သိန်းဖေမြင့် - တစ်ခုသောငွေရတုသဘင်
အခန်း ၁
ရှုထောင့်နှစ်မျိုးမှ မြင်နိုင်သော ကျွန်တော်တို့အိမ်
ကျွန်တော်တို့၏အိမ်သည် မကြီးကျယ် မခမ်းနားသော်လည်း နေလို့ကောင်းသော အိမ်ဖြစ်သည်။
ကျွန်တော်တို့အိမ်ထက်မြင့်သော လမ်းပေါ်မှ ကျွန်တော်တို့အိမ်သို့ ဆင်းလာလျှင် ဖြစ်သလိုလုပ်ထားသော အုတ်လှေကားဖြင့် ဆင်းရသည်။ လက်ယာဘက်တွင် ဝါးရုံခြံစည်းရိုးနှင့် လက်ဝဲဘက်တွင် ပုဏ္ဍရိက် ပန်းရုံ ခြံစည်းရိုးရှိသည်။ အိမ်ရှေ့လှေကားကို ကသစ်ပင်၊ ကံ့ကော်ပင် စသော သစ်ပင်ကြီးများက အုပ်မိုးထားသည်။ အိမ်ရှေ့ကကြည့်လျှင် တစ်ထပ် အိမ်ဟု ရုတ်တရက် ထင်သည်။ သို့သော် နှစ်ထပ်အိမ်ဖြစ်ပါသည်။ ကုန်း လျှာကြီးကို အနည်းငယ်ဖြို၊ အနည်းငယ်ညှိပြီး၊ အလိုက်သင့်မေးတင်၍ ဆောက်ထားသော တိုက်ခံအိမ်ဖြစ်သည်။ စစ်ကိုင်းတောင်ရိုးမှ ဇရပ် တစ်ဆောင်ကို သတိရပြီး ဤအိမ်ပုံသဏ္ဌာန်ကို စိတ်ကူးမိခြင်း ဖြစ်သည်။ စိတ်ကူးမိသော ပုံသဏ္ဌာန်ကို စက်မှုတက္ကသိုလ်မှ ဗိသုကာဘွဲ့ ရခါစ ပန်းချီဆရာ ခင်မောင်ရင်အား ပြောပြပြီး အိမ်ပုံစံ ဆွဲစေပါသည်။ အိမ်ဆောက်သူ-ကိုလှကြိုင် (ကိုလှကြိုင်နှင့် မကြည်) က စေတနာပိုကာ တိုင်ကောင်းကောင်းရှည်ရှည် ဝယ်လိုက်သဖြင့် မောင်ခင်မောင်ရင် ဆွဲ သော ပုံစံထက် ကျွန်တော်တို့အိမ်က အနည်းငယ် ပိုမြင့်သွားသည်။အစကတော့ ဤသို့ ပိုမြင့်သွားခြင်းကို ကျွန်တော် မကျေနပ်။ သို့သော် ဦးညာဏ (ကွယ်လွန်သူ စာရေးဆရာကြီး ဦးညာဏ) က သူ့ရှုထောင့်နှင့် သူ ချီးကျူးနေကာမှ ကျွန်တော် ကျေနပ်သွား၏။ အိမ်ဆောက်ပြီးစ နေ့ တစ်နေ့၌ ဦးညာဏ ရောက်လာပြီး လျှောက်ကြည့်သည်။ အိမ်ရှေ့ လှေကားမှတက်ပြီး အိမ်နောက် ဝရန်တာသို့တိုင်အောင် လျှောက်သွား သည်။ ကျွန်တော့်အိမ်မှာ အိမ်ရှေ့တွင် မျက်နှာစာမရှိ။ အိမ်နောက်မှာ မျက်နှာစာရှိသည်။ အိမ်နောက်မျက်နှာစာတွင် မြက်ခင်းနှင့် ပန်းခြံရှိသည်။ အောက်ချိုင့်ထဲတွင် သစ်ပင်ကြီးများ ရှိသည်။ ထို့နောက် အခြားအိမ်များ နှင့် အခြားခြံများရှိသည်။ ဦးညာဏသည် ဝရန်တာမှနေပြီး အိမ်နောက် မျက်နှာစာကို စီး၍ကြည့်ပြီးနောက်...
“ငါက ဒီမြင်ကွင်းမျိုး သိပ်သဘောကျတယ်ကွ။ ကိုယ်က အပေါ် ကစီးပြီး သစ်ပင်ထိပ်ဖျားတွေနဲ့ သူများအိမ်မိုးတွေကို မြင်ရတာဟာ အရသာတစ်မျိုးပဲ”
ကျွန်တော်...၊
“ဟုတ်တယ်ခင်ဗျာ၊ ရှုထောင့်လည်း တစ်မျိုးကောင်းတယ်။ သို့သော် လမ်းပေါ်ကနေပြီး ကျွန်တော့်အိမ်ကို ကြည့်လိုက်ရင်လည်း ကျွန်တော့်အိမ်ခေါင်မိုးကို မြင်ရတယ် မဟုတ်လား။ ရှုထောင့်နှစ်မျိုးပေါ့ ဗျာ။ အထက်ကနေ ကြည့်တဲ့ ရှုထောင့်လည်း ရှိရမယ်။ အောက်ကနေ ကြည့်တဲ့ ရှုထောင့်လည်း ရှိရမယ်။ ကျွန်တော့်အိမ်ကနေပြီး ရှုထောင့် နှစ်မျိုးနဲ့ ကြည့်နိုင်တယ်ဗျ”
ဦးညာဏက ပြုံးသည်။ ပြီးတော့ ခဏကြာအောင် ဝရန်တာမှာ စင်္ကြံလျှောက်နေ၏။
ဦးညာဏ..
“အေး၊ လောကမှာ အထက်နဲ့အောက် အပြန်အလှန် ကြည့်တတ် ကြဖို့ သိပ်လိုတယ်”
ကျွန်တော်...
“အထက်အောက် အပြန်အလှန်ကြည့်တတ်ကြရင် စာနာမှု၊ သမ မျှတမှု ရှိလာမှာပဲဗျ”
ကျွန်တော်တို့အိမ်သည် တိုက်ခံနှစ်ထပ်အိမ်ဖြစ်သဖြင့် အပေါ်ထပ် မှာ ပူချိန်တွင် အောက်ထပ် ဆင်းနေနိုင်သည်။ အောက်ထပ်မှာ လှောင် နေချိန်တွင် အပေါ်ထပ် တက်နေနိုင်သည်။ ပတ်ဝန်းကျင်တွင် သစ်ပင် တွေပေါသဖြင့် အမြဲတမ်း လေကောင်းလေသန့် ရရှိနိုင်သည်။
အိမ်ရာတည်ထောင် လူတို့ဘောင်မှာ တောရကျောင်းနှင့်တူသော အိမ်မျိုးနှင့် နေ၍မဖြစ်။ အိမ်နီးနားချင်းများ ရှိရမည်။ သို့သော် အိမ်နီးနား ချင်းတွေ ပြွတ်သိပ်ကပ်နေခြင်းသည်လည်း မကောင်းပါ။ ကျွန်တော်တို့ တွင် အိမ်နီးနားချင်းများ ရှိပါ၏။ သို့သော် ကပ်မနေပါ။ အိမ်ဝင်းသီးခြား နှင့် ဖြစ်ကြပါသည်။ သူ့အိမ်တွင်းကိစ္စ ကိုယ်စပ်စု၊ ကိုယ့်အိမ်တွင်းကိစ္စ သူစပ်စု စသောအမှုများ မရှိနိုင်ပါ။
အိမ်နောက် မျက်နှာစာရှိ မြက်ခင်းနှင့် ပန်းခြံမှာ ခပ်သေးသေး ပင် ဖြစ်သည်။ အုန်းပင်လေးပင်နှင့် ထန်းပင်တစ်ပင်တို့က ထီးမိုးသလို မိုးထားသည်။ အောက်ချိုင့်ထဲရှိ သစ်ပင်ကြီးများက လေးဖက်လေးတန်မှ တံတိုင်းကာရံသလို ကာရံထားကြသည်။ ထို့ကြောင့် ကျွန်တော့် မြက်ခင်း နှင့် ပန်းခြံတို့သည် သီးခြားကမ္ဘာကလေးလို ဖြစ်နေသည်။ တစ်ခါတုန်းက ရုပ်ရှင်မင်းသမီး ခင်သန်းနု ကျွန်တော်တို့အိမ်သို့ ရောက်လာသောအခါ မြက်ခင်းနှင့် ပန်းခြံထဲလျှောက်ကြည့်သည်။ သူနှင့်အတူ သူ့အမေ မနုနှင့် ကျွန်တော့်ဇနီး ခင်ကြည်ကြည်တို့ ရှိကြသည်။ ခင်သန်းနုသည် ဆယ်ကျော်သက်ရွယ်ကလေးလို လွတ်လပ်စွာ လှုပ်ရှားနေသည်။ ပျော်ရွှင် မြူးထူးနေပုံရ၏။ ပြီးတော့ ခင်ကြည်ကြည်ကို ပြောလိုက်သည်။ “အန်တီ တို့အိမ်က ရုပ်ရှင်မင်းသမီးနေဖို့ ကောင်းတယ်။ အပြင်က လူတွေ မမြင် ဘဲနဲ့ ကိုယ့်ခြံထဲကိုယ် လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားနေနိုင်မယ်”
ခင်ကြည်ကြည်“
ဒါတောင် ခင်သန်းနုရဲ့ အန်ကယ်က မကျေနပ်သေးဘူး။ ဟို ခြံစည်းရိုးက အပင်တွေ နည်းသေးတယ်ထင်လို့ ထပ်စိုက်ချင်နေတယ်”
မှန်ပါသည်။ ဤမြက်ခင်းနှင့် ပန်းခြံမှာ သီးခြား ကမ္ဘာကလေး ဖြစ်နေပါသည်။ အခြားမင်းစိုးရာဇာတို့၏ ခြံကြီးများနှင့် သူဌေး သူကြွယ်တို့၏ ခြံကြီးများလို မကြီးမကျယ်ဘဲ၊ သေးသေးငယ်ငယ် ကျဉ်းကျဉ်း ကလေး ဖြစ်သောကြောင့် သီးခြားကမ္ဘာသဘော ဤမျှ ပေါ်လွင်နေခြင်း ဖြစ်ဟန်ရှိပါ၏။
မီးရောင်စုံထွန်း၍
ဤမြက်ခင်းနှင့် ပန်းခြံကို တစ်နှစ်တစ်ခါ နှစ်ခါဆိုသလို မီးရောင် စုံ ထွန်း၍၊ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ်ဖြင့် ဧည့်ခံ ပွဲကျင်းပပါသည်။ ခါတိုင်းနှစ်များက ဆိုရှယ်လစ်သံရုံးများမှ သတင်းစာ နှင့် ယဉ်ကျေးမှုဆိုင်ရာ သံအရာရှိများကို ဖိတ်ခေါ်ဧည့်ခံခဲ့ပါသည်။ ပြီးခဲ့သော ဖက်ဆစ်တော်လှန်ရေးနေ့ကမူ၊ ဂျပန်ဖက်ဆစ်တော်လှန်ရေး တွင် ပါဝင်ခဲ့ကြသော လေထီးတပ်သားများကို ဖိတ်ကြားကာ ဧည့်ခံပွဲ ကျင်းပခဲ့လေသည်။ မဟာအောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေး နှစ် ၅ဝ မြောက်နေ့ကလည်း နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ရဲဘော်အချို့ကို ဖိတ်ကြားပြီး ဧည့်ခံပွဲကျင်းပခဲ့ပါသည်။ ဖော်ပြပါ ဧည့်ခံပွဲမျိုးရှိတိုင်း မီးရောင်စုံထွန်းလေ့ရှိပါသည်။ ။
ယခုနှစ် (၁၉၇၁ ခုနှစ်) နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဧည့်ခံ ပွဲ တစ်ခုရှိခဲ့ပါသည်။ မီးရောင်စုံလည်း ထွန်းခဲ့ပါ၏။ မြက်ခင်းနှင့် ပန်းခြံကို လှည့်ပတ်၍ ကြိုးအတန်းသွယ်ပြီး မီးရောင်စုံထွန်းထားသည်။ ထန်းပင်အောက်ရွက်များတွင် မီးရောင်စုံ လေးငါးခြောက်လုံး ချိတ်ဆွဲ ထားသည်။ အိမ်ရှေ့ လှေကား၏ ညာဘက်ရှိ မြက်ခင်းနှင့် ပန်းခြံသို့ သွားသော လမ်းသွယ်ကလေးထိပ်တွင် မြန်မာလုပ်စက္ကူမီးလုံးကြီးတစ်ခု ကို ချိတ်ဆွဲထားသည်။ ဤမီးရောင်စုံတို့၏ စုပေါင်းရလဒ်မှာ မလင်း လွန်း၊ မတောက်လွန်းဘဲ အေးမြသော ဝိုးတဝါး အလင်းရောင်ဖြစ်ပါ ၏။ ထိုအေးမြသော ဝိုးတဝါး အလင်းရောင်အောက်ဝယ်၊ ကျွန်တော် တို့သည် တစ်ခုသော ငွေရတုသဘင်ကို ကျင်းပနေကြလေသည်။
လွန်ခဲ့သော ၂၅ နှစ်အချိန်၊ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ က သိန်းဖေမြင့်နှင့် ခင်ကြည်ကြည်တို့သည် အကြင်လင်မယား ဖြစ်ခဲ့ကြ လေသည်။ ထို့ကြောင့် ယခု ငွေရတုသဘင်ကျင်းပနေခြင်း ဖြစ်ပါသည်။
ဘာကြောင့် ငွေရတုသဘင် ကျင်းပရသလဲ
မဟာ အောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေးသည် ကမ္ဘာသူ ကမ္ဘာသားများအတွက် အရေးကြီးလှ၏။ ဖက်ဆစ်တော်လှန်ရေးသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အရေးကြီးလှ၏။ သိန်းဖေမြင့်နှင့် ခင်ကြည်ကြည်တို့၏ ငွေရတုသဘင်ကား ကမ္ဘာအတွက်လည်းကောင်း၊ မြန်မာနိုင်ငံအတွက်လည်းကောင်း အရေးမကြီးပါ။ သို့သော် ကျွန်တော် တို့ မိသားစုအတွက်ကား အရေးကြီးလှပါသည်။ ထို့ကြောင့် ငွေရတု သဘင်ဆိုပြီး တခမ်းတနား ကျင်းပလိုက်ခြင်းဖြစ်ပါသည်။ တခမ်းတနား ဆိုသော်လည်း အကန့်အသတ် ရှိပါသည်။ ကိုယ့်ဝင်းခြံအကျယ်အဝန်း နှင့် ကိုယ့်ငွေရေး ကြေးရေးအင်အားတို့က ကန့်သတ်ထားပါ၏။
ကျွန်တော့်အယူအဆအရ ယောက်ျားနှင့် မိန်းမ ချစ်ကြိုက်ကြခြင်း မှာ မခဲယဉ်းပါ။ လွယ်လွယ်နှင့် မြင်လျှင်မြင်ချင်းပဲ ကြိုက်ကြိုက်။ အမျိုး မျိုး စဉ်းစားပြီး၊ အမျိုးမျိုး ပိုးပန်းပြီးမှ ကြိုက်ကြိုက်။ အောင်သွယ်ထား ၍ပဲ ကြိုက်ကြိုက်၊ ရွယ်တူတန်းတူ အချင်းချင်းကြိုက်ကြိုက်။ အရွယ် မတူကြဘဲနှင့် ကြိုက်ကြိုက်။ ချစ်ကြိုက်သွားခြင်းမှာ လွယ်ပါသည်။ မလွယ်သည်၊ ခက်သည်မှာ ချစ်ကြိုက်ပြီးနောက် ညားကြရခြင်း ဖြစ် ပါသည်။ ထို့ထက် မလွယ်သည်၊ ထို့ထက်ခက်သည်မှာ ၂၅ နှစ်ပြည့်အောင် ပေါင်းသင်းရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ငွေရတုသဘင်ဆိုပြီး တခမ်းတနားလုပ်ကာ ကျင်းပရခြင်းဖြစ်၏။ သို့သော် အထက်တွင် ဖော်ပြသကဲ့သို့ အကန့်အသတ်ရှိသော တခမ်းတနားဖြစ်ပါသည်။
သခင်သန်းထွန်းနှင့် သခင်ဗသိန်းတင်တို့က လူကြီးမိဘလုပ်ကြ၍
ကျွန်တော်တို့ ငွေရတုသဘင်သို့ ဖိတ်ကြားရန် ဆွေမျိုးသားချင်း များနှင့် မိတ်ဆွေများစာရင်းကို ရေးချကြည့်ကြသောအခါ ဖိတ်ချင်ပါ လျက် ဖိတ်မရသူများကို သတိရမိလေသည်။ လွန်လေပြီးသော ၂၅ နှစ် ဤနေ့ ဤရက်တွင် ကျွန်တော်တို့ လက်ထပ်မင်္ဂလာပြုကြသောအခါ သခင်သန်းထွန်းနှင့် သခင်ဗသိန်းတင်တို့သည် ခင်ကြည်ကြည်၏မိခင်၊ မုဆိုးမဖြစ်နေလေပြီဖြစ်သော ဒေါ်သိန်းဟန်နှင့်အတူ လူကြီးမိဘများလုပ်၍တောင်းရမ်းခြင်း၊ ပေးအပ်ခြင်း၊ ထိမ်းမြားခြင်း စသည်ဖြင့် ဆောင်ရွက် ခဲ့ကြ၏။ ကျွန်တော်တို့နှစ်ယောက်စလုံး ကွန်မြူနစ်ပါတီဝင်များ ဖြစ်ခဲ့ ကြသည် မဟုတ်ပါလား။
ထိုနေ့က အခက်အခဲတစ်ခု ပေါ်ခဲ့လေသေးသည်။ ကွန်မြူနစ် ပါတီ ပေါ်လစ်ဗျူရိုလူကြီး သခင်ဗဟိန်းသည် ၁၉၄၆ ခု နိုဝင်ဘာလ ၂၀ ရက်နေ့က မန္တလေးမြို့မှာ ကွယ်လွန်ခဲ့သည်။ နိုဝင်ဘာလ ၂၂ ရက် (ကျွန်တော်တို့ လက်ထပ်သောနေ့) နေ့မှာ အသုဘဈာပန အခမ်းအနား ပြုလုပ်လေသည်။ ကျွန်တော်တို့ လက်ထပ်မင်္ဂလာကို အကြောင်းပြုပြီး ပါတီဘုံရိပ်သာမှာ ပါတီရဲဘော်များအား ထမင်းကျွေးရန် စီစဉ်ထားခဲ့ သည်။ မန္တလေးမှာ ပါတီခေါင်းဆောင် တစ်ယောက်အတွက် အသုဘ အခမ်းအနားပြုလုပ်နေစဉ် ရန်ကုန်မှာ အခြားပါတီခေါင်းဆောင်တစ် ယောက်အတွက် မင်္ဂလာထမင်းစားပွဲကျင်းပနေပါလျှင် ကောင်းနိုင်ပါ တော့မည်လား။
အချို့က ကျွန်တော်တို့ လက်ထပ်ပွဲကို ရွှေ့ရန်ပင် ပြောကြသေး ၏။ ကျွန်တော်တို့က မရွှေ့နိုင်ပါ။ သေသောသူအတွက် သေရက်ကို အချိန်းအချက် မပြုရပါ။ မင်္ဂလာဆောင်သူအတွက်ကား မင်္ဂလာဆောင် ရက် အချိန်းအချက် ပြုထားရသည်။ ပြီးတော့ ချစ်သူနှစ်ဦးဘက်က ကြည့်ပါဦး။ ချစ်ကြ၍ ညားကြတော့မည်ဟု သေချာလေလေ၊ မြန်မြန်ညားချင်လေဖြစ်သည်။ မည်သည့်အကြောင်းနှင့်မျှ မရွှေ့ချင်ပါ။ ပျက် ကွက်ဖို့ ဆိုသည်ကတော့ ဝေးပါသေး၏။
နောက်ဆုံး၌ ချိန်းထားသည့်အတိုင်း လက်ထပ်မင်္ဂလာပွဲကိုကား ကျင်းပမည်။ ထမင်းစားပွဲကိုတော့ ရွှေ့မည်ဟု ဆုံးဖြတ်ကြရလေသည်။ သခင်သန်းထွန်းနှင့် သခင်ဗသိန်းတင်တို့က လူကြီးမိဘများလုပ်၍ တောင်းရမ်းပြောဆို၊ ထိမ်းမြားသမှု ပြုကြလေတော့၏။
လွမ်းစရာလည်း ကောင်း၊ ကြေကွဲစရာလည်းကောင်း၊ ချစ်စရာ လည်း ကောင်းပါဘိ။
ငွေရတုသဘင်သို့ သခင်သန်းထွန်းကို ဖိတ်ချင်သည်။ ဖိတ်မရ တော့ပြီ။ ပီကင်းရောက်နေသော သခင်ဗသိန်းတင်ကို ဖိတ်ရန်ကလည်းလက်တွေ့မဖြစ်နိုင်တော့။ ဖိတ်စာကလေးတစ်စောင်လောက် စာတိုက်က နေပြီး ပို့လိုက်ရန် စဉ်းစားမိသေး၏။ သို့မဟုတ် လူကြုံပါးရလျှင် ပိုကောင်းလေမည်လား။
ကျေးဇူးရှင် ယောက္ခမကြီး
ထို့ကြောင့် လက်ထပ်မင်္ဂလာပွဲတုန်းက လူကြီးမိဘလုပ်ခဲ့ကြသူ များအနက် ခင်ကြည်ကြည်၏ မိခင် ဒေါ်သိန်းဟန်သာလျှင် ငွေရတု သဘင်ကို တက်နိုင်တော့သည်။ ဒေါ်သိန်းဟန်ကို ကျွန်တော်က ကျေးဇူး ရှင် ယောက္ခမကြီးဟု ခေါ်လေ့ရှိသည်။ သမီးတစ်ယောက်လုံး ပေးထား သူကို ကျေးဇူးရှင်ဟု အဘယ်ကြောင့် မခေါ်ရမည်နည်း။ ခင်ကြည်ကြည် နှင့် ကျွန်တော် မတွေ့ခင်ကပင် ခင်ကြည်ကြည်၏ဖခင် ဦးဘရှိန်သည် ကွယ်လွန်ခဲ့ပြီဖြစ်၏။ ဦးဘရှိန်ကား ဖျာပုံမြို့မှ အထက်တန်းရှေ့နေကြီး ဖြစ်၏။ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ရရှာသူ ဒေါ်သိန်းဟန်သည် သမီးငါးယောက်နှင့် သားတစ်ယောက်ကို ဆက်လက်ထိန်းသိမ်း စောင့် ရှောက်ခဲ့ရ၏။ ယခုတော့ သမီးနှင့် သမက်များက အတုံ့အလှည့်အားဖြင့် ဒေါ်သိန်းဟန်အား ပြန်လည်စောင့်ရှောက်နေကြလေပြီ။
ငွေရတုသဘင်မှာ တွေ့မြင်ရသော ဒေါ်သိန်းဟန်ကား ခေါင်းဖြူ၊ သွားကျိုး မျက်မှန်ထူကြီးနှင့် အဘွားအိုကြီးဖြစ်နေ၏။ သို့သော် စကားပြောဖက်ရှိလျှင်၊ သို့မဟုတ် နားထောင်မည့်သူရှိလျှင် အမျှင်မပြတ်အောင် စကားပြောနိုင်တုန်းဖြစ်သည်။ ငွေရတုသဘင်သို့ ဒဂုန်ဦးလှဖေနှင့် ဇနီး ဒေါ်တုတ်တို့လာရောက်ကြသည်။ ဒေါ်တုတ်မှာလည်း ခေါင်းဖြူ၊ သွား ကျိုး၊ မျက်မှန်ထူကြီးနှင့် အဘွားအိုကြီးဖြစ်၏။ ကျွန်တော့်ကျေးဇူးရှင် ယောက္ခမကြီးနှင့် စကားပြောဖက်ဖြစ်သွားကြသည်။ အိုနာကိစ္စများ ညှိနှိုင်းကြ၏။နောက်ဆုံးကောလာဟလသတင်းများကို ဖလှယ်ကြ၏။ တရားဓမ္မများကို ဆွေးနွေးကြ၏။