Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

သုမောင် - စာမျက်နှာ၁၆

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

“တစ်သက်လုံးမှတ်ထား အနေအထိုင် မတတ်တာဟာ ရုပ်ရှင် မင်းသမီးဖြစ်ဖို့ အခြေခံပဲလို့ ဘယ်တော့မှမထင်နဲ့”

          မျက်စိရှုပ်စရာကောင်းလောက်အောင် ပန်းတွေပွင့်ကြသော အပင်များ ထဲတွင် နည်းနည်းကလေး စည်းကမ်းရှိတတ်သော ပိတောက်ပင်၏အောက် တွင် ဖြစ်လေသည်။ 

          “အကျည်းတန်လှသော ပိတောက်ရွက်တို့သည် လုံချည်လှန်၍ တရှီး ရိုးနှင့် ဆဲဆိုနေကြလေသည်။

          ရိုင်းစိုင်းစွာ နံတတ်သော ပိတောက်ပန်းနံ့ကို ဝင်သက်လေနှင့်အတူ မရှူရှိုက်မိစေရန် မနည်းကြီး အောင့်အည်းနေရသည်။

 

          ဘယ်လိုရှင်းရမှန်းမသိသောကိစ္စဖြစ်သည်။ အစဉ်အဆက်သော ရုပ်ရှင် သမားလူကြီး လူကောင်းများလည်း မတတ်နိုင်ခဲ့သော ကိစ္စမျိုးဖြစ်သည်။

          ရုပ်ရှင်မင်းသမီးဟူ၍ဖြစ်လာလျှင် တတ်နိုင်သမျှ လူမြင်မတော်အောင်နေရမည်ဟူသော အစွဲအလမ်းသည် ဘယ်တုန်းကစတင်ပေါ်ပေါက်လာခဲ့ သည် မသိပါ။ စိတ်မကောင်းစရာဖြစ်သည်။

          ရုပ်ရှင်မင်းသမီးဖြစ်လာ၍ အနေအထိုင် မတတ်သည်လား၊ အနေ အထိုင် မတတ်သည်ကြောင့် ရုပ်ရှင်မင်းသမီးဖြစ်လာသည်လား သည်နေ့ထိ စဉ်းစားမရနိုင်ပါ။

          မည်သို့ပင်ရှိစေ၊ အနေအထိုင် မတတ်ခြင်းနှင့် ရုပ်ရှင်မင်းသမီးဖြစ်လာ ခြင်းသည် ဒွန်တွဲနေတတ်သည်ကတော့ ဝမ်းနည်းစရာဖြစ်လေသည်။

          သင်းတို့ကလည်း သင်းတို့ဖြစ်သည်။ ရုပ်ရှင်မင်းသမီး မဖြစ်လိုက်နှင့် ဖြစ်လိုက်သည်နှင့် ကိုယ့်ကိုယ်ကိုယ် ပေါ့တန်ပစ်လိုက်တတ်သည်။ မထိန်း သိမ်းချင်ကြ။ လေးနက်တည်ကြည်သော မင်းသမီးအဖြစ်ကို သင်းတို့စိတ်ကူး လေဟန်မရှိ။

          ဤသည်ကို ကြိုတင်တွက်ဆမိသောကြောင့်လည်း စကားဆိုမိခြင်း ဖြစ်လေသည်။

          မိမိစကား ဘယ်ထိအောင် တာသွားမှန်း မိမိဘာသာသိသည်ဆိုလျှင် ဤလောက၌ ထိန်းချုပ်အပ်သော စကားဟူသည် မရှိပါ။

          ချုပ်တည်းမှုတကာတို့တွင် စိတ်ကိုချုပ်တည်းရခြင်းသည် အလွန် ပင်ပန်း၏။ စိတ်ထဲရှိတိုင်း မပြောရလျှင် ကျုပ်မနေတတ်ပါ။ သည့်အတွက် ပါးစပ်ပေါက်ဆိုးသည်ဟု အများသူငါ၏ ထောမနာပြုခြင်းကို ခံရ၏။

          အပေါက်ဆိုးသည်ဟူသော ကျုပ်၏ ဂုဏ်ပုဒ်သည် ကျုပ်၏ နာမည် နှင့်အတူ သတင်းကြီးလေသည်။

          ကျုပ်သည် ရုပ်ရှင်ဒါရိုက်တာ မောင်မောင်စနေဖြစ်လေသည်။ အများ သိတော်မူကြသည့်အတိုင်း   မျက်စိလည်လမ်းမှားပြီး ရွှေစင်ရုပ် အကယ်ဒမီ ဆုကိုလည်း ရဖူးသူဖြစ်၏။

          လူငယ်ဒါရိုက်တာ တစ်ယောက်အနေနှင့် နိုင်ငံသိကျော်ကြားသူ ဖြစ် လေသည်။ 

           ရယ်စရာတော့ ကောင်းလှသည်။ ကျုပ်သည် နာမည်မကြီးခင် ကလည်း ပါးစပ်ပေါက်ဆိုးခဲ့သူသာ ဖြစ်သည်။ သို့ရာတွင် နာမည်ကြီးလာ သောအခါ ပါးစပ်ပေါက်ဆိုးသည်ပင် ဂုဏ်ဒြပ်တစ်ပါး ဖြစ်လာခဲ့လေသည်။

           သည်အတွက် တမင်ဂုဏ်ယူပြီး ပါးစပ်ပေါက်ဆိုးပြနေခြင်း မဟုတ် ပါ။ ကျုပ်ဝသီကိုက သည်လိုပင် ဖြစ်နေသည်ကိုတော့ ကျုပ်လည်း မတတ်နိုင်ပါ။

          ခုလည်း ကြည့်၊ ကျုပ်မျက်စိရှေ့တွင် အမြင်မတော်သည်ကို မြင်လိုက် ရသည်နှင့် ပက်ခနဲ ပြောပစ်လိုက်မိလေသည်။

          ကျုပ်စကားကြောင့် လှမြင့်အေးမျက်နှာ ရဲခနဲဖြစ်သွား၏။ တော်တော် ရှက်သွားပုံရသည်။ သင်း ဒါကိုတော့ ရှက်သည် ဒုတိယတန်းစားမင်းသမီး တစ်လက်မို့ လူကြားထဲမှာ ခုလိုအပြောခံရခြင်းကြောင့် ဖြစ်သည်။   လူကြား ထဲမှာ အောက်ကဟောင်းလောင်း မုန့်စိမ်းပေါင်းဖြစ်နေသည်ကိုတော့ သင်း မရှက်ဘူးလား။

          ရုပ်ရှင်သမားအားလုံးကို ကျုပ် ညီရင်းနှမသဖွယ် ချစ်သည်။ သို့ရာ တွင် အမြင်မတော်ဖြစ်လာလျှင်လည်း တစ်သက်စာ မှတ်သွားအောင် ပြော တတ်သည်။ ချစ်၍လည်းပြောခြင်းသာ ဖြစ်၏။ မုန်းလျှင် ကျုပ်က စကား အဖက်လုပ်၍ပင် မပြော။

          မလှမြင့်အေးကို ကျုပ်မုန်းစရာအကြောင်း မရှိ။ သို့ရာတွင် မြင်ပြင်း ကတ်နေသည်ကတော့ ကြာပြီ။ ဘယ်လိုမှ ကျုပ်မျက်စိထဲ အချိုးမကျသော မင်းသမီးဖြစ်သည်။ အနေအထိုင် အပြောအဆိုပက်စက်သည်။    စည်းကမ်း မရှိ။ ယောက်ျားသူငါများနှင့် အရောဝင်လွန်းသည်။ အရယ်အမောသန် သည်။ အအိပ်ကြီးသည်။

          တစ်ခုတော့ ရှိသည်။ လှသည်ကတော့ တော်တော်လှသည်။ ပက်ပက် စက်စက်လှသည်။ သို့ရာတွင်  သူ့လှပုံမျိုးကို ကျုပ်မကြိုက်။ အမေရိကန် မင်းသမီး မွန်ရိုးလို စပ်ဖြဲဖြဲလှခြင်း ဖြစ်သည်။

          ရုပ်ရှင်မင်းသမီးဖြစ်ဖို့ရာ အလှသည် မပါမပြီးသော ကိစ္စကားမှန်၏။ အရေးကြီးသည်မှာ ချစ်မွေးပေါက်ဖို့ ဖြစ်သည်။ ပရိသတ်ချစ်သွားစေမည့် အမူအရာကလေးမျိုး ရှိရမည်။ ပရိသတ်ချစ်ခြင်းနှင့် ပရိသတ်တပ်မက်ခြင်း သည် တခြားစီဖြစ်၏။

          ချစ်ခြင်းသည် အနုပညာသည်ကို ချစ်ခြင်းဖြစ်သည်။ တပ်မက်ခြင်း သည် မိန်းမပျက်တစ်ယောက်ကို တပ်မက်ခြင်းသာ ဖြစ်သည်။

          ( မလှမြင့်အေးသည် ပရိသတ် တပ်မက်အောင် ကြိုးစားနေသောမင်းသမီးမျိုးဖြစ်သည်။ ပရိသတ်တပ်မက်အောင် ကြိုးစားခြင်းလောက် အောက်တန်းကျပြီး ရိုင်းစိုင်းသော အမူအကျင့်သည် မရှိ။

           သူနှင့်ရုပ်ရှင်စရိုက်လာကတည်းက ကျုပ်မကြာခဏ သတိပေးဖူးပြီ။ ခုလောက်ထိတော့ ရက်ရက်စက်စက် မပြောဖြစ်ခဲ့။ သတိပေးရုံလောက်သာ ပေးခဲ့သည်။ 

          မည်သို့ပင်ရှိစေ၊ ရုပ်ရှင်သမားဖြစ်လာပြီဆိုလျှင် ကျုပ်ချစ်သည်။ အပြင်လောကတွင် မည်မျှပင် စုတ်ပြတ်သတ်လာအောင် ပျက်စီးလာပလေ့ စေ၊ ရုပ်ရှင်သမားအနုပညာသည်ဖြစ်လာလျှင် ကျပ် ချစ်ရမည်။    ကျုပ်သည် ဤလောက၌ ရုပ်ရှင်အလုပ်ကို အချစ်ဆုံးဖြစ်သည်။ ကျုပ်ကိုယ်ကျုပ်ထက် ရုပ်ရှင်ကို ပိုချစ်သည်။ 

          ရုပ်ရှင်အလုပ်ကိုချစ်သလို ရုပ်ရှင်သမားတွေကိုလည်း ချစ်သည်။ ရုပ်ရှင်သမားကို ရုပ်ရှင်သမားချင်းမှ မချစ်လျှင် မည်သူတွေက ချစ်မည်နည်း။

          ဖက်ခွက်စားချင်း စည်းရုံးသင့်ပါသည်။ နို့မဟုတ်လျှင် ရှိစုမဲ့စုဖက်ခွက် ကို အထက်တန်းစားများ ဝင်လုစားလိမ့်မည်။ သူတို့က ဒါလောက်ပဲ ချောင်း နေကြသည်။ သူတို့သည် လမ်းဘေးဘုံဘိုင်တွင် ဒူးပေါ်ပေါင်ပေါ် ရေချိုးရ သူတို့ကို နှာခေါင်းရှုံ့ရင်း မိမိတို့အိမ် ရေချိုးခန်းအတွင်း လုံးတီးရေချိုးတတ် သော အမျိုးအစားများ ဖြစ်သည်။ သူတို့ပက်စက်သည်ကို လူမမြင်ရ။

          တစ်ခုတော့ ရှိသည်။ အိုင်တွေ့လျှင်တော့ ခြေဆေးတတ်သည်။

          သူတို့သည် ရုပ်ရှင်သမားဆိုလျှင် တီကို ဆားနှင့်တို့သလို တွန့်သွား တတ်ကြသည်။ သို့ရာတွင်.. 

          “ဟို... မင်းသမီးရတယ် ကြားတယ်... ဘယ်လောက်ပေးရ ပေးရ” ဟူသော စကားမျိုးကို သူတို့ပါးစပ်ကသာ ထွက်တတ်သည်။

          သည်လိုဘဝကိုရောက်မှတော့ တတ်နိုင်သမျှ ကိုယ့်ဘက်က လုံလုံ ခြုံခြုံ နေသင့်သည်။ သည်အတွက်ပင် ကျုပ်နှင့် တွေ့ဖူးသမျှ မင်းသမီးတိုင်း ကို ကျုပ်သတိပေးခဲ့သည်သာ ဖြစ်သည်။

          တချို့ကျတော့လည်း မရ၊ သူ့တို့ကိုယ်တိုင်က ရုပ်ရှင်သည်အဖြစ်ကို အထင်သေးစွာ လုပ်ကိုင်တတ်သည်။ သည်လိုနှင့်သာ အိုသေသွားကြပြီး သူတွေလည်း မနည်းတော့။

           ရုပ်ရှင်သရုပ်ဆောင်ဆိုသည်မှာ ဝေဒနာအတုကို အစစ်ဟု ထင်ရ အောင် လုပ်ပြနိုင်စွမ်းရှိခြင်းကို ခေါ်သည်။ သရုပ်ဆောင်ခြင်းနှင့် မျက်နှာရူး ခြင်းသည် တခြားစီ ဖြစ်သည်။ 

          သရုပ်ဆောင်ခြင်းသည် ဝေဒနာအတုကို အစစ်ဟုထင်လာအောင် လုပ်ပြရခြင်းသာ ဖြစ်သည်။ အတုကို အတုမှန်းသိအောင် လုပ်ခြင်းလည်း မဟုတ်၊ အစစ်ကို ဖော်ပြခြင်းလည်း မဟုတ်။

          အတုကို အစစ်ထင်စေခြင်းသာ ဖြစ်သည်။

          ဆိုပါစို့... ငိုသည်။ တကယ်ငိုခြင်းမဟုတ်၊ ငိုပြခြင်းသာ ဖြစ်၏။ ငိုသည်ဟု ထင်ရစေခြင်းသာ ဖြစ်၏။ ငိုသည်ဟု ထင်သွားလျှင် သရုပ်ဆောင်ကောင်းသည်။ ငိုပြနေခြင်းမျှသာဖြစ်ကြောင်း သိသွားလျှင်  သရုပ်ဆောင်ခြင်း မဟုတ်၊ တကယ်ငိုနေခြင်းကို ရုပ်ရှင်ရိုက်ပြ၍ သရုပ်ဆောင်ခြင်းဟု မခေါ်နိုင် ပါ။      အစစ်အမှန်ကို ဖော်ပြခြင်းသည် သတင်း” သာ ဖြစ်သည်။

          ရုပ်ရှင်သည် အလွန်လှပသိမ်မွေ့သော ပညာမျိုးဖြစ်သည်။ ထို့ကြောင့်ပင် အနုပညာဟူသော ဝေါဟာရသည် ယနေ့တိုင် ကမ္ဘာကျော်နေခြင်း ဖြစ်သည်။

          အလွန်သိမ်မွေ့သောလုပ်ငန်းကို လုပ်ကိုင်နေသူများအား အထင်သေး ထားသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။ ပို၍ ဝမ်းနည်းစရာကောင်း သည်မှာ ထိုလုပ်ငန်းကို ကိုယ်ဂုဏ်မယူတတ်ကြခြင်း ဖြစ်သည်။ .

           မင်းသမီးများသာ မဟုတ်၊ မင်းသားဆိုသည့် အကောင်တချို့က လည်း ရှုပ်ချင်သည်။ 

           မင်းသမီးတချို့ကို အထက်တန်းစားများက ဂုဏ်ယူစွာ ကြံစည်နေကြ သလို မင်းသား တချို့ကလည်း ယင်းအထက်တန်းစားအမျိုးသမီးများကို လစ်လျှင်လစ်သလို ရှုပ်ပစ်တတ်သည်။

          သည်လို ကလဲ့စားချေပုံမျိုးကိုလည်း ကျုပ်မကြိုက်။ အဆိုးဝါးဆုံးမှာ ဇာတ်တူသားချင်းစားသောကိစ္စ ဖြစ်လေသည်။ 

          သင်းတို့၌ ရှောင်ကြဉ်စရာ ကာမေသု ဆိုတာမျိုးမရှိ။

          မလှမြင့်အေးဆိုလျှင် သည်ဘက်၌ ကျွမ်းကျင်သည်။ နာမည်ကြီး သည်။ သူသည် ကုမ္ပဏီပိုင်ရှင်ကလည်း ဖြစ်သည်။ ဘယ်နည်းနှင့် ကုမ္ပဏီပိုင်ရှင်ကတော်ဖြစ်လာသည်တော့ မပြောချင်ပါ။

           သူသည် မင်းသား တော်တော်များများနှင့် ရှုပ်ဖူးသည်။ ရှုပ်လည်းရှုပ် ဆဲဖြစ်သည်။ ကြားရတိုင်းသာ ပြောရလျှင်... ရုပ်ရှင်ရိုက်ကွင်းပေါ်မှာပင် လှစ်ခနဲ လှစ်ခနဲ ပျောက်သွားတတ်သည်။ စဉ်းစားသာ ကြည့်ကြပေတော့.....

          မန္တလေးမြို့မှ တည်းခိုခန်းတစ်ခုဆိုလျှင် လှမြင့်အေးကို တည်းခိုခွင့် ပင်မပေးဟု ကြားရသည်။    ဘယ်လောက်ဝမ်းနည်းစရာကောင်းသနည်း။ ထစ်ခနဲ မဖြစ်လိုက်နှင့်၊ ဖြစ်လိုက်သည်နှင့် ရုပ်ရှင်သမား။ ဘယ်မှာကောင်း နိုင်တော့မည်နည်း။

          သည်ဇာတ်ကားကို ကျုပ်ရိုက်ပေးဖို့ အကြီးအကျယ် စဉ်းစားခဲ့ရ သည်။ လက်မခံဖို့ကို ငြင်းခဲ့သေးသည်။   လှမြင့်အေး ယောက်ျားက ကျုပ်နှင့် ခင်မင်သူ။ ရိုက်ကူးခွင့်ရထားသော သည်ဇာတ်လမ်းကလည်း ကျုပ်   အင်မတန် ကြိုက်သော စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်း၏ဝတ္ထု၊ ဘဝသရုပ်ဖော်။

          ခက်သည်က အဓိကဇာတ်ဆောင်နေရာတွင် မလှမြင့်အေးကို ပါဝင် စေရမည်ဆိုသည့်တစ်ချက်ဖြစ်သည်။

          “ကျုပ်စကားကို ယုံပါ ကိုဘိုကေ၊ ခင်ဗျားမိန်းမက ဒီတစ်သက် ခေါင်းဆောင်မင်းသမီးကို ဖြစ်လာနိုင်မှာ မဟုတ်ဘူး”

          “ဒါပေမဲ့ဗျာ ဒီဇာတ်လမ်းမှာ မင်းသမီးက လုပ်နိုင်ရင် အကယ်ဒမီ တောင် ရနိုင်...”

          “စိတ်ချ၊ သူ မလုပ်နိုင်ဘူး..... ခင်ဗျားမိန်းမ အမူအရာက ဆတ်စလူး၊ ဇာတ်လမ်းထဲက မင်းသမီး အမူအရာက ဘာမှမသိနားမလည်တဲ့ ရူးပေါပေါ မလေး...”

          “ရူးပေါပေါ အိုက်တင်တော့ သူက တတ်နိုင်ပါတယ် ကိုစနေရာ...”

          “ဆတ်စလူးထတာနဲ့ ရိုး, အလွန်းလို့ ပေါတောတော ဖြစ်နေတာက တခြားစီပါ ကိုဘိုကေ။    ဒီလောက်သနားစရာကောင်းတဲ့ ဇာတ်ကောင်မျိုးကို ခင်ဗျားမိန်းမရဲ့ ကလက်တက်တက် အမူအရာကြောင့် မပျက်သွားစေချင်ဘူး...”

          ဤမျှထိ စကားဆိုခဲ့ဖူးသည်၊ မရပါ။ လောကမှာ ကိုယ့်မိန်းမကိုယ် အထင်ကြီးလွန်းတော့လည်း ပေါက်တတ်ကရတွေ ဖြစ်ကုန်တတ်သည်။

          ကျုပ်ကြိုက်သည့် ဆင်ဖြူကျွန်းအောင်သိန်းဝတ္ထုလည်း ဖြစ်သည်။ ကျုပ်ကိုယ်တိုင်လည်း ရိုက်ရမည်။ မင်းသားမြတ်လေးကိုလည်း ပြန်လည်အသုံးချရမည်မို့ စိတ်ဝင်စားလှသည်။ မလှမြင့်အေး မင်းသမီးဝင်လုပ်ရမည် ဆိုသည့် တစ်ချက်တည်းနှင့် ကျုပ်စိတ်ပျက်ခဲ့ရသည်။ မဖြစ်နိုင်၊ လုံးဝ မဖြစ်နိုင်။

          သို့ရာတွင် မတတ်နိုင်။ မရိုက်ပေးလျှင် မဖြစ်သလို ဖြစ်ခဲ့ရသည်။ ကျုပ်၏စီးပွားရေးအခြေအနေကြောင့် ဖြစ်သည်။ လွန်ခဲ့သောနှစ်က သူတို့ ကုမ္ပဏီမှ ဇာတ်ထုပ်တစ်ထုပ် ကျုပ်ရိုက်ခဲ့သည်။ ကျုပ်ကိုယ်ပိုင်ဇာတ်ထုပ် ဖြစ်သည်။ 

          သူတို့ဆီမှ ကုမ္ပဏီ ငှားသည်။ အကြွေး။ ကျုပ်က ပိုက်ဆံရှိသူ မဟုတ်။ ကျုပ်က ပညာသည်၊ သည့်အတွက် ကိုဘိုကေက ကူညီခဲ့သည်။ ငွေသုံးသောင်းဖိုးခန့်ကို အကြွေးစနစ်ဖြင့် ကူညီခဲ့သည်။ ဇာတ်ကားရုံတင်မှပေး။

          ကျုပ်ဇာတ်ကားပြီးခဲ့သည့်လက ရုံတင်ခဲ့သည်။ ဝက်ဝက်ကွဲအောင် ကွဲခဲ့သည်။ ရှုံးသည်။ အရင်းပင် မပေါ်ခဲ့။

          ရုပ်ရှင်ရုံခကို မနည်းကြီး ရှာဖွေပေးလိုက်ရသည်။

          ကိုဘိုကေ၏ အကြွေးကို မဆပ်နိုင်ခဲ့။ ကိုဘိုကေကလည်း မတောင်း။ သူ ကျုပ်အကြောင်းကို ကောင်းကောင်းသိသည်။

           နောက်တော့ သူတို့ကုမ္ပဏီအတွက် ကားတစ်ကား ဒါရိုက်တာလုပ် ပေးရန် ပြောလာသည်။ သဘောကတော့ ကျုပ် ဒါရိုက်တာခနှင့် ကျုပ်အပေါ် တင်ခဲ့သည့်အကြွေးကို နှိမ်ရန်။ 

          သည်အစီအစဉ်ဖြင့် သည်ဇာတ်ကားကို ရိုက်ခဲ့ခြင်း ဖြစ်သည်။ စရိုက် ကတည်းက အပေါက်အလမ်း မတည့်ချင်။ မင်းသမီး မလှမြင့်အေးကို တစ်စေ့ကလေးမှ စိတ်တိုင်းမကျ။ ဝတ္ထုထဲမှ ဇာတ်ကောင် အေးမိ”၏သရုပ် ကို မင်းသမီးလှမြင့်အေးက ကောင်းကောင်း ဖျက်ဆီးနေတော့သည်။

           မတတ်နိုင်။ ရိုက်မိမှတော့ ရိုက်ပေရော့ဟု သဘောထားလိုက်ရသည်။

           ဝတ္ထုထဲက “အေးမိ”သည် ရိုးရိုးအ,အ ကောင်မလေး တစ်ယောက် ဖြစ်သည်။ ပေါချာချာ  မနူးမနပ်ကလေးကို လူကုံထံတစ်ယောက်က ဖျက်ဆီး လိုက်သည်။ ထိုလူကုံထံ၏မော်တော်ကား ဒရိုင်ဘာက တင့်တောင့်တင့် တယ် လက်ထပ်ယူသည်။ ထိုယောက်ျား ကားမှောက်သေသည်။ “အေးမိ” လင်တရူးဖြစ်သွားသည်။

            “အေးမိ” နေရာတွင် လှမြင့်အေး ပါဝင်သရုပ်ဆောင်လိုက်သောအခါ မတရားစော်ကားခံရသော အေးမိသည် မစော်ကားစော်ကားအောင် ကလူမြူ ဆွယ်နေသော အေးမိ ဖြစ်သွားသည်။

          လှမြင့်အေး၏ ယောက်ျားကတော့ ကျေနပ်နေသည်။ အဟုတ်ကြီး ထင်သည်။

          “မြင့်ကတော့ တစ်ကားတည်းနဲ့ အကယ်ဒမီပဲါ” ဟု မကြာခဏ အရှက်မရှိ ပြောတတ်သည်။   လှမြင့်အေးသည် သည်အတွက်လည်း အလွန် ကျေနပ်စွာ ဖြစ်နေတတ်သည်။ တစ်နေ့တခြားလည်း  လူပါးဝဝလာသည်။ သင်ရာပြရာ၌ပင် ဂရုတစိုက်မရှိချင်ဖြစ်လာသည်။ ဝါရင့်မင်းသမီးကြီးများ မတတ်ဘဲနှင့် တတ်ယောင်ကားလုပ်သလို လူပါးဝပုံမျိုး ဖြစ်သည်။

          မင်းသမီးတို့သည် နည်းနည်းဝါရင့်လာလျှင် မိမိအလုပ်အပေါ် မလေး မစားပြုတတ်လာသည်။    သရုပ်ဆောင်ရာ၌ ပြီးပြီးရော လုပ်ချင်သည်။ သူတို့ ကိုယ်သူတို့ ပြည့်စုံပြီဟု ထင်တတ်ကြသည်။ တကယ်တော့ သရုပ်ဆောင် ပညာသည် ကုန်ဆုံးခြင်းမရှိသည်ကို သင်းတို့မသိ။

          ထို့ကြောင့်ပင် သူတို့အဖြစ်သည် မင်းသမီး သက်တမ်းမကြာရှည်ခြင်း ဖြစ်သည်။ သရုပ်ဆောင်ရာ၌ ကျသောမျက်ရည်ကို ပေါ့တန်လိုက်သည်နှင့်... တကယ့်ဘဝ၌ ကျသောမျက်ရည်သည် လေးနက်ရတော့သည်။   တကယ့် ဘဝ၌ တကယ်ကျရသော မျက်ရည်သည် ဘယ်မှာကောင်းနိုင်ပါမည်နည်း။ မျက်ရည်ဆိုကတည်းက ကောင်းသော နိမိတ်ကို ဘယ်တော့မှမပေးတတ်ပါ။

          ဤသို့အားဖြင့် တော်တော်အသုံးမကျသော မင်းသမီးကို ကိုယ်တိုင် ရိုက်ကူးခဲ့ရသည်မှာ ဇာတ်ကားသုံးပုံတစ်ပုံ ကျိုးသွားသည်။ 

          ကျုပ် ပိုပင်ပန်းရသည်။ ဆရာဆင်ဖြူကျွန်းအောင်သိန်း၏ မူလဇာတ် ကောင်စရိုက် မပျက်စေရန် မင်းသမီးကို လုံးဝအားမကိုးတော့ပါ။ ဇာတ်ကွက် နှင့် ရိုက်ချက်ကို အားကိုးပြီး ရိုက်ကူးခဲ့ရပါသည်။ 

          ကျုပ်စေတနာကို လှမြင့်အေးက နားမလည်၊ ကျုပ်ကို ကလန်ကဆန်လုပ် ချင်လာသည်။ ဤသို့ဖြင့် ကပေါက်ချိ ကပေါက်ချာနိုင်စွာ လုပ်ကိုင်ခဲ့ရသည်။

          သို့ရာတွင် ကျုပ်... ပါးစပ်ပေါက်ဆိုးသဖြင့်တော့ ကျုပ်စေတနာကို မထိခိုက်နိုင်ဟူ၍သာ ကျုပ်ယုံကြည်ခဲ့သည်။ ခုတော့ ပြဿနာက မထင်မှတ်