Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

သိန်းဖေမြင့် - ၁၉၃၀တစ်၀ိုက်မြန်မာနိုင်ငံရေးသမိုင်း

Regular price 1,300 MMK
Regular price Sale price 1,300 MMK
Sale Sold out

၁၉၃၀ တစ်ဝိုက်က ကမ္ဘာ့စီးပွားရေးကပ်ကြီး

 

          ၁၉၃ဝ တစ်ဝိုက်က တစ်ကမ္ဘာလုံးရှိ အရင်းရှင်နိုင်ငံတိုင်းမှာ စီးပွားရေး၊ ကပ်သင့်ခဲ့တယ်။ အရင်းရှင်နိုင်ငံကြီးများ တိုက်ရိုက်အုပ်စိုးသော ကိုလိုနီ နိုင်ငံများတွင်သော်လည်းကောင်း၊ သွယ်ဝိုက် သြဇာပျံ့နှံ့ရာ ကိုလိုနီတစ်ပိုင်း နိုင်ငံများတွင်သော်လည်းကောင်း စီးပွားရေးကပ် ကူးစက်ပျံ့နှံ့ခဲ့တယ်။

          တချို့နိုင်ငံများမှာ ၁၉၃၀ ပြည့်နှစ်ထက် အနည်းငယ်စောပြီး၊ တချို့နိုင်ငံများမှာတော့ ၁၉၃၀ ပြည့်နှစ်ထက် အနည်းငယ် နောက်ကျကာ စီးပွားရေးကပ် ဖြစ်ကြတယ်။ အချို့နိုင်ငံများမှာတော့ ၁၉၃၀ ပြည့်နှစ်မှ စပြီး ၁၉၃၃ ခုကျမှ ဆုံးသွားတယ်။

          ဆိုဗီယက်ယူနီယံမှတစ်ပါး ကမ္ဘာရှိ နိုင်ငံတိုင်းသို့ စီးပွားရေးကပ် ကြီး ဆိုက်ရောက်ခဲ့တယ်။ ဆိုရှယ်လစ်စနစ် ထွန်းကားနေတဲ့ ဆိုဗီယက် ယူနီယံရဲ့ အကျယ်အဝန်းဟာ ကမ္ဘာမြေပြင်ရဲ့ ၆ ပိုင်း ၁ ပိုင်း ရှိတဲ့အတွက် ကမ္ဘာမြေပြင်ရဲ့ ၆ ပိုင်း ၅ ပိုင်းဟာ စီးပွားရေးကပ်ကြီးရဲ့ ဒဏ်ကို ခံလိုက်ရ တယ်။

             ဒီစီးပွားရေးကပ်ကြီး ဘာ့ကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းများနှင့် ပတ်သက်လို့ အငြင်းပွားနိုင်တယ်။ သို့သော် ၁၉၃၀ ပြည့်နှစ်တစ်ဝိုက်မှာ အရင်းရှင်စီးပွားရေးကပ်ကြီး ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်နှင့်ပတ်သက် လို့တော့ မငြင်းနိုင်ကြတော့ဘူး။

          ကမ္ဘာ့စီးပွားရေးကပ်ကြီးဖြစ်တဲ့အတွက် အထင်ရှားဆုံးရလဒ်က ဘာလဲ။ စက်မှုလုပ်ငန်းမှာ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းဖြစ်ပါတယ်။

          အင်အား အတောင့်တင်းဆုံးနှင့် အကြီးကျယ်ဆုံး အရင်းရှင်နိုင်ငံ ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ အဆိုးရွားဆုံးဖြစ်ခဲ့တယ်။

          ၁၉၂၉ ခုနှစ်က စက်မှုလုပ်ငန်း ကုန်ထုတ်လုပ်မှုပမာဏကို ၁ဝဝ ထားလျှင် ကပ်ဆိုက်သောနှစ်များမှာ တစ်ဖက်ပါအတိုင်း တွေ့ရမယ်။

          ဂရိတ်-ဗြိတိန်အနေနှင့်ကြည့်လျှင် ဒီစီးပွားရေးကပ်ကြီး အတော အတွင်းမှာ   အခြားအရင်းရှင်နိုင်ငံကြီးများလောက် မဆိုးရွားဘူးလို့ ထင်ရ သော်လည်း ၁၉၁၃ ခုနှင့်စာလျှင် ကုန်ထုတ်လုပ်မှုဟာ များစွာကျဆင်းနေကြောင်း တွေ့ရတယ်။ (၁၉၁၃ ခု ဆိုတာကတော့ ပထမကမ္ဘာစစ်ကြီး မဖြစ်ခင် ကမ္ဘာမှာ ဗြိတိန် ဗိုလ်စွဲနေစဉ်ကာလဖြစ်ပါတယ်။)

          ၁၉၁၃ ခုနှစ်မှာ ဗြိတိန်ရဲ့ စက်မှုလုပ်ငန်း ကုန်ထုတ်လုပ်မှု ပမာဏ ဟာ ၁ဝဝ ဖြစ်ခဲ့လို့ရှိရင် ၁၉၃၂ ခုနှစ်မှာ ၈၂ ဒသမ ၅ သာလျှင် ဖြစ်နေ တယ်။ 

           ကမ္ဘာ့စီးပွားရေး ကပ်ကြီးအတွင်းမှာ စက်မှုလုပ်ငန်း ကုန်ထုတ် လုပ်မှု ကျဆင်းရုံမက စိုက်ပျိုးရေးလုပ်ငန်း ကုန်ထုတ်လုပ်မှုလည်း ကျဆင်းခဲ့တာပဲ။

          စီးပွားရေး အဆောက်အအုံကြီးရဲ့ အစိတ်အပိုင်းတစ်ခုအနေနှင့် တစ်ပိုင်းကကျလျှင် အခြားတစ်ပိုင်းကလိုက်ပြီး ရိုးရိုးကျဆင်းရုံ မကဘူးဗျ။ အရင်းရှင်စနစ်လက်အောက်မှာ စိုက်ပျိုးရေးလုပ်ငန်း ကုန်ထုတ်လုပ်မှုဟာစက်မှုလုပ်ငန်းကုန်ထုတ်လုပ်မှုရဲ့ လက်အောက်ခံဖြစ်တယ်။ ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်း ကုန်ထုတ်လုပ်မှု ကျဆင်းရုံမက စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်း ဈေးနှုန်းတွေကလည်း ဒလဟော ကျဆင်းသွားတယ်။

          အရင်းရှင်လောကမှာ တန်ခိုးအကြီးဆုံးဖြစ်တဲ့ လက်ဝါးကြီးအုပ် အရင်းရှင်ကြီးများနှင့် ဘဏ္ဍာအရင်းရှင်ကြီးများဟာ စီးပွားရေးကပ်ကြီးနှင့် ရင်ဆိုင်ရတဲ့အခါမှာ “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကား အတိုင်း ကျင့်သုံးကြတယ်။ 

          ကိုယ့်ထက်အားနည်းသူများကို ချနင်းပြီး စီးပွားရေးကပ်ကြီးရဲ့ လောင်မြိုက်မှုမှ ရှောင်ကွင်းရန် ကြိုးစားကြတယ်။ ကိုယ့်ထက်အားနည်း သော စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု အသေးစားများ၊ ငွေရေးကြေးရေးလုပ်ငန်း အသေးစားများ စသည်တို့ကို ဝါးမျိုကြတယ်။ ကိုယ့်ထက်အားငယ်သော ပြိုင်ဘက်များကို သတ်ကြတယ်။ တွက်ကိန်း မမိသော လုပ်ငန်းများကို ပိတ်ပစ်ကြတယ်။

          ဒါကြောင့် အရင်းရှင်အငယ်စားများ၊ ကုန်ထုတ်လုပ်သူ အငယ်စား များ စသည်ဖြင့် အများအပြား ပျက်စီးကြတယ်။ သူတို့ထံမှာ အလုပ်လုပ် သောအလုပ်သမား အများအပြား အလုပ်လက်မဲ့ဖြစ်ကြတယ်။

          လက်ဝါးကြီးအုပ် အရင်းရှင်ကြီးများဟာ စီးပွားရေးကပ်ကြီးရဲ့ ဝန်ထုပ်ဝန်ပိုးများကို အလုပ်သမားများပခုံးပေါ်သို့ လွှဲပြောင်းတင်ပို့လိုက် တယ်။ အလုပ်သမားတွေရဲ့ အခကြေးငွေကို လျှော့လိုလျှော့၊ သတ်မှတ် ထားသောအချိန်တွင်း ပိုခိုင်းလိုခိုင်းနှင့် ခေါင်းပုံဖြတ်သွေးစုပ်မှုကို ပိုပြင်း ပြင်းလုပ်လိုက်တယ်။ သည်မျှနှင့်မလုံလောက်သေးလျှင် အလုပ်သမား တွေကို ထုတ်ပစ်လိုက်တယ်။

          လက်ဝါးကြီးအုပ် အရင်းရှင်ကြီးများဟာ စီးပွားရေးကပ်ကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တောင်သူလယ်သမားတွေရဲ့ ပခုံးပေါ်သို့လည်းလွှဲပြောင်းပေးလိုက်တယ်။

          တောင်သူလယ်သမားတွေ ထုတ်လုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဈေးနှိမ်လိုက်တယ်။ သူတို့ဟာ စီးပွားရေးကပ်ကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေ ကို ကိုလိုနီနှင့် ကိုလိုနီတစ်ပိုင်းနိုင်ငံများမှ ပြည်သူလူထု ပခုံးပေါ်သို့လည်း လွှဲပြောင်းတင်ပို့လိုက်တယ်ဗျာ။

          အထက်မှာ ရှင်းပြခဲ့တဲ့အတိုင်း လက်ဝါးကြီးအုပ်အရင်းရှင်များ (ဝါ) အားအကြီးဆုံးသော ငွေကြေးရှင်ကြီးများက “ဘယ်သူသေသေ ငတေမာ ပြီးရော” ဆိုတဲ့ သဘောမျိုးနှင့် စီးပွားရေးကပ်ကြီးမှ ဆင်းသက် လာတဲ့ ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားလေတော့ အလုပ်သမား အများအပြားဟာ အလုပ်လက်မဲ့ဖြစ်ကုန်ကြတယ်။

          စီးပွားရေးကပ်ကြီးရဲ့ ပထမဆုံးသော ရလဒ်ဟာ အလုပ်လက်မဲ့ ပြဿနာဖြစ်တယ်။ တစ်ဖက်မှာ မရောင်းရတဲ့ကုန်ပစ္စည်းတွေက ပုံနေ တယ်။ စက်ရုံအလုပ်ရုံများစွာ ပိတ်ထားရတယ်။

          အခြားတစ်ဖက်မှာ စားရမဲ့သောက်ရမဲ့ အလုပ်လုပ်ချင်လျက် မလုပ်ရသော အလုပ်လက်မဲ့လူဦးရေက သန်းချီပြီး ရှိနေတယ်။

          ဂရိတ်ဗြိတိန်မှာ အလုပ်လက်မဲ့ဦးရေဟာ ၃ သန်း၊ ဂျာမနီမှာ ၅ သန်းနှင့် အမေရိကန်ပြည်ထောင်စုမှာ ၁၀ သန်း စသည်ဖြင့် ဖြစ်ခဲ့တယ်။ သည်မျှမက ရက်ပိုင်းလောက် သို့မဟုတ် နာရီပိုင်းလောက် အလုပ်လုပ်ရပြီး ကျန်အချိန်တွေမှာ အလုပ်မရှိတဲ့ အချိန်ပိုင်းအလုပ်လက်မဲ့တွေက ၁ဝ သန်းကျော် ရှိသေးတယ်။     သန်းပေါင်းများစွာသော တောင်သူလယ်သမား များဟာလည်း ဆင်းရဲကျပ်တည်းကုန်ကြတယ်။ အလုပ်အကိုင် ပျက်ကုန် ကြတယ်။

          ကမ္ဘာမြေပြင်ရဲ့ ၆ ပိုင်း ၅ ပိုင်းပေါ်မှာ တည်ရှိတဲ့ အရင်းရှင်နိုင်ငံ များ၊ အရင်းရှင်ဩဇာအောက် ကျရောက်နေသော    နိုင်ငံများ၊ ကိုလိုနီနှင့်ကိုလိုနီတစ်ပိုင်း နိုင်ငံများ၊ ရှိသမျှသော နိုင်ငံများမှာ လုပ်သားပြည်သူတွေ ရဲ့ ဘဝကံကြမ္မာဟာ ဆိုးရွားလှပါတယ်။ သည်အထဲမှာ အိန္ဒိယပြည်၊ မြန်မာပြည်တို့လို နယ်ချဲ့လက်အောက်ခံ ကိုလိုနီနိုင်ငံများမှ လုပ်သားပြည် သူတွေရဲ့ ဘဝကံကြမ္မာက အဆိုးဆုံးဖြစ်တယ်။

          လက်ဝါးကြီးအုပ် အရင်းရှင်ကြီးများဟာ စီးပွားရေးကပ်ကြီး ဆိုက် ရောက်လာတော့ ကြီးနိုင်ငယ်ညှဉ်းလုပ်ကြရုံမက အချင်းချင်းလည်း ပြိုင်ကြ ဆိုင်ကြ၊ တိုက်ကြခိုက်ကြနှင့် ပဋိပက္ခတွေ ပြင်းထန်လာတယ်။

          ကမ္ဘာနှင့်တစ်ဝန်း စီးပွားရေးအခြေအနေကျဆင်းပြီး လုပ်သားပြည် သူတွေရဲ့ ဝယ်အား နည်းပါးလာသည်နှင့်အမျှ လက်ဝါးကြီးအုပ် အရင်း ရှင်ကြီးတွေရဲ့ ဈေးကွက်က ကျုံ့လာတယ်။ နိုင်ငံတကာ ကူးသန်းရောင်း ဝယ်ရေး များစွာကျဆင်းလာတယ်။

          ဈေးကွက် ကျုံ့လာလေလေ၊ ပြိုင်ဆိုင်မှုများလေလေ၊ ဈေးကွက် လုကြလေ ဖြစ်တယ်။

          အချင်းချင်း ဈေးကွက်လုရင်း ကုန်ဈေးနှုန်းတွေ အဆမတန် ကျဆင်းကုန်ရင် အရင်းရှင်    အမြတ်ကြီးစားစနစ်တစ်ခုလုံး ယိမ်းယိုင် ထိပါးမှာ စိုးတာကြောင့် ကုန်ပစ္စည်းများစွာကို ဖျက်ဆီးပစ်ကြတယ်။

          ကိုယ့်နိုင်ငံကိုဖြစ်စေ၊ ကိုယ့်သြဇာ စူးရှရာ နိုင်ငံကိုဖြစ်စေ အခြား နယ်ချဲ့အရင်းရှင်များက ထိုးဖောက်ဝင်ရောက်ကာ ဈေးကွက်မလာနိုင်အောင် အခွန်အကောက်တွေကို မြှင့်တင်ပြီး တံတိုင်းကာဆီးကြတယ်။ အခွန်အကောက်စစ်ပွဲတွေ၊ ကူးသန်းရောင်းဝယ်ရေးစစ်ပွဲတွေ အကြီး အကျယ်ဖြစ်လာခဲ့တယ်။

          ဗြိတိသျှနယ်ချဲ့အရင်းရှင်ကြီးများက ဂျပန်၊ ဂျာမန်၊ အမေရိကန် စတဲ့ အခြားနယ်ချဲ့အရင်းရှင်ကြီးများနှင့် ယှဉ်ပြိုင်တိုက်ခိုက်သော ကူးသန်း ရောင်းဝယ်ရေးစစ်ပွဲ၊ အခွန်အကောက်တော်စစ်ပွဲ စသည်များမှာ လက်

အောက်ခံဖြစ်တဲ့ မြန်မာနိုင်ငံက ကန့်ကွက်ပိုင်ခွင့်မရှိဘဲ ပါသွားရပါတယ်။

          စီးပွားရေးကပ်ကြီးအတွင်း ကူးသန်းရောင်းဝယ်ရေးစစ်၊ အခွန် အကောက်တော်စစ် ဆင်နွှဲကြရာမှာ လက်အောက်ခံနယ်ပယ် သြဇာနယ် ပယ် ကျယ်သူက အခွင့်အရေးသာတယ်။ ဒါကြောင့် လက်အောက်ခံ နယ်ပယ်ကျယ်သူတို့က ကမ္ဘာကြီးကို ပြန်လည်ခွဲဝေဖို့ စကားပြောလာ ကြတယ်။ လက်ရှိကလည်း လက်လွတ်မခံနိုင်၊ လက်မဲ့ကလည်း လုယူချင် ဖြစ်လေတော့ တကယ့်လက်နက်ကိုင် စစ်စကားကို ပြောလာကြတယ်။ စစ်မက် ပြင်ဆင်လာကြတယ်။ လက်စားချေရေး၊ စစ်ပြုရေးနှင့် လူမျိုးရေး သွေးခွဲရေး အမျိုးသားရေးတို့ကို အားပေးသော နိုင်ငံရေးပါတီများ အားကောင်းလာကြတယ်။

          စီးပွားရေးကပ်ကြီးကြောင့် အများဆုံး ဒုက္ခရောက်ရသော သွေးစုပ် ခြယ်လှယ်မှုကို ခါတိုင်းထက် တိုးခံကြရသော လုပ်သားပြည်သူတို့က လက်ဝါးကြီးအုပ် အရင်းရှင်ကြီးများကို ပြန်လည်ခုခံတိုက်ခိုက်လာကြ တယ်။ လူတန်းစားတိုက်ပွဲတွေ များစွာပြင်းထန်လာတယ်။

          လက်ဝါးကြီးအုပ် အရင်းရှင်များဟာ လူတန်းစားတိုက်ပွဲ၊ လူတန်း စားနိုင်ငံရေးနှင့် လူတန်းစား သဘောတရားများကို လူမျိုးရေး သွေးခွဲရေး အမျိုးသားရေးဝါဒနှင့် စစ်ဝါဒတို့ဖြင့် ဖုံးလွှမ်းချေဖျက်ပစ်ရန် ကြိုးစားကြ တယ်။ သည်မျှမကသေး၊ အကြမ်းဖက်နှိမ်နင်းကြတယ်။ ဒီမိုကရေစီ အခွင့်အရေးများကို ရုပ်သိမ်းကြတယ်။

          စီးပွားရေးကပ်ကြီးနှင့်ရင်ဆိုင်ရတဲ့ လက်ဝါးကြီးအုပ် အရင်းရှင်များ ဟာ အရင်းရှင် ပါလီမန်ဒီမိုကရေစီကိုပင် စိတ်မချတော့ဘူး။ ဒါကြောင့် ဖက်ဆစ်ဝါဒနှင့် ဖက်ဆစ်ပါတီများ အားကောင်းလာတယ်။ တချို့နိုင်ငံ တွေမှာ ဖက်ဆစ်တို့ အာဏာသိမ်းပိုက်ကြတယ်။

          ၁၉၃၀ ပြည့်နှစ်တစ်ဝိုက်မတိုင်မီ နှစ်များတုန်းက လက်နက်ဖျက်သိမ်းရေးစကား တော်တော်ပြောခဲ့ကြသော်လည်း ၁၉၃ဝ တစ်ဝိုက် ရောက်လာတော့ လက်နက်ပြန်လည်တပ်ဆင်ရေးကိုသာ ပြောလာကြ တော့တယ်။

          တကယ်ကတော့ လက်ဝါးကြီးအုပ်အရင်းရှင်များအဖို့ လက်နက် ခဲယမ်း ထုတ်လုပ်ရေးလုပ်ငန်းဟာ အမြတ်များတဲ့ လုပ်ငန်းဖြစ်တယ်။

          စီးပွားရေးကပ်ကြီးမှ ထွက်ပေါက်တစ်ခုအနေနှင့် စစ်မက်လက် နက် ထုတ်လုပ်ရေးလုပ်ငန်းကို အားကိုးကြပါတယ်။ သူတို့ဟာ စောစော က လက်နက်ဖျက်သိမ်းရေးကို ဟန်ဆောင်အော်ခဲ့သော်လည်း လက်နက် ပြန်လည်တပ်ဆင်ရေးသာ သူတို့ရဲ့ သည်းခြေကြိုက် ဖြစ်ပါတယ်။

          ကမ္ဘာတစ်ခုလုံးမှာ လမ်းနှစ်သွယ် ထင်းခနဲမြင်သာလာတယ်။ လက်ဝါးကြီးအုပ် အရင်းရှင်များရဲ့ ကမ္ဘာကို ပြန်လည်ခွဲဝေရေး၊ အရင်းရှင် စနစ် သက်ဆိုးရှည်ပြီး ဆက်လက်သွေးစုပ်ခြယ်လှယ်ရေး၊ စစ်မက်ပြုရေး က လမ်းတစ်သွယ်ဖြစ်ပြီး၊ လုပ်သားပြည်သူတို့ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးလွတ်လပ်ရေးနှင့် လူတန်းစားဘဝ လွတ်မြောက်ရေး တော်လှန်ရေးက လမ်းတစ်သွယ်ဖြစ်ပါတယ်။

          ၁၉၃၀ တစ်ဝိုက် မြန်မာနိုင်ငံရေးသမိုင်းကို ထိုလမ်းနှစ်သွယ်က အများကြီး သြဇာပေးခဲ့ပါတယ်။