Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

သော်တာဆွေ - ကြက်ဋီကာ

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out
Type

ကြက်ကောင်းတစ်ကောင်

 

          ကျွန်တော့်ဇနီးမေ၏ မွေးနေ့သည် အောက်တိုဘာလ ၁၈ ရက်နေ့ ဖြစ် ပေရာ နှစ်စဉ်ပင် ဤရက်နီးလာပြီဆိုလျှင် ကျွန်တော့်မှာ ခေါင်းနားပန်းကြီး ရသည်။ အဘယ်ကြောင့်ဟူမူ သူတို့သည် ခရစ်ယာန်မျိုးရိုးဖြစ်၍ သူတို့မိရိုး ဖလာဓလေ့အတိုင်း မွေးနေ့ပွဲကလေးမျှ မကျင်းပရပါလျှင် သူ့အမေဗိုက်ထဲ ပြန်ဝင်ရတော့မည့်အလား အလွန်ပင်အရေးထားသော ကိစ္စတစ်ရပ်ဖြစ်နေ ပါသည်။ ရန်ကုန်ရှိ သူ့ဆွေမျိုးသားချင်းများက “ဒီနှစ် မွေးနေ့ဘာကျွေး မလဲ”ဟု မေးကြသည်။ တောင်ကြီးရှိအစ်မများက သူတို့ခရစ်ယာန်ထုံးစံ အတိုင်း ဘုရားသခင်ထံ ညီမတွက် မွေးနေ့ဆုတောင်းမေတ္တာစာများ ပေးပို့ ကြသည်။ ထို့ကြောင့် ဒီနှစ် အောက်တိုဘာလ ၁၀ ရက်ကျော်လျှင်ပင် မေသည် ကျွန်တော့်အား စကားကြောင်းလမ်းလေသည်။

          “ဒီနှစ် မေ့မွေးနေ့မှာ အုန်းနို့ခေါက်ဆွဲ ကျွေးချင်တယ်၊ အိမ်မှာ ကြက် ဘယ်နှကောင် ဟင်းစားရမလဲ”

          မိတ်ဆွေတို့သိကြသည့်အတိုင်း ကျွန်တော်သည် ကြက်သမား၊ အိမ် တွင် တိုက်ကြက်မျိုးတွေ မွေးထားသည်။ ဤအထဲမှာ ကြက်မများ၊ မစွဲပုံ ပေါ်သည့် ကြက်ဖများကို ဟင်းအိုးထဲ ပို့ရသည်။ 

          “မင်း ကြက်ဘယ်နှပိဿာလောက် လိုချင်သလဲ၊ လူဘယ်လောက်ဖိတ်မယ် စိတ်ကူးသလဲ”

          “များများစားစား မလုပ်နိုင်ပါဘူး၊ အိမ်နီးပါးနားဝေဖို့နဲ့ ဖော့ကန်နဲ့ အလုံက လူသိုက်လောက်ဟာပဲ၊ မုန့် ၆ ပိဿာလောက်ဆိုတော့ ကြက် သုံး ပိဿာလောက်ပဲ

          “အုန်းသီးကောကွာ” 

          “၅ လုံး ၆ လုံးလောက်”

           ဒီခေတ်တွင် ရန်ကုန်မှာ အုန်းသီးတစ်လုံး ၅ကျပ် ၆ကျပ်၊ ကြက် တစ်ပိဿာ အစိတ်အထက်၊ ဒါတွေသာ ဈေးကဝယ်ရမည်ဆိုလျှင် ကျွန်တော် တို့အဖို့ တော်တော်ခက်ခဲပေမည်။ သို့သော် ကျွန်တော့်မှာ ကံအားလျော်စွာ အုန်းသီးအလကားပေးမည့်သူ ရှိနေသည်။ စံပယ်ခြံမှ ဒေါက်တာလှမော်။ သူ့ခြံထဲတွင် အုန်းပင်တွေ တော်တော်များများ ရှိနေ၍ “ဆရာ အုန်းသီးများ လိုချင်ရင် အချိန်မရွေးကြိုက်သလောက် လာခူးပါ” ထို့ကြောင့် ကျွန်တော် အုန်းပင်တက်နိုင်သူခေါ်သွားပြီး အလုံးကြီးကြီးရင့်ရင့် ၅ လုံးတစ်ခိုင်ယူခဲ့သည်။

          ကြက်ကား ကျွန်တော့် အိမ်ပေါက်ထဲမှ ရွေးထုတ်လိုက်တော့ မတမ်းမ ၇၀သား၊ ၈ဝသားလေး ၃ကောင်နှင့် တစ်ပိဿာခန့်ရှိမည့် ၈လသား ကြက်ဖလေးတစ်ကောင်။ သူသည် တိုက်ကြက်မျိုးပင်ဖြစ်လင့်ကစား၊ ပုညှက်ညှက်ကလေးဖြစ်နေ၍ တိုက်ပွဲတွင်သုံးရန် အားမကိုးလောက် သဖြင့် ခွပ်လက်မျှခုန်မကြည့်ဘဲ အုန်းနို့ခေါက်ဆွဲထဲထည့်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။

 

သို့သော် သူ့ကြမ္မာ 

 

          အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျွေးမွေးရမည်ဆိုတော့ ၁၇ရက် နေ့ညမှာ ဟင်းကိုင်ရပေမည်။ ထို ၁၇ ရက်နေ့ညနေခင်း၌ မိတ်ဆွေကြက် သမားတစ်စုသည် သူတို့တိုက်ကြက်ကလေးတစ်ကောင်နှင့် ကျွန်တော့်အိမ် ရောက်လာကြပြီး...

          “ဒီနေ့လည်း မတိုက်ခဲ့ရပြန်ဘူးဗျာ၊ အဲဒါ ဆရာ့ ဟိုကြက်ဖလေးနဲ့ တစ်ခုန် နှစ်ခုန်လောက် ခြေကျော်ထိုးပါရစေ”

ဤနေရာ၌ စာဖတ်သူများအား ကြက်သမားတို့၏အယူအဆကို ပြောထားရပါဦးမည်။ အကြင် ကြက်တစ်ကောင်ကို တိုက်ရန်အလို့ငှာ ဒီနေ့ ဝိုင်းသို့ချသွားသည်။ သို့သော် တိုက်ဖက်အဆင်မသင့်၍ မတိုက်ခဲ့ရ။ ထိုအခါ ဤကြက်ကို ဒီနေ့အတွင်းမှာပဲ အခြားကြက်တစ်ကောင်နှင့် ခေတ္တခဏ ပဲဖြစ်ဖြစ် ခွပ်ခိုင်းလိုက်ရသည်။ အဘယ်အကြောင်းကြောင့်ဟူ၍ မပြောနိုင်သော်လည်း အများအားဖြင့် ကြက်သမားတို့၏လုပ်ရိုးလုပ်စဉ်။ ဝိုင်းပြန်ဆို ခြေကျော်ထိုးလိုက်တော့ “စတိနည်းနည်းပါးပါး ခုန်လိုက်၊ ကြက်သမားတို့၏ စကား၊ တစ်ဖက်သားကို တစ်ချက်တည်းနှင့် ဒုက္ခပေးနိုင်သော အတက် ရှည်ကြီးများနှင့်ဆိုလျှင် ၎င်းအတက်တွေကိုမစူးနိုင်အောင် အဝတ်စနှင့်ပတ် ထုပ်ပြီး ခွပ်ခိုင်းရသည်။

          ယခု ဝိုင်းမှမတိုက်ရဘဲပြန်လာသော သူတို့ကြက်ကလေးမှာ အတက် ချွန်ကလေး ဖြစ်နေသော်လည်း ကျွန်တော့် ကြက်ကလေးမှာ မကြာမီ ကိစ္စ တုံးတော့မှာမို့

          “ကဲ...ကြာတယ်၊ ခင်ဗျားတို့ကြက် အတက်ထုပ်မနေပါနဲ့တော့ဗျာ...။ ခင်ဗျားတို့ကြက် ဘယ်လောက်စူးသလဲဆိုတာလည်း သိရအောင် ဒီအတိုင်း ပဲ လွှတ်လိုက်”

          သူတို့ အင်မတန်သဘောကျသွားကြသည်။ 

          သို့ရာတွင်... 

          သို့ရာတွင်

          ကြက်နှစ်ကောင်ခွပ်နေကြသည်ကို ကြည့်နေကြရာမှ သူတို့မျက်နှာ တွေတစ်မျိုးတစ်မျိုးဖြစ်လာကြသည်။ အထင်နှင့်အမြင် လွဲလွဲလာသဖြင့် ပြောင်းလဲလာကြသည့် မျက်နှာမျိုးတွေ။ 

          အကြောင်းမှာ သူတို့ကြက်ထက် ကျွန်တော့်ကြက်ကလေးက ခွပ်ရေး သာ၍သာ၍လာသောကြောင့်......

          ကြက်ကောင်ကလည်း သူတို့ကြက်က ကြီးသည်။ အသက်ကလည်း ကြီးသည်။ နို့ပြီး သူတို့ကြက်က တိုက်ဖို့ပြင်ပြီးဆင်ပြီးသား။ ခွပ်လက် ခွပ်သားလည်း ဝလို့။ ကျွန်တော့်ကြက်က ကြက်လားမြောက်မှ တစ်ခါမျှ မခွပ်ဖူးသေး။ သို့သော် သူတို့ကြက်ကို ကျွန်တော့်ကြက်က နိုင်ခြေရောက်နေသည်။ 

          “အား..ဒီခရမ်းက ဒီဖောင်းလေးမှ အပြတ်မခွပ်နိုင်ရင်တော့....” 

          “အောင်မာ.. ဖောင်းလေးက ခွပ်ပစ်မှာဗျ၊ လမ်းရော ပညာရော သာနေ တယ်”

          “ဖောင်းလေးခြေက အဆစ်အမျက်လည်း ကျသဗျ” 

          “ခရမ်းရဲ့ လမ်းတွေကို အကုန်ဖျက်နိုင်တယ်”

          သူတို့တွင် တစ်ယောက်တစ်ခွန်းပြောလာကြသည်။ ကျွန်တော့်ကြက် ကလေးကို ချီးမွမ်းကုန်ကြသည်။ “ဖောင်း”ဆိုတာက ကျွန်တော့်ကြက် ကလေးအမွေးရောင်။ “ခရမ်း”ဆိုတာက သူတို့ကြက်။

          ကြက်ချင်းခွပ်ကြ၍ ၁၀ မိနစ်မျှလောက်ကြာသည်၌ ကျွန်တော့် ကြက် ကလေးအပေါ် ကျွန်တော့်ဆုံးဖြတ်ချက် ပြောင်းပြီဖြစ်၍..

          “ကဲ....မတော်ချင်ကြသေးဘူးလားပျို့၊ ခင်ဗျားတို့ကြက်က အတက် ချွန်နဲ့မတော်မတည့် ကျွန်တော့်ကလေး မျက်လုံးမျက်ဆန် ထိမှာစိုးရတယ်” ကိုယ့်ကြက်ကောင်းနေမှန်းသိ၍ ဒီတော့မှ ကျွန်တော်စိုးရိမ်လာသည်။

          “အောင်မလေး... မစိုးရိမ်ပါနဲ့ဆရာရယ်၊ ခရမ်းခြေက ဆရာ့ကြက်ခေါင်း မရောက်ပါဘူး၊ ကျွန်တော်က ဆရာ့ကြက်ကလေးဘက်ကတောင် လောင်း ရဲသေးတယ်၊ ဟောဒီမှာဟေ့...ငွေတစ်ဆယ်၊ ညနေစာအရက်ဖိုးလေး ဘယ်သူဆွဲမလဲ” -

          ဤတွင် တစ်ယောက်က “တကယ်လား”ဆိုပြီး ထိုဆယ်တန်ကို လက် လှမ်းသည်၌ ကျွန်တော်က “ဟာ....မလုပ်ကြနဲ့ဗျာ၊ တကယ်တိုက်ကြရင်တော့ ကျွန်တော့်ကြက်ကလေးက ဘယ်လောက်ကြာ ခွပ်နိုင်မှာမို့လဲ၊ တော် . ကြာပျော့ပြီး အမောဆို့ သွားတော့မှာပေါ့”

          “ဟာ... ဆရာ့ကြက် ဒီလောက်မောတာ မဟုတ်ဘူး၊ ပျော့လည်းမပျော့ ဘူး၊ ခွပ်နိုင်ပါတယ်ဆရာရယ်၊ ခွပ်လမ်းချင်း၊ ဒဏ်ရာပေးချင်း တူတာမှ မဟုတ်ဘဲ၊ တစ်ချီချီမှာ ခရမ်းလဲလိမ့်မယ်ထင်တယ်၊ ဆရာ့ဖောင်းလေးခွပ် တာက ဟိုကြက်နားကြား မျက်စိကြားမှာချည်းပဲ”

          သူ့ထင်မြင်ချက် မှန်ပေသည်။ နောက်ထပ် ၅ မိနစ်လောက်ကြာသည် ၌ ဟိုကြက် တုံးခနဲလဲလေသည်။ တုံးလုံးတစောင်း ဖြစ်နေလေတော့ အားလုံးအံ့ဩကြလျက်......

          “ဟာ... ဘယ်နေရာများခွပ်လိုက်တာပါလိမ့်” 

         “အုပ်ဆက်ဗျ... အုပ်ဆက်၊ မင်းကြက် ကောက်ကုတော့”

          ကျွန်တော့်ကြက်ကလေးက တက်နင်းဆွဲဆိတ်နေသည်ကို ဟိုဘက် ကြက်စွဲက ကောက်၍ကုသည်။ ကုသ၍ ပြေသွားပါသော်လည်း ထိုကြက် သည် နောက်ထပ်ကြာကြာမခွပ်တော့ချေ။ ဒုတိယအချီ လဲပြီးသောအခါ၌ ကိရောက်ကိရောက် အော်၍ ပြေးလေသတည်း။ ကြက်သမားများ အံ့သြ ဝမ်းမြောက်ကြလျက်......။

          “ဒဏ်ရာလေးကလည်း မှန်လိုက်တာဗျာ၊ ဆရာ့ကြက်ကြက်ကောင်း လေးပဲ”

          ကျွန်တော်လည်း အားရဝမ်းသာဖြစ်လျက်... 

           “ကျွန်တော် ခင်ဗျားတို့ကို ကျေးဇူးတင်တယ်ဗျာ၊ နို့မဟုတ်ရင် ကျွန်တော် ဒီကြက်ကလေး ခုည အုန်းနို့ခေါက်ဆွဲဟင်းထဲ ထည့်ပစ်တော့မလို့”

          “အောင်မလေး မလုပ်ပါနဲ့ဆရာရယ်၊ သူ့အစား တခြားနှစ်ကောင် ဝယ်ပါ၊ ကျွန်တော် အခု ၅ဝိ ပေးခဲ့ပါမယ်”

          “အောင်မာ... မင်းတစ်ရာပေးထားရတဲ့ ကြက်တောင် အပြေးခွပ်ပစ်တဲ့ ကြက်ကို ငါးဆယ်နဲ့ ရမလားကွ” “ဒါဖြင့် တစ်ရာပဲ ပေးပါ့မယ်ဆရာ”

          သူက တကယ်ဝယ်သည်ကို ဒီလို ကိုယ့်အိမ်ပေါက်ကြက်ကောင်း မျိုး၊ ကျွန်တော်က ဘယ်လောက်ပေးပေး ရောင်းမည်မဟုတ် မူ၍။

          “အောင်မလေး.. ဝယ်မနေကြပါနဲ့ဗျာ၊ ကျွန်တော့်ဆီ ကြက်ရှိနေလည်း ခင်ဗျားတို့နဲ့ အတူတူတိုက်ရတာပဲဟာကို၊ ဒီကြက်ဝိုင်းဆင်းရင် ခင်ဗျားတို့ နဲ့ အတူတူသွားကြမှာပဲ”

          ဒီတော့ သူတို့အားလုံး ဝမ်းသာအားရဖြစ်ကြလျက် ကျွန်တော့်ကြက် ကလေးကို တစ်ယောက်တလဲစီ ကိုင်ကြည့်ကြကာ။

          “ကြက်ကလေးက ညှက်ပေမဲ့ အဆက်အပေါက် ခွင်ခွကျတယ်ဗျ။ ကြက်ထိုင်ကောင်းတယ်၊ ခြင်္သေ့ထိုင်ပဲ”

          “အမွေးအရောင်လည်း အမွေးမှန်ဗျ၊ သန့်တယ်”

         “ဝိုင်းထဲမှာ ဒီအရွယ်မျိုးလေးတွေရှိပါတယ်၊ သူ့ဒေါက်ဟာ ၈-ပြား လောက်တော့ ရှိတာပဲဗျ”

          ကြက်၏ ဒေါက်အမြင့်ကို တိုင်းရာ၌ ခြေဖဝါးမှနေ၍ အတောင်ပံအရိုး ရှိ ဘုနီအထိ၊ ရှေးခေတ်က ဒင်္ဂါပြားနှင့်တိုင်းရသည်။ ထိုဒင်္ဂါးပြား အလျောက် ကြက်၏အရပ်အမြင့်ကို ၈ပြား၊ ၉ပြား၊ ၁၀ပြားခွဲ၊ ၁၁ပြား စသည်ဖြင့်ခေါ်ကြသည်။ တိုက်ကြက်များတွင် ၈ပြားသည် ကြက်အပုဆုံး၊ အငယ်ဆုံးဖြစ်၍ ၁၁ပြား၊ ၁၂ပြားမှာ ကြက်အမြင့်ဆုံး အကြီးစားကြီးများ ဖြစ်ကြသည်။ 

          “သူ့ကြက်အိုးကြက်ထိုင်ကတော့ ဒေါက်တူရင် လာခဲ့ရောပျို့..”

          “သူ့ထက်နည်းနည်းမြင့်လည်းကြိုက်တယ်၊ သူက အောက်မျှော်ခွပ် ကောင်းတာပဲ၊ ခုန ခရမ်းကို လဲအောင်ဟာ အောက်ကနေပင့်ရိုက်လိုက်တာ

          “ဒီလိုတုံးခနဲလဲအောင် ခွပ်နိုင်တဲ့ခြေကတော့ ရှားတယ်ဗျာ၊ ဆရာ ဒီကြက်ကလေး ဘယ်ကရတာလဲ”

          “ကျွန်တော့်အိမ်ပေါက်ဗျ” 

          “နို့.... ဒီတစ်ကောင်တည်းလား”

         “သားခွဲမှာ ကြက်နာဝင်လိုက်တာဗျာ၊ သူတစ်ကောင်တည်း ကျန်တယ်။ မအေရော သေတာပဲ” 

          “မအေက ဘယ်ကမျိုးလဲ”

           လူအမျိုး ကြက်အရိုး ဆိုစကားရှိသည်။ တိုက်ကြက်များမှာ မိဘ မျိုးရိုးစစ်မှန်ဖို့၊ ကောင်းဖို့ အရေးကြီးလှသည်။

“သူ့အမေက နတ်တလင်းက ကိုမောင်လည်း ကြက်မျိုးဗျ”

           “အလာလား...ဒါကြောင့် ဒီလောက် ကောင်းတာကိုးဗျ” (ကိုမောင် လန်းသည် ၁၉၇၆ ခုနှစ်က ကွယ်လွန်ပြီဖြစ်သော်လည်း တကယ့်ကြက်ကောင်းကိုင်၍ ထောင်သောင်းချီတိုက်သော ကြက်သမားကြီးဖြစ်ကြောင်း ရန်ကုန်က ကြက်သမားများသိကြသည်။

          “နို့... ဖအေကကော” 

          “ဖအေကတော့ ရှဖီးပဲဗျ”