Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

သူရနီ - မြန်မာကဗျာများကိုဖြတ်သန်းခြင်း

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out
ကျဆုံးလေပြီးသော နိုင်ငံတော်အား 
ပြန်လည်တူးဖော်ကြည့်ခြင်း

 

          ဇော်လူစိမ်းရဲ့ ကဗျာများကို ဖတ်ရှုတဲ့အခါ ထူးခြားဖြစ်စဉ်များအဖြစ် အောက်ပါအတိုင်း တွေ့ရှိရပါတယ်။

          (က) သူ့အတွက်တော့ ကဗျာနဲ့ နိုင်ငံရေးဟာ သီးခြားအဓိပ္ပာယ်မထွက်တဲ့ ကျောချင်းကပ် အနေအထားမှာ သူ့ကိုယ်သူ အမြဲတပ်ဆင်ထားတဲ့ လူတစ်ယောက် ဖြစ်တယ်။ 

          (ခ) အရပ်သုံး ဝေါဟာရ ဗန်းစကား (အရပ်သုံးစကားများ) အားကဗျာထဲ ပယ်ပယ်နယ်နယ် ထည့်ရေးလေ့ရှိတဲ့ ကဗျာဆရာစာရင်းထဲမှာ ဇော်လူစိမ်းကိုလည်း ထပ်ဖြည့်ရပါမယ်။ 

          ဥပမာ ဗလုံးဗထွေး၊ ဖလန်းဖလန်းထ၊ ကွက်တိကွက်ကျား၊ အိုးပစ် အိမ်ပစ်၊ ဖြူဖတ်ဖြူရော်၊ မသဒ္ဓါရေစာ၊ ပိုးစက်ပက်စက်၊ စိတ်လိုလက်ရ၊ ကုန်းရုန်းထ၊ မရမက ပါးစပ်အဟောင်း၊ ချမ်းချမ်းစီးစီး၊ အလဲအကွဲ စတဲ့ အရပ်ထဲမှာ ပြောတဲ့စကား၊ အသုံးအနှုန်းတွေနဲ့ သူ့ကဗျာတွေထဲ ထိုးသိပ် ထည့်ရေးလေ့ရှိတယ်။ ဒါကတော့ သူ့ရဲ့ အလေ့အကျင့်၊ အရပ်သုံးစကားတွေ အပေါ် သူ့ရဲ့စိတ်ကူး တိမ်းညွှတ်မှုလို့ပဲ ဆိုရပါမယ်။

          (ဂ) နောက် သူ့ရဲ့ဆာလောင်မှုတွေကတော့ Surrealismသဘောတွေကို သူ့ကဗျာတွေထဲမှာ ထပ်တွေ့ရပြန်တယ်။ လူသေတွေ လေပြင်းထဲ မီးတောက်တွေလို ချီတက်လာကြတယ်/လဲကျ နေတဲ့ လူသေတချို့ ပြန်ထ/နံရံမှာ တန်းလန်းစိုက်နေတဲ့ လရောင်ဖြူနံရံတွေက တစ်ချပ်ပြီးတစ်ချပ် ကုန်းထလာ စတဲ့ အိပ်မက်ဆန်တဲ့ သရုပ်မှန်လွန် အခင်းအကျင်းတွေဟာ သူ့ကဗျာ တွေထဲမှာ ပါလေ့ပါထရှိတဲ့ ယုတ္တိမဲ့မှု ခြေသည်းလက်သည်း

ချွန်တွေ ဖြစ်တယ်။ 

          (ဃ) သေဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်ရဲဘက် (လူသေတွေ)အပေါ် နှမြောတသမှု၊ သူတို့ကို အသက်ပြန်ရှင်သန်လိုစိတ်၊ သေပြီးသား သူရဲကောင်းတွေအပေါ် ဂုဏ်ပြုလိုစိတ်တွေက သူ့ရဲ့ စိတ္တဇမှာ တဖွားဖွား ထလင်းနေတဲ့ ဆလိုက်မီးလုံးကြီးတွေ ဖြစ်တယ်။ 

          (င) နောက်တစ်ချက်က အကြမ်းဖက်မှုနဲ့ ခံရတဲ့သူများအကြားအဆက်အစပ် သာမန်ပြည်သူတွေအပေါ် ပါဝါအာဏာတွေနဲ့ ခြယ်လှယ်ဖိစီးချုပ်ကိုင်မှုတွေဟာ သူ့ကဗျာတွေထဲမှာ တွေ့ရ လေ့ရှိတဲ့ မောပမ်းမှုတွေပဲ ဖြစ်ပါတယ်။

 

မသေမရှင်တွေ ပြန်လာပြီ

 

ခင်ဗျားတို့ နှလုံးသားတွေပေါ်ကနေ လူးလှိမ့်လာတဲ့ မသေမရှင် 

ဒီလိုရှင်ခွင့်ရတဲ့အတွက် လူသေတွေကို ကျေးဇူးတင်လိုက်ပါရဲ့ 

ဒီလိုရှင်ခွင့်ရတဲ့အတွက် လူသေတွေကို အလေးပြုလိုက်ပါရဲ့ 

လူသေတွေကို မြင်နိုင်တာဆိုလို့ ဒီလိုမသေမရှင်တွေပဲ 

မသေမရှင်တွေ ပြန်လာပြီ 

ဒီလိုရှိတယ် အားကြီးသူသာ ရှင်ကျန်မြဲ 

ငါတို့အသေအလဲ ရှင်ကျန်ခဲ့ အသေအလဲ မသေမရှင်တွေပဲ ဖြစ်တယ်

လမ်းမကြီးတွေကို သိမ်းပိုက် 

အကျဉ်းထောင်တွေကို သိမ်းပိုက် 

ဝက်တစ်ကောင်ရဲ့ နံကြားထဲ

 လှံစွပ်ဝင်ထားသလို ကမ္ဘာကြီး နင်နေတာကို 

ဒီမသေမရှင်တွေက မျိုချနေခဲ့ကြ

အသေအလဲ မသေမရှင်တွေ ပြန်လာပြီ

 

(မသေမရှင်)

ဇော်လူစိမ်း

 

          ကဗျာရဲ့ ခေါင်းစဉ်ကိုက စိတ်ဝင်စားစရာ။ “မသေမရှင်”။ မသေဘူး ဆိုရင် ရှင်ရမယ်လေ။ မရှင်ဘူးဆိုရင် သေရမယ်လေ။ အခုတော့ မသေဘူး၊ ဒါပေမဲ့ ရှင်လား ဆိုတော့လည်း မရှင်ဘူး။ အရှေ့အနောက် အစီအစဉ်ကျမှုကို အချိုးဖျက်ထားတဲ့ စာသား ပဋိပက္ခ တစ်ခု ဖြစ်တယ်။ ခင်ဗျားတို့ ကျွန်တော် တို့ဟာ အသက်မသေကြဘူး။ ဒါပေမဲ့ ရှင်သန်မှုကလည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်။ တအံ့တနွေးနွေးနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ လူ့အဖွဲ့ အစည်း ဖြစ်ထွန်းမှုမှာ ကျွန်တော်တို့လည်း ကျွဲကူးရေပါဆိုသလို လွှဲဖယ် ရှောင်ကွင်း မရခဲ့ကြဘူး။ စစ်ဖြစ်လားဆိုတော့ စစ်လည်း မဖြစ်။ ဒါဆို ငြိမ်းချမ်းရေးရပြီလားဆိုတော့ ငြိမ်းချမ်းရေးလည်းမရ။ no war, no peace စစ်အေးကာလ အပိုင်းအခြား တစ်ခုလို နေမထိထိုင်မသာ ဖြစ်နေကြရတယ်။ကျေနပ်မှုမရှိတဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ မလုံမခြုံ ရပ်တည်နေရတဲ့ အခြေအနေ တစ်ရပ်ပါ။

          “ဝက်တစ်ကောင်ရဲ့ နံကြားထဲ လှံစွပ်ဝင်ထားသလို ကမ္ဘာကြီး နင် နေတာကို ဒီမသေမရှင်တွေက မျိုချနေခဲ့ကြ”

          အလွန်ပဲ အားကောင်းလှတဲ့ စာသားနစ်ဝင်မှုဖြစ်တယ်။ နေမထိ ထိုင်မသာဖြစ်နေတဲ့ အနေအထားမှာ ကျွန်တော်တို့ဟာ မသေမရှင် ရပ်တည် နေကြရတယ်။ မကျေနပ်ချက်တွေကို အခြေအနေအရ ထုတ်ဖော်ပြသတဲ့အခါလည်း နိုင်လိုမင်းထက် ပြုကျင့်မှု၊ အကြမ်းဖက်မှုတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရပြီး အုပ်ချုပ်ခံလူတန်းစားတွေဘက်က ခါးစည်းခဲ့ကြရတယ်။