သိပ္ပံစိုးရင် - မြန်မာယဥ်ကျေးမှုသမိုင်း
(၁)
မြန်မာ့ယဉ်ကျေးမှုသမိုင်းကို စူးစမ်းလေ့လာ သုံးသပ်နိုင်ရန်အတွက် ဦးစွာပထမ ယဉ်ကျေးမှု၏ အနက်အဓိပ္ပာယ်နှင့် သဘောတရားများကို တိကျစွာ သိရှိနားလည်ထားရန် လိုအပ်ပေသည်။
ယဉ်ကျေးမှုဟူသော ဝေါဟာရကိုပင် ကျွန်ုပ်တို့သည် အနက် အဓိပ္ပာယ် အမျိုးမျိုးဖြင့် သုံးစွဲဖော်ပြနေသည်ကို တွေ့ရသည်မှာ မြန်မာ ဘာသာ၌သာ မဟုတ်၊ အနောက်နိုင်ငံများ၌ပင် “culture” ဟူသော ဝေါဟာရကို အယူအဆအမျိုးမျိုးနှင့် သုံးစွဲနားလည်နေကြသေးသည်ကို တွေ့ရပေသည်။
သို့ရာတွင် အနောက်နိုင်ငံ၌ ယဉ်ကျေးမှုအကြောင်းကို စနစ်တကျ သိပ္ပံနည်းကျကျ လေ့လာစူးစမ်းနေကြသူ သုတေသီများအတွက်မူ ယဉ်ကျေးမှုဝေါဟာရ၏ အဓိပ္ပာယ်သည် အနည်းနှင့်အများ တိကျလာခဲ့ပြီး ကွဲပြားခြားနားမှု ပြောပလောက်အောင် မရှိတော့ပေ။
မြန်မာနိုင်ငံ၌ Culture ဟူသော ဝေါဟာရကို မြန်မာဘာသာဖြင့် ယဉ်ကျေးမှုဟု ပြန်ဆိုသုံးနှုန်းကြ၏။ သို့ရာတွင် ဤယဉ်ကျေးမှု ဟူသော ဝေါဟာရအဓိပ္ပာယ်ကို တိကျစွာ နားလည်ထားမှု မရှိသဖြင့် တစ်ဦးလျှင်တစ်မျိုး အဓိပ္ပာယ်ဖော်ထုတ်၍ မိမိတို့သန်ရာဘက်သို့ ဆွဲကာ ရေးသားနေကြပါသည်။ စင်စစ်အားဖြင့် ယဉ်ကျေးမှုဟူသော ဝေါဟာရ အနက်သည် ဝိုးတိုးဝါးတား ဖြစ်နေသေးသည်။ ယဉ်ကျေးမှု၏အနက် နှင့် သဘောတရားကို ရှင်းလင်းပြတ်သားစွာ မဖော်ထုတ်ဘဲ ယဉ်ကျေးမှု အကြောင်း၊ ယဉ်ကျေးမှုသဘော၊ ယဉ်ကျေးမှုပုံစံ၊ ယဉ်ကျေးမှု၏အနာဂတ် ကို တွေးတောမြွေခေါ်နေကြသည်မှာ မှောင်ထဲ၌ စမ်း၍ လမ်းလျှောက် နေသည်နှင့်သာ တူပေလိမ့်မည်။ ထို့ပြင် အနက်အဓိပ္ပာယ် မရှင်းသေးသော ကိစ္စတစ်ခုအကြောင်းကို ပြောဆိုရေးသား အငြင်းပွားနေကြလျှင် ခရီးမရောက်၊ တိုးတက်မှုမရဘဲ အချိန်ကုန်ရုံမျှသာ ရှိပေလိမ့်မည်။
မြန်မာ့ယဉ်ကျေးမှုနှင့် စပ်လျဉ်း၍ အခြေခံအားဖြင့် မှန်ကန်သော ယူဆချက် အနက်အဓိပ္ပာယ်အပေါ်၌ မှီငြမ်းပြု၍ ဆွေးနွေးတွေးခေါ်ကြမှ သာလျှင် နောင် အနာဂတ်အတွက် သင့်မြတ်လျော်ကန်သော တိုးတက်မှု များကို ကြံစည်ဖန်တီးနိုင်မည် ဖြစ်ပေသည်။ သည်
အထူးသဖြင့် အနာဂတ်ကို ကြီးစိုးမည့် လူငယ်များအတွက် ယထာ ဘူတကျစွာ မိမိတို့ခေတ်တွင် ပြုစုပျိုးထောင်ရမည့် ယဉ်ကျေးမှုအဆောက် အဦကို တွေးတော၊ ကြံဆ၊ တီထွင်၊ ဖန်တီးနိုင်ရန် မြန်မာ့ယဉ်ကျေးမှုကို သိပ္ပံနည်းကျစွာ စူးစမ်းလေ့လာတင်ပြချက်များ အလွန်လိုအပ်နေသော အချိန်ဖြစ်ပေ၏။
(၂)
ယဉ်ကျေးမှု၏ အနက်အဓိပ္ပာယ်ကို ဖော်ပြရာ၌ ပထမဦးစွာ ယဉ် ကျေးမှုဟူသော ဝေါဟာရသည် အင်္ဂလိပ်ဘာသာ Culture ဟူသောဝေါဟာရကို ဘာသာပြန်ထားခြင်းဖြစ်သည်ကို သတိပြုရန် လိုပါသည်။
အင်္ဂလိပ်ဘာသာ၌ (Culture) နှင့် (Civilisation)ဟူ၍ အဓိပ္ပာယ် ဆင်တူ ဝေါဟာရများ ရှိကြရာတွင် မြန်မာတို့က Cultureနှင့် Civilisation ဟူသော ဝေါဟာရများကိုပါ ယဉ်ကျေးမှုဟူ၍ သိမ်းကျုံးပြီး အနက်ပြန်ဆိုထားကြပါသည်။ သို့အတွက်ကြောင့် Culture၏ အဓိပ္ပာယ် ပြန်ဆိုချက်ဖြစ်သည့် ယဉ်ကျေးမှုဟူသော ဝေါဟာရကို သုံးစွဲရာတွင် Civilisation နှင့် ရောထွေးလျက် အနက်အဓိပ္ပာယ်အမျိုးမျိုး ကောက် ယူကြပြီး Culture၏ အဓိပ္ပာယ်အနက်သည် မထင်မရှား ဝိုးတိုးဝါးတား ဖြစ်နေတတ်ပေသည်။ ။
စင်စစ်အားဖြင့် အင်္ဂလိပ်ဘာသာ၌ပင် သာမန်အားဖြင့် Culture နှင့် Civilisation တို့ကို အဓိပ္ပာယ်တူ လဲလှယ်သုံးစွဲနေခဲ့ကြပါသည်။ သို့ရာတွင် လူ့သမိုင်းကို လေ့လာရာတွင်ပင် ထိုဝေါဟာရနှစ်ခုကို တိကျ စွာ ပြန်လည်ကွဲပြားခြားနားရန် အဓိပ္ပာယ်ပြန်ထားကြပေသည်။ တိုတို ပြောရပါမူ Civilisation သည် Culture ၏ နောက်တဆင့် ပိုမို အထက်တန်းကျသော အခြေအနေကို ဆိုလိုပေသည်။ တစ်နည်းအားဖြင့် Civilisation ဆိုသည်မှာ Culture ယဥ်ကျေးမှု၏ နောက်တစ်ဆင့် တက်၍ တိုးတက်နေသော အထူးကဏ္ဍ ဖြစ်လေသည်။
ယဉ်ကျေးမှုဆိုသည်မှာ သဘာဝပတ်ဝန်းကျင်မှ လူတို့ကိုယ်တိုင် ဖန်တီးယူသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယဉ်ကျေးမှုဆိုသည်မှာ လူတစ်မျိုး၏ ဘဝတည်ဆောက်ပျိုးထောင်ပုံ နည်းနာများသာ ဖြစ်၏။ လူ့ဘောင်အဖွဲ့ အစည်းတွင်း၌ လူတို့ ဆက်ဆံနေထိုင် စားသောက် လှုပ် ရှားသည့် ပုံစံသည် လူတို့၏ ယဉ်ကျေးမှုစနစ်ဖြစ်သည်။
လူသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ ပတ်ဝန်းကျင် အတွင်း၌ နေထိုင်အသက်ရှင်နေကြသူတွေ ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရသော် လူသည် အသင်းအဖွဲ့ အတွင်း၌ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်း ဆက်ဆံ၍ နေတတ်သူဖြစ်သည်။ ဤကဲ့သို့ တစ်ဦးနှင့်တစ်ဦး အဖွဲ့အစည်း အတွင်း၌ ကူးလူးဆက်ဆံမှုပြုလုပ်၍ အသက်မွေးနေကြရာတွင် မိမိတို့ အချင်းချင်း ဆက်ဆံရေးကိစ္စများအတွက် လူ့စည်းလူ့ကမ်း သတ်မှတ် ချက်များ လိုအပ်လာပေသည်။ ထိုစည်းမျဉ်းဥပဒေထုံးတမ်းများကို အများသဘောတူ သတ်မှတ်ထားကြပြီး ထိုစည်းမျဉ်းဥပဒေထုံးတမ်းတို့ ကို လူ့ဘောင်အဖွဲ့အစည်းအတွင်းသို့ ရောက်လာသည့်သူတိုင်း သင်ကြား လိုက်နာကျင့်သုံးရလေသည်။
ဤကဲ့သို့စည်းကမ်းထုံးတမ်းဥပဒေများဖွဲ့၍တည်ထောင်ထားရသည့်အတွက်ကြောင့် လူတို့ကိုယ်တိုင် ဖန်တီးထားသည့်လူမှုရေးပတ်ဝန်းကျင်သည်ဖြစ်ပေါ်လာရခြင်းဖြစ်လေသည်။ဤသို့လူတို့ဖန်တီးထားသည့်လူမှုရေးပတ်ဝန်းကျင်နှင့်ထိုပတ်ဝန်းကျင်အတွင်း၌နေထိုင်လှုပ်ရှားခဲ့ကြသူတွေက စုဆောင်းထားရစ် ခဲ့သည့် အသိဉာဏ်၊ ဗဟုသုတ၊ လုပ်ကိုင်ဆောင်ရွက်နည်းများအပြင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ တွေးခေါ် ကြံဆ၊ ဖန်တီးချက်များကို လူ့ဘောင် အဖွဲ့အစည်းကြီးက အဆင့်ဆင့် သိုမှီးစုဆောင်းထားခဲ့သည့် အချက်အဝဝ အားလုံး ယဉ်ကျေးမှုဟု ခေါ်ရပေသည်။
ထိုယဉ်ကျေးမှုတွင် နှစ်ကဏ္ဍ ရှိလေသည်။ တစ်ကဏ္ဍသည် ရုပ် ပိုင်းနှင့် သက်ဆိုင်၍ အခြားကဏ္ဍသည် စိတ်ပိုင်းနှင့် သက်ဆိုင်သည်။
ရုပ်ပိုင်းယဉ်ကျေးမှုကဏ္ဍတွင် ရုပ်ဝတ္ထုများဖြစ်သည့် အဆောက် အဦ၊ ဝတ်စားမှု ပစ္စည်းများ၊ အသုံးအဆောင်၊ ကိရိယာ တန်ဆာပလာ များ (ဥပမာအားဖြင့် ပုဆိန်၊ မြား၊ လေး) စသည်တို့ပါဝင်ပြီး စိတ်ပိုင်း ဆိုင်ရာ ယဉ်ကျေးမှုကဏ္ဍတွင်မူ စိတ်ကူးစိတ်သန်း၊ အတွေးအခေါ်၊ တွေးတောကြံဆပုံ နည်းလမ်းများ၊ အမူအကျင့်များ၊ တန်ဖိုးထားမှုများနှင့် စိတ်ပိုင်းဆိုင်ရာတို့၏ ဖန်တီးမှုများဖြစ်သည့် အက္ခရာနှင့် စာပေအရေးအသား၊ သိပ္ပံပညာ၊ လူမှုရေးစနစ်၊ ဥပဒေစည်းမျဉ်းနှင့် ယုံကြည်ကိုးကွယ် မှုဘာသာ စသည်တို့ ပါဝင်ကြလေသည်။
သို့ဖြစ်သောကြောင့် ယဉ်ကျေးမှုဆိုသည်မှာ သဘာဝပတ်ဝန်းကျင် ကို ပြုပြင်လျက် ထိုသဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီစွာ မိမိတို့ ဘဝကို တည်ဆောက်ဖန်တီးလျက် အသင်းအပင်း ဖွဲ့စည်း၍ နေထိုင် ဆက်ဆံကြရာတွင် လူအချင်းချင်း သင့်တင့်လျောက်ပတ်စွာ နေထိုင်ကြ ရေးအတွက် မိမိတို့သဘောအလျောက် ပြုစုပျိုးထောင်ထားသော စည်း ကမ်း၊ ဥပဒေ၊ ထုံးတမ်းစဉ်လာ၊ အမူအကျင့်များနှင့်တကွ ထိုလူ့ဘောင် အဖွဲ့အစည်းအတွင်း၌ အဆင့်ဆင့် ထိန်းသိမ်းလက်ခံ စုဆောင်းသိုမှီးခဲ့
သော အသိဉာဏ်၊ ဗဟုသုတ၊ လုပ်နည်း၊ ကိုင်နည်း နိဿယ၊ အတွေ့ အကြုံ၊ အတွေးအခေါ်၊ အယူအဆ၊ ကြံစည်ဖန်တီးချက်များသာ ဖြစ်ပေ သည်။ အတိုချုပ်အားဖြင့် ယဉ်ကျေးမှုသည် လူတစ်မျိုး၏ ဘဝပုံစံဟုပင် ခေါ်ဆိုရပေမည်။
(၃)
ဤကျမ်းငယ်မှာ မြန်မာ့ယဉ်ကျေးမှုသမိုင်းသာဖြစ်၍ ယဉ်ကျေးမှု သဘောတရားများကို အကျယ်ဝိတ္ထာရချဲ့၍ ရှင်းလင်းပြရမည့် နေရာ မဟုတ်ပေ။ မြန်မာ့ယဉ်ကျေးမှုကို သမိုင်းအမြင်ဖြင့် ကြည့်ရှုလေ့လာရာ တွင် နားလည်သဘောပေါက်စေရုံမျှသာ ရှင်းလင်းတင်ပြရန် ဖြစ်ပါသည်။
လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုသည် ထိုလူမျိုး၏ ရှေးအတိတ်နှင့် ပစ္စုပ္ပန်ကာလများ၌ ပြုစုပျိုးထောင်လာခဲ့သည့် အတွေ့အကြုံများသာ ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရသော် ရှေးထုံးစဉ်လာ ယဉ်ကျေးမှုမှန်သမျှ သည် ၎င်းတို့ အတိတ်ကာလ၌ လက်ခံကျင့်သုံးနေသော အမူအကျင့် များ၏ အပေါင်းအစည်းများ ဖြစ်လေသည်။ သို့ဖြစ်၍ ယဉ်ကျေးမှုတစ်ရပ်ကို မှန်ကန်စွာ နားလည်သဘောပေါက်နိုင်ရန်မှာ ထိုလူမျိုး၏ အတိတ် ကာလမှ အဖြစ်အပျက်မှန်သမျှကို တတ်စွမ်းသမျှ ပြည့်စုံလုံလောက် အောင် ပြန်လည် လေ့လာကြည့်ရှု စစ်ဆေးမှုသာ ဖြစ်နိုင်သည်။ အတိတ် ကို ချန်လှပ်၍ ယဉ်ကျေးမှုတစ်ရပ်ကို ပီပြင်စွာ မည်သို့မျှ မမြင်နိုင်။ တစ်နည်းဆိုရသော် ယဉ်ကျေးမှု၏ ရုပ်သွင်လက္ခဏာ အတိုးအဆုတ်၊ ရှင်သန်မှု၊ နုန့်နဲ့မှု စသည်တို့သည် သမိုင်းကြောင်းပေါ်တွင် တင်၍ ကြည့်ရှုမှသာ နည်းမှန်လမ်းမှန် ရောက်ပေသည်။
ယဉ်ကျေးမှုကို အများက ရိုးရာဓလေ့ထုံးစံမျှအဖြစ်သာ ရှုမြင်၍ ထိုရိုးရာယဉ်ကျေးမှုကို အမြတ်တနိုး ရင်ဝယ်ပိုက်၍ အမြဲ မူမပျက် ထိန်း သိမ်းထားလိုကြသည်။ ယဉ်ကျေးမှုသည် အတိတ်မှ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှ အနာဂတ်သို့ ရွေ့ လျားရင်းက အသွင်လက္ခဏာတို့ အမြဲတစေ ရုပ်ပိုင်း ဆန်သည့် အနေခံပြောင်းလဲမှုအရ ပြောင်းလဲနေသည်ကို သတိမမူကြ ပေ။ ထိုကဲ့သို့ မမြင်နိုင်ခြင်းသည် ယဉ်ကျေးမှုကို သမိုင်းအမြင်ဖြင့် မမြင် စွမ်းသောကြောင့်သာ ဖြစ်ရပေသည်။
ယဉ်ကျေးမှုသည် ရေစီးကြောင်းပမာ အမြဲ ရွေ့လျားပြောင်းလဲနေ သည်။ အသစ်အသစ်တို့သည် ဖြစ်ပေါ်လျက် အဟောင်းအဟောင်းတို့ သည် ချုပ်ငြိမ်းပျောက်ကွယ်နေတတ်သည်။ ရေစီးကြောင်းသည် ပုံစံအား ဖြင့် များစွာ မပြောင်းလဲသော်လည်း ချောင်းအတွင်းရှိ ရေတို့သည်ကား ပြောင်းလဲနေသကဲ့သို့တည်း။
ယဉ်ကျေးမှု၏ အခြေခံသည် ရုပ်ဝတ္ထုပိုင်းဖြစ်သော လူတို့၏ စားဝတ်နေရေးဖြစ်သည့် စီးပွားရေးပုံသဏ္ဌာန်ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘဝရပ်တည်မှုအတွက် ကုန်ထုတ်လုပ်ပုံစနစ်သည် ယဉ်ကျေးမှု ၏ ပုံပန်းသွင်ပြင် လက္ခဏာကို ပြုပြင်သတ်မှတ်ပေးမြဲသာ ဖြစ်လေသည်။