် ကျွန်တော့်ဆီကို ခြေလှမ်းကျဲကြီးများဖြင့် ပြန်လျှောက်လာကာ လေးလေးမှန်မှန် သူ၏ ပြောနေကျဟန်ဖြင့်..
“ဗျို့ကိုဆွေ၊ လာစမ်းလေတော့ဗျာ၊ မြန်မြန်”
ကျွန်တော်သည် သူ၏မျက်နှာကို တစ်ချက်မျှ ထောက်လိုက်လျှင် ပင် သူ တစ်ခုခုတွင် စိတ်ဝင်စားနေပြီကို သိလိုက်ရသည်နှင့်...
“အင်း...ဆိုစမ်းလေတော့ဗျာ။ ခင်ဗျား လှုပ်ရှားခဲ့တဲ့ကိစ္စတစ်ရပ်ကို”
ကိုလှငွေသည် သူ၏ပင်ကိုအမူအရာအတိုင်း ညာဘက်မျက်ခုံးကို မြှင့်၍ ပါးရေတွန့်ကာ...
“အခု ရထားပေါ်မှာ ခင်ဗျားဖို့ လုပ်ငန်းစဉ်တစ်ခု ပေါ်နေတယ်ဗျ”
“အကျယ်ဖွင့်စမ်းပါဦး”
ကျွန်တော်တို့သည် တစ်ယောက်တစ်ယောက် တမင်လုပ်၍ ညွန့်ညွန့်ကွန့်ကွန့်လေး ပြောလေ့ရှိကြပါသည်။
“ဝိတ္ထာရကတော့ဗျာ တခြား ဟုတ်ပါရိုးလား၊ ဟိုတစ်ညသောအခါ က ခင်ဗျားကို (၇၅)ကျပ်တိတိ တောင်းလိုက်တဲ့ မဒီချောကလေး၊ အခု ကျွန်တော်တို့ ပိုင်နက်တွင်းကို သက်ဆင်းနေတယ်ဗျ။ ကြည့်စမ်းပေတော့၊ ဟောဟိုတွဲပေါက်ကို ကြင်မဲ့သူ ကိုယ်တော်ဖျားကို မျှော်နေသလိုလို”
ကိုလှငွေသည် လေးလေးရှည်ရှည်နှင့် ရွှင်တတ်သူဖြစ်ပါသည်။
ကျွန်တော်ကလည်း အောက်ကျမခံဘဲ...
“နောင်ကြီးက ညီညီကို မြှောက်စားတာဖြင့်လည်း “ကိုယ်တော် ဘုရား”လို့ ပီပီသသ ခေါ်တော်မူပါတော့။ ကျွန်တော်က ဒီအရပ်မှာ ဖျားမှာ ကို ကြောက်လွန်းလို့ဗျာ”ဟု ပြန့်ရွှန်းရင်း သူ ပြရာကို လှမ်းကြည့်လိုက်သည် တွင် အထက်မြန်မာပြည် ရှမ်းရောင်ရှမ်းသွေးနှင့် ဖွေးဖွေးဖြူနေသော မျက်နှာ ကလေးတစ်ခုကို မြင်ရပေရာ မှုန်ရီမှုန်မွှာ နှင်းငွေ့တွေအကြားမှာ ခပ်ဝါး ဝါးနှင့် ဖြစ်နေသော်လည်း ဤမိန်းမငယ်၏ ဖြောင့်တန်းသောနှာတံ၊ ထင်ရှားသော မျက်ခုံးမွေးနှင့် ပေါ်လွင်သော မျက်နှာပေးတို့သည် မြင်ဖူး၊ တွေ့ဖူး၍ အမှတ်သညာထားခဲ့သော ကျွန်တော့်မျက်လုံးကို ဖြုန်းခနဲပင် သတိရစေ လိုက်ပါသည်။
“ဟုတ်ပလေ..ကိုလှငွေ၊ ဒါထက် သူတစ်ယောက်တည်းပဲလား၊ သူ့ငနဲတွေ၊ ဘာတွေ ပါနေရင်ဖြင့် ကျွန်တော် ရှုပ်ရှုပ်ယှက်ယှက် မလုပ်ချင် ဘူးဗျာ”
ကိုလှငွေသည် သူ၏ညွှတ်နွဲ့ သော နှုတ်ခမ်းကို ရှေ့သို့ယွန်းစု လိုက်ကာ “အို....ကိုယ့်နယ်ထဲ ရောက်နေတာများ စိုးရွံ့စရာလားဗျာ၊ ကိုယ့် ဆရာနှယ် အောက်သားလုပ်နေပြီးတော့ ကြမ်းသင့်ရင်ကြမ်း၊ ရမ်းသင့်ရင် ရမ်း၊ ယဉ်သင့်ယဉ်၊ လျင်သင့်ရင် လျင်ပေါ့ဗျ။ ကျွန်တော်တို့ အောက်သား တွေဟန်ကို သင်းတို့ မလှန်နိုင်ပါဘူးဗျာ”
ကိုလှငွေသည် စာတော်တော်ဖတ်သူဖြစ်၍ စကားပြောလျှင် ဟန် တစ်မျိုးရှိသူ ဖြစ်ပါသည်။ ကျွန်တော်က ခေတ္တမျှ စဉ်းစားလိုက်ပြီး..
“ဒါတော့ ဟုတ်ပါတယ်ဗျာ၊ သို့သော် အခြေအနေအရ အသာ မိကောလား၊ သာမိကောလားဆိုတာက ရှိသေးတာကိုးဗျ။ တကယ်လို့ တစ် ဖက်သားရဲ့ ထိုက်သင့်ကျေနပ်နေတဲ့ သာမိကောဆိုရင်ဖြင့် ကျွန်တော်တို့ ရိုင်းရာမကျပေဘူးလားဗျာ”
“အမယ်လေး...တရားရှင်ကိုယ်တော်မြတ်ကြီးရယ်၊ ဒါကြောင့် သူတို့အရင် မြစ်ကြီးနားမှာ မုတ်ဆိတ်ပျားစွဲခဲ့ရဲ့ သားနဲ့ ငတ်ခဲ့တာ”
ကိုလှငွေသည် မျက်လုံးကိုဖြဲ၍ ခပ်ပြဲ့ပြဲ့ပင် ပြောလိုက်ပြီးမှ..
“အခု သူ့ပုံပန်းကြည့်ရတာဖြင့် တစ်ယောက်တည်းလို့ အောက်မေ့ ရတာပဲဗျာ။ သို့သော် ဒါထက် သေချာအောင် ဟိုကသာကြမ်းပိုးကို ခေါ်မေး ရဦးမှပဲ။ ဟေ့...အောင်ခွေး...အောင်ခွေး၊ ဒီကို ခဏ”
ဘူတာရှေ့ ပလက်ဖောင်းဆီသို့ လှမ်းခေါ်လိုက်ရာ အတော် လည်ပတ်ဟန်ရှိသော အသက်နှစ်ဆယ်မျှအရွယ် အောင်ခွေးဆိုသော လူငယ် ရောက်လာသောအခါ ကိုလှငွေသည် ပခုံးကို ဆီးကိုင်၍..
“ဟေ့..အောင်ခွေး၊ ဟိုမှာကြည့်စမ်း မင်း သူ့ကို သိတယ်မဟုတ်လား”
အောင်ခွေးသည် ခဏမျှသာ ပြရာကို ကြည့်လိုက်ပြီး.....
“ဟာ...ဆရာ့နှယ်၊ ကျွန်တော် ကာလသားလုပ်နေပြီး သူ့မှ မသိ ရင်လည်း”
“အေးအေး..ဒါဖြင့် မင်း သွားစုံစမ်းကွာ၊ အခု သူ ဘယ်သွားမှာလဲ၊ သူ တစ်ယောက်တည်းပဲလားဆိုတာကို”
အောင်ခွေးသည် လှုပ်ရှားခြင်းမရှိဘဲ...
“စုံစမ်းနေစရာ မလိုပါဘူး ဆရာ၊ ကျွန်တော် အားလုံး သိပြီးသား ပါ။ ညက သူ့ကို အပိုင်စီးထားတဲ့ မိန်းမထိန်း အောင်သင်းကြီးနဲ့ သူနဲ့ ဘုကျလို့ ထွက်ပြေးလာပြီး အခု အင်းတော်ကို သွားမလို့တဲ့၊ နဘား လက် မှတ်ယူထားတယ်၊ သူတစ်ယောက်တည်းရယ်ပဲ။ ဆရာက ဘာလုပ်ချင်လို့ တုံး။ ဆရာတို့ရဲ့ မီးရထားပေါ် ရောက်နေမှဟာ ဆရာတို့ သဘောရှိ ကရောဟိ ပေါ့ ဗျ။ ဟဲ...ဟဲ”
ကိုလှငွေသည် ရုတ်တရက် ဝမ်းသာသွားဟန်နှင့်..
“ဟေ..ဟုတ်လား၊ ကိုယ်တို့ သူ့ကို ကြိမ်းထားတာနဲ့တော့ အဆင် သင့်ပေါ့။ ကဲ...ကိုဆွေ ကြဲပေတော့ဗျာ”
ဤတွင် အောင်ခွေးသည် ကျွန်တော့်ကို ကြည့်၍...
“ဟာ...ဒီနောင်ကြီးနဲ့ဆိုရင်တော့ ဘဲရီးအီးဇီးပေါ့ဗျာ။ ငနဲမက ရုပ် ဖြောင့်ဖြောင့်နဲ့ ခပ်တည်တည် နျူးတတ်မယ်ဆိုရင် သိပ်လွယ်တာဗျ။ အဲ...သူ သဘောမကျတဲ့ လူဆိုရင်ဖြင့် ဘယ်လောက်ပေးပေး မရဘူးဗျို့။ ညက သူတို့ ဘုကျကြတာလည်း အဲဒီ သဘောမျိုးပေါ့” .
“ဘယ်လိုများလဲကွ၊ မင်း သေသေချာချာသိရင် ပြောပြစမ်းပါဦး”
ကျွန်တော်သည် ဤမျှ ရုပ်လှလှနှင့် အရွယ်ကောင်းကလေးနှင့် ပျက်နေသော မိန်းကလေးအကြောင်းကို အကျယ်သိလို၍ မေးလိုက်ပါသည်။
အရပ်ပုပု၊ နှာတံပေါ်ပေါ်၊ မျက်လုံးပြူးပြူး၊ နှုတ်ခမ်းပျော့ပျော့နှင့် လူများအကြောင်းကို စပ်စုတတ်၍ အကြောင်းသိလျှင် ဖောက်သည်ချရန် လိုလားဟန်ရှိသော အောင်ခွေးသည် စိတ်ပါလက်ပါနှင့် ပြောပြသည်မှာ.....
“ဟာ...ဆရာ့နှယ် ဖြစ်ပုံက ဒီလိုဗျ။ အောင်သင်းကြီးက ကောင် မလေး သဘောကျတဲ့လူနဲ့သာ အေးအေးဆေးဆေးခိုင်းပြီး စားနေတာ မဟုတ်ဘူး။ ညက ယစ်မျိုးဘက်က ပြိတ္တာကြီးလို လူတစ်ယောက်နဲ့ အတင်း ခိုင်းသတဲ့ဗျာ။ ဒါနဲ့ ကောင်မလေးကလည်း အာဂသတ္တိဗျ၊ ငနဲကို ပြန်ဆော် လို့ ခွေးကောင်ကြီး မူးမူးနဲ့ လဲအကျန်ရစ်မှာ ထွက်ပြေးခဲ့တာ။ ညက အိမ် တစ်အိမ်မှာ ပုန်းအိပ်နေပြီး အခုမနက်တော့ အောင်သင်းကြီးရဲ့ ရန်စနက်ကို ကြောက်လို့ သူ လစ်လာရရှာတာဗျ။ အခု...ဟိုကောင်ကြီးကလည်း ဒီ ကောင်မ အင်းတော်မှာ အဆက်ရှိတယ်။ အင်းတော်ကို သွားမှာပဲဆိုပြီး အင်းတော်ထွက်မယ့် မော်တော်ကားတွေမှာ လိုက်ရှာနေတယ်ဗျ။ ဟိုမှာ မတွေ့ရင်ဖြင့် ဒီဘူတာကို လိုက်လာကြတော့မှာပဲ။ တွေ့ရင်တော့ ငနဲမလေး ဒုက္ခဗျ။ အောင်သင်းကြီးက မိုက်လည်းမိုက်၊ တော်တော်လည်း ရက်စက် တတ်တဲ့ ကောင်ကြီးဗျ”
အောင်ခွေးသည် သူနှင့် မည်သို့မျှ မဆိုင်သကဲ့သို့ ပြုံးလိုက်၊ မဲ့လိုက် နှင့် အားရပါးရ ပြောနေသည်ဖြစ်သော်လည်း ကျွန်တော့်စိတ်ထဲတွင်မူ လူမိုက်ရုပ်ရှိသော အောင်သင်းကြီးဆိုသူ၏မျက်နှာကို မျက်စိထဲ၌ မြင်ယောင် လာကာ ဤမိန်းမငယ်အား သနားစိတ်များ တဖွားဖွား ပေါ်လာပါတော့၏။
ဤစကားမျိုးတွေကို နားကျင့်သားရဟန်ရှိသော ကိုလှငွေမူကား မည်သို့မျှ မထူးခြားရုံမက ဤနေရာ၌ အချက်ကောင်းရပြီဟု ယူဆဟန်နှင့် “ကဲ...ရှင်းပလား ကိုကြီးဆွေ၊ ခင်ဗျား ဒီနေရာမှာ ခေါင်းဆောင် လုပ်တော့၊ သွား...သွား၊ ဟိုကောင် ဘူတာရောက်မလာခင် ကောင်မလေး ကို တွေ့ထားနှင့်ရင် ကောင်းမယ်” ။
ဤနေရာ၌ ကျွန်တော်၏ စိတ်သဘောထားအမှန်ကို ဖော်ပြရသော် ကျွန်တော့်မှာ ယင်းကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှု ပြုသည်တို့ကို ကြားရရုံနှင့်ပင် ရင်ထဲ၌ လှပ်လှပ်လှပ်လှပ်ဖြစ်အောင် ကရုဏာသောက ရောက်တတ်သူ ဖြစ်ပေရာ ထိုစဉ်တွင် ကျွန်တော့်မှာလည်း ဝေးလံလှသော တစ်ရပ်တစ်နယ်၌ စိတ်မအေး၊ လူမအားဖြစ်နေသောကြောင့် ဖြစ်လိုရာ ဖြစ်စေတော့ဟု ထို မိန်းကလေးအား ဟိုလူမိုက်၏လက်ထဲမှ ကယ်ဆယ်ရန် ဆုံးဖြတ်၍ မျက်နှာ ထားတင်းလိုက်ကာ လက်ထဲက ပစ္စည်းများကို ကိုလှငွေသို့ ပေးအပ်ခဲ့ပြီး မီးရထားဆီသို့ ခြေဦးတည့်လိုက်ပါတော့သည်။
“ဒါမှတို့ကိုဆွေကွ၊အောက်သားသတ္တိတွေပြလိုက်စမ်း၊နို့ပြီးမမေ့နဲ့ဦးနော်။တစ်ယောက်ကောင်းစားရင်
လည်း တစ်ယောက် မနော်”
Share




