Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

သိန်းဖေမြင့် - ဝထ္ထုတို ၅ ပုဒ်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
Type

ငွေစိန် လှေလှော်ရင်း တက်ကျိုးခြင်း

 

(၁) 

          တစ်ခုသော ဧပြီလတစ်လ၏ စနေနေ့တစ်နေ့တွင် ကျွန်တော် သည် အနောက်ပိုင်း(၂) ရာဘက်တရားသူကြီးရုံးတွင် အမှုတစ်မှု၌ ရှေ့နေလိုက်ပြီးနောက် ဘားလမ်းရှိ ကျွန်တော်၏ အလုပ်ခန်းသို့ ပြန် လာခဲ့လေသည်။

          အချိန်မှာ တစ်နာရီခန့်မျှဖြစ်၍ နေပြင်းထန်စွာ ပူလျက်ရှိ၏။ လမ်း၏ ကတ္တရာစေးမျက်နှာပြင်ပေါ်တွင် အပူအခိုးငွေ့သမ်းနေသည် ကိုပင် မြင်ရလေသည်။ ရန်ကုန်မြစ်မှ ဝေ့ဝိုက်တိုက်ခတ်လာသော လေပြည်ကလေးသည်ပင် အေးမြအောင် မစွမ်းနိုင်ချေ။

          ကျွန်တော့်အလုပ်ခန်းမှာ တိုက်၏ တတိယထပ်မှာရှိသဖြင့် ဟောဟဲလိုက်အောင် တက်ယူရလေသည်။     ခေါင်းပေါင်းစတလူလူ၊ လက်ထဲက ဝတ်လုံနက်တယမ်းယမ်း၊ ဘန်ကောက်လုံချည်တရွှမ်းရွှမ်း နှင့် ခံ့ညားသောအသွင်ကိုဆောင်မည်ဖြစ်သော်လည်း ဝတ်ဆင်ရ သော ကျွန်တော့်မှာ မသက်သာလှပါချေ။ ခေါင်းပေါင်းသည် အိုက်ရုံမက နားထင်ကိုက်စေသည်။

          ရှေ့နေလိုက်ရာ၌ အကြောကြီးတွေ ထောင်လာအောင် စကား ပြောရလေလေ၊ ခေါင်းပေါင်း၏ဒဏ်ကို ခံစားရလေဖြစ်ပေသည်။ ဝတ်လုံနက်ကိုပိုက်ပြီး အမှုတွဲများကို ကိုင်ရသောလက်၊ ဘန်ကောက် ပုဆိုးစကို ဆွဲကိုင်ရသောလက်တို့မှာလည်း ညောင်းလှချေပြီ။ မတပ် မဖြစ် တပ်ထားရသော စတစ်ကော်လာမှာလည်း လည်အစ် ကုပ်အိုက်အောင် အထူးတလည် စီမံထားသည်နှင့်တူသည်။ အကယ်၍ တရား ဥပဒေဆိုင်ရာ စနစ်သစ်တစ်ခုခုပေါ်အံ့၊ ထိုစနစ်သစ်တွင် ဖော်ပြပါ ဝတ်လုံတော်ရ ရှေ့နေအဆောင်အယောင်တို့ကို ပယ်ထားငြားအံ့။ ကျွန်တော်သည် အခြားအချက်အလက်တို့ကို ဂရုမမူတော့ဘဲ ဤ တစ်ချက်တည်းနှင့်ပင် ထိုစနစ်သစ်ကို ထောက်ခံမိပေလိမ့်မည်။

          ကျွန်တော်သည် အလုပ်ခန်းတွင်းသို့ ဝင်မိသည်နှင့်တစ်ပြိုင် နက် လက်ထဲမှ အမှုတွဲဖိုင်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။ ဝတ်လုံ အကျီနက်ကြီးကို ချိတ်မှာ ချိတ်လိုက်သည်။ ခေါင်းပေါင်းကို ချွတ်၍ ဂျတ်ဘူးထဲ ထည့်လိုက်သည်။ ကိုယ်ရောစိတ်ပါ လွတ်လပ်ပေါ့ပါး သွားလေတော့သည်။ 

          ပန်ကာဖွင့်ပြီးမှ ကုလားထိုင်တွင် ထိုင်လေသည်။ သတင်းစာ ကောက်ဖတ်မည်လုပ်ရင်း ခြေကပါ အိုက်လာသည်ထင်သဖြင့် ရှူး ဖိနပ်နှင့် ခြေအိတ်များကို `ချွတ်ပစ်ရပြန်လေသည်။ သည်တော့မှ အလုပ်ခန်းတွင် အသင့်ထားသော ပိန်းတန်းဖိနပ်မှာ သဲကြိုးပြတ်ခါ နီးတဲတဲသာ ကျန်သဖြင့် အသစ်ဝယ်ရန်ရှိသည်ကို သတိရလေတော့ သည်။

          ဒိုင်ယာရီတွင် တနင်္လာနေ့ အမှုရုံးချိန်းများကို ကြည့်သည်။ ပြီးတော့ ဆိုင်ရာအမှုတွဲများကို စားပွဲအံဆွဲမှ ထုတ်ယူ၍ အသောလှန်ကြည့်ပြီး အိမ်မှ ဘယ်ဥပဒေစာအုပ်များ ဖတ်ရမည်ကို မှတ်သား ထားလိုက်သည်။ ထို့နောက် မကျေသေးသော အမှုတွဲကို စေ့စေ့ စပ်စပ်ဖတ်၏။ ကျွန်တော်သည် အမှုကို စေ့စေ့စပ်စပ်လေ့လာ၍ ပြင်ဆင်မှု ဖူလုံအောင်လုပ်သော ဝတ်လုံတော်ရ ရှေ့နေတစ်ယောက် ဖြစ်ပေသည်။

          သို့ဖြင့် သုံးနာရီ ထိုးသွားလေ၏။ ရှေ့နေ စာရေးတို့၏ လက် နှိပ်စက်ရိုက်သံတွေလည်း အဲလေပြီ။ အမှုဧည့်သည်တို့၏ ဖိနပ်သံ များလည်း ဆိတ်လေပြီ။ ကျွန်တော်နှင့် အခန်းစပ်တူ ခွဲယူထားသော ရှေ့နေများလည်း တစ်ယောက်မကျန် ပြန်ကြလေပြီ။ တစ်ဖက်ခန်း မှ ကုမ္ပဏီအလုပ်တိုက်ပင် ပိတ်သွားလေပြီ။

ကျွန်တော်သည် ရှူးဖိနပ်ကို ပြန်စီး၏။ အပြန်တွင် ပိန်းတန်း ဖိနပ်တစ်ရန်ဝယ်ရမည်ကိုလည်း သတိရပြန်၏။

          ကျွန်တော်သည် နေရန် တိုက်အိမ်ပိုင်သူဖြစ်သော်လည်း စီးရန် မော်တော်ကားပိုင်သူမဟုတ်ပေ။ စားပွဲအံဆွဲ၊ ဗီရိုနှင့် အခန်းများကိုသော့ခတ်ပြီးနောက် အောက်သို့ဆင်းလာ၍ ဘားလမ်းအတိုင်း ဖရေ ဇာလမ်းသို့ လျှောက်လာခဲ့လေသည်။ နေမှာပူ၍ကောင်းတုန်းပင် ဖြစ် သည်။ သို့သော် မြစ်ဘက်မှ လေသည် တဟူးဟူးတိုက်ခတ်နေသဖြင့် အပူရှိန်တော်တော်လျော့နေသည်ဟု ထင်မိ၏။

          စနေနေ့ ခုလိုအချိန်တွင် ပုလိပ်ရုံးကြီး၊ ဟိုက်ကုတ်မြူနီစီပယ် ရုံးကြီးနှင့် ကားလမ်းတစ်ဝိုက်တွင် လူပါးသည်။ အသွားအလာ အရှုပ်အထွေးနည်းသည်။ ထို့ကြောင့် ကျွန်တော်မှာ စိမ်ပြေနပြေ လျှောက်နေနိုင်ပေသည်။

          ဖရေဇာလမ်းသို့ ရောက်သောအခါ ဘယ်ဘက်ချိုး၍ သိမ်ကြီး ဈေးဆီသို့ ဦးတည်၍ လျှောက်ခဲ့လေသည်။ ဟိုဘက်မှာ လူပါးပြီးအသွားအလာနည်းသလောက် ဒီဘက်ကျတော့ လူများ၍ အသွား အလာရှုပ်လေသည်။ ကျွန်တော်လိုချင်သော ဖိနပ်အတွက် သားနား ၍ တော်တော်ကြီးမားသော ဖိနပ်ဆိုင်များတွင် ကြည့်သည်။ ပုံကြိုက် ၏၊ အမျိုးမကြိုက်။ ခုံကြိုက်၏၊ သဲကြိုးမကြိုက်။ အကြိုက်မတွေ့ သဖြင့် ဈေးပင်မဆစ်ဘဲထွက်ခဲ့သည်။ သည်လိုနှင့် ဆူးလေဘုရား လမ်း၊ နောက် စစ်ကဲမော်ထော်လေးလမ်း စသည်တို့ကို ဖြတ်ကျော် ခဲ့လေသည်။ နောက်တွင်ကား အကြိုက်တွေ့သော်လည်း ဈေးမတည့် ဖြစ်ရပြန်၏။သို့ဖြင့် မဂိုလမ်း ရောက်ခါနီး ဆိုင်ကြီးကြီးတစ်ခုတွင် ရှာပြန်သောအခါ ကြိုက်သောပုံ၊ ကြိုက်သောခုံ၊ ကြိုက်သောသဲကြိုး၊ ကြိုက်သောအမျိုးနှင့် ဖိနပ်ကို တွေ့ လေသည်။ သို့သော် ဈေးရောင်း သူသည် ကျွန်တော့်အား အဖက်မတန်သလိုကြည့်ပြီး မောက်မာ သောလေသံဖြင့် ပြောဆိုလေရာ ငါ့လိုဝတ်လုံတော်ရ ရှေ့နေတစ် ယောက် ဤရှု၊ ဤလေမျိုးဖြင့် ဆက်ဆံရသလောဟု စိတ်ထဲက ကျိတ်ဒေါဖောင်းပြီး မဝယ်ဖြစ်ဘဲ ထွက်လာခဲ့လေသည်။

          မဂိုလမ်းလွန်သောအခါမှာမူကား ဖိနပ်ဆိုင်ကြီးများ မတွေ့ရ တော့ပေ။ ထင်းရှူးပြားများကို ဗန်းလုပ်လျက် ဖိနပ်အရန် ၂၀၊ သို့ မဟုတ် ၃၀ မျှကို ခင်းပြ ရောင်းချနေကြသော လမ်းပေါ်ဈေးသည် ကလေးများကိုသာ တွေ့ရလေတော့သည်။ သူတို့သည် ထင်းရှူး သေတ္တာ ခပ်ငယ်ငယ်ကိုထောက်၍ထိုင်သူထိုင်၊ ခွေးခြေခုံလေးများ တွင် ထိုင်သူထိုင်၊ တိုက်ပျက်မှ အုတ်ခဲများကို ပုံ၍ ထိုင်သူထိုင်ကာ ရောင်းချနေကြ၏။နေပူရောင်တိုက်ရိုက်ထိုးနေသဖြင့် ယောက်ျား များမှာ ဦးထုပ်ဆောင်းပြီးရောင်း၍ မိန်းမများမှာ ထီးမိုး၍ ရောင်း နေကြလေသည်။ သူတို့ဆိုင်များမှ ဖိနပ်များမှာ နာမည်ကြီးတံဆိပ် ခတ်နှိပ်ထားခြင်းမရှိချေ။ သူတို့ဆိုင်များသို့ ကျွန်တော့်လို ဝတ်လုံတော်ရ ရှေ့နေမဆိုထားဘိ ရုံးစာရေးပင် ဝင်ကြဟန်မတူ။ မြို့နေ အလုပ်သမား ဆင်းရဲသားများနှင့် ရန်ကုန်သို့ တစ်ခါတစ်ခေါက် ရောက်လာသော အသွင်အပြင်ခြားနားသည့် တောနေ ဆင်းရဲသား များသာ ရွေးချယ် ဈေးဆစ်နေသည်ကို တွေ့မြင်ရပေ၏။ ကျွန်တော် သည် အစဦး၌ သူတို့ဆိုင်ဝင်ရန် နှောင့်နှေးနေမိသည်။ နောက်မှ မောက်မာသော ဆိုင်ကြီးရှင်အပေါ်တွင် မကျေသောအခဲကို ချေပ သောသဘောဖြင့် အဝယ်အခြမ်းမရှိသော ဆိုင်ကလေးရှင်တစ်ဦးထံ ချဉ်းကပ်လေတော့သည်။

         ထိုသူကား အသက် ၃၀ ကျော်လောက် ရှိပေလိမ့်မည်။ အရပ် အမောင်းကောင်း၏။ ရင်ဘတ်ကျယ်၏။ လက်မောင်းနှင့် ခြေသလုံး တို့တွင် ကြွက်သားများကို မြင်နိုင်၏။ မျက်နှာမှာ ခပ်ပြားပြားဖြစ် ပြီး နှုတ်ခမ်းထော်၏။ မေးကား၏။ သူ့ခေါင်းပေါ် တင်ရုံတင်ထားသော ဖော့ဦးထုပ်မှာကား ပုံပျက်နေရုံမက ညစ်ပတ်ပေကျံနေလေ သည်။ သူသည် အရှေ့ဘက်ဆီသို့ မကြာခဏ လှမ်းကြည့်၏။ သူ့ အကြည့်ကား မျှော်လင့်တောင်းတသောအကြည့်မဟုတ်ဘဲ စိုးရိမ်ကြောင့်ကြသော အကြည့်ဖြစ်သည်ဟု ကျွန်တော် ခန့်မှန်းလိုက်လေ သည်။ အကယ်၍သာ မျှော်လင့်တောင့်တသော အကြည့်ဖြစ်ပါမူ အရှေ့ဘက်မှ သူ့ဆီချဉ်းကပ်လာသော ဈေးဝယ်လာသူ ကျွန်တော့် အား ပြုံးရွှင်စွာ ခရီးဦးကြိုဆိုပေလိမ့်မည်။   ကြွရောက်ရှုစားပါ၊ ဝယ် လှည့်ပါဟု ဈေးခေါ်ဖိတ်ကြားပေလိမ့်မည်။ ခုတော့ ဤသို့မဟုတ် ပေ။ ကျွန်တော်က သူ့ဗန်းထဲမှ ဖိနပ်တစ်ရန်ကို ကောက်ကိုင်လိုက် တော့မှ ဖျာပျာသလဲဖြစ်လာပြီး ..

          “ဘယ်လိုအမျိုး လိုချင်လို့ပါလဲခင်ဗျာ”

          “မင်းဖိနပ်တွေက အမျိုးအစားညံ့တယ်ကွ”

            “အမျိုးအစားတော့ မညံ့ပါဘူးခင်ဗျာ။ နာမည်မရသေးတဲ့ တံဆိပ်တွေမို့လို့ပါ။ အမျိုးအစားကတော့ နာမည်အကြီးဆုံးတွေနဲ့ ပြိုင်နိုင်ပါတယ်။ ကြည့်ပါလားခင်ဗျာ”

          သူသည် ပြောပြောဆိုဆို ဖိနပ်တစ်ရန်ကို ကောက်ယူပြီး ကော့ ၊ ကွေးပြ ရိုက်ခတ်ပြလေသည်။ ကျွန်တော်သည် သူ၏ ချက်ကျသောစကားနှင့် သွက်လက်ချက်ချာသော အမူအရာများကို နှစ်သက် မိပေ၏။

          “မင်းဆိုင်က ဘာဖြစ်လို့ နာမည်ရပြီးသားတံဆိပ်နဲ့ ဖိနပ် တွေကို မထားသလဲကွ”

          သူသည် အရှေ့ဘက်သို့ စိုးရိမ်စွာလှမ်းကြည့်ပြီး ကျွန်တော့် စကားကို မကြားသလိုနေလိုက်လေသည်။ ဘတ်စ်ကားသံတွေမှာ လည်း ဆူညံပြီး အသံတကာကို လွှမ်းမိုးနေ၏။ အတန်ကြာမှ အရှေ့ ဘက်ဆီသို့ စိုးရိမ်စွာ မျှော်ကြည့်နေသော မျက်လုံးများကို ကျွန်တော့် ဆီသို့ လွှဲယူလိုက်ပြန်ပြီး ...

           “ဘာတဲ့ဆရာ...”

           “မင်းဆိုင်က ဘာဖြစ်လို့ နာမည်ရပြီးသားတံဆိပ်နဲ့ ဖိနပ်တွေ ကို မထားတာလဲလို့ မေးနေတယ်”       

           “ဆရာကြီးရဲ့ ... ဒီကိစ္စက စီးပွားရေးသဘောတရားတစ်ခု ဖြစ်နေလို့ အကျယ်ရှင်းပြဖို့လိုပါတယ်။ ဆရာကြီးမှာ အချိန်ရမယ် မထင်ပါဘူး။ ဒီတော့ လိုရင်းအစီရင်ခံပါမယ်။ တံဆိပ်ဟာ အမည် သညာသာ ဖြစ်ပါတယ်။    နှင်းဆီပန်းဟာ ဘယ်နာမည်နဲ့ခေါ်ခေါ် မွှေးမှာ လှမှာတော့ အမှန်ပဲဆိုတာလို ကျွန်တော် ရောင်းချနေတဲ့    ဖိနပ်တွေဟာ ဘယ်တံဆိပ်တပ်တပ်၊ အကောင်းချည်း ဖြစ်ပါတယ်”

          ကျွန်တော်က ပြုံးမိလေသည်။ ဒီလို လမ်းပေါ်က အနုပ်စုတ်