သုခ - ချစ်တော့ချစ်တယ်
ဒေသနာအကျိုး မှန်စွာညီသကဲ့သို့၊ ဟံသာဝတီ ပခိုး (ပဲခူး) နယ် အစုန်၊ ကိုးဆယ့်နှစ်ခု မြေလှုပ်တာကြောင့်..၊ အခြေပြုတ်ခါတိုက်အများ ပြို၍ ကိုက်ဝါးသလို သေအောင် ညှစ်ကြသဖြင့် အသေကောင် ဖြစ်ရတာ က - နှစ်ထောင်ကျော် စာရင်းအရ...။
အထက်ပါလင်္ကာမှာ ဆိုခဲ့သော ၁၂၉၂ ခုနှစ်က စာရေးဆရာ တစ်ယောက်၏ အမှတ်တရ လင်္ကာတစ်ခုဖြစ်၏။ အမှတ်တရလည်း ဖြစ်လောက်ပါပေသည်။
၁၂၉၂ ခုနှစ်၊ နယုန်လတွင် မြန်မာပြည်ရာဇဝင်၌ မကြုံစဖူး.. အထူးအံ့ဘနန်း ခပ်ကြမ်းကြမ်း သဘာဝ အစွမ်းပြလိုက်လေသည်။
ပဲခူးမြို့နယ်တစ်နယ်လုံး အိုးထိန်းစက်ကဲ့သို့ သွက်သွက်လည်အောင် ငလျင်ကြီး တုန်လှုပ်ခဲ့လေသည်။ တောနယ်များတွင် မြေကြီးတွေ ကွဲ၍ အထဲမှ မီးလျှံများပင် ထွက်ပြုခဲ့သည်။
ကမ္ဘာ့ရာဇဝင်အရ ဂျပန်၊ အီတလီ၊ ဘော်လကန်၊ ပြည်များ၌ မြေငလျင်နှင့်မီးတောင် ပေါက်ကွဲမှုကြောင့် မြို့ကြီး ပြကြီး ရွာသိမ်ရွာငယ်များ ပျက်စီးကာ - လောက ငရဲတမျှ ခံစားရကြောင်း တွေ့ဖူး ကြားဖူးခဲ့ကြရသည်..၊ မြန်မာပြည်သည် ကမ္ဘာ့နိယာမ-သဘာဝနိယာမ တို့မှ ရှောင်ကွင်း၍ အေးငြိမ်းချမ်းသာခဲ့ကြပေသည်ဟု ထင်မှတ်နေကြခဲ့ ရာမှ.. ယင်းသည့်နှစ်တွင် ပဲခူးရွှေမောဓော - ကိုယ်တော်ကြီး မြေသို့ တစ်ပိုင်းခ ရသည်အထိ မချိမဆံ့ဖြစ်ပျက်ခဲ့ရသည်။
ပဲခူးမြို့ပေါ်တွင် တိုက်ကြီး တိုက်ကောင်းများပင် အုတ်မြစ်က ပြုတ်၍ ရုတ်တရက် ပြိုကြခြင်းဖြစ်လေရာ.. မြွေပူရာ ကင်းမှောင့်ဆိုသော စကားကဲ့သို့ အိမ်ပြိုအိမ်ပျက်များက မီးသင့်ကူးစက်လာပြန်သောကြောင့် မြွေကိုက် ကျားစားခံရသလို မြို့သူမြို့သားအားလုံး အတော်ကသီလင်တ ဖြစ်ခဲ့ကြရသည်။
အိမ်မဲ့ရာမဲ့၊ သားကွဲ သမီးကွဲ၊ ဖအေသေ၊ အမေဆုံး၊ အပူလုံး ကြီး တွေ့ကြုံကြရသော လူအများမှာ မရေမတွက်နိုင်အောင် ရှိကြသည်။ အော်ဟစ်ငိုယို ပရိဒေဝတောက်လောင်သော အသံတို့သည်လည်း ကောင်း၊ လူပျောက်ကို အော်ခေါ်ရှာဖွေကြသော ပူဆွေးသံများသည် လည်းကောင်း တစ်မြို့လုံးအား ငရဲပြည်ကလေးတမျှ ဆူညံချောက်ချား စေတော့၏။
အိမ်ခြေပျက်ပြား၍ စားရမဲ့ သောက်ရမဲ့.. ဖြစ်သော ဒုက္ခိတများ မှာလည်း ရာလိုက် - ထောင်လိုက် - အစုလိုက် အပုံလိုက် – မရှုမလှ ပေါ်ပေါက်နေတော့ရာ မြို့အသီးသီးမှ ပစ္စည်းချမ်းသာသော စေတနာရှင်
မျိုးချစ် ပုဂ္ဂိုလ်ကြီးများက လာရောက်၍ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အဝတ် အစားတို့နှင့်တကွ ကူညီလှူဒါန်းကြရလေသည်။
တိုက်ပြိုအိမ်ပျက် - ငလျင်ကြီးဒဏ်ချက်ကြောင့် လူကြီး လူငယ် ဘာသာမရွေး အနာတရ မရှုမလှခံစားကြရသူပေါင်းများစွာဖြစ်သောကြောင့် အစိုးရဌာနကျန်းမားရေဌာနများနှင့်ပင် မလုံလောက်နိုင်သဖြင့် စေတနာ့ဝန်ထမ်း သူနာပြုအသင်းအဖွဲ့ ပေါင်းများစွာက လာရောက်ပြုစု ကုမကြသည့်တိုင် လူနာနှင့် ကုမသူ - မမျှတသည့်အလျောက် တဟစ်ဟစ် တအော်အော်၊ တကြော်ကြော်ညည်းညူရင်း မချိမဆံ့ဘဝ ပြောင်းကြရသူများလည်း အများအပြားပင် ဖြစ်တော့သည်။
စေတနာသဒ္ဓါတရားထက်သန်ကြသူများအနက် ရန်ကုန်မြို့ သူဌေးကြီး ဦးဘလွင်၏ ဂုဏ်သတင်းကား... သတင်းစာအစောင်စောင် တို့တွင် နေ့စဉ်ရက်ဆက် ဆက်လက်ချီးကျူး၍ မဆုံးအောင်ရှိတော့ ၏။ ပဲခူးမြို့တစ်မြို့လုံးကလည်း သူဌေးကြီးဦးဘလွင်ဆိုသူအား လူကို မြင်ဖူးသူ နည်းပါးသည့်တိုင်အောင် သတင်းစကားကြောင့် အားထား မှီခိုရာ စေတနာ့ရှင်ကြီးတစ်ဆူဟု အသိအမှတ်ပြုခဲ့ကြလေသည်။
မြို့ပြင် ကွက်လပ်ကြီးတစ်ခု၌ ယာယီဓနိမိုး - တဲတန်းလျားကြီး တို့ကား ဒုက္ခိတမြို့သူမြို့သားတို့အတွက် ခိုလှုံရာ စခန်းဆောက်ပေး ခြင်း၊ အစားအသောက် ကျွေးမွေးခြင်း၊ အဝတ်အစားပေးကမ်းခြင်း၊ ဆေး ဝါး ကုသခြင်းဟူ၍ စည်းစနစ်တကျ ဌာနအသီးသီးခွဲခြား၍ တစ်နေ့ လျှင် ငွေတစ်ထောင်ကျော် အကုန်ခံကာ - ပေးကမ်းရက်ရောနိုင်သည့် စေတနာမှာ ကျော်စောသည်ကပင် နည်းပါးပေသေးသည်။ အကူအညီ ခြေသည်းလက်သည်းတို့နှင့် အားမရမူ၍ ကိုယ်တိုင်ကိုယ်ကျ လိုက်လံ ကြည့်ရှုရသော အလုပ်ပင်လျှင် နေ့စဉ်နှင့်အမျှ မှန်ကန်လှခြင်းကြောင့် ငွေကြေးအကုန်ခံသည်ထက် ကရုဏာကြီးမားသော ဇွဲမြဲကိုပင် လူတိုင်း
လူတိုင်း ချီးမွမ်းစရာ ကြည်ညိုစရာ ဖြစ်တော့သည်။
အများအားဖြင့် မြန်မာသူဌေးသူကြွယ်တို့မှာ အလှူအတန်း ရက်ရောသည်ဟု ပြောစရာရှိအောင် များပြားသည်ကား မှန်၏။ ၎င်း တို့၏ နာမည်ကမ္ပည်းတို့မှာ ကျောင်းတိုက်ကြီးများ၊ ဘုရားတန်ဆောင်း ကြီးများ၊ စေတီပုထိုးတော်များ၌ တွေ့နိုင်ကြပေသည်။ စင်စစ်အားဖြင့် လှူဒါန်းသူ၏နာမည်မှာ မတိမ်ကော - မပပျောက်နိုင်လောက်သော အဆောက်အဦတို့၌သာ တည်ရှိစေချင်ကြသည်။ ပွဲပြီးမီးသေ-ဖြစ်သော ဤကဲ့သို့ အရေးပေါ် ဝတ္တရားများ၌မူကား ကျောင်းကြီးဆောက် သလောက်၊ ဘုရားတည်သလောက် မရက်ရော မစွန့်လွှတ်နိုင်ကြသည် သာ များလှသည်။
သူဌေးကြီး ဦးဘလွင်၏အမည်မှာ ကျောင်းကန်ဘုရားများ၌ တွေ့ ရသည်ထက် ချို့ငဲ့သော စာသင်ကျောင်းများတွင် လှူဒါန်းထည့်ဝင်ခြင်း၊ ဗဟိုရ်ဆေးရုံကြီး၊ စိတ္တဇဆေးရုံ၊ သားဖွားရုံ၊ ကုဋ္ဌနူနာရုံတို့အား လစဉ်ထောက်ပံ့ခြင်းနှင့် ယခုကဲ့သို့ အရေးပေါ် ဒုက္ခအန္တရာယ်များအတွက် နာမည်မပေါ်ဘဲ... အကုန်အကျခံခြင်းက ပိုမို၍များပြားလေသည်။
အသက်အရွယ်မှာ သုံးဆယ်ကျော် လေးဆယ်နီးပါးခန့်ရှိ၍ အသောက်အစားကင်းသော ဥပဓိမျက်နှာမျိုးဖြင့် တည်ကြည်ခံ့ညား သည့်ဟန် ဣန္ဒြေပိုင်ရှင် ဖြစ်လေသည်။ ဆွေထောက်မျိုးခံဟူ၍ ဆယ့် နှစ်နှစ်ရွယ် သားကလေး တစ်ယောက်သာ ထွန်းပေါက်သော မုဆိုးဖို သူဌေးအရွယ်ကောင်း ဖြစ်ပေ၏။ ကြင်ရာ သက်ထား - မယားငယ် ချစ် ဒေါ်သန်းမြင့်ဟူ၍ တစ်ရည်းစားက တစ်လင်တစ်မယားသာ ချစ်ခဲ့ဖူး သူ လူရိုးကြီး ဖြစ်ခဲ့သည်။ လောကဓမ္မတာ နေ့စဉ်အမျှ ဆူပူမောင်းမဲ ရန်ပွဲမပြတ်ကြသော လင်မယားမောင်နှံမျိုးကိုသာ သေမင်းက ကြည့် ကောင်း၍ ကြည့်နိုင်လျှင် လျစ်လျူပြု၍ ရှုနေတတ်သေးသည်။ လင်နှင့်မယားချစ်အားမဝ - ရွှင်ပျကြည်သာ၍ အဖက်ဖက်က - လိုသမျှ ရနေသော ဦးဘလွင်နှင့် ဒေါ်သန်းမြင့်တို့အတွက်ကိုမူ မနာလိုဝန်တို သကဲ့သို့ ရှိလေသည်။
မောင်မြင့်လွင်ဟု သမီးခင်ပွန်းနှစ်ဦး၏အမည်ကိုယူ၍ ချစ်စနိုးစွာ မှည့်ခေါ်ထားသော သားလှရွှေသွေး လူကလေး နှစ်ခါလည်လောက်တွင်ကောက်ကောက်ပါအောင် နိုင့်ထက်စီးနင်း ရှင်သေမင်းက ဗြုန်းခနဲ ဆွဲခေါ်သွားသောကြောင့် လူနှင့် လူချင်းမဟုတ်၍သာ သားကလေးကို ရင်ဝယ်ပိုက်၍ အညံ့ခံလိုက်ရရှာလေသည်။
သွားလေသူ ဒေါ်သန်းမြင့်အပေါ်ဝယ် အသက်နှစ်ဆယ်ကျော် အရွယ်မှစ၍ ချစ်ခဲ့သော အတုံးအခဲကို နောက်ထပ်စေ့စပ်ဆက်သွယ် ကြသော ဂုဏ်ရည်တူ မတူ - မိန်းမကြီးငယ် ရွယ်ရွယ် လတ်လတ်တို့ အပေါ်သို့ မလွှဲမပြောင်း မခွဲမဝေရက်တော့ဘဲ သားကလေးအပေါ်သို့သာ လွှဲပြောင်းစုပုံလိုက်ခြင်းဖြင့် သား၏မေတ္တာ - မယား၏မေတ္တာ၊ စုဝေးရာ အဆောက်အဦကြီးဖြစ်သွားရှာတော့သည်။
“ဖေဖေ.. ဒီတဲကြီးတွေမှာ ပွဲခံနေသလားဟင်..”
“အို.. မဟုတ်ဘူး သားရဲ့... လူတွေဒုက္ခဖြစ်နေလို့ ၊ ခဏနေရ အောင်ထားတာ”
“ဒုက္ခဆိုတာ.. ဘာလဲဟင်...”
“ဒုက္ခဆိုတာ - မစားရတာ - မသောက်ရတာ မကျန်းမာတာတို့ ပေါ့ကွယ်...”
“သားတို့မှာတော့ ဒီလိုဒုက္ခတွေ မရှိပါဘူးနော်”
ဦးဘလွင်သည် - လက်တွဲလျက်ပါလာသော မောင်မြင့်လွင်ကို ခပ်ပြုံးပြုံငုံ့ကြည့်လိုက်မိသည်။ သားခမျာမှာ ယနေ့အထိ ဒုက္ခ၏ သဘောကို.. ကိုယ်တွေ့ မကြုံခဲ့ရသေးသဖြင့် ၎င်းအရသာကို မခံစား
ခဲ့ရ။ အသက်နှင့်အမျှ ထိုဒုက္ခမှ လွတ်ကင်းပါစေဟုလည်း ကျိတ်၍ ဆုတောင်းမိရှာသည်။
ဦးဘလွင်နှင့် မောင်မြင့်လွင်သည် အစားအသောက် အဝတ် အထည်တို့ကို ဝေငှရာဘက်သို့ - အလစ်အလပ် မရှိရအောင် လှည့်လည် ကြည့်ရှုခဲ့ပြီးလျှင် လူနာများထားရာ ယာယီတန်းလျားဘက်သို့ ကူး ခဲ့ကြရလေသည်။ ။
“ကြောက်ပါပြီ - ဦးလေးရဲ့ ကြောက်ပါပြီ... အမယ်လေး ခိုး ပါတော့မယ် ဦးလေးရဲ့ ”ငယ်သံပါအောင် အော်လိုက်သော ကလေးငယ် တစ်ယောက်၏အသံမှာ လူနာ တဲတန်းလျားက ထွက်ပေါ်လာလေ၏။ ဦးဘလွင်သည် သားကလေးကို လက်တွဲကာ.. ထိုတဲဘက်သို့ ခပ်သွက် သွက် လျှောက်ခဲ့လေ၏။ အိပ်ရာကလေးတစ်ခုပေါ်တွင် သတိမေ့နေရာ က လန့်၍ အော်လိုက်ဟန်တူသော သူ့သားနှင့် မတိမ်းမယိမ်း ယောက်ျား ကလေးတစ်ဦးကို တွေ့ရလေသည်။ မောင်မြင့်လွင်သည် ထိုသူငယ်ကို ကြည့်ရင်း ဖခင်ကြီး၏လက်များကို ခပ်တင်းတင်းကလေးဆုပ်ထားမိ လေသည်။
“ဒီသူငယ်ကလေး.. အခုထက်ထိ... သတိ မရသေးဘူးလား..” ဟု သူနာပြုတစ်ယောက်ကို မေးမြန်းလိုက်သည်တွင် အနားက လူက မချိပြုံးကလေးပြုံးရင်း အရိုအသေ ပြုလိုက်လေသည်။
“မရသေးဘူးခင်ဗျာ... အဲသလိုပဲ... ထ - ထ - ပြီး - အော် တတ်တာပဲ ရှိတယ်.....”
“သူ့ဆွေမျိုးမိဘတွေများကော - မပေါ်သေးဘူးလား”
“အခုအချိန်အထိတော့ ဘယ်သူမှ မလာကြသေးပါဘူး။ မိဘ တွေပါ သေကုန်ကြပလား မသိဘူး။ ရုပ်ရှင်ရုံပြိုကျတဲ့အထဲက သူ့ကို နောက်ဆုံးတွေ့တာပဲ”
“အခုနတော့... ဦးလေးကို.. တ, အော်တာ ကြားလိုက်မိတယ်”
“ဟုတ်ကဲ့.. ဦးလေးကို ကြောက်ရပုံ လက္ခဏာရှိပါရဲ့.... ခိုးပါ့မယ် လို့လည်း ယောင်တတ်တာပဲ သူဌေးရဲ့....”
“အင်း.. ရုပ်ရှင်ကြည့်ရင်း ထင်ချင်ရာတွေ ထင်နေတာ ထင်ပါ ရဲ့ဗျာ...”
ဦးဘလွင်အဖို့ သားချင်းစာ၍ ကရုဏာအတော် ဖြစ်သွားမိသည်။ မိဘမပေါ်ပေါက်သော ဘဝ၌ မိတဆိုး ဖြစ်ရှာသော မိမိသားငယ်နှင့် နှိုင်းစာကြည့်ရလျှင် ဆင်းရဲမွဲတေ၍ အခြေအနေမဲ့ခြင်းက ပို၍ ဆိုးဝါး သည်။ ထိုအထဲတွင် ဝေဒနာခံစားရသေးသည်က အဆစ်ပါသေးသည်။
“သူ့ဆွေမျိုးတွေကို မစုံစမ်းဘူးလား”
“စုံစမ်းရုံတင်မကဘူး.. ညနေတိုင်း.. မောင်းခတ်ပြီး... ကြေညာ ပါတယ်”
“အင်း... အင်း... ကောင်းတယ်...”
“သနားပါတယ် ဖေဖေရယ်.. နော်...”
မောင်မြင့်လွင်က ဖခင်ကြီးကို မော့၍ စကားထဲသို့ ဝင်ပြော လိုက်သည်။
“အေးကွယ်..... သနားစရာပေါ့..”
“ဒုက္ခဆိုတာ... အဲဒါကို ခေါ်တာလားဟင်...”
“အေး.. အေး.. ဒုက္ခဆိုတာ ဒါမျိုးကို ခေါ်တာ”
ဦးဘလွင်သည် သူ့သားကလေး အဓိပ္ပာယ်ပေါ်အောင် ဒုက္ခကို လက်တွေ့ ဥပမာပြလိုက်ရသည်.. မောင်မြင့်လွင်မှာ သတိမေ့နေသော သူငယ်ကလေးကိုသာ စိတ်အားထက်သန်စွာ အာရုံပြုနေလေ၏။ ထိုသူ ငယ်ကလေးက အနည်းငယ်တွန့်လိုက်လျှင်..... မောင်မြင့်လွင်ကိုယ်တိုင် ကိုယ်ကလေးကို တွန့်လိုက်မိလျက်...... ထိုသူငယ်က ရှုံ့မဲ့လိုက်လျှင်