Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

သုမောင် - ပြောရမယ်ကွာဖိုးသောကြာရေ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

(၁)

သားငယ် ထိန်ထိန်သာက ကားမောင်းကြမ်းသည်။ သို့သော် သူက တော် တော် ကားမောင်းလျင်သည်။ ကျွမ်းသည်။

          သားကြီး ဖိုးသောကြာက စိတ်ရှည်သည်းခံသည်။ မော်တော်ကား မောင်းလျှင်လည်း ညင်သာသည်။ သို့သော် ဒီကောင်က မဟုတ်မခံ စိတ်ကြီး သည်။ ဝူးဝူးဝါးဝါး လုပ်တတ်သည်။

          ထိန်ထိန်သာက ရှေ့ကားကို ကျော်တက်တတ်သော်လည်း အန္တရာယ် ကို မြင်လွယ်သည်။ မျက်နှာချင်းဆိုင်ကားကို သတိထားသည်။ ဘရိတ်ဖမ်း လျှင် နောက်ကားကို ကြည့်ရှုသတိပြုသည်။

         ဖိုးသောကြာကား အေးအေးဆေးဆေး မောင်းသော်လည်း နောက် ကားက သူ့ကိုကျော်တက်လို့   ဖင်ယမ်းသွားလျှင်၊ ရှေ့မျက်နှာချင်းဆိုင် ကား ခေါင်းချင်းဆိုင်လျှင် လှမ်းအော်တတ်သည်။ နသားဘယားလုပ်တတ်သော ကားများနှင့်ကြုံလျှင် အလွန်ဒေါပွသည်။

          ထို့ကြောင့် နှစ်ကောင်စလုံးကို သတိပေးပေးနေရသည်။ သူတို့ ကား မောင်းထွက်လျှင် အမြဲတမ်း အမိန့်ပေးရသည်။

           “ဟေ့ ထိန်ထိန်သာ ဖြည်းဖြည်းမောင်း” 

           “ဟေ့ ဖိုးသောကြာ ဒေါသမကြီးနဲ့” 

           ထိန်ထိန်သာက ကားဖြင့်သွားလျှင် သူငယ်ချင်းတွေ ပါသောကြောင့်သတိတစ်မျိုးပေးရပြန်သည်။

            “သားက စိတ်ရှည်ပေမဲ့ သူငယ်ချင်းထဲက တစ်ယောက်ယောက် စိတ်မရှည်လို့ တစ်ဖက်ကားက လူငယ်တွေနဲ့ စကားများရင် အန္တရာယ်ရှိ မယ်”

            ဖိုးသောကြာက တစ်ယောက်တည်း ကားမောင်းတတ်သဖြင့် တစ်မျိုး သတိပေးရပြန်သည်။

           “သားကြီးက တစ်ယောက်တည်းသွားတာဆိုတော့ တစ်ဖက်က အများနဲ့ဖြစ်ရင် မချောင်ဘူးကွ”

            သူက မင်းသားလည်း လုပ်နေတော့ မျက်နှာသိဖြစ်နေသဖြင့် ချစ် လျှင်လည်း လွန်ရော၊ မုန်းလျှင်လည်း ကျွံရော ဖြစ်နိုင်သည်မဟုတ်လား။

            ပြီးတော့ ခုခေတ်မင်းသားငယ်လေးတွေဆိုတာ သူငယ်ချင်း မင်းသမီး လေးတွေ၊ မော်ဒယ်လ်လေးတွေကို ကားပေါ်တွဲခေါ်သွားတတ်ကြသည်။ သူတို့က အရိုးခံပေမည့် တစ်ဖက်လူက တစ်မျိုးမြင်သွားနိုင်သည်။

 

ပြောရမယ်ကွာ ဖိုးသောကြာရေ

 

            ဖေဖေတောင် ဟိုတလောက မင်းမမ ဖေဖေသမီးကြီးကို ပြန် အိုဗာတိုင် ကြိုလာတာ ညကြီးမင်းကြီးမို့ မီးပွိုင့်တစ်နေရာမှာတော့ ဘေးချင်း ယှဉ်လျက် ကားပေါ်က အမူးသမားတွေက “ဟာ မင်းသားကြီး ဝံလှချည် လား”ဆိုပြီး နှုတ်ဆက်ခံရတယ်။ ဒါနဲ့ “ဟေ့လူတွေ ငရဲကြီးပါ့မယ်၊ ဒါ သမီးဗျ”ပြောရတယ်။

            ကိုယ်က မျက်နှာသိ အနုပညာသည်ဆိုတော့ အင်မတန် သတိထား ခါမှ တော်ကာကျသည်။ ကိုယ့်မှာ ပုဂ္ဂိုလ်ရေးဒေါသဖြစ်စရာတွေ ဘယ်လောက်များများ စိတ်ထိန်းရသည်။ တစ်ခါလည်း ကျွန်တော်တို့ အေးဘုံတို့ အိမ်မှာ ပြဿနာတက်သည်။ ကိုယ့်နံဘေးပတ်ဝန်းကျင်ကို အားနာသဖြင့် အော်ကြီးဟစ်ကျယ် ရန်မဖြစ်ရဲ။ ပြီးတော့ ထိုစဉ်က ကျွန်တော် အရက်မူး နေချိန်။ ထို့ကြောင့် သာကေတ ခုံးကျော်တံတားကြီးဘက် ညကြီးသန်းခေါင် ကားမောင်းပြီး ထွက်ခဲ့ကြသည်။ ဟိုရောက်မှ မှန်အလုံပိတ်ပြီး အေးဘုံနှင့် စိတ်ရှိလက်ရှိ အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြသည်။ SIDE LAMP မီးဘေးထွန်းပြီး မှောင်ထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ကြသည်။ ထိုစဉ်မှာပင် ပတ္တရောင် ရဲများ ရောက်ချလာပြီး မှန်တံခါးခေါက်လျက် စစ်ဆေးမေးမြန်းတော့သည်။ ကျွန်တော့်ကို မှတ်မိပုံမပေါ်။ မှောင်နေတာကိုး။ မူးပြီး စိတ်တိုနေသော ကျွန်တော်လည်း မှန်တံခါးဖွင့်ပြီး မချေမငံ ပြန်ပြောမိသည်။ တကယ်က ရဲများမှာ တာဝန်အရ ကူညီဖို့လာခြင်းပင်။

            နောက်ဆုံး လူကို ကောင်းကောင်း မမြင်ရသော်လည်း ကျွန်တော့် အသံကြားသွားမှ

           “ဟာ အစ်ကိုကြီး ဘယ်လိုဖြစ်တာလဲ။ ကျွန်တော်တို့က အမျိုး သမီးတစ်ယောက်နဲ့ ပြဿနာဖြစ်နေပြီထင်လို့”ဟု ပြောရင်း ဇနီးသည် အေးဘုံကိုပါ လက်အုပ်ချီလျက် “ကန်တော့နော် ဆရာမ”ဟု နှုတ်ဆက်ကြ သည်။

           ကြည့်စမ်း အေးဘုံက ဘာဖြစ်သွားသနည်း။ တော်သေးသည်။ မိန်းမက နားလည်မှုလည်းရှိလို့။ ကားအတွင်း မီးဖွင့်လိုက်တော့လည်း အေးဘုံရုပ်က အိမ်ထောင်ရှင်မပုံ သနပ်ခါးပိန်းကျားနှင့်မို့။ ပြီးတော့ တာဝန် ကျ ပတ္တရောင်ရဲတွေမို့လို့။ အကယ်၍ အမူးသမားများ၊ မဟုတ်တရုတ်လူများ ဖြစ်နေလျှင် ဘယ့်နှယ်ဖြစ်ကုန်ကြမည်နည်း။ ပိုဆိုးတာက ကျွန်တော်သည် အသက်ကြီးသွားပြီဖြစ်သော်လည်း သရုပ်ပြနေရသေးသည့် လူသိရှင်ကြား။

          ဘာပဲဖြစ်ဖြစ် ဖိုးသောကြာသည် အဖိုးအနုပညာအမွေကို ဆက်ခံ သော သရုပ်ဆောင်မို့ ကိုယ်တွေ့ တွေကို မကြာခဏ သတိပေးနေဦး မည်သာ။

           အင်း ပြောရမယ်ကွာ ဖိုးသောကြာရေ။

(၂)

 

တလောက သမီးကြီးကို စိတ်လိုလက်ရ ရုံးအပြန် သွားကြိုဖြစ်ပါသည်။ သမီးက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ရေဒီယိုဌာနတွင် အလုပ်လုပ် သူဖြစ်သည်။ ကျွန်တော်က ထိုနေ့တွင် မြို့တော်ခန်းမကို ကိစ္စတစ်ခုဖြင့် သွားရင်း လမ်းကြုံလို့ ဝင်ကြိုတာဖြစ်သည်။ နော့မို့ဖြင့် သူ့ဘာသာ ဘတ်စ် ကားစီး ပြန်နေကျ။

            ရုံးဆင်းချိန်ဖြစ်သောကြောင့် ကားတွေအလွန်ကျပ်သည်။ လိုင်းကား ရော တက္ကစီရော ကိုယ်ပိုင်ပါဖြစ်သည်။ ဘတ်စ်ကား တိုးစီးနေကျ သမီး တော့မသိ။ ကျွန်တော်ပင် ကိုယ့်ကားပေါ် ကိုယ်ထိုင်ရင်း အလွန်ပဲ မွန်းကျပ် လှပါဘိသည်။ သမီးအပါအဝင် အငယ်တန်း ရုံးသမားများကို ကိုယ်ချင်းစာ အားနာမိလေသည်။ ဆူးလေဘုရားမှ ထွက်ကတည်းက ကျပ်လိုက်သည့် ယာဉ်ကြောမှာ တာမွေရောက်တော့ မလှုပ်သာ မလွန့်သာပင် ဖြစ်လာရတော့ သည်။ ကားကို တစ်လှိမ့်ချင်း လှိမ့်လိုက်၊ ရပ်လိုက် တန်းစီရလေသည်။ မီးပွိုင့်များကလည်း ထုံးစံအတိုင်း အနီတွေသာ များနေ၏။ ရုံးဆင်းချိန်ဆို

တော့ အရာရှိကြီးတွေ ကားကလည်း ဦးစားပေးနေရလေသည်။ လိုင်းကား ကြီးတွေမှာလည်း ဟိုဝင်သည်တိုးရှိလေရာ ကန့်လန့်ကန့်လန့် ဖြစ်နေတတ် ပါသည်။ ထိုတွင်မှ ကျွန်တော့်ကား ဆီပိတ်ပါတော့သည်။ ဆူးလေဘုရား ထွက်ခါစမှစပြီး ကားက ဖုတ်ချက် ဖုတ်ချက် လုပ်လာရာ တာမွေရောက်သောအခါ ထိုးထိုးရပ်ပါတော့သည်။ စက်ပြန်နှိုးလိုက်နှင့် တော်တော် စိတ် မရှည်စရာ ဖြစ်ရပါသည်။ သည်ကြားထဲ နောက်ကား၊ ဘေးကားတွေကို အားနာရသေးသည်။ သူတို့စိတ်ထဲ ကားစက်မမှန်တာ သိမည်မဟုတ်။ တမင် ကန့်လန့်တိုက်သည် ထင်လိမ့်မည်။

          ဟွန်းမတီးရဇုန်များဖြစ်သဖြင့် ဟွန်းတီးပြီး အချက်မပေးကြသော် လည်း မျက်နှာပျက်ပျက်နှင့် မျက်စောင်းထိုးကြ၏။ သည်လိုနှင့် တလိမ့်လိမ့် လာခဲ့ရာ တာမွေ ဗျိုင်းရေအိုးစင်လမ်းထိပ်ရောက်တော့

           “သမီးကြီးရယ် ကားစက်မမှန်ဘူး။ နည်းနည်းဝင်ချိန်လိုက်ချင်တယ် ရမလား။ သမီး ထမင်းဆာနေပြီလား”

            “မထူးတော့ဘူး ဖေဖေ ခုမှ ဘတ်စ်ကားပြောင်းစီးလို့ မရတော့ဘူး”

           သို့နှင့် ဗျိုင်းရေအိုးစင်လမ်းထဲ ချိုးကွေ့ပြီး အသိဝပ်ရှော့ရှေ့ ထိုးရပ် လိုက်ရသည်။

           “ဘာဖြစ်သလဲ ဆရာ” 

           “စက်မမှန်ဘူး ဆီပိတ်နေတယ်”

          ထိုသည်မှာ မဟာအမှား ဖြစ်တော့၏။ စက်မမှန်ရုံ၊ စက်သေသွားရုံ နှင့် ဆီပိတ်တာဟု ပြောမိတာကို ဖြစ်သည်။ ကျွန်တော်က စက်မှုလက်မှု ပညာ နည်းနည်း ကျွမ်းကျင်တာ ဝပ်ရှော့ဆရာ သိနေသဖြင့် ကျွန်တော့် အယူအဆကို လက်ခံပြီး ကာဗျူရေတာဖြုတ် ကြေးဆေးတော့၏။ ပြီးတော့ ပြန် တပ်၊ စက်နှိုး၊ သည်လိုပဲ ပြန်ရပ်၊ ပြန်ဖြုတ်ပြန်ညှိ။ နှစ်ကြိမ်လုပ်ပြီးသော် လည်း စက်က မမှန်ပေ။ နောက်ဆုံးမှ အပြစ်သွားတွေ့သည်။ ဆီများနေတာ တဲ့။ ဪ စက်မမှန်တာက ဆီနည်းလို့ ဖြစ်နိုင်သလို ဆီများရင်လည်း ဖြစ်တတ်ပါလားဆိုတာ ကျွန်တော် သတိလစ်နေခဲ့ပါသည်။ သည်မှာတွင် ပြဿနာတက်တော့၏။ ကာဗျူရေတာ ဆီများလျှင် ဆီတွေ အန်တတ်၏။ အင်ဂျင်ပေါ်မှာ ဓာတ်ဆီတွေ ဖိတ်စဉ်ကျကုန်၏။ ထိုအချိန်တွင် စက်မနှိုး ရပေ။ လျှပ်စစ်မီးကူးပြီး မီးထလောင်တတ်သည်။

          ဟုတ်ပါ့ ။

          ကျွန်တော့်ကား စက်ခန်း မီးထလောင်ပါတော့သည်။ တကယ်တော့ တရားခံမှာ နားလေးသော ကျွန်တော်သာ ဖြစ်ပါသည်။ စက်ခန်းဖွင့်ပြီးစက်ချိန်နေတာက ဝပ်ရှော့ဆရာ။ ကျွန်တော်က ကားစက်ကို နှိုးပေး၊ ရပ်ပေး လုပ်ရုံသာ။ ဝပ်ရှော့ဆရာက “ဟိုး ဟိုး”ဟု အော်တာ ကျွန်တော် နိုး နိုး ဟု ကြားပြီး သော့ဖွင့်လိုက်ရာ ဝုတ်ခနဲ မီးထတောက်လေတော့သည်။ အားလုံး ပျာယာခတ်ကုန်ကြ၏။ ဝပ်ရှော့ကလည်း အိမ်ခြေရှုပ်သည့် လမ်း ပေါ်မှာဆိုတော့ မီးလန့်သွားလေသည်။ ရပ်ကွက်က ဝိုင်းဝန်းပြီး မီးငြှိမ်းဖို့ ကြိုးစားပါသေးသည်။ ရေနှင့်ဆိုလည်း မရ၊ သဲနှင့်လည်း မနိုင်ပေ။ ဓာတ် ဆီကား မီးလောင်လျှင် ဖြစ်တတ်သည့် ဓမ္မတာအတိုင်းပင်။

           သည်လိုနှင့် ဝပ်ရှော့နှင့် အိမ်နီးနားချင်းအိမ်မှ အမျိုးသမီးကြီးတစ် ယောက် ပြေးထွက်လာသည်။ လက်ထဲတွင် မီးသတ်ဘူးကြီး မနိုင့်တနိုင်နှင့်။ ပြီးတော့ ခလုတ်ဖွင့်ပြီး ဖျန်းသည်။ သို့သော် ဘူးထဲမှ ဘာမျှထွက်မလာပေ။ နီးရာလူက ဇောက်ထိုးလုပ်ပြီး ဖုန်းမှ ဆပ်ပြာထုပ်လိုအရည်တွေ ပန်းထွက်

လာပြီး ကားစက်ခန်းမီးလည်း ငြိမ်းသွားတော့သည်။ သည်တော့မှ အားလုံး သက်ပြင်းချနိုင်ကြလေသည်။ တစ်ခုကောင်းတာက သုမောင်ကားဆိုတာ ရပ်ကွက်က သိထားသဖြင့် ကျွန်တော့်ကို အပြစ်သိပ်မတင်ကြခြင်းဖြစ်သည်။ မင်းသားကြီးမို့ အားနာကြဟန်တူသည်။ တကယ်တော့ ကားမီးလောင်ခြင်း သည် အလွန် အန္တရာယ်ကြီးသည်မဟုတ်လား။ သို့သော် ကျွန်တော့်ကား မီးလောင်ပုံက ဆီမီးခွက်ကလေးတွေ ထွန်းသလောက်ပါ။ ဘာပဲဖြစ်ဖြစ် ဒါသည် အန္တရာယ်ပါပေ။ နောက်ဆုံးတော့ မီးသတ်ဘူးပိုင်ရှင် အမျိုးသမီး ကြီးကို ကျေးဇူးတင်ရပေသည်။

          သည်မှာတွင် ငိုအားထက် ရယ်အားသန် ဖြစ်ရလေသည်။ အကြောင်း ကား စောစောကပြောသည့် အမျိုးသမီးကြီးသည် ဒေါင်းတည်မောင်းတည် ဖြင့် တစ်ရပ်ကွက်လုံးကြားအောင် ပြောလိုက်သည့် စကားကြောင့် ဖြစ်သည်။

            “မနက်က ကျုပ်အိမ် ထီပေါက်သတော့။ စောစောစီးစီး မီးသတ်ရဲ ဘော် တွေလာပြီး မီးသတ်ဘူးကြီးရောင်းလို့ ကျုပ်ကလည်း ဘာလုပ်မှာလဲ ဆိုပြီး မဝယ်ဘဲနေမလို့ လုပ်သေးတာ။ နောက်တော့ ကောင်လေးတွေ သနားတာနဲ့ စိတ်မပါဘဲ ဝယ်လိုက်ရတယ်။ ခုတော့ အားရှိသွားပါပြီ။ အင်း အထူးသဖြင့် မင်းသားသုမောင်ရဲ့ ကားကို မီးသတ်ပေးလိုက်ရလို့ ဘူးဖိုးတန် သွားတဲ့အပြင် ဂျာနယ်ထဲ ပါရင်တောင် ကျုပ် နာမည်ကြီး သွားနိုင်တယ်”တဲ့။

            ဘာပဲဖြစ်ဖြစ် ကျွန်တော်ပြောချင်တာက အရေးဟယ် အကြောင်းရယ် ဟူ၍ အကူအညီလိုလျှင် အနုပညာရှင်တွေက ပိုပြီး အကူအညီရတတ်ခြင်း ပင်။ အထူးသဖြင့် အနုပညာသည်ကို ချစ်တဲ့စိတ်ဟာ တော်ရုံ စိတ်ဆိုးရင်တောင် ပြေတတ်သည်။ အန္တရာယ်ဖြစ်သည့် ကိစ္စသည်ပင် အနုပညာရှင်က ကာယကံရှင်ဖြစ်နေလျှင် ချက်ချင်း ခွင့်လွှတ်တတ်ကြသည်။ ဂုဏ်များပင် ယူလိုက်ကြသေးတာလား ဖိုးသောကြာတို့ရေ။ ဒါကြောင့် ပြောရမယ်ကွာ ဖိုးသောကြာရေ။