Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

သုမောင် - ကွမ်းစကား၅

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

ယတြာ

 

           ကျွန်တော်တို့ လူကြီးသူမတွေက ...ကနေ့ လူငယ်တွေကို ရိုးရာယဉ်ကျေး မှု မလိုက်စားကြတော့ဘူးဟု ဝေဖန်ကြပါသည်။ တိုင်းတစ်ပါးယဉ်ကျေးမှုတွေ တိုးဝင်နေသည်ဟု ယူဆကြသည်။ လူငယ်တွေမှာလည်း တိုင်းတစ်ပါးယဉ်ကျေးမှု တွေအပေါ် သာယာနေကြပြီဟု ထင်ကြပါသည်။ လူကြီးလူငယ် အတွေးအမြင် ကွဲပြားတာ ဓမ္မတာဖြစ်သော်လည်း အထက်ပါကိစ္စမှာ ယေဘုယျအားဖြင့်တော့ မှန်ပါသည်။ သို့သော် စုန်းပြူးဆိုသလို တစ်ခါတစ်ရံတွင်တော့ ရိုးရာယဉ်ကျေးမှုကို အလွန်အမင်း ခုံမင်သော လူငယ်အချို့ကို တွေ့ရတတ်ပေသည်။ အချို့လူငယ်များ ဆိုလျှင် ကျွန်တော်တို့လို ပညာတတ်ဆန်သည့် လူကြီးသူမများကို ဆန့်ကျင်ပြီး ရိုးရာယဉ်ကျေးမှု ဓလေ့တို့ကို လွန်လွန်ကျူးကျူး လုပ်ဆောင်နေကြတာတွေ့ရပါ သည်။ ဒါသည် ကောင်းသောလက္ခဏာဟု ကျွန်တော်ကတော့ အရဲကိုးပြောချင်ပါ သည်။ ဆိုလိုသည်မှာ အလွန်ရှေးရိုးဆန်၊ ခေတ်နောက်ကျနေသည့် အတွေးအခေါ် အယူအဆများကို လက်ခံကျင့်သုံးတာ စိုးရိမ်စရာဖြစ်သော်လည်း နောင်အခါ သူ ရို့ကို ဖေးမကူညီပြီး လမ်းကြောင်းတည့်မတ်ပေးနိုင်ပါသည်။ လတ်တလောတော့ ဘယ်လိုရိုးရာကို လိုက်စားသည်ဖြစ်စေ၊ စောင့်ကြည့် ခွင့်လွှတ်သင့်ပေသည်။ ပြီးမှ ရိုးရာနှင့် ခေတ်မီနည်းစနစ်ကို ရောမွှေ၍ သူရို့အတွက် အသုံးတည့်သော အခြေ အနေများကို ဖန်တီးပေးသင့်ပါသည်။

          ဥပမာလေးတစ်ခုကို ပြပါရစေ။

          မနေ့က နံနက်စောစော ဝေလီဝေလင်းအချိန်တွင် ဖြစ်သည်။ ကျွန်တော် က ညဉ့်နက်မှ အိပ်တတ်သော်လည်း ထိုဝေလီဝေလင်းတွင် တစ်ရေးနိုးတတ်သည်။ ရေသောက်ပြန်အိပ်၊ ရှစ်နာရီလောက်မှ ပြန်ထပြီး လက်ဖက်ရည်ဆိုင်ထိုင်သည်။ ကျွန်တော် ရေထသောက်ချိန်တွင် တစ်အိမ်သားလုံး အိပ်နေကြမြဲဖြစ်သည်။ ထိုနေ့ ကတော့ ရေသောက် သေးပေါက်ပြီး အိမ်သာမှပြန်အထွက် အပေါ်ထပ်လှေကား

ရင်းတွင် အရပ်မြင့်မြင့်၊ ဆံပင်ရှည်ရှည်၊ အသားညိုညို လူတစ်ယောက် မတ်မတ် ကြီး ရပ်နေတာ ဘွားခနဲ မြင်ရသည်။ ပထမတော့ တော်တော်ထိတ်လန့်သွားရ သည်။ ဖွဟဲ့ ...သူခိုးသူဝှက်လား၊ နာနာဘာဝလားပေါ့လေ။ ဘာကြောင့် ဒီလိုဖြစ်ရ သလဲဆိုတော့ စောစောက ပြောသလို အိမ်သားတွေ အမြဲတမ်းအိပ်မောကျဆဲမို့ အိမ်သားတစ်ယောက်ယောက် မဖြစ်နိုင်။ ပြီးတော့ သူ့ရုပ်အင်္ဂါနှင့် ကိုယ်ထည်က

ယောက်ျားတစ်ယောက်မှန်းသိသာသည်။ အိမ်မှာ အရပ်ရှည်သော သားနှစ်ယောက် ရှိသော်လည်း ဆံပင်ရှည်များ မဟုတ်ကြ။ မှောင်ရီဝိုးတဝါးဖြစ်သော်လည်း သား နှစ်ယောက်မဟုတ်မှန်း သိသည်။ ထို့အပြင် အိမ်လည်လာနေကျ အိမ်မှာပင် ညအိပ် ညနေ နေတတ်သော သားတို့သူငယ်ချင်း တစ်ယောက်ယောက်လည်း မဖြစ်နိုင်။ သင်းတို့က သားတို့နှင့်အပြိုင် ညဉ့်နက်သန်းခေါင်ထိ စာကျက်ကြ၊ တီဗွီဂိမ်းကစား ကြနှင့် နေဖင်ထိုးမှ အိပ်ရာက ထကြသူတွေမဟုတ်လား။

           ဒါဖြင့် “သင်း”ဘယ်သူလဲ။

          “ဟေ့ ...ဘယ်သူလဲ ?မေးလိုက်တော့လည်း “မီး မီး မီး'ဟု လေကိုအတွင်း သို့ စုပ်သွင်းသော ရယ်နည်းဖြင့် ရယ်လေသည်။ ကျွန်တော့်မှာ ဘာလုပ်ရမှန်း မသိပေ။ မရဲတရဲ။ သူ့အနားကပ်သွားတော့လည်း ညိုသောမျက်နှာအောက်ခြေက ဖြူဖွေးသောသွားများက ပြူးထွက်နေဆဲ။ ရုတ်တရက် သတိရပြီး အနီးက ခလုတ် ကို ဖွင့်လိုက်ရာ လှေကားရင်းမီးချောင်း လင်းသွားသည်။ သည်တော့မှ သူသည် ကျွန်တော့်သား အငယ်ကောင် “ထိန်ထိန်သာ၏ သူငယ်ချင်းမှန်း သေချာသွား ပါသည်။ သေချာသွားရတာက သူသည် အိမ်လာနေကျမဟုတ်သော်လည်း (တစ်ခါမျှမလာဖူးသေးပါ။) ကနေ့ခေတ် လူငယ်များ၏ စတိုင်အတိုင်း ကိုယ့်အစု နှင့်ကိုယ် ဝတ်ပုံ၊ စားပုံ၊ နေပုံ၊ ထိုင်ပုံ အပြောအဆို ဟန်ပန်တွေတူသောကြောင့် ဖြစ်သည်။ သူသည် “ထိန်ထိန်သာ'၏ စတိုင်အတိုင်း ဖြစ်နေသည်။

          “သားလေးက ဖိုးစနေ ဘော်ဒါလား ဆိုတော့ ရယ်ကျဲကျဲ အနေအထား ဖြင့်ပင် ခေါင်းညိတ်သည်။    “ဖိုးစနေ'ဆိုတာက ‘ထိန်ထိန်သာ ၏ ငယ်နာမည်ပါ။

          “ကိုင်း ... ကိုင်း နော့ဖြင့်လည်း မျက်နှာသစ်၊ ကော်ဖီတို့၊ ဘာတို့သောက် ချေ

           ဟုပြောပြီး ကျွန်တော် အိပ်ရာပြန်ဝင်ပါသည်။

                                                                      * * *

           ကျွန်တော် အိပ်ရာကနိုးတော့ လက်ဖက်ရည်ဆိုင် သွားထိုင်ပါသည်။

နံနက်စောစောကကိစ္စလည်း မေ့မေ့ပျောက်ပျောက် ရှိသွားပါပြီ။ လက်ဖက်ရည် ဆိုင်မှ ပြန်လာသောအခါ ထုံးစံအတိုင်း စာတစ်ပုဒ်ရေးရန် ထိုင်ပါသည်။ ထိုအခါ “အေးဘုံသည် ကျွန်တော့်မျက်နှာချင်းဆိုင်တွင် လာထိုင်ပြီး “ကဲ ... စာမရေးခင် မနက်က အဖြစ်အပျက်ကလေးတစ်ခု ပြောပြမလို့ နားထောင်ပါဦး'ဟု ရယ်ကျဲ ကျဲ စကားဆိုပါသည်။

          “မနက်က ဝေလီဝေလင်း အေးဘုံအိပ်ရာကထပြီး အပေါ့သွားမလို့ အိမ် သာဘက်ထွက်တော့ လှေကားရင်းမှာ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်နဲ့ လူတစ် ယောက်၊ အဲ- ကောင်လေးတစ်ယောက် မှောင်ကြီးထဲ ကျောက်ရုပ်ကြီးတစ်ရုပ်လို မတ်မတ်ကြီး ရပ်နေတာတွေ့တယ်။ ဗြုန်းခနဲ တွေ့လိုက်ရတော့ အေးဘုံဖြင့် ရင်တုန်ပန်းတုန် လန့်လိုက်ရတာ”

          ဟု ပြောပါသည်။ ကျွန်တော်က အဖြစ်အပျက်ကို သိပြီးသားမို့ အလိုက် သင့် ရယ်မောလိုက်ရပါသည်။ သို့ သော် အေးဘုံအတွက်လည်း စိတ်ပူမိသည်။ “အေးဘုံသည် ကျွန်တော့်ထက်ပင် သတ္တိကောင်းသူဖြစ်သော်လည်း လောလော ဆယ်မှာ အကြီးစား ဗိုက်ခွဲစိတ်မှု လုပ်ထားရသဖြင့် သွေးက နည်းနည်းလန့်နေ သည် မဟုတ်လား။ဒါပေမဲ့ သူက ရယ်ရယ်မောမော စကားဆက်သဖြင့် ကျွန်တော် ကလည်း ထိုကိစ္စ သိပြီးပြီဖြစ်ကြောင်း ပြောရပါသည်။

          “တော်တော်နောက်တဲ့ ကောင်လေးတွေ” 

          “ဘာပြုလို့လဲ သား သူငယ်ချင်းပဲ”

           ဒါပေမဲ့ ဒီကလေးက အိမ်ကို တစ်ခါမှလည်း အလည်မလာဖူးဘူး။ ည အိပ် ညနေလည်း အိမ်မှာ မနေဖူးဘူးလေ။ ဒီတော့ ပထမတော့ လန့်သွားတာပေါ့။ ခက်တာက သူ့ကို ဖိုးစနေ သူငယ်ချင်းမှန်း သိသွားလို့ မနက်စာစားဖို့ ဘာညာ ပြောပေမဲ့ စကားလည်း ပြန်မပြောဘူး။ လှုပ်လည်း မလုပ်ဘူး။ အဲဒီလှေကားရင်း မှာပဲ ငုတ်တုတ်ကြီး ရပ်နေတယ်။ အေးဘုံ အိမ်သာက ပြန်ထွက်လာတော့လည်း အဲဒီအတိုင်း ငူငူကြီး ရပ်လို့” 

          “အေး .. ကိုယ်နဲ့တွေ့တော့လည်း အဲဒီအတိုင်းပဲ။ ဒါဆို ကိုယ်အိပ်ရာက ထတဲ့အချိန် မတိုင်ခင်ထဲက အဲဒီနေရာမှာ ရပ်နေပုံပဲ”

          “ပထမတော့ အေးဘုံလည်း ကောင်လေး ကြောင်များနေသလားပေါ့ လေ။ ဒါနဲ့ အခန်းထဲကနေ မအိပ်သေးဘဲ ချောင်းကြည့်တော့လည်း ပုံစံမပျက်ဘဲ ရပ်နေလေရဲ့”

          “နော့ ... ခုတော့ကော”

           “ဖိုးစနေတို့၊ ရွှေကျီးတို့နဲ့ လက်ဖက်ရည်ဆိုင် ထွက်သွားလေရဲ့”

          “ဘာထူးခြားသေးလဲ”

          “မထူးပါဘူး။ သူရို့ သူငယ်ချင်းကျတော့ ရယ်လို့ ၊ မောလို့ ဟီလာတိုက် နောက်ပြောင်ပြီး မနက်စောစောက ဘာမျှမဖြစ်ခဲ့သလိုပါပဲရှင်”

                                                               * * *

          ကလေးတွေ လက်ဖက်ရည်ဆိုင်က ပြန်လာတော့ ကျွန်တော်က ခေါ်ယူ မေးမြန်းရလေသည်။

          “သားနာမည်က ဘယ်သူလဲ”

          “ဆီနီဂေါ”

           “ဟေ ...”

           “အိမ်နာမည်ပါခင်ဗျ။ သူငယ်ချင်းတွေက နာမည်ပြောင်ပေးထားတယ် ခင်ဗျ”

           “ထားပါတော့ကွယ်။ သားက ဦးသုမောင်တို့အိမ်ကို တစ်ခါမှ မရောက် ဖူးဘူး မဟုတ်လား”

           “ဟုတ်ကဲ့ခင်ဗျ” 

           “ညက အိမ်မှာ အိပ်တယ်မဟုတ်လား”

           “ဟုတ်ကဲ့ခင်ဗျ။ ဖိုးစနေနဲ့ အတူအိပ်ပါတယ်ခင်ဗျ”

           “ဟာ .. မင်းတို့ သုံးယောက် ခုတင်သေးသေးလေးမှာ ဘယ့်နှယ်လုပ် အိပ်သလဲ”

          “ဖိုးစနေနဲ့ ရွှေကျီးက ခုတင်ပေါ်မှာအိပ်ပြီး ကျွန်တော်က ခုတင်ဘေး ကြမ်းပြင်ပေါ် အိပ်တာပါ”

           “ဟေ့ - ငါ့ သားခုတင်ဘေး ကြမ်းပြင်က ညစ်ပတ်ပေရေနေတာ ဘယ့် နှယ် အိပ်သလဲ။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေကရော”

           “မဟုတ်ဘူးခင်ဗျ။ တမင်ကလာ ညစ်ပတ်တဲ့ကြမ်းပေါ် အိပ်တာပါ။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနဲ့လည်း မအိပ်ရဘူးတဲ့ခင်ဗျ”

          “ဟာ .. ဘယ်ကောင်က မအိပ်ရဘူးပြောတာလဲ။ ဖိုးစနေလား၊ ဖိုးသော ကြာလား”

           'မဟုတ်ပါဘူး ခင်ဗျာ၊ ဗေဒင်ဆရာက ပြောတာပါ” 

           “ဟေ ...

           ဇာတ်ကြောင်းစုံကို ရှင်းရသော်။ တမြန်နေ့က သူရို့ သူငယ်ချင်းတစ်စု အိမ်မှာ ဖိုးစနေ ဦးဆောင်ပြီး လုပ်နေတဲ့ တီဗွီဂိမ်းဆိုင်ကို လုပ်ငန်းတိုးချဲ့ဖို့ ဗေဒင် သွားမေးကြသတဲ့။ သည်လိုနှင့် ရည်းစားကိစ္စ၊ စာမေးပွဲကိစ္စ စသည်ဖြင့် လူငယ်တို့ ဘာဝ တစ်ယောက်တစ်ပေါက် ဗေဒင် အပျော်တမ်းမေးကြပါသည်။ ထိုသူငယ် ဆီနီဂေါ” အလှည့်သို့ ရောက်သောအခါ (သူကလည်း ဗေဒင်ယတြာ ယုံကြည်ပုံ ရ၏) စစ်စစ်ပေါက်ပေါက် ဘဝရှေ့နောက်ကိစ္စတွေ မေးလေရာ 'ခန္ဓာပျက်ကိန်း” မြင်တယ်ဟု ဗေဒင်ဆရာက ဟောလိုက်လေသည်။ ခမျာမှာ အတော်ထိတ်လန့် ကြောက်ရွံ့သွားရှာပါသည်။ အသက်အန္တရာယ်ရှိသည်ဆိုပါစို့ .......။ 

          အဲဒါ ဆရာကြီးက မင်းတစ်ခါမှမရောက်ဖူးတဲ့သူတစ်ပါးအိမ်မှာ တစ်ည ပြောင်းအိပ်ရမယ်။ အိမ်ရှင်တွေ မသိအောင် တိတ်တိတ်အိပ်ရမယ်။ အိပ်ရာ ခုတင်နဲ့ မအိပ်ရဘူး။ ဖုန်တွေ၊ သဲတွေရှိတဲ့ ကြမ်းပြင်မှာ ဒီအတိုင်းအိပ်ရမယ်။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနဲ့ မအိပ်ရဘူး။ ပြီးတော့ မိုးမလင်းမချင်း ဝစီပိတ်နေရမယ်။ ဝစီပိတ်ဆိုတာ စကားမပြောရဘူးပေါ့ ဦးသုမောင်ရယ်”

          ‘သော် .. ဟုတ်လား။ ဝစီပိတ်ဆိုတာ စကားလုံးဝမပြောရဘူးလား”

          “အဲဒါ.. ညက ဦးသုမောင်ကို အသိမပေးမိတာရော၊ မနက်က လှေကား ရင်းမှာ ရပ်နေမိတာရောအတွက် သားတောင်းပန်ပါတယ်”

          “မလိုပါဘူး သားရယ်။ မင့်ဟာက ဗေဒင်စည်းကမ်းအတိုင်း လုပ်ရတာ

          “မဟုတ်ဘူးခင်ဗျ။ ဦးသုမောင် မနက်က လန့်သွားတာကို တောင်းပန်

တာပါ”

          “ဟာ .. ဦးသုမောင်က ဒါလောက် မလန့်ပါဘူး။ မင်းတို့ဒေါ်လေး အေး ဘုံက နာလန်ထစမို့ သူ့သာ စိုးရိမ်မိတာပါ”

          'ဟီး .. ဟီး အန်တီအေးဘုံက ဒါလောက် လန့်ပုံမရပါဘူး”

          လူငယ်လေးတစ်ယောက်၏ မှတ်ချက်ဖြစ်သောကြောင့် ရှက်မိပါသည်။ သို့သော် လူကြီးရှက်တော့ ရယ်ဆိုတာလို ..

          “ဟေ့ .. အန်တီ မခေါ်နဲ့ကွာ။ ဒေါ်လေးခေါ်”

           ဟု အထက်စီးဖြင့် အရှက်ပြေ စကားလွှဲလိုက်ရပါတော့သည်။

* * *

          ကျွန်တော်၏ စာစုထိပ်စပိုင်းတွင် ရေးခဲ့သလို ရိုးရာယဉ်ကျေးမှုအားအစွန်းရောက် ယုံကြည်သော ပညာတတ် ခေတ်လူငယ်လေးတွေ သည်လိုပဲ စုန်း ပြူး ရှိနေပါသည်။ သည်အတွက် ကျွန်တော်သည် ချက်ချင်းကြီး သူရို့ကို သိပ္ပံ နည်း၊ လက်တွေ့နည်း ခေတ်မီအတွေးအခေါ်ဘက်သို့ ဆွဲမယူပါ။ နောင် တဖြည်း ဖြည်း ရှင်းပြရင်း လိုရာလမ်းမှန်သို့ ခေါ်ဆောင်သိမ်းသွင်းရပါမည်။ ခုနှယ်တော့ “ဆီနီဂေါ ́ကို သူ့သဘောအတိုင်း ထားလိုက်ပါသည်။ ဆီနီဂေါက ယဇ်ပူဇော်နေတာ မှ မဟုတ်တာ။ ကျွန်တော် ဆိုခဲ့သလို ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတာ တစ်ခုကလေးမျှနှင့်ပင် ကျေးဇူးတင်ရပါဦးမည်။ သူ့ကို သိမ်းသွင်းဖို့ နည်းလမ်းကောင်းလည်း အသင့်ရှိနေပါသည်။ အခြားမဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်က ဗေဒင်လက္ခဏာ၊ ယတြာကို အလွန်ယုံကြည်သလို ပြုမူပြီး ယတြာချေရာတွင် “ဘုရားယတြာ” “တရားယတြာ” “သံဃာယတြာ စသော ဘာသာရေးလုပ်ခိုင်း သော ခေတ်မီယတြာချေခြင်းဖြင့် အစားထိုးပေးရန် ဖြစ်ပါသည်။ 

            

                                                                                ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ၊ လပြည့်ဝန်းမဂ္ဂဇင်း။