သိန်းဖေမြင့် - သူတိုလင်မယား၃၄နှစ်
စိမ့်ကြီး မြိုင်ကြီး - ရိပ်ကြီးငယ်သာ ဆန်းပေစွတကယ်။ တစ်လှမ်း မကွာတယ်။ ဘယ်ဆီ မြန်ပါစေတော့ရယ်။ နန်းညှာနွယ်တွဲမှီကာ လိုက် ရှာလေတဲ့မယ်။
ကန္တမဆုံးမီမှာကွယ် တစ်လမ်းလုံး သီကရီ၊ မဒီပန်းရှာရော့မယ်။ ရွှေအားတော် ငယ်နှင့်ကွယ်၊ ဟောဒီကုန်းအတက်ကလေးကခေါ်မယ်။ မောင့်ပခုံးကို မှီတွဲကာ ဖက်ပါကွယ်။
တောမြိုင်လယ်၊ နဒီယံတစ်ဝိုက်မှာ လှကွယ်၊ ဪ မမောနိုင်ရှာ တယ်။ အမီအမြန် လိုက်ရှာခဲ့မယ် ချောမေခိုင်ရယ်၊ ပြည်တော်ပြန်လမ်း ပန်းရှာရော့မယ်။
တောတောင်ခြေ ဂမုန်းငယ်တို့ ၊ ချောင်းလုံးပြည့် ရွှေဖီရယ်။
ကျေးငှက်သံ ပလီတယ်၊ သော် ကျေးငှက်သံတွေက ပလီတယ်။ တီတီတာတာ၊ နုတယ်ကိုး၊ ညှိုးပါနှင့်မယ်၊ မညှိုးလေးလေ့၊ မညှိုးတဲ့နိုင်အောင်ကွယ်၊ ဖိုးရွှေခေါင်၊ ငှက်ကယ်ကရယ်၊ မလေးကို မြည်ကာချော့ မယ်၊ ကြည်ပါတော့ကွယ်၊ မြည်ကာချော့တယ်လေး။
နံနက်ခင်း စင်္ကြံလျှောက်နေစဉ် ကျွန်တော် ကြားလိုက်ရသော မြိုင်ထ သီချင်းသံ။
သီချင်းစာသားတွေက သာယာကြည်နူးဖွယ် ကောင်းလှသည်။
သီဆိုသူ ကိုအံ့ကြီး၏ အသံကလည်း ကြည်လင် အေးမြလှ သည်။
မြန်မာ့အသံ လေလှိုင်းကလည်း ပီသ ကြည်မြလှသည်။
ယခုနှစ် မိုးရာသီမှာ စောစောကြီး ဆိုက်ရောက်လာသဖြင့် ကောင်း ကင်ပြင်တစ်ခုလုံး မိုးသားတိမ်တိုက်တို့ဖြင့် အုံ့ဆိုင်းလျက်ရှိ၏။
ကျွန်တော်သည် အပြင်ထွက်ပြီး လမ်းလျှောက်လိုသော်လည်း အုံ့ဆိုင်းနေသော မိုးသား တိမ်တိုက်တို့ကြောင့် အပြင်မထွက်တော့ဘဲ ကျွန်တော့်အိမ် ဝရန်တာမှာပင် ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပြီးနောက် စင်္ကြံလျှောက်လျက် ရှိ၏။
ရေဒီယိုသံသည် ကျွန်တော်တို့အိမ်မှ အသံမဟုတ်။ မလှရီတို့ လင်မယားနေသော အိမ်တန်းလျားမှလာသော အသံဖြစ်သည်။
ကိုအံ့ကြီး၏ မြိုင်ထသီချင်းသံတွင် သာယာကြည်နူးနေမိသော် လည်း၊ ထိုအသံကြောင့်ပင် ကျွန်တော် အံ့သြနေပါ၏။ မအံ့သြဘဲ နေပါ မည်လော၊ မလှရီတို့၏ အိမ်မှာ လူမမာအိမ် ဖြစ်နေပြီတည်း။
ကျွန်တော်ရေးခဲ့သည် ‘တစ်ခုသော ငွေရတုသဘင်” ကို ဖတ်ပြီး ကြသော မိတ်ဆွေများ မှတ်မိကောင်း မှတ်မိကြပါလိမ့်မည်။ ကျွန်တော် တို့ အိမ်နှင့် မလှရီတို့ လင်မယားနေသော အိမ်သည် တစ်ဝိုင်းတည်းတွင် ဖြစ်ပြီး မြက်ခင်းကလေးတစ်ခုသာ ခြားလေသည်။ ပန်းပင် သီးပင် ခင်တန်းပါးပါးကလေးက သူတို့အိမ်နှင့် ကျွန်တော်တို့ အိမ်ကြားမှာ ကန့်လန့်ကာသဖွယ် ရပ်တည်နေပေသည်။
သူတို့အိမ်တွင် မလှရီ၏ ခင်ပွန်း ကိုအေးမောင် နာမကျန်းဖြစ်ပြီး အိပ်ရာတွင် လဲနေသည်မှာ နှစ်လနီးပါးရှိလေပြီ။ သူတို့ ရေဒီယိုမှ အသံ တိတ်နေသည်မှာလည်း ထိုမျှပင် ကြာပါပြီ။
ယခင်ကဆိုလျှင် သူတို့အိမ်မှ ရေဒီယိုကို တိုးတိုးတစ်ခါ ကျယ် ကျယ် တစ်လှည့်ဆိုသလို အမြဲတမ်း ဖွင့်ထားတတ်သည်။ ကျယ်လွန်းသောအခါ ကျွန်တော့်ကို အနှောင့်အယှက်ပေးသဖြင့် လှမ်းအော်၍ တိုးတိုးဖွင့်ရန် ပြောရသည်။ လုံးလုံးပိတ်ထားဖို့ ပြောရန်ကား မဖြစ်နိုင် ချေ။ မလှရီ ကျွန်တော်တို့နှင့် အတူနေသောကာလ နှစ် ၂၀ ပြည့်တုန်းက ကျွန်တော်ကပင်လျှင် လက်ဆောင်အဖြစ်ဖြင့် ထိုရေဒီယိုကို မလှရီအား ပေးခဲ့ခြင်းဖြစ်၏။
မလှရီသည် ရေဒီယိုကို စွဲနေပေပြီ။ သူ့အတွက် ရေဒီယိုတစ်လုံး သတ်သတ်မပေးမီ ကျွန်တော်တို့ ရေဒီယိုကို သူပဲ အများဆုံးနားထောင် ခဲ့၏။ သူတို့အဖို့ သီးသန့်တစ်လုံး ရသွားပြန်တော့လည်း သူပဲ အများဆုံး နားထောင်၏။ မလှရီသည် ချက်ရင်းပြုတ်ရင်း၊ အဝတ်လျှော်ရင်း၊ မီးပူ တိုက်ရင်း၊ ထမင်းစားရင်း၊ အနားယူရင်း၊ နေ့ခင်းနေ့လယ် တစ်ရေး တစ်မောအိပ်ရင်း ရေဒီယိုကို ဖွင့်ထားသည်။ ဂရုတစိုက် နားထောင်သည် မထောင်သည်မှာ ပဓာနမဟုတ်။ ရေဒီယိုသံကြားနေရခြင်းသာ ပဓာနဖြစ် သည်။ မလှရီသည် မြန်မာ့အသံဖြင့် အချိန်မှတ်သူလည်း ဖြစ်သည်။ မလှရီသည် ဈေးသွားသည်မှအပ အပြင်သိပ်ထွက်ရသူမဟုတ်။ စာတတ် သူလည်း မဟုတ်။ ထို့ကြောင့် မြန်မာ့အသံကို ဖွင့်ထားသည့်အချိန်များ အနက် ဂရုတစိုက် နားထောင်သည့်အခါ ဖြစ်စေ၊ ဂရုမစိုက်ဘဲ နားထောင် သည့်အခါဖြစ်စေ၊ အိပ်ငိုက်ရင်း နားထောင်သည့်အခါ ဖြစ်စေ၊ ဒီတစ်ချိန် မဟုတ် အခြားတစ်ချိန်ချိန်တွင် သတင်းတစ်ခုခု၊ ဗဟုသုတ တစ်ရပ်ရပ်၊ ဂီတရသ တစ်ပါးပါး စသည်တို့သည် မလှရီ၏ ဟဒယနှလုံးအိမ်အထိ စိမ့်ဝင်ထိုးဖောက်လေသည်ဖြစ်၏။
မလှရီ ရေဒီယိုစွဲသလို ကိုအေးမောင်လည်း ရေဒီယို စွဲနေသည်။ သူသည် စာတတ်သူဖြစ်သဖြင့် သတင်းစာနှင့် ဝတ္ထုများကို ဖတ်၏။ (ဘုရားတရားကိုကား ဝါသနာ မပါပါ) သူ ငယ်ငယ်က အတီးအမှုတ် ဝါသနာပါသည်။ သီချင်းကြီးများကို သီဆိုရင်း တီးမှုတ်တတ်သည်။ ကြီးလာတော့ သီချင်း ဂီတ သီဆို တီးမှုတ်သံများကို နားထောင်ရန် ဝါသနာပါသည်။ သို့သော် မြန်မာ့အသံကို ကိုအေးမောင် နားထောင်ခြင်း မှာ ဤအကြောင်းကြောင့်သာဟု မမှတ်ယူသင့်ပါ။ ကိုအေးမောင်သည် ရုံးစာရေးကြီး ဖြစ်သည်။ သူ ရုံးမှပြန်အလာတွင် များသောအားဖြငမူးနေတတ်သည်။ အလုပ်များခဲ့၍ အလုပ်ပင်ပန်းကာ မူးနေခြင်းမဟုတ် ပါ။ ယစ်ရွှေရည်ကြောင့် မူးနေခြင်းဖြစ်သည်။ ရေချိန်ကိုက်ရုံဆိုလျှင် သူသည် မြန်မာ့အသံကို အရသာခံ၍ နားထောင်၏။ ထိုအခါ ရေဒီယိုသံ က တော်ရုံသာဖြစ်၏။ ရေချိန်လွန်ပြီး သူ့ကိုယ်သူ မထိန်းနိုင်၊ မသိမ်းနိုင် ဖြစ်ကာ ဆူဆူပူပူလုပ်နေလျှင်ကား ရေဒီယိုသံကပါ ကျယ်လာ၏။ ဆူပူသံကို ရေဒီယိုသံဖြင့်ဖုံးရန် အကြံဖြင့် အသံချဲ့ခလုတ်ကို လှည့်လိုက် လေသလား မပြောတတ်ပါ။
ယခုတော့ ယခင်ကနှင့် မတူပါပြီ။ ကိုအေးမောင်သည် ရေချိန် အောက်လျှော့၍ လည်းကောင်း၊ ရေချိန်ကိုက်ရုံသော် လည်းကောင်း ရေချိန်ထက် လွန်၍သော်လည်းကောင်း မသောက်နိုင်တော့ပြီ။ အရက်နာ ဖြင့် အိပ်ရာမှာ လဲနေလေပြီ။ သူတို့အိမ်မှ ရေဒီယိုသံ တိုးတိုးလည်း ကောင်း၊ ကျယ်ကျယ်သော်လည်းကောင်း မလာသည်မှာ အတော်ကြာ သွားပါပြီ။
ယခု သူတို့အိမ်မှ ရေဒီယိုသံ လာပြန်ပြီ။ မတိုးမကျယ်၊ ပီသ ကြည်မြရုံကလေး။
ကိုအေးမောင်က အဖွင့်ခိုင်းလေသလော၊ မလှရီက ဖွင့်လိုက်လေ သလော၊ မည်သို့ပင်ဖြစ်ဖြစ်... သူတို့အိမ်က ရေဒီယိုသံလာတော့ ကျွန် တော် ဝမ်းသာသွားမိသည်။ မျှော်လင့်ချက်လည်း တက်သွားလေသည်။
ကိုအေးမောင် ရောဂါသက်သာလာလို့ ရေဒီယိုဖွင့်ခြင်း ဖြစ်ဟန် တူသည်။ ထို့ကြောင့် ကျွန်တော်၏ မျှော်လင့်ချက် တက်သွားခြင်းပါ။
ကိုအေးမောင်၏ ရောဂါမှာ လူများစွာအတွက် မျှော်လင့်ချက် မရှိတော့သော ရောဂါဖြစ်၏။ သူသည် တစ်နေ့တခြား အားအင်ကုန်ခန်း လာ၏။ တစ်နေ့တခြား အစားအသောက် ပျက်လာ၏။ တစ်နေ့တခြား ပိန်ချုံးကျသွား၏။ သို့သော် ဝမ်းဗိုက်ကြီးကား တစ်နေ့တခြား ဖောင်းပွ လာ၏။ သူ့ဗိုက်သည် ဘေလုံးကြီးဖြင့် ဖောင်းပွနေခြင်းဖြစ်သည်။
“ဤတောင်ကို ကြည့်ပါ၊ အဝေးက မြင်နိုင်ပါသည်”။ သူသည် တစ်သက်လုံး အရက်ကို အလွန်အကြူး သောက်လာခဲ့သည်။ သူကိုယ် တိုင် ဖြောင့်ဆို ဝန်ခံချက်အရ ၁၃ - ၁၄ နှစ်သားကစ၍ အရက်သောက်
ခဲ့သည်။ ယခု သူ့အသက် ၆၄ နှစ်ရှိပြီဆိုတော့ သူ့အရက်သက်မှာ ရွှေရတုသဘင်သို့ ရောက်နေလေပြီ။ ဤမျှ အရက်သောက်သူ၏ ရောဂါ သည် ဘာဖြစ်ရမည်နည်း။ အသည်းဆန်ခါကျခြင်း၊ အသည်း ကျွမ်း
လောင်ခြင်း၊ အစာအိမ်၊ အူသိမ်အူမ၊ သရက်ရွက် စသော ဝမ်းတွင်း ကလီစာတွေ ကျွမ်းလောင်ပျက်စီးခြင်း စသော ရောဂါသာ ဖြစ်ရပေမည်။
သူ့လို အမူးသမားများအတွက် ဤရောဂါမျိုး ဖြစ်တတ်သည်ဟု လူ့အများ ခန့်မှန်းကြသလို ကျွန်တော်လည်း ခန့်မှန်းပြီးဖြစ်ပါ၏။ သူ့ကိုလည်း ကျွန်တော် သတိပေးခဲ့ပြီး ဖြစ်ပါ၏။ သို့သော် သေချာ
အောင် ကျွန်တော် ဆရာဝန်နှစ်ဦးကို ခေါ်ပြခဲ့ပါ၏။ နှစ်ဦးစလုံးကပင် အသည်းကင်ဆာဖြစ်ရမည်ဟု ဆုံးဖြတ်ကြပါသည်။ အသည်းကင်ဆာ သက်သက်လား၊ သို့မဟုတ် သရက်ရွက်၊ အစာအိမ်၊ အူသိမ်အူမ စသည် တို့ကို ကူးစက်ကင်ဆာ ဖြစ်နေပြီလား အသေးစိတ် ခွဲခြားခြင်းတော့ မရှိပါ။ တစ်ခုကတော့ သေချာသည်။ ဤရောဂါမျိုးသည် သမားလက် လွှတ်လိုက်ရသော ရောဂါမျိုး ဖြစ်ပါသည်။
ပထမဆုံး ကျွန်တော်ခေါ်ပြသော ဆရာဝန်မှာ ကျွန်တော် ရေး သော တက်ခေတ်နတ်ဆိုးဝတ္ထုတွင် နိဒါန်းရေးသူ ဒေါက်တာလာမက် (Dr. Lamech) ဖြစ်သည်။ အမ်အေ၊ အမ်ဘီ၊ စီအိပ်ခ်ျ၊ အက်ဖအာရ် စီအက်၊ အယ်အာစီပီ စသည်ဖြင့် ဘွဲ့ တွေများလွန်းသဖြင့် ကျွန်တော့် သားသမီးများက ကမ္ဘာမှာ နောက်ထပ်ဆေးဘွဲ့ တွေ ကျန်သေးရဲ့ လား ဟု မေးယူရသော ဆရာဝန်ကြီး ဖြစ်သည်။ ကျွန်တော်နှင့် ခင်မင်ရင်းနှီး သည်မှာပင် အနှစ် ၄ဝ နီးပါးရှိပြီ။ အသက်ကလည်း ၇၄ နှစ်ရှိပြီ။
လူနာကို စစ်ဆေးပြီးတော့ ဒေါက်တာလာမက်က ကျွန်တော့်ကို တိုးတိုးကလေး ပြောသည်။
“ဟေ့... လူ၊ ဒီကိစ္စမျိုးမှာ တို့လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ အေး လူနာကျေနပ်ရုံတော့ အားဆေးလေး ဘာလေး ထိုးပေးတာပေါ့”
ဒေါက်တာ လာမက်သည် ဗီတာမင် ဘီတွဲလား - ဘာလားမသိ။ ဆေးထိုးပေးသွားသည်။ ပြီးတော့ ဆရာဝန်ပေါက်စ၊ သို့မဟုတ် ကျောင်း သား ဆရာဝန်ကလေးတွေကို ဆေးထိုးခိုင်းရန် ဆေးပုလင်းနှစ်လုံး
ပေးသွားလေသည်။
ကျွန်တော်က ဒေါက်တာလာမက်အား
“ကျွန်တော် ဗမာဆေးဆရာနဲ့ ကုချင်တယ်”
“မလုပ်နဲ့၊ မလုပ်နဲ့၊ သူတို့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး၊ ဗမာ ဆေးက လျက်ဆားတို့၊ ငန်းဆေးတို့၊ လျှာပွတ်ဆေးတို့လောက်သာ ကောင်းတာ၊ ငါလည်း အဲဒါတွေ သုံးနေတာပဲ။ ဒါပေမဲ့ ဒီလောက်ကြီး တဲ့ ရောဂါအတွက် ဘယ်စွမ်းမှာလဲ၊ ဘယ်ဆေးရှိမှာလဲ”
ကျွန်တော်သည် ဘာမျှပြန်မပြောတော့ပါ။ သူသည် ကျွန်တော့် ငယ်ဆရာ သဘောမျိုးဖြစ်သည်။ ပြီးတော့ အဘိုးကြီးတွေကလည်း သူတို့အစွဲနှင့် သူတို့၊ ကျွန်တော်ကလည်း ကျွန်တော့်အစွဲနှင့် ကျွန်တော်။ အပြန်အလှန် ဆွေးနွေးငြင်းခုံလို့ အကျိုးထူးတော့သည် မဟုတ်။
ကျောင်းသား ဆရာဝန်ကလေးတစ်ယောက်ကို ဒေါက်တာ လာမက် ပေးခဲ့သောဆေးဖြင့် ဆေးထိုးခိုင်းရာ သူက ဆေးထိုးပေးပြီး နောက် လူမမာ နှစ်ရက်သာ ခံတော့မည်ဟု ပြောသွားလေသည်။
ကျွန်တော် ခေါ်ပြသော အခြားဆရာဝန်တစ်ဦးမှာ ဒေါက်တာ ဘသိန်း ဖြစ်သည်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင် ပင့်ခေါ်ခြင်း မဟုတ်ပါ။ အိမ်နီးနားချင်းတစ်ဦးက သူ့စေတနာအလျောက် ပင့်ခေါ်လာ ရာ၊ ကျွန်တော်က လူနာကို ပြခြင်းဖြစ်ပါသည်။ သူသည် ထင်ရှားသော တီဘီကု ဆရာဝန်ကြီးဖြစ်သည်သာမက တိုင်းရင်းဆေးပညာကို ယုံကြည်အားထား၊ လေ့လာလိုက်စားသဖြင့် အစိုးရက ခန့်ထားသော တိုင်းရင်းမြန်မာ ဆေးကောင်စီဝင် လူကြီးတစ်ဦးပင် ဖြစ်နေသည်။ အသက်က ၆၆ နှစ်ရှိနေပြီ။
ဒေါက်တာဘသိန်းကို ခေါ်ပြချိန်တွင် ကျွန်တော်သည် လူနာ အား သိမ်ဖြူဆရာတော် အရှင်နာဂသေနထံ အပ်ပြီးသား ဖြစ်နေလေပြီ။ ဆရာတော်က ဆေးပေးပြီးသားဖြစ်၍ ဆရာတော်၏ ညွှန်ကြားချက်များ အတိုင်း ကျွန်တော်က လူနာကို ဆေးကျွေးပြုစုနေပြီ ဖြစ်သည်။ ထို အကြောင်းကို ဒေါက်တာဘသိန်းအား အစုံအလင် ပြောပြ၏။ သိမ်ဖြူ ဆရာတော်၏ ဆေးခန်းမှ ထုတ်ပေးထားသော လူနာမှတ်ပုံတင်ကတ်ပြားကိုပါ ဒေါက်တာဘသိန်းအား ထုတ်ပြ၏။
ဒေါက်တာဘသိန်းသည် လူနာကို စစ်ဆေးပြီးနောက် အားလုံး ရှေ့မှပင် ပြောပြပါသည်။ “ဒီရောဂါအခြေအနေအရ သိမ်ဖြူဆရာတော် ကြီးရဲ့ ညွှန်ကြားချက်အတိုင်း ကုသခြင်းက သင့်လျော်ပါလိမ့်မယ်။ အာယုဗ္ဗေဒဆေးကုနည်းကုထုံးနဲ့ ခွင်ကျကောင်းကျပါလိမ့်မယ်”
ဒေါက်တာဘသိန်းသည် လူနာကို အားတိုးဆေးနှစ်လုံး ထိုးပေး ပြီးနောက် ပြန်သွားလေသည်။ ကျွန်တော်က သူ့မော်တော်ကား အနီး ရောက်အောင် လိုက်ပို့ရာ သူက ကားပေါ်အတက်တွင်...
“ဦးသိန်းဖေမြင့်ရေ.. ကျွန်တော်တို့ကတော့ ဒီရောဂါမျိုးကို Lost caseလက်လွှတ်ရတဲ့ကိစ္စလို့ ထားတာပဲ။ ဆရာတော့်နည်းနဲ့ ကြိုးစား ကြည့်ပါ။ အောင်ချင် အောင်မယ်ဗျ”
အထက်တစ်နေရာတွင် “ကိုအေးမောင်၏ ရောဂါမှာ လူအများ အတွက် မျှော်လင့်ချက်မရှိတော့သော ရောဂါ” ဖြစ်သည်ဟု ကျွန်တော် ရေးခဲ့၏။ အမှန်ပင် လူအများအတွက် မျှော်လင့်ချက်မရှိပါ။ သို့သော် ကျွန်တော်တို့သုံးဦးကား မျှော်လင့်ချက် ထားကြပါသည်။ မျှော်လင့် ချက်ထား၍ ကုသပြုစုကြပါသည်။
ထိုသုံးဦးကား မလှရီ၊ ကျွန်တော်နှင့် သိမ်ဖြူဆရာတော် အရှင် နာဂသေနတို့ ဖြစ်သည်။
မလှရီကား နေ့မအား ညမအား မညည်းမညူ ပြုစုသူ။
ကျွန်တော်ကား သိမ်ဖြူဆရာတော်၏ ညွှန်ကြားချက်ဖြင့် ဆေး ကျွေးသူ။
သိမ်ဖြူဆရာတော်ကား အသက်တစ်ချောင်းကို ကယ်တင်လို သော စေတနာ အရင်းခံပြီး အာယုဗ္ဗေဒ ဆေးပညာရှင်တစ်ဦးအနေနှင့် ရောဂါတွင် စိတ်ဝင်စားကာ ကြပ်မတ်ကုသပေးသူ။
ကျွန်တော်တို့ မျှော်လင့်ချက် ထားကြပါသည်။
ကျွန်တော် မျှော်လင့်ချက်ထားခြင်းအတွက် အကြောင်းအမျိုးမျိုး ရှိသည်။ အကြီးဆုံးအကြောင်းကတော့ မလှရီ မျှော်လင့်ချက်ထားခြင်း ကြောင့် ကျွန်တော် မျှော်လင့်ချက်ထားခြင်း ဖြစ်သည်။ တစ်နည်းဆိုသော်မလှရီ၏မျှော်လင့်ချက်သည် ကျွန်တော့်ရင်တွင်းတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်စေလေသည်။
စင်စစ် ကိုအေးမောင်ကား မျှော်လင့်ချက်ထားအပ်သူ မဟုတ်။ ကျွန်တော်နှင့်သူ အတူနေရသော ၂၈ နှစ်သောကာလအတွင်း အတွေ့ အကြုံများအရ ဆိုရသော် သူသည် မျှော်လင့်ချက် မရှိသူဖြစ်သည်။
“တစ်ခုသော ငွေရတုသဘင်” တွင် ကျွန်တော် တင်ပြခဲ့သော ဇာတ်လိုက်နှင့် ဇာတ်ရံများမှာ ကျွန်တော်၊ ဇနီး ခင်ကြည်ကြည်၊ သားကြီး ဟင်္သာ၊ သားလတ် အာသာ၊ သားအငယ်ဆုံး ခွန်သာ၊ တစ်ဦးတည်းသော သမီးကြည်သာ၊ အိမ်မှုရေးရာတာဝန်ခံ မလှရီ၊ ယင်း၏ ခင်ပွန်း ကိုအေးမောင်နှင့် အိမ်မှာမွေးထားသော ခွေးကလေး မောင်ဇင်ဘိုတို့ ဖြစ်ကြလေသည်။
ထို့ကြောင့် ‘တစ်ခုသော ငွေရတုသဘင်”ကို ဖတ်ရပြီးဖြစ်သော မိတ်ဆွေများက ကိုအေးမောင်အကြောင်းကို အတော်အတန် သိထားကြ ပါလိမ့်မည်။ သို့သော် ‘တစ်ခုသော ငွေရတုသဘင်”မှာ ကိုအေးမောင် နှင့် မလှရီအကြောင်း အဓိကထား၍ ရေးသောစာအုပ်မဟုတ်။ ကျွန်တော် နှင့် ဇနီး ခင်ကြည်ကြည်တို့၏ အိမ်ထောင်ရေးဘဝကို အဓိကထား ပြီး ရေးထားသောစာအုပ်ဖြစ်၏။ ကို မောင်နှင့် မလှရီတို့သည် ဇာတ်ရံများ ဖြစ်ခဲ့သည်။ ယခုစာအုပ်ကတော့ ကိုအေးမောင်နှင့် မလှရီ တို့ လင်မယားအကြောင်း ဖြစ်သည်။ ကိုအေးမောင်သည် ရုံးစာရေး ဝန်ထမ်းတစ်ဦးဖြစ်၍ မလှရီက အိမ်မှုရေးလုပ်သားတစ်ဦး ဖြစ်သည်။ ကိုအေးမောင်က ရုံးအလုပ်ကို “မင်းတိုင်းကြေ’ လောက်သာ လုပ်ပြီး အရက်သေစာ သောက်စားကို လွန်လွန်ကြူးကြူး လုပ်သူဖြစ်၏။ မလှရီ က အိမ်မှုရေးရာကို ကြိုးစားပမ်းစား လုပ်သလောက် အမူးသမားလင်ကို စိတ်ရှည်လက်ရှည် အနွံတာခံကာ လုပ်ကျွေးပြုစုသူဖြစ်သည်။ “တစ်ခုသော ငွေရတုသဘင်” ကို ဖတ်လျှင် ဤမျှတော့ အကြမ်းဖျင်း မှတ်မိကြ ပါလိမ့်မည်။
ယခုစာအုပ်တွင် ကိုအေးမောင်နှင့် မလှရီတို့၏ ဖော်ပြပါအရည် အချင်းနှင့် စရိုက်သဘာဝများဖြင့် သူတို့လင်မယား၏ဘဝကို ပိုမိုသိရပါလိမ့်မည်။ ထို့ပြင် ကိုအေးမောင်တစ်ယောက် အရက်၏ကျေးကျွန် ဖြစ်ရသည့်အကြောင်းနှင့် နောက်ဆုံးတွင် မလွှဲမရှောင်သာ ဖြစ်လာရ လေသော အရက်နာရောဂါတို့အကြောင်းကို စုံစုံစေ့စေ့ တွေ့ရပါလိမ့်မည်။
ယခုတစ်လော သူ့ အရက်နာရောဂါသည် တစ်နေ့ ရွှေ တစ်နေ့ ငွေ”ဆိုသလို ဖြစ်နေသည်။ မျှော်လင့်စရာတွေ ပေါ်လာလိုက်၊ မျှော်လင့် ချက်တွေ ကျဆင်းသွားလိုက် ဖြစ်ရလေသည်။
ကျွန်တော် စကြံလျှောက်နေရာမှ ကြားလိုက်ရသော ကိုအံ့ကြီး၏ မြိုင်ထ သီချင်းသံကြောင့် ကျွန်တော် မျှော်လင့်ချက်တွေ တက်သွားလေ သည်။ ချက်ချင်းပင် လူနာကို သွားကြည့်လိုက်ချင်သေးတော့၏။ သို့
သော် ကျွန်တော်သည် စကြံဆက်လျှောက်ပြီး အခြားကျန်းမာရေး လေ့ကျင့်ခန်းများပြီးသည်အထိ ဆိုင်းနေလိုက်လေသည်။
ကျန်းမာရေးလေ့ကျင့်ခန်းများ ပြီးသွားသောအခါ ကိုအေးမောင် တို့အိမ်မှ ရေဒီယိုသံ တိတ်နေပြီ။ ဘယ်တုန်းက ပိတ်လိုက်ခဲ့ကြသည် မသိ။ ကျွန်တော်သည် ကိုယ့်လေ့ကျင့်ခန်းနှင့်ကိုယ် အလုပ်များနေသဖြင့် သတိမထားမိလိုက်ခြင်း ဖြစ်ပါ၏။