သိန်းဖေမြင့် - တောတောင်ရေမြေဘိုးဘွားအမွေ
စန္ဒကူးတောနှင့် ငှက်ပျောသီးထမ်းသမား
ကျွန်တော်သာ ပန်းချီဆရာဖြစ်၍ ပုပ္ပားမြို့ကို ပန်းချီဆွဲရသော် တောင် ပေါ်မှ ငှက်ပျောခိုင်များကိုထမ်း၍ ဆင်းလာကြသောသူများ ထည့်သွင်း ဆွဲပေလိမ့်မည်။ ပုပ္ပားရောက်တိုင်း ငှက်ပျောသီးထမ်းသမားကို မြင်ရသည်။ လွန်ခဲ့သော အနှစ် ၃၀ နီးပါးတုန်းက သခင်ကိုယ်တော်မှိုင်းနှင့်အတူ ကျွန်တော်ရောက်ခဲ့စဉ် သူ့ကို ပထမဆုံး မြင်ဖူးလေသည်။ သည်ဘက်ခေတ် ရောက်တော့လည်း မြင်ရပြန်သည်။ ခုနောက်ဆုံးတစ်ခေါက်လည်း သည် နည်းပင်။
ကျွန်တော့်မှာ ပန်းချီဆရာမဟုတ်ဘဲ ကွင်းဆင်းလေ့လာသော စာရေး ဆရာတစ်ဦးဖြစ်သဖြင့် ငှက်ပျောသီးထမ်းသမားဘဝကို လေ့လာချင်နေပေ သည်။ ပုပ္ပားရောက်သည့် ပထမနေ့တွင် မြေကျေးရှင်းဥယျာဉ်ထဲမှာ စပျစ် ပင်စိုက်သည့်အလုပ်နှင့် ပေါင်းသင်သည့် အလုပ်များတွင် ဝင်ပါလေသည်။ အလုပ်သမားတစ်ဦးနှင့် စကားစပ်မိပြီး နောက်တစ်နေ့ ငှက်ပျောသီးထမ်း လိုက်ရန် ပြောလေသည်။
ပုပ္ပားတောင်မကြီးပေါ်သို့တက်လျှင် လေ့လာစရာတွေ အတော်များ သည်။ ကော်ဖီခြံတွေလည်း ရှိသည်။ သစ်တောပြန်လည် ပျိုးထောင်သည့် လုပ်ငန်းတွေလည်း ရှိသည်။ စန္ဒကူးပင်တွေ စိုက် စမ်းနေသည့် ခြံကြီးလည်း ရှိသည်။ ဦးခန္တီ၊ ဦးနုနှင့် ဦးကျော်ငြိမ်းတို့၏ ဘုရားများလည်း ရှိသည်။ ကျွန်တော်သည် အထူးသဖြင့် စန္ဒကူးတောကို ကြည့်ချင်သည်။ စန္ဒကူးဆို သည်မှာ မြန်မာ့အစဉ်အလာအရ အထွတ်အမြတ်ထားသော သစ်သား မဟုတ်ပါလော။
ထို့ကြောင့် ဒုတိယနေ့တွင် တောင်ပေါ်တက်၍ စန္ဒကူးတော ကြည့်ပြီး နောက် ငှက်ပျောသီးထမ်း ဆင်းရန် စီစဉ်လိုက်လေသည်။ သို့ သော် တကယ်လုပ်တော့ ထို့ထက် ပိုသွားလေသည်။
ပထမဦးဆုံး ပေ ၄၉၈၅ ပေမြင့်သော အမြင့်ဆုံး ပုပ္ပားတောင်ထိပ်သို့ ရောက်အောင်တက်လေသည်။ မြေကျေးရှင်းဥယျာဉ်မှ ခရီး လေးမိုင် နှစ်ဖာလုံ ဝေးသည်။ စန္ဒကူးတောနှင့် ငှက်ပျောခြံတို့ကို အပြန်မှဝင်ရန် ချန်ထားခဲ့၏။ ထိုတောင်ထိပ်သို့မရောက်ခင် ပေ ၄၄ဝဝ မြင့်သော ဦးနုရိပ်သာသို့ ရောက်၏။ ဒရဝမ်ကို ကျွန်တော်က ပြောသည်။
“ရန်ကုန်မှာတော့ ပထစ အချို့က ပြောနေတယ်တဲ့ဗျ။ ဦးနု ဈာန်ရ သွားလို့ ပုပ္ပားရောက်နေပြီတဲ့”
ဒရဝမ် -
“တချို့ ဒီရောက်တဲ့လူတွေကလည်း မေးကြသဗျ၊ သူ့ ရိပ်သာတံခါး တွေ ပိတ်ထားလို့ တွေးကြတာနှင့် တူပါတယ်ဗျာ။ အခု ခင်ဗျားပြသလို လူတိုင်းလုပ်ပြတာမှ မဟုတ်ဘဲဗျာ။ တွေးကောင်းချင်တိုင်း ကောင်းနေကြ တာပေါ့”
ဦးနုရိပ်သာ၏ မြောက်ဘက်၌ တည်းခိုခန်း ၆ခန်းရှိသော အဆောက် အအုံတစ်ခု ရှိသေးသည်။ ဦးနုရိပ်သာမှာရော ထိုအဆောက်အအုံမှာပါ အိမ်ထောင်ပရိဘောဂများသည် ချိပ်ဆေးရောင် ပြောင်လက်နေတုန်း ဖြစ်၏။ ကြမ်းပြင်များလည်း ပြောင်လက်နေ၏။
ဦးနု ၄၉ရက် အဓိဋ္ဌာန် တရားအားထုတ်စဉ်က တောင်ခြေမှတောင် ထိပ်သို့ တယ်လီဖုန်း ဆက်ထားသည်။ ယခုအခါ ထိုကြိုးများမှာ အလကားဖြစ်နေ၏။ အဆောက်အအုံများလည်း အလကားဖြစ်နေ၏။
ဒရဝမ်ကို ကျွန်တော်ကမေးသည်။
“ဦးနုရိပ်သာကတော့ ဘာအတွက် ဆောက်တယ်ဆိုတာ သိပါပြီ၊ ဟိုဘက်က တည်းခိုခန်း ခြောက်ခန်းနှင့် အဆောက်အအုံက ဘာလုပ်ဖို့လဲ”
“နိုင်ငံခြားပါရဂူတွေနှင့် အစည်းအဝေးထိုင်ကြဖို့ဆို ထင်ပါရဲ့ဗျာ။ မိုးခေါင်ရေရှားဒေသ သာယာစိုပြည်ရေးအတွက်တဲ့”
ကျွန်တော် -
“ဦးနုကတော့ ပြည်တော်သာဖို့အတွက် ဘုရားမှာ ဆုတောင်း၊ နတ် သိကြားနှင့် တိုင်ပင်၊ နိုင်ငံခြားသားတွေနှင့် အစည်းအဝေးတွေထိုင်၊ ပြီးတော့ စီမံကိန်းတွေဆွဲ။ သူ မလုပ်တာ တစ်ခုပဲကျန်တယ်။ အလုပ်တကယ်လုပ်မည့် လူထုနှင့်ပဲ မတိုင်ပင်ဘဲ ထားတယ်”
ယခု အသုံးမဝင်ဖြစ်နေသော အဆောက်အအုံများကို ရာသီဥတု လေ့လာရေးဌာနနှင့် နက္ခတ္တဗေဒ လေ့လာရန်ဌာနများ ပြုလုပ်ရန်ကောင်း သည်ဟု ကျွန်တော်စိတ်ကူးမိလေသည်။ အမှန်မှာ ဤအဆောက်အအုံများကို ဘယ်ဌာနမှ ပိုင်သည်ဟုပင် သတ်မှတ်ရန်ခက်၏။ ဦးနုနန်းကျပြီးနောက် ဤအဆောက်အအုံများအတွက် ငွေချေရန် ဌာနအချင်းချင်း အငြင်းပွားနေရ သေးသည် ဆို၏။
ဦးနုရိပ်သာ ကြည့်ပြီးနောက် ဦးခန္တီဘုရားသို့ တက်ရသည်။ ထို့နောက် သူ့ထက်မြင့်သော ဦးနုဘုရားသို့ တက်ရလေသည်။ အမြင့်ဆုံးတက်ရသော ဘုရားမှာ ဦးကျော်ငြိမ်း၏ဘုရား ဖြစ်လေသည်။ ဘုရားအမြင့်ပြိုင်ရင်း သူတို့ နှစ်ယောက် ကွဲကြလေသလား၊ (သို့မဟုတ်) ကွဲပြီးမှနိမိတ်ယူပြီး ဦးကျော်ငြိမ်း က ပိုမြင့်အောင် တည်လေသလား မသိပါ။ သို့သော် ထူးခြားသည်မှာ ဦးကျော်ငြိမ်း၏ဘုရားသည် မှန်ချိန်သော ကျောက်ခုံကို မျိုတည်ထားခြင်းဖြစ် သည်။ အဆက်ဆက်သော အစိုးရတို့သည် အမြင့်ဆုံးနေရာတွင် ကျောက်ခုံ တစ်ခုကို တည်ထား၏။ ထိုခုံပေါ်မှနေပြီး မြေမျက်နှာသွင်ပြင်ကို မှန်ချိန်ရ၏။ ထို့ကြောင့်ပင် ထိုတောင်ကို မှန်ပြတောင် ဟူ၍ ခေါ်ကြလေသည်။ ဘုရားစုံ တည်လိုက်သဖြင့် ဆိုင်ရာ အစိုးရဌာနသည် ဦးကျော်ငြိမ်းဘုရား၏ မြောက် ဘက်တွင် ကျောက်ခုံတစ်ခု ထပ်တည်ထားရလေသည်။ ဦးကျော်ငြိမ်းအားတရားလည်း မစွဲဝံ့၊ လျော်ကြေးလည်း မတောင်းရဲရှာကြပေ။
ကျွန်တော်သည် ဦးကျော်ငြိမ်းဘုရားပေါ်မှနေပြီး အရပ်ဆယ်မျက်နှာ သို့ ကြည့်လိုက်ပါသည်။ မိတ္ထီလာဘက်ကို တိမ်များ ဖုံးလွှမ်းထားသဖြင့် ဘာမျှမမြင်ရချေ။ ဧရာဝတီမြစ်နှင့် အနောက်ရိုးမကို မြင်နေရ၏။ ပုဂံ ညောင်ဦးတို့ကို ရေးရေးနှင့် ကျောက်ပန်းတောင်းကို ကောင်းစွာမြင်ရသည်။ နာမည်ကြီးသော ပုပ္ပားတောင်ကလပ်ကား တောင်ခြေမှာ ရဲတိုက်နှင့် တူစွာထောင်နေသော ကျောက်ဆောင်တစ်ခုမျှသာ ရှိလေသည်။ ကျွန်တော့်ရှေ့မှာ ကပ်နေသည်ကား မီးတောင်အပေါက်ဝကြီးပင်တည်း။ ခုတော့ တောနက်ကြီး ဖုံးနေသော ကတော့ကြီးဖြစ်၏။ သို့သော် ကတော့ကြီးမှာ မြောက်ဘက်တွင် ပဲ့နေ၏။ နှစ်ပေါင်းများစွာတုန်းက ချော်ရည်များ ယိုစီးထွက်ရာ ချောင်းကြီး ပင်တည်း။
ကျွန်တော်တို့သည် ဦးနုရိပ်သာသို့ ဆင်းခဲ့ပြီးနောက် အစိုးရကော်ဖီခြံ သို့ ဖြတ်လမ်းမှ ဆင်းခဲ့ကြလေသည်။ လေမှာ အရမ်းတိုက်နေသည်။ ယခု အချိန် ပုပ္ပားကား လေသံအမြဲ ကြားနေရသော ပုပ္ပားဖြစ်၏။ မိုးတိမ်များက သစ်ပင်များကိုရော ကျွန်တော်တို့ကိုပါ တိုးဝှေ့သွားကြလေသည်။ မိုးဟူ၍ ကား မရွာပါ။ သို့ရာတွင် လမ်းတွေ စိုနေသည်။ ကျွန်တော်မှာ နှစ်ကြိမ်ချော်လဲ ၏။ မြေက အလွန်မာလှသဖြင့် တင်ပါးရောင်သည်အထိ အထိနာသွားလေ သည်။ ဖြတ်လမ်းဆိုသည့်အတိုင်း မတ်စောက်လှပေသည်။ လက်တစ်ဖက် က ဝါးရင်းတုတ်ဖြင့်ထောက်၊ လက်တစ်ဖက်က မြက်ပင်၊ နွယ်ပင်၊ သစ်ကိုင်း စသည်ဖြင့် ရသမျှဆွဲကာ ဆင်းရလေသည်။ ဤသို့ဖြင့် ပေတစ်ထောင်ကျော် ဆင်းရသည်မှာ မသက်သာပါ။
ကော်ဖီခြံမှာ ကောင်းစွာ သီးနေလေပြီ။ သစ်တောဌာနပိုင် တောထဲတွင် မြေကျေးရှင်းက စိုက်ထားသည်ဖြစ်ရာ အဖုအထစ်တွေဖြစ်နေသည်။ ကော်ဖီကောင်းသည်ထက်ကောင်းအောင် မြေကျေးရှင်းက ပေါင်းရှင်းချင်သည်။ သစ်တောရေးမှ ခွင့်မပြု။ သစ်တောရေးအဖို့ အရေးကြီးနေသည်မှာ မြေတွေ ရေထဲတိုက်စား ပါမသွားရေးနှင့် ပုပ္ပားတောင်မှာ သစ်ပင်တွေ များများပေါက် ရေးသာ ဖြစ်လေသည်။
ပုပ္ပားတောင် သစ်တောပြန်လည်ထူထောင်ရေးမှာ အတော်အောင်မြင် နေသည်။ ပေ ၃ဝဝဝ နှင့်အောက်မှာ သစ်ပင်တွေ မခုတ်ရဟု ပိတ်ထားလိုက် ရုံဖြင့် လေးငါးနှစ်အတွင်း တောသစ်များဖြစ်လာခဲ့ပြီ။ ပေ ၃၀၀၀ အထက် ၄ဝဝဝ အထိကြားမှာ စိုက်ထားသော သစ်ပင်များ ကြီးထွားလာပြီ။ ၄ဝဝဝ အထက်မှာကား သစ်ပင်သစ်များ မထနိုင်ဘဲ ရှိနေ၏။ သို့သော် သေတော့ မသေကြပေ။
ကော်ဖီခြံတွင် ငှက်ပျောပင်များ ရှိသည်။ ကျွန်တော် ထမ်းရန် ဆယ်ဖီး စီလောက်ပါသော ငှက်ပျောခိုင် နှစ်ခိုင် ခုတ်လေသည်။ ငှက်ပျောခိုင်များကို ထမ်းပိုးဖြင့်ထမ်းရာ မလေးလံလှပါ။ သို့သော် မထမ်းတတ်သဖြင့် ငှက်ပျော ခိုင်များမှာ ယမ်းချင်တိုင်း ယမ်းနေ၏။ အဆင်း စောက်နေသဖြင့် ချော်လဲဦး မည်ကိုလည်း ကြောက်နေလေသည်။ ထို့ကြောင့် အဖော်ဖြစ်သူ ကိုငယ်က ကျွန်တော့်ကို သနားလာပြီး အတင်းယူ၍ ထမ်းလေတော့သည်။ နောက် ကျွန်တော်တို့တည်းခိုသော မြေကျေးရှင်း ဗိုလ်တဲနှင့် နှစ်မိုင်အလို ရောက်သော အခါ ကျွန်တော် ထမ်းခဲ့လေသည်။ ငှက်ပျောခိုင်နှစ်ခိုင်မှာ ပုပ္ပားမှကလေးများ ထမ်းသလောက်သာ ရှိလေသည်။ လူကြီးများမှာ သည့်ထက် နှစ်ဆ သုံးဆ ထမ်းကြ၏။ သို့သော် ကျွန်တော့်မှာ ဖတ်ဖတ်မောနေလေသည်။ လေတဟူး ဟူးနှင့် မိုးတိမ်တွေ တိုးဝှေ့ဖြတ်သန်း သွားသောကြောင့် အေးနေသောအချိန် တွင် ကျွန်တော့်မှာ ချွေးသီးချွေးပေါက်များ ကျနေသည်။ ချွေးများ မျက်လုံး ထဲ ဝင်ဝင်လာသေးသဖြင့် မျက်နှာသုတ်ပဝါဖြင့် ခဏခဏ သုတ်ရလေသည်။ လှုပ်ယမ်းနေသော ငှက်ပျောခိုင်ကို ငြိမ်အောင်ထိန်းရသည်မှာလည်း အမော ပေ။
စန္ဒကူးတောသို့ ရောက်လာသဖြင့် ကျွန်တော်များစွာ စိတ်သက်သာရာ ရသွားပေသည်။ စန္ဒကူးနံ့ရှူရှိုက်ရမည်ဖြစ်၍ မဟုတ်ပေ။ ငှက်ပျောခိုင်ကို ချကာ စန္ဒကူးပင်များ ကြည့်ရန် ရပ်နားခွင့် ရသောကြောင့် ဖြစ်လေသည်။ စန္ဒကူးပင်ပျိုတို့မှာ လူတစ်ရပ်သာသာမျှသာ ရှိကြသေးသည်။ သစ်ပင်ချိုး၍ နမ်းကြည့်လည်း အနံ့ရဦးမည် မဟုတ်ပေ။ သို့သော် စန္ဒကူးတောကို ကျွန်တော် ကျေးဇူးတင်သည်။ စန္ဒကူးတောကို ရပ်ပြီးမကြည့်ဘူးဆိုလျှင် ကျွန်တော်သည် မခံချင်စိတ်ဖြင့် မောချင်သလောက် မော၊ မနားဘဲဆက်သွား နေပေလိမ့်မည်။
စန္ဒကူးတောမှ တစ်မိုင် တိတိ ဆက်ထမ်းပြန်သောအခါ ငှက်ပျောသီး ထမ်းသမားသည် မြေကျေးရှင်းဥယျာဉ်အနီးသို့ ရောက်လေတော့သည်။ ဤငှက်ပျောသီးထမ်းသမားကိုမြင်သူ မိန်းကလေးနှင့် ယောက်ျားကလေး တို့က ကျွန်တော့်အဖော် ကိုငယ်အား
“ဘယ့်နှယ်လဲ ဦးလေးငယ်၊ ဘာကြောင့် ဧည့်သည်ကို အထမ်းခိုင်းရ တာလဲ”ဟု မေးကြလေသည်။ ကျွန်တော့်အား ငှက်ပျောသီးထမ်းသမားအစစ် မဟုတ်ကြောင်း သူတို့ချက်ချင်းသိကြလေသည်။ မျက်မှန်နှင့် လက်ပတ်နာရီကြောင့်လော။ သို့မဟုတ် လှုပ်ယမ်းနေသော ငှက်ပျောခိုင်များကြောင့်လော မပြောတတ်ပေ။
ကျွန်တော့်လုပ်ခကို တွက်ကြည့်သည်။ ပြား ၄ဝ ထက် မပိုနိုင်ချေ။ သို့သော် ကျွန်တော့်မှာ အဖိုးအခ မဖြတ်နိုင်သော အတွေ့အကြုံကို ရပါ သည်။ စန္ဒကူးတောကို ကျေးဇူးတင်၍မဆုံးနိုင်သော ငှက်ပျောသီးထမ်း သမား၏ ဘဝခံစားမှုနှင့် စာနာထောက်ထားမှုများ ဖြစ်ပေသတည်း။
ဗိုလ်တထောင်သတင်းစာ၊ ၃၀၊ သြဂုတ်၊ ၁၉၆၃