သုမောင် - သစ်ပုတ်ပင်စောင့်နတ်နှင့်အခြား၀ထ္ထုတိုများ
ကျုပ်ဘာသာကျုပ် ချမ်းသာတာ ဘာဖြစ်လဲ...ဘာဖြစ်လဲ။
ကျုပ်ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ ဘယ်သူ့အပေါ်မှလည်း ခေါင်းပုံဖြတ် အမြတ်ကြီးစားပြီး ချမ်းသာတာ မဟုတ်ဘူး။ ကျုပ်ချမ်းသာတာမှာ ဘာ ပယောဂမှ မပါဘူး။ ကျုပ်မိဘကလည်း ရိုးရိုးသားသား ကင်းလွတ်ကုန်
တွေ ရောင်းဝယ်ဖောက်ကားရင်း ချမ်းသာခဲ့တာ။ ကျပ်ကျပြန်တော့လည်း ဘယ်လို ဘဝပေးအကျိုးလည်းမသိရပေါင်ဗျာ.... ထီကိုမထိုးရဲတဲ့အထိ၊ ထီမထိုးနဲ့ ထိုးတာနဲ့ ပေါက်တတ်တာပဲ။ မယုံမရှိနဲ့၊ ကျုပ်ထီပေါက်တာ ခုနစ်ကြိမ်ရှိနေပြီ။ သိန်းဆုက သုံးဆုပါတယ်။ ကဲဗျာ။
တစ်ခါတစ်ခါတော့ ကျုပ်ကိုယ်ကျုပ် “ဘာကြောင့် ငါ... ခုလောက် ကံကောင်းနေရသလဲကွာ” ဆိုပြီး စိတ်တိုမိတယ်။
အဲ တစ်ခုတော့ရှိတယ်။ ကျုပ် ကံတရားကို သိပ်ပြီးအရောတဝင် မလုပ် တတ်ဘူး။ သူ့ဘာသာသူ မတော်တဆ ဖြစ်လာတတ်တဲ့ ကိစ္စတွေလောက် သာ နားလည်ထားတာ။
ထီပေါက်တာတင်ပဲတဲ့လား၊ မဟုတ်သေးဘူး။ ကျုပ်လုပ်သမျှ အလုပ် တွေအားလုံး အောင်မြင်တယ်။ တစ်ခုပြောပြမယ် သမာအာဇီဝပါပဲ၊ ဆေး။
တစ်နေ့မှာ... ကျုပ်အမေ ဘုရားသွားတယ်။ သွားရတဲ့ အကြောင်းက ဆုတောင်း တစ်ခုအတွက်။
အမေဟာ အသက် ငါးဆယ်ကျော်လောက်မှာ ဂလောကိုးမားဆို လား...... အဲဒီမျက်စိရောဂါ ဖြစ်ခဲ့ရတယ်။ ဆေးရုံမှာတက်ပြီး ခွဲစိတ်ကုသခံ ခဲ့ရတယ်။
ပျောက်တော့ ပျောက်ပါရဲ့ ၊ ဒါပေမဲ့ အထာက သိပ်မကျလှဘူး။ မျက် ရည်က အလိုလိုနေရင်း ထွက်ထွက်နေတတ်တယ်။ ဒီအတွက် အမေဟာ တစ်နေ့မှ စိတ်မချမ်းသာရှာဘူး။ (အဘွားဆုံးပါး ရှာတုန်းကလိုမျိုး မျက်ရည် ထွက်ရတာမှ မဟုတ်ဘဲ။) ဒါနဲ့ တစ်နေ့မှာ ရွှေတိဂုံစေတီတော်ကြီး တက် ဖူးရင်းက ဒီမျက်စိရောဂါနဲ့ ပတ်သက်လို့ အမြန်ဆုံးပျောက်ကင်းရပါစေသား လို့ ဆုတောင်းသတဲ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ...။ မိန်းမစိတ်နဲ့ ဆုတောင်းတာကိုး။
ဘာပဲဖြစ်ဖြစ် ကျုပ်ပြောချင်တာက အဲ့သည့်နေ့က အမေ့ဆုတောင်း ပြည့်တာကိုပါပဲ။
ရွှေတိဂုံအနောက်မုခ်က ဆင်းလာတဲ့အမေဟာ စောင်းတန်းလှေကား ထစ် တစ်နေရာအရောက်မှာ ဟိုးရှေးရှေးက လက်ရေးမူနဲ့ ရေးထားတဲ့ ဗမာ့ဘယ ဆေးနည်း စာရွက်တစ်ရွက်ကို အမှတ်မထင် ကောက်ရခဲ့တယ်။ ဆေးနာမည်က ဒေဝစက္ခုတဲ့။
ထားပါတော့။ ဘာပဲဖြစ်ဖြစ် အဲ့ဒီဆေးကို အမေက စောစောက ပြောသလို မိန်းမစိတ်နဲ့ ယုံယုံကြည်ကြည် ဖော်စပ်စားကြည့်တဲ့အခါ မျက်စိ ရောဂါဟာ ဒိဋ္ဌ ပျောက်တာကို တွေ့ရတယ်။ ဒါနဲ့ပဲ အမေဟာ နီးစပ်ရာနီး စပ်ရာ သူတို့အဘွားကြီးချင်း လက်တို့ပြီး စားခိုင်းကြည့်တဲ့အခါ အဲဒီအဘွား ကြီးတွေလည်း မျက်စိရောဂါ ပျောက်ကုန်ကြတာတွေ့ရတယ်။ ဒီလိုနဲ့ တစ်ယောက်ကစ တစ်ရာအဆုံး ဆိုတာလို ဒီဆေးသတင်း ပြန့်နှံ့သွားရင်းက မျက်စိရောဂါတင် မကဘူး၊ တခြား ရောဂါတွေပါ သက်သာတယ်လို့ ဖြစ် ပြန်ပါလေရော။ ကိုးဆယ့်ခြောက်ပါးရောဂါ ပျောက်ဆေးဆိုပါစို့ဗျာ။
ကျုပ်တို့နဲ့ နီးစပ်တဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်ဆိုရင် နှစ်လတစ်ခါ သုံးလတစ်ခါဆိုသလို အရေပြားတွေ ဆတ်ခေါက်လိုက်တဲ့ရောဂါရှိတယ်။
အရေပြားဟာ အရေပြားလို ပျော့ပျော့ပါးပါးမနေဘဲ သစ်ပင် သစ်ခေါက်လို မာချပ်ချပ်ကြီး ဖြစ်နေတာကို ပြောတာ။ ဒီတော့ အဲဒီလိုဖြစ်တဲ့ ရက်ပိုင်း အတွင်းမှာ အပြင်ထွက်လို့လည်းမရဘူး။ ရုပ်ရှင်ရိုက်လို့လည်းမရဘူး။
ဒီလိုနဲ့ မတော်တဆဆိုသလို ကျုပ်တို့အိမ်ရောက်လာတယ်။ အမေက လည်း သူ့ဆေးကို စားခိုင်းရင်းက နောက်ပိုင်း သူ့ရောဂါဟာ လုံးလုံး လျားလျား ပျောက်သွားသတဲ့။
ကျုပ်စိတ်ကူးတစ်ခု ရလာတယ်။
ကျုပ်တို့အိမ်မှာရှိတဲ့ လက်တိုလက်တောင်းခိုင်းတဲ့ အလုပ်သမားတွေ ရော၊ မရှိနွမ်းပါးတဲ့ ရပ်ကွက်ထဲက လူတွေရော အလုပ်တစ်ခုရဖို့ဆိုတဲ့ သဘောနဲ့ ဆေး...ဒီဆေးကို များများဖော်ပြီး အထုပ်ကလေးတွေထုပ်၊ နီး စပ်ရာ နီးစပ်ရာကွမ်းယာဆိုင်တွေကို လိုက်ပို့ပြီး အရောင်းခိုင်းရရင် မကောင်း ပေဘူးလားလို့။ ကိုယ့်အတွက်လည်း သမာအာဇီဝကျပြီး အများအကျိုး လည်း ဆောင်ရာရောက် တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ သဘောပေါ့လေ။
လုပ်ကြည့်တယ်။
လုပ်စတော့.... ကျုပ်တို့ တစ်ရပ်ကွက်စာလောက် မှန်းခြေနည်းနည်းပဲ ဖော်စပ်ပြီး ရောင်းကြည့်တယ်။ အောင်မြင်တယ်ဗျို့.......။
ဒီလိုနဲ့ လေးငါးခြောက်လအတွင်းမှာ ရန်ကုန်တစ်မြို့လုံး ကျုပ်ဆေး ဟာ နာမည်ကျော်ကြား လူသိများတဲ့ ဆေးတစ်မျိုး ဖြစ်လာခဲ့ရတယ်။ ဆို လိုတာက ဒီဆေးနဲ့ပဲ ကျုပ်မှာဝင်ငွေတွေ တိုးလာခဲ့ရတယ်ပေါ့။ ကျုပ်ငွေ များများစားစား သုံးတတ်တဲ့သူ မဟုတ်ပါဘူး။ ကျုပ်စီးနေတဲ့ ကားအတွက်တစ်နေ့သုံးဂါလံဖိုး(တစ်ဆယ်နဲ့ငါးမူး)၊ ကျုပ် အရက်သောက်တတ်တယ်။ ဒါပေမဲ့ အရက်ဖြူပဲကြိုက်တယ်။ အရက်ဖြူတစ်ပိုင်းဖိုး (သုံးကျပ် ပြား
ခြောက်ဆယ်) (အစိုးရဈေး)။ မနက်ည ထမင်းစရိတ် ပျမ်းမျှ (သုံးရာ)။ အကြမ်းဖျင်းပေါ့လေ.... ကျုပ်အတွက် တစ်လ ငွေတစ်ထောင်လောက်ရှိရင် ပြီးတယ်။ ဒါဟာ တစ်ယောက်တည်းမဟုတ်ဘူး။ အိမ်မှာ ချက်တဲ့ ပြုတ်တဲ့ ကာလီမူတူးရော၊ လက်တိုလက်တောင်း ခိုင်းတဲ့ ဒေါ်သြဘာရော အပါ အဝင်ကိုပြောတာ။ ဒါပေမဲ့ ဆေးလုပ်ငန်းကတင် ကျုပ်အတွက် တစ်လ အသားတင် ငွေသုံးထောင်လောက်ကျန်နေတယ်။ ဆေးဖော်တဲ့လူ ဆေးထုပ်တဲ့လူ ဆေးပို့တဲ့လူ စတဲ့ အလုပ်သမားလေးတွေလည်း တစ်လကို နှစ်ရာ၊ သုံးရာစသဖြင့် ရကြသေးတယ်။ ဒီလောက်နဲ့ ကျုပ် တင်းတိမ်နိုင် ပါတယ်။ ဒါပေမဲ့ စောစောကပြောသလို ကံတရားပဲ ခေါ်မလား၊ တိုက် တိုက်ဆိုင်ဆိုင်ဖြစ်တာပဲ ခေါ်မလား မသိဘူး။ အသေးအဖွဲ ပြောတာပါ။ မိတ်ဆွေတစ်ယောက်က တွံတေးဘက်မှာ ငါးကန်တူးပြီး ငါးမွေးချင်တယ် ငွေငါးထောင်လောက် အစုစပ်ထည့်ပါဆိုလို့ ဘာရယ်မဟုတ်ဘဲ ထည့် လိုက်မိတယ်။ ဘာမှမကြာလိုက်ဘူး တစ်နှစ်လည်းပြည့်ရော ထက်ဝက် မြတ်တယ်ဆိုပြီး ကျုပ်ကို အစုစပ် အမြတ်တွေ လာပေးတော့တာပါပဲ။
ကျုပ်က “အဲဒီအမြတ်လည်း ဆက်ထည့်ထားပြီး ဆက်သာလုပ်ပါဗျာ” ပြောလိုက်တယ်။ ကျုပ်သဘောက ဒီငွေငါးထောင်ကိစ္စနဲ့ ပတ်သက်လို့ ခေါင်းထဲသိပ်မရှိလှဘူး။ တွံတေးဘက်မှာ ငါးကန်ကလေးရယ်၊ မာလကာ ခြံကလေးရယ်၊ ကျုပ်တစ်ဝက်ပိုင်ဆိုင်တဲ့ ခြံကလေးတစ်ခြံရှိတယ်ဆိုရင် ကျုပ် အနားယူချင်တဲ့အခါသွားပြီး အနားယူလို့ရတယ်။ ရန်ကုန်မြို့ရဲ့ ကျဉ်းကြပ် တဲ့ မြို့ပြအငွေ့အသက်ထဲကနေ ရုန်းထွက်ပြီး စိတ်ရဲ့ လွတ်လပ်မှုကို ရယူ နိုင်တယ်။ ဘာပဲဖြစ်ဖြစ်လေ အဲဒီ ငါးကန်က သုံးလေးနှစ်အတွင်းမှာ ကျုပ်ကို သောင်းနဲ့ချီပြီး အမြတ်အစွန်းတွေရလာတာတော့ အမှန်ပဲ။
ဘာ့ကြောင့်များ ကျုပ်ပိုက်ဆံတွေ ခဏခဏဒီလောက်ရနေမှန်း မသိပါ ဘူးဗျာ။
နောက်တစ်ခုရှိသေးတယ်။ ရုပ်ရှင်.....။
ငယ်သူငယ်ချင်း တစ်ယောက်ပဲ။ သူက ရုပ်ရှင်ဒါရိုက်တာ။ အနုပညာ သမား သက်သက်ဆိုပါတော့။ ငွေကြေးမပြည့်စုံရှာဘူး။ ကျုပ်ဆီ အကူအ ညီ လာတောင်းတယ်။ သဘောကတော့ ကျုပ်ကငွေစိုက် သူက ပညာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စတွေကို စီစဉ်၊ ရုပ်ရှင်တစ်ကား ရိုက်ကြမယ်။ ဒီလို မျိုး၊ ပထမတော့ ကျုပ်လည်း ရှုပ်ရှုပ်ယှက်ယှက်တွေမကြိုက်တာနဲ့ မလုပ်ဘူး လို့ ငြင်းသေးတယ်။
နောက်တော့ သူငယ်ချင်းသံယောဇဉ်နဲ့ပဲ အလုပ်ဖြစ်သွားပြန်ရော။ သူတို့ ရုပ်ရှင်လောကမှာ သုံးကြပုံတွေကြည့်ရင်းက တထိတ်ထိတ်ဖြစ်ခဲ့ရတယ်။ ဒီတစ်ခါ စိုက်ထုတ်ရတဲ့ငွေ နည်းမှမနည်းပဲ၊ သိန်းနဲ့ချီနေတာကိုး။ တခြားမကြည့်နဲ့ လုပ်ငန်းမှာသုံးဖို့အတွက် ကျုပ်ကားကိုလည်း ပေးထားတယ်။ မင်းသမီးသွားကြိုတော့ ကျုပ်ကားကို မင်းသမီးက မစီးနိုင်ဘူးဖြစ်ပါလေ ရော... ကျုပ်ကားကလည်း နောက်ဆုံးပေါ် ကားလေးတွေမျိုး မဟုတ်တဲ့ တိုင်အောင်တောင် (စ) နံပါတ်ထဲက ခပ်သန့်သန့် ကားတစ်စီးပါပဲ။ ဒါနဲ့ ကျုပ်က ကားသန့်သန့်တစ်စီး ငှားပေးမယ်ဆိုတော့လည်း မဟုတ်ဘူးတဲ့၊ ဖြစ်ပြန်ရော။ ကျုပ်ကလည်း ဒီလောကအကြောင်း မသိလေတော့ ဘာ အဓိပ္ပာယ်ဆိုတာ နားမလည်ဘူးပေါ့ ဗျာ..။ နောက်မှ မင်းသမီးက သူ့ကား နဲ့သူ လာမယ်ပြောတော့တယ်။ ကောင်းတာပေါ့ ။ သူ့ကားနဲ့သူဆိုရင် ကျုပ် တို့တောင် သက်သာသေးတယ်လို့ သဘောထားလိုက်တယ်။
ဟေး...ဟေး.....ဒါနဲ့တင် မပြီးပါလားဗျို့။
မရွှေမင်းသမီးက ရုပ်ရှင်ရိုက်ပြီးလို့ ညပြန်လည်းပြန်ရော သူ့ကား (ဃ နံပါတ်ကလေးပါ) ပေါ် ကန်တက်တဲ့ပြီး သူ့ကားခ တောင်းတော့တာ ပဲဗျာ။ ငါးဆယ်တဲ့။ ။
ကျုပ်တော်တော် စိတ်ညစ်သွားတယ်။ ပိုက်ဆံငါးဆယ် ပေးလိုက်ရလို့ မဟုတ်ဘူး။ ငါးဆယ်မက တန်တဲ့ကား ငှားပေးပါ့မယ်ဆိုတဲ့ကြားက သူ့ကားနဲ့သူလာပြီး ကားခငါးဆယ်တောင်းတာ ပေးလိုက်ရလို့။
“မင်းတို့ရုပ်ရှင်လောက ဒီလိုပဲလားကွာ”ကျုပ်က ကျုပ်သူငယ်ချင်းကို မေးတော့ သူကပြုံးပြုံးကြီး ခေါင်းညိတ်ပြလိုက်တယ်။
အော်..... ရုပ်ရှင်ရိုက်ရင် ပိုက်ဆံကုန်တယ်။ ပိုက်ဆံကုန်တယ်ဆိုတာ ဒီလိုအကြောင်းတွေကြောင့်လည်း အများကြီးပါပါလားလို့ ကျုပ်နားလည် သွားရတယ်။ ဘာပဲဖြစ်ဖြစ် လုပ်မိမှတော့မထူးဘူးဆိုပြီး ကျုပ်သူငယ်ချင်းက ပေးဆိုပေးလိုက်တယ်။ မပေးနဲ့ဆိုမပေးလိုက်ဘူး။ ဒီလိုနဲ့ပဲ အဲဒီဇာတ်ကား ပြီးသွားတယ်။
ဆင်ဆာက ခွင့်ပြုပြီးရင် တစ်နှစ်စောင့်ရတယ်ဆိုလား... ဘာလားမသိ ပါဘူးဗျာ။ ဆင်ဆာကခွင့်ပြုပြီး တစ်နှစ်သာသာကြာတဲ့ အချိန်လောက်မှ ကျုပ်ဇာတ်ကား ရန်ကုန်မြို့လယ်ရုံတွေမှာ ပြခွင့်ရတော့တယ်။
ကိုင်း...ကြည့်ဦး။ ကျုပ်ငွေစိုက်လို့ ဒီကားဖြစ်လာတယ်ဆိုတဲ့စကားပြောစရာမလိုပါဘူး။ ကျုပ် သူငယ်ချင်းရဲ့ အတတ်ပညာကြောင့်ပဲ ဒီကား ဟာငွေသောက်သောက်လဲရခဲ့ပါတယ်။ ကျုပ်စိုက်ခဲ့တဲ့ငွေထက် တစ်ဆ လောက်ပိုပြီး အမြတ်အစွန်းထွက်ခဲ့တယ်။
အဲသလို အသေးအဖွဲကိစ္စကစပြီး ကြီးကြီးမားမားကိစ္စတွေအထိ လုပ် ငန်းဝင်ငွေ တိုးတာနဲ့ပတ်သက်လို့ ဘာ့ကြောင့် အသေးစိတ် ပြောပြနေရပါ သလဲ....။
ဘာ့ကြောင့်ဆို ငွေကြေးကို လူမှုဆက်သွယ်ရေး ကိစ္စတစ်ခုအနေနဲ့ လက် ခံထားကြတဲ့ ခုအချိန်မှာ ကျုပ်ဟာအဲဒီငွေကြေးကိစ္စနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို နည်းမျိုးစုံနဲ့ ရင်ဆိုင်ဖြေရှင်းပေးနေရလို့ပဲ။ သဘော ကတော့ ကျုပ်ငွေကြေးချမ်းသာလာတာနဲ့အမျှ ပြဿနာတွေ တက်တက်လာ တယ်။
ဥပမာတစ်ခု ပြရရင်တော့..... တစ်လောဆီက ကျုပ်ဆီကို ကျုပ်နဲ့ တက္က သိုလ်မှာ အတူတူ တက်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာတယ်။ တက္ကသိုလ်ကဆင်းပြီးကျုပ်က မိဘလက်ငုက်လက်ရင်းကို လုပ်ကိုင်နေတဲ့ အချိန်မှာ သူကအစိုးရဌာနတစ်ခုမှာ မတောက်မခေါက် အရာရှိပေါက်စ..။ အဲဒီကနေ ဘယ်လို စိတ်ဖောက်ပြန်သွားတယ်မသိဘူး၊ “အရာရှိလုပ်ရတာ ဘဝမမှန်ဘူး၊ အနုပညာသည်ပဲဖြစ်ချင်တယ်” ဆိုပြီး ရေခဲချောင်း ရောင်းလိုရောင်း၊ ဘတ်စ်ကားစပါယ်ယာ လုပ်လိုလုပ်နဲ့၊ နောက်ဆုံး စားရမဲ့သောက် ရမဲ့ ဖြစ်လာတဲ့အခါ ကျုပ်ဆီပြေးလာတော့တာပဲ။
“ငါ ရေခဲချောင်းလည်း ရောင်းဖူးပြီးပြီ သူငယ်ချင်း”
“ဟ... မင်းအလုပ် ဟန်ကျလို့ အခြေအနေလေးတစ်ခု ပေးလာတဲ့ အချိန်မှာ ဘာကြောင့်ရေခဲချောင်း ဆင်းရောင်းရတာလဲ”
“ဒါမှ ဘဝနာမှာပေါ့ကွ”
“ဘဝနာတာ မကောင်းပါဘူး သန်းဆောင်ရာ”
“အေး...မင်းတို့လို ပိုက်ဆံရှိတဲ့ကောင်တွေကတော့ မကောင်းဘူး ပြောမှာပေါ့ကွ၊ တကယ်တန်းကျတော့ ဘဝနာမှ အနုပညာနာမှာကွ”
“အနုပညာမှ မဟုတ်ဘူး သူငယ်ချင်း၊ ငါတော့ ဘယ်အရာဖြစ်ဖြစ် နာတာ မကောင်းဘူးလို့ ထင်တယ်။ အသားတောင် နာတာ မခံနိုင်ဘူး