Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ချစ်သောသိင်္ဂီ

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out

အခန်း (၁)

 

          မမျှော်လင့်သော အဖြစ်အပျက်တစ်ခု ကြုံတွေ့ ရတော့မည်ဆိုလျှင် ကြို တင်မှန်းဆထားသည့်အရာပင် ရုတ်တရက် လွဲချော်သွားတတ်လေသည်။ သို့သော် ဖြစ်ပေါ်ရမည့် ကိစ္စအတွက် အချက်ပြသော ရှေ့ပြေးနိမိတ်ကား အမှတ်မထင် ပေါ်လာတတ်၍ ဖြစ်ပျက်ပြီးမှ သတိရနိုင်ပေ၏။ 

           ၁၉၄၉-ခု၊ စက်တင်ဘာလ ၂၄-ရက်။

          ထိုနေ့ နံနက်၌ ကျွန်တော်သည် သန်လျင်သို့သွား၍ သီတင်းတစ်ပတ်မျှ နေမည် ဖြစ်သောကြောင့် အဝတ်အစားနှင့် စာအုပ်၊ စက္ကူများကို လွယ်အိတ် တစ်လုံးတွင် အဆင်သင့်အောင် ဖိနှိပ်ထိုးသွင်းနေစဉ် ကျွန်တော့်မိတ်ဆွေ စာရေးမကလေး မနန်းထွေးသည် ကျွန်တော့်အနီးသို့ ရောက်လာကာ ...

          “ဘယ်တုံး ကိုသော်တာဆွေ - သန်လျင်ကျွန်းက ခင်နွန်းဆီ သွားမလို့ လား၊ ဟင် .. ရှပ်အင်္ကျီကြီးကလည်း နွမ်းကြေနေလိုက်တာ၊ ဒီလို ဘန်ကောက်လုံချည်အသစ် ဝတ်ရင် ရှင့်အင်္ကျီ ပင်မင်းပေးပြီးသားကို ဝတ်ပါ ကိုသော်တာဆွေရဲ့”

          မနန်းထွေးမှာ အဝတ်အစား အပြင်အဆင်တွင် သူ့ကိုယ်ပင်သူ ဂရုစိုက် တတ်လှရုံမက အခြားသူများကိုပါ စူးစမ်းသော မျက်စိရှိသူဖြစ်၍ ကျွန်တော့် ကိုမူ အစ်ကိုကဲ့သို့ သဘောထားနှင့် မကြာခဏပင် ဤသို့နှင်နှင် ပြောလေ့ရှိပါသည်။ ယခု သူပြောသည်မှာလည်း ဟုတ်မှန်ပါသည်။

          ကျွန်တော့်ရှပ်မှာ မနေ့ကပင် ဝတ်ထားသည်ဖြစ်၍ ခေါက်ရိုးများ နွမ်း ကြေနေလေပြီ။ သို့သော် ကျွန်တော့်မှာ သည့်ထက်လတ်တာ ဝတ်စရာ မရှိတော့။ နောက် လေးငါးရက်လောက်ကပင် ပင်မင်းပေးထားသော အင်္ကျီ များလည်း မိုးဆက်ရွာနေသဖြင့် မပြီးသေးဟု ပြောလိုက်ပါသည်။ 

          ထို့ကြောင့် ..

          “အထွေးပြောတာ ဟုတ်ပါတယ်ကွယ်၊ ဒါပေမဲ့ အပေါ်အင်္ကျီထပ်ဝတ် ဦးမှာပဲ”

          “အို ... အပေါ်အင်္ကျီ ဝတ်တော့ကော လည်ပင်းနဲ့ ရင်ဘတ်က ပေါ်နေ ဦးမှာ၊ ကြည့်မကောင်းပါဘူး၊ ဝတ်ပါ ဒိပြင်ရှပ်ကို .... ဘာလို့လဲ ချွတ်ပြီး လဲရမှာ ပျင်းလို့လား” 

           ဆတ်ကော့လတ်ကော့နှင့် စိတ်ပါလက်ပါ တိုက်တွန်းပါသည်။

          “မဟုတ်ပါဘူး .. အထွေးရဲ့ ၊ ဝတ်စရာကို ပင်မင်းပေးပြီးသား မရှိ တော့လို့ ..” 

          “အို .. ဒါဖြင့် ဒီအကျီကတော့ ဘာလုပ်ဖို့ထားတာလဲ” 

          အထွေးသည် ပြောပြောဆိုဆိုနှင့် ကျွန်တော့် သံသေတ္တာထဲက အောက် ဆုံး၌ ထားသော ရှပ်အင်္ကျီလေးကို ဆွဲထုတ်လိုက်ပြီး ... ။

          “ဒီ ရှပ်အပြာနုရောင်ကလေးနဲ့ ... အခု ကိုသော်တာဆွေ ခါးက ဘန် ကောက်လုံချည် မီးခိုးရောင်နဲ့ဆို ဘယ်လောက်လိုက်သလဲ” 

          ဟုတ်ပါ၏။ 

          သို့သော် .... ဒီ ‘ရှပ်အင်္ကျီကလေး’.. 

          ဒီရှပ်အင်္ကျီကလေးကို ယခု အထွေးက ကိုင်ပြလိုက်မှပင် .. “ဝတ်ဆင်ရ သော အရာဝတ္ထု” ဖြစ်မှန်း ကျွန်တော် သတိရတော့သည်။ သူ ကျွန်တော့် သေတ္တာထဲမှာ မရွေ့မလျား နေခဲ့သည်မှာ အနှစ်နှစ် ကြာခဲ့ပေပြီ။ သူ့ကို ကျွန်တော် မြင်ပါလျက်နှင့် အသုံးပြုရန် မေ့လျော့နေသည်ကိုပင် ထောက်ချင့် ပါတော့။ သူ့တွင် ကျွန်တော်၏ စာအုပ်ဟောင်းကြီးတစ်ခု ဖွဲ့နွဲ့ စွဲကပ်နေခဲ့သည်။

          သို့သော် ဤစာအုပ်ကြီးကား ကာလကြာမြင့်လှသဖြင့် အပိုင်းပိုင်းအစစ ဆွေးမြည့်ပြတ်သတ်ခဲ့ပြီ။

          ယခု အထွေးက အမှတ်မထင် ကိုင်ပြလိုက်သည်၌လည်း အစအနများ သည် ကျွန်တော့်အာရုံပြင်၌ တင်၍မရတော့။ မှုန်မှုန်မှေးမှေး ဆွေးမြည့် လွန်းအားကြီးနေချေပြီ။ ဟိုတုန်းကဖြင့် ထိလိုက်တိုင်း အရာထင်လို့ ... သိပ်ဖတ်ကောင်းခဲ့တဲ့ စာအုပ်။ သိပ်စွဲခဲ့တဲ့ စာအုပ်ကြီးပေါ့။

          ယခုတော့ဖြင့် အရသာ မပေါ်တော့ပါ။ သို့သော် “ရွှေယုန်နဲ့ ရွှေကျား သက်ငယ်ရိတ်သွား” ဆိုသကဲ့သို့ ကား ရေးရေးထင်ထင် မြင်မိပါသေး၏။ ထို့ကြောင့် ခပ်ပြုံးပြုံးကလေး ရွှင်လိုက်ပြီး ... 

          “အင်း ... အထွေးပြောမှ ဒီအကျီ သတိရတော့တာပဲ၊ ဒါထက် အထွေး အဲဒီ အဖျဉ်ကို သေသေချာချာ ကြည့်စမ်းကွဲ အပြာနုရောင်ပြင်ပြင် သက် သက်ပဲ ဟုတ်ကဲ့လား” 

          အထွေးသည် မျက်စိနှင့် ကပ်ကြည့်လိုက်ပြီး .... ။

          “ဟင် ... မဟုတ်ဘူး ... စာကလေးတွေနဲ့ .... ဪ .. “ချစ်မေတ္တာ ..... ချစ်မေတ္တာ ... ဆိုတဲ့ စာကလေးတွေပါလား ... ဒီဖျဉ်မျိုးက ဘယ်တုန်းက ပေါ်တာပါလိမ့် ....”

          “အထွေး ဘယ်သိလိမ့်မလဲကွယ် .... (၁၉၃၅-၃၆) ခုနှစ်တုန်းက ဆိုတော့ အထွေးက နှစ်ခါလည်၊ သုံးခါလည် သမီးလောက် ရှိဦးမယ်၊ ကိုယ်ကတော့ ၁၅ နှစ်မှ ၁၆ နှစ်ထဲ ရောက်နေပြီ”

          “နို့ ... ဘာကြောင့် ဒီလောက်ကြာ မဝတ်ဘဲ ထားရတာလဲ” 

          “အထွေး .... အဲဒီအင်္ကျီဖြန့်ပြီး ဘယ်ဘက်လက်မောင်းက တံတောင်ဆစ် ကွေးနေရာ ကြည့်စမ်း ...”

           အထွေးသည် ကျွန်တော်ပြောသောနေရာကို ဖြန့်၍ ကြည့်လိုက်ရာ ညို ညိုမည်းမည်း အကွက်၌ အစက်အစကလေးတွေ လေးငါးခု ပေါ်လာ၏။

          “အဲဒီ အစွန်းအကွက်ကလေးတွေကြောင့် မဝတ်ဘဲ ထားခဲ့တာပဲ အထွေးရဲ့”

အထွေးသည် ရိုးရိုးပင် တွေးကာ ...

          “အမလေး .... ကိုသန့်ကြီးနှယ် ဒါတော့ မဝတ်ဘူး၊ မနေ့ကဝတ်ပြီးလို့ လည်ပင်းနဲ့ လက်ဖျားမှာ ကြေးတင်နေတာတော့ ဝတ်သတဲ့”

          “မဟုတ်ပါဘူး အထွေးရဲ့ ၊ အကြောင်းရှိလို့၊ ဒါပေမဲ့ အဓိပ္ပာယ်မရှိတော့ပါဘူးလေ၊ အခု ဝတ်ပါတော့မယ်၊ ပေး ... ပေး”

          ကျွန်တော်သည် ခါးကအင်္ကျီကိုချွတ်၍ ဤအင်္ကျီကို ဝတ်လိုက်ပါသည်။ အထွေးသည် ချွတ်လိုက်သော အင်္ကျီမှ ကြယ်သီးတို့ကို ဖြုတ်ရင်း ....

          “ဟို ... ၁၅ နှစ်သားတုန်းက အင်္ကျီက အခုဝတ်လည်း တော်တာပဲနော်”

          “ကိုယ့် ... အခု ကိုယ်လုံးဟာ ဟို ၁၅ နှစ်မှ ၁၆ နှစ် သားတုန်းကနဲ့ အတူတူပဲကွဲ၊ အသက် ၁၈ နှစ်၊ ၂၃ နှစ် အကြားတုန်းက ဆိုရင်ဖြင့် ကာယဗလ ကျင့်တာနဲ့ ဘာနဲ့ ဒီအကျီ တော်မှာ မဟုတ်ဘူး။ အဲဒီတုန်းက ဝတ်လည်း မဝတ်ရက်ခဲ့ဘူး၊ အခုတော့ဖြင့် ဝတ်လို့လည်း ပြန်တော်နေပြီ၊ ဝတ်လည်း ဝတ်ရက်ပြီကွဲ”

          အထွေးသည် ကျွန်တော် အဓိပ္ပာယ်နှင့်ပြောသော စကားကို စိတ်ဝင်စား ခြင်း မရှိဘဲ ကျွန်တော် အပေါ်အင်္ကျီ ထပ်ဝတ်လိုက်သည်ကို ကြည့်ရင်း အားရနှစ်သက်စွာနှင့် ...

          “အဲ ... အဲ .. အဲဒီ သက္ကလတ်အကျီ ခိုပြာရောင်နဲ့ ရှပ်အပြာနုနုနဲ့ ဘန်ကောက်လုံချည် မီးခိုးရောင်နဲ့ဝတ်ပြီး ရှူးဖိနပ်အနက် စီးလိုက်ရင် ကိုသော်တာဆွေ ၀တ္ထုထဲက ကိုအေးဆွေကို ပေါ်အူးက ဆင်ပေးလိုက်သလို စမတ်ကျသွားတာပေါ့ ကိုသော်တာဆွေရဲ့”

          သူပြောသည်မှာ မှန်ပါသည်။ ကိုယ်တစ်ပိုင်းပေါ် မှန်ထဲ၌ ကျွန်တော့် အဝတ်အစားနှင့် ကျွန်တော် အတော်ပနံရ၍ နေပါသည်။

          ဪ ... အထွေး။ သူ့ကိုယ်သာ မဟုတ်၊ လူများကိုယ်ပါ ပြင်ဆင်ပေး တတ်တဲ့ အထွေး။ ဒီလို အဝတ်အစား အရွေးအချယ် ကောင်းတာလို ဒိပြင် ဟာမှာလည်း ... အရွေးကောင်းမယ်ဆိုရင်ဖြင့် အထွေးရဲ့ တစ်သက်တာမှာ ကောင်းမှာပဲကွယ်။