Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

သိန်းဖေမြင့် - ဘုံ၀ါဒနှင့်တို့ဗမာ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

နိဒါန်း

 

           ဤ “ဘုံဝါဒနှင့် တို့ဗမာ” စာအုပ်ဖြစ်ပေါ်လာပုံကား အောက်ပါအတိုင်း ဖြစ်၏။ 

           ကျွန်တော်သည် မြဝတီမဂ္ဂဇင်း၌ “အရှေ့က နေဝန်း ထွက်သည့်ပမာ” ဝတ္ထုရှည်ကြီးကို အပတ်စဉ်ရေးရာ ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံနှင့် ပတ်သက်သော စာအုပ်စာတမ်း စာနယ်ဇင်းများကို ဖတ်ရှုလေ့လာရလေသည်။ ၎င်းထဲတွင် နဂါးနီစာစောင်များပါ၏။ 

          ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံ မတိုင်မီကလေးနှင့် အရေးတော်ပုံအတွင်း မာ့က်စ်ဝါဒသည် ဗမာ့လွတ်လပ်ရေး  အံ့ကြွဖွဲ့စည်းမှုအတွင်းသို့ သြဇာပျံ့နှံ့လာလေသည်။ တို့ ဗမာအစည်းအရုံးကြီးသည်လျှင် လူမျိုးရေးဝါဒကိုသာမက ဘဲ ဘုံဝါဒ (ဝါ) မာ့က်စ်ဝါဒကို ခံယူစပြုလာလေသည်။ လူမျိုးရေးဝါဒသမားသက်သက်ဖြစ်သူတို့သည် တို့ဗမာ ခေါင်းဆောင်မှုနေရာမှ တဖြည်းဖြည်း ရွေ့ လျောကျဆင်း လျက် မာ့က်စ်ဝါဒသမားတို့သည် တို့ဗမာခေါင်းဆောင်မှု နေရာသို့ တက်ရောက်လာကြလေသည်။

          အထင်ရှားဆုံးမှာ မြင်းခြံတွင်ကျင်းပသော ဗမာနိုင်ငံ လုံးဆိုင်ရာ တို့ဗမာအစည်းအရုံး ညီလာခံတွင် ဥက္ကဋ္ဌဖြစ် လာသူ သခင်လေးမောင်၏ ဥက္ကဋ္ဌမိန့်ခွန်းဖြစ်လေသည်။ ၎င်းနောက် တို့ဗမာအစည်းအရုံး နိုင်ငံလုံးဆိုင်ရာ ကော်မတီ က ၁၉၃၈ အကုန် ၃၉ အစတွင် ဘုံဝါဒကို တို့ဗမာ လက်သုံး တရားဝင်ဝါဒအဖြစ်ဖြင့် ကြေညာလေတော့သည်။ “ယင်း ကြေညာချက်ကို စာအုပ်အစတွင် တွေ့နိုင်ပေသည်။”

          သို့ကလို တို့ဗမာနိုင်ငံရေးလုပ်ငန်း၌ ဝင်ရောက်လာ ခြင်းသည် နဂါးနီစာစောင်များ၌ ထင်ဟပ်လာခဲ့လေ၏။ ထို့ကြောင့် ဘုံဝါဒသဘောနှင့်ပတ်သက်သော ဆောင်းပါး များ ဘုံဝါဒအရင်းခံ၍ ဗမာ့အရေး၊ ကမ္ဘာ့အရေးတို့ကို ဝေဖန် ပိုင်းခြားကြသော ဆောင်းပါးများ။ ကမ္ဘာ့ဘုံဝါဒ (ဝါ) မာ့က်စ် ဝါဒဆောင်းပါးများနှင့် ပါတီများအကြောင်း ဆောင်းပါးများ တို့ကို ဖတ်ရှုရပေသည်။

          ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံကို သတ္တုချကြည့် လျှင် ရေနံမြေအလုပ်သမားသပိတ် ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေး အုံကြွလှုပ်ရှားမှု လက်တွေ့ လုပ်ငန်းနှင့် မာ့က်စ်ဝါဒ သဘောတရားတို့ ဗမာ့သမိုင်းတွင် ပထမဆုံး အကြိမ် ပေါင်းစပ်သဟဇာတ်ဖြစ်ခြင်းပင်ဖြစ်ကြောင်း တွေ့ရ ပေသည်။

          နဂါးနီစာစောင်များတွင် ဖော်ပြပါ ဆောင်းပါးများကို ဖတ်ရကတည်းက “ဘုံဝါဒနှင့်တို့ဗမာ” ဟူ၍ စာတစ်အုပ် အဖြစ်ဖြင့် ဆောင်းပါးအချို့ကို ရွေးချယ်ထုတ်ဝေအပ်သည်ဟု ကျွန်တော် ထင်မြင်နေခဲ့လေသည်။

           ထိုအခိုက် “ပြည်တော်စိုး” စာအုပ်တိုက်မှ ကျွန်တော့် ထံ ချဉ်းကပ်ကာ စာမူတောင်းလာပေ၏။ ကျွန်တော့်မှာ လက်တွေ့ နိုင်ငံရေး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းများဖြင့်လည်းကောင်း၊ အပတ်စဉ် ဆောင်းပါးများ ရေးရခြင်းဖြင့်လည်းကောင်း ကြားမညှပ်နိုင်အောင် မအား မလပ်ဖြစ်နေရကား စာတစ်အုပ်ဖြစ်လောက်အောင် စာမူရေး ပေးနိုင်ခွင့် မရှိချေ။ ထို့ကြောင့် “ဘုံဝါဒနှင့် တို့ဗမာ” စာအုပ် ကို ထုတ်ဝေရန်သာ တိုက်တွန်းရပေတော့၏။

           ပုံနှိပ်ထုတ်ဝေသူတို့ကလည်း ကျွန်တော့် အကြံပေး ချက်ကို ချက်ချင်းလက်ခံလေရာ နဂါးနီစာမူများကို အမွေခံ ထားသော မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း “စာပေ ဗိမာန်”သို့ ခွင့်ပြုရန် စာရေးတောင်းဆိုခဲ့ပေသည်။ ဘာသာ ပြန်စာပေအသင်းကလည်း ချက်ချင်းပင် ကျေနပ်စွာ ခွင့်ပြု သဖြင့် နဂါးနီစာစောင်မှ ဆောင်းပါးများကို ရွေးချယ်၍ ထုတ်ဝေသူများအား ပေးခဲ့လေသည်။

           ဤ “ဘုံဝါဒနှင့် တို့ဗမာ” ပါ ဆောင်းပါးတို့သည် တို့ဗမာအစည်းအရုံးသို့ ဘုံဝါဒပျံ့နှံ့လာပုံကို ပြည့်စုံစွာ အကောင်းဆုံးထင်ဟပ်သည်ဟု မဆိုလိုပါ။ ထိုစဉ်က အခြား ရေးသားချက်တို့လည်း ရှိပေလိမ့်မည်။ သို့ရာတွင် လွယ်လင့် တကူ ရှာဖွေမရသဖြင့် နဂါးနီစာစောင်မှ ရသမျှလောက်ကို သာ အဓိကပင်ရင်းထား၍ ထည့်သွင်းရပေသည်။ ဥပမာ... အခြားသူများရေးသော စာများကို မဆိုနှင့်၊ ကျွန်တော့် ရေး သားချက်များပင်လျှင် လွယ်လင့်တကူ ရှာမရ၍ မထည့်နိုင်။ နဂါးနီမှထုတ်ဝေ၍ ဗြိတိသျှအစိုးရတို့က ပိတ်ပစ်ခဲ့သောကျွန်တော်၏ “ယနေ့လက်ငင်း တို့တာဝန်” ဆိုသော စာအုပ် ငယ်သည် မာ့က်စ်ဝါဒကို လေ့လာရန် အရေးကြီးပုံ၊ ဘယ်သို့ လေ့လာရမည် စသည်တို့ကို ရေးထား၏။ ထိုစာအုပ်ငယ်ကို ထည့်သွင်းပုံနှိပ်ရန် ရည်ရွယ်ခဲ့၏။ သို့သော် စာမူရှာမတွေ့ သဖြင့် မထည့်သွင်းနိုင် ဖြစ်ရလေ၏။

          ၎င်းပြင် ဤစာအုပ်ပါ ဆောင်းပါးတို့သည် မာ့က်စ် ဝါဒစစ်စစ် မှန်မှန်ချည်း ဖြစ်သည်ဟုလည်း မဆိုဝံ့ချေ။ မာ့က်စ်ဝါဒ (ဝါ) ဘုံဝါဒသည် နေ့ချင်းညချင်း ရင့်ကျက်စွာ ပေါ်လာနိုင်သည် မဟုတ်။ “မြေစမ်း ခရမ်းပျိုး” သဘောဖြင့် ဝင်ရောက်လာခြင်းသာ ဖြစ်ပေသည်။ ပေါက်ခါစ ဖွားခါစ ဖြစ်သည့်အတိုင်း ချို့ယွင်းချက် အားနည်းချက်များလည်း ပါပေလိမ့်မည်။ သို့ရာတွင် စာဖတ်သူသည် ထိုချို့ယွင်းချက်အားနည်းချက်များကို နှလုံးသွင်းကာ ဝေဖန်ဖတ်ရှုပါလျှင် ဗမာနိုင်ငံရေးသမိုင်းကို လေ့လာနိုင်၍ ဗဟုသုတ တိုးပွားရုံ မက ချို့ယွင်းချက်များကို ဖယ်၊ အားနည်းချက်များကို အားရှိအောင်လုပ်၍ ရင့်ကျက်ပြည့်စုံမှုကို ရယူနိုင်ခွင့် ရှိပါလိမ့်မည်။ ထိုစဉ်က မာ့က်စ်ဝါဒမျိုးစေ့ ချခဲ့ကြပြီး ယနေ့ ဗမာ့ခေါင်းဆောင်များ ဖြစ်နေသူတို့၏အတိတ်ခရီးကို ကောင်းစွာ မြင်ကာ ပစ္စုပ္ပန်မှားမှန်တို့ကို ဝေဖန်ပေးနိုင်ကြပြီးလျှင် မှန် ကန်သော ခေါင်းဆောင်မှုအဖြစ်သို့ ပို့ပေးနိုင်ကြလိမ့်မည် ဟုလည်း မျှော်လင့်ပါသည်။

 

                                                                                                                သိန်းဖေမြင့်

                                                                                                                          ၁၅-၁၂-၁၉၅၃။

 

 

သခင်ကိုယ်တော်မှိုင်း ကြီးမှူးသော 

ဗဟို တို့ဗမာအစည်းအရုံးကြီး၏ တို့ဗမာ ဝါဒ

 

          တို့ဗမာဝါဒဆိုသည်မှာ တို့ဗမာ အစည်းအရုံးကြီး၏ ရည်ရွယ် ချက်၊ ယုံကြည်ယူဆချက် သဘောထားတို့ကို ဆိုလိုသည်။ တို့ဗမာ အစည်းအရုံးကြီး၏ ဝါဒသည် အကျဉ်းအားဖြင့် တို့ဗမာဝါဒ ဖြစ်သည်။

          (၁) တို့ဗမာဆိုသည်မှာ ဗမာပြည်တွင်းရှိ တိုင်းရင်းသားများနှင့် ဗမာ့သွေးပါသူ ဗမာပြည်ကြီး၏ အကျိုးတို့ကို တို့ဗမာဝါဒအတိုင်း ဆောင် ရွက်မည့်သူများကို တဖြည်းဖြည်း တစ်ပြေးတည်း သွေးစည်း၍ ညီညွတ် စည်းလုံးရန်ကို ဆိုလိုသည်။ 

          (၂) သခင်ဆိုသည်မှာ လူတိုင်းလူတိုင်း၏ အခွင့်အရေးကို ရရှိ ပိုင်ဆိုင်ရန်အတွက် ဆောင်ရွက်လုပ်ကိုင်သူများနှင့် လူတိုင်း လူတိုင်း တို့၏ လူတန်းစေ့ နေရေးထိုင်ရေးတို့ကို ကြံစည်လုပ်ကိုင်နေသူများကို ဆိုလိုသည်။ သို့အတွက် လူတိုင်းလူတိုင်း လူ့အလျောက် လူလိုနေထိုင်ရန် ကြံစည်အားထုတ်သူတိုင်း သခင်ဟု ခေါ်သည်။ လူတိုင်းလူတိုင်း တစ်တန်းတည်း သခင်ဖြစ်ရန် လိုသည်။ ယခုအခါ တို့ဗမာတို့သည် နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ လွှမ်းမိုးချုပ်ချယ်ခြင်း ခံရလျက် အလွန်အောက်ကျနောက်ကျသော အခြေ သို့ ရောက်၍နေ၏။ တစ်နည်းအားဖြင့် နေရေးထိုင်ရေးတို့ကို မရရှိကြဘဲ လူတန်းမစေ့ကြ။ သို့အတွက် တို့ဗမာတိုင်း တို့ဗမာတိုင်း လူတန်းစေ့ နေနိုင်ရန် တို့ဗမာအစည်းအရုံးကြီးက ရှေ့ဆောင်ဦးစီးနေကြသဖြင့် တို့ ဗမာအစည်းအရုံးဝင်တိုင်းသည် သခင်၊ သခင်မများ ဖြစ်ကြသည်။

          (၃) တို့ဗမာအစည်းအရုံးကြီးသည် တို့ဗမာအလုပ်သမား လယ် သမား၊ ဆင်းရဲသား၊ ဈေးရောင်း ခေါင်းရွက်၊ လုပ်စားကိုင်စားတို့ အများ ဆုံး ပါဝင်သည့်အစည်းအရုံးကြီး ဖြစ်သဖြင့် မူလအခြေခံကစ၍ အခြား အဖွဲ့ အစည်းများနှင့် မတူ အထူးကွဲပြား ခြားနားသည့်အပြင် ပြောင်းလဲ လျက်ရှိသော ကမ္ဘာလောကကြီး၏အတွင်းရှိ ဆင်းရဲသားပိုက်ဆံမဲ့ လုပ်စားကိုင်စား တောင်သူလယ်သမားများ၏ အရေးကိစ္စတို့ကို ဦးစီး ရှေ့ဆောင်ကာ လုပ်ကိုင်နေသော ကမ္ဘာ့အစည်းအရုံးကြီးများကဲ့သို့ တို့ဗမာ အစည်းအရုံးကြီးသည်လည်း ဗမာတစ်ပြည်လုံးနှင့် ပတ်သက် သော အစည်းအရုံးကြီးဖြစ်၏။

          (၄) ပစ္စည်းရှိသူ၊ အရင်းရှိသူ၊ ဓနရှင်သူဌေး အစရှိသည်တို့၏ အကျိုးများကို အဓိကထား၍ အုပ်စိုးချုပ်ချယ်သော အရင်းအနှီးစနစ် ကြီး တည်ရှိနေသမျှ ကာလပတ်လုံး ပစ္စည်းရှိသူနှင့် ပစ္စည်းမဲ့သူ၊ ပိုက်ဆံ ရှိသူနှင့် ပိုက်ဆံမရှိသူ ကွဲပြားခြားနားခြင်း။ သူဌေးနှင့် ဆင်းရဲသား၊ အထက်တန်းစားနှင့် အောက်တန်းစား၊ သွေးစုပ်သူနှင့် သွေးစုပ်ခံရသူတို့ ၏ အဆင့်အတန်းများ မတူခြင်း... အစရှိသော အတန်းအစားကွဲပြားမှု ရှိသည်ဟူ၍ ယုံကြည်ကြောင်း။

          (၅) လူနည်းစုဖြစ်သော သူဌေး၊ ဓနရှင်၊ ကိုယ်ကျိုးရှာအရင်း အနှီးအားဖြင့် အမြတ်ယူသူတို့၏လက်ထဲတွင် ပစ္စည်းဥစ္စာပိုမိုတိုးပွား လေလေ.. လူများစုဖြစ်သော ဆင်းရဲသားပစ္စည်းမဲ့ အောက်တန်းစား တို့၏ ဆင်းရဲဒုက္ခကျပ်တည်းခြင်းတို့သည် တစ်နေ့တခြား ပိုမို၍ များလေ လေ ဖြစ်လေသည်ကို ယုံကြည်ကြောင်း။ 

          (၆) ဗမာပြည်နှင့်တကွ အခြားလက်အောက်ခံနိုင်ငံတို့၏ လွတ် လပ်ရေး၊ လူနည်းစု ဓနရှင်သူဌေးတို့၏ ကိုယ်စားလှယ်အစိုးရကင်းမဲ့ ရေး၊ အရင်းအနှီးစနစ်အရ တည်ထောင်ထားသော အာဏာရှင် အုပ်ချုပ် နည်း ပပျောက်ရေး၊ လူတိုင်းချမ်းသာစေ၍ လူတို့၏အခွင့်အရေးကို အားလုံးညီတူညီမျှ ခံစားပိုင်ဆိုင်သော စနစ်အခြေခံဖြင့် အုပ်ချုပ်သော တိုင်းသစ်ပြည်သစ် အစိုးရသစ်များ အလျင်အမြန် ထူထောင်ရန် အလိုရှိ ကြောင်း။

          (၇) ဗမာပြည်နှင့်တကွ ကမ္ဘာကြီး၏ စီးပွားချမ်းသာရေး အုတ်မြစ် တည်နေရန်မှာ လူများစုဖြစ်သော အောက်တန်းစား ဆင်းရဲသားပိုက်ဆံမဲ့တောသူတောင်သား၊ လယ်သမား၊ အလုပ်သမားတို့ကိုယ်တိုင် အစိုးရ မဖြစ်သမျှ ကာလပတ်လုံး မအောင်မြင်နိုင်။

 

သို့အတွက်.. တို့ဗမာအစည်းအရုံးကြီးက 

အခြေခံထားသော အချက်များမှာ……..

          (က) အောက်ဆုံးတန်းရှိ ပိုက်ဆံမဲ့တောသူတောင်သား 

                 လုပ်စားကိုင်စား အလုပ်သမား၊ လယ်သမား ဆင်းရဲသား 

                 နင်းပြား တို့သည် အရာရာတွင် ရှေ့ဆောင်ရန်။ (ရှေ့ဆောင်ခြင်း

                 ဆိုသည်မှာ ဝါဒလွှမ်းမိုးမှုကို ဆိုလိုသည်)

          (ခ) နောက်ဆုံးရည်ရွယ်ချက်ဖြစ်သော လူတိုင်းလူတိုင်းတို့၏