သိန်းဖေမြင့် - ကျွန်တော်ဝထ္ထုများထဲမှကျွန်တော့်ဇတ်ကောင်များ
နားနဲ့မနာဖဝါးနဲ့နာပါ
ဟောပြောမယ့်အခါမှာ ကျွန်တော်ဟောပြောမယ့် ပုဂ္ဂိုလ်တွေထဲမှာ ဆရာဦးမောင်မောင်ကြီး မပါပါဘူး။ ပါမောက္ခမို့ မဟုတ်ပါဘူး။ မင်းနဲ့ငါနဲ့” အားရပါးရ
ပြောချင်ရင် သူကတော့ရွယ်တူလား၊ သူကတော့ ကိုယ့် ထက်ကြီးမလားလို့ တွက်နေရတယ်။ ရုပ်ကြည့်တော့ သူကကြီးနေတာပဲ။ (ရယ်သံများ)
ပြောတဲ့အခါမှာ ခုနကပြောသလို ကျောင်းသား တွေကို ဆရာတစ်ယောက်က သင်ကြားသလို တူတွေ တူမတွေကို ဦးကြီးဦးလေးတစ်ယောက်က ပြောတဲ့ အနေနဲ့ပြောမှာမို့ နားနဲ့မနာ ဖဝါးနဲ့နာပါလို့ တောင်း ပန်ပါတယ်။
နောက်ပြီး ဒီမှာပြောမယ်လို့ ရည်ရွယ်တော့ ကိုယ့်စာကိုယ်အပြေးအလွှား ပြန်ဖတ်ရသေးတာပေါ့
လေ။ ဖတ်ပြီးတော့ ပြင်ဆင်တဲ့အခါမှာ ဘာသွားတွေ့ လဲဆိုတော့... ရေးစရာ၊ ပြောစရာတွေက များလာ တယ်။ အခုစီစဉ်ရင်းပဲ ဝတ္ထုတိုပေါင်းချုပ်ထဲက ဇာတ်ကောင်တွေ အကြောင်းကိုပြောဖို့ အချိန်ရမှာ မဟုတ် ဘူးခင်ဗျ။ (ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ထောင်ပြ လျက်) သူ့ကိုတော့ ပြောဖြစ်မှာမဟုတ်ဘူး။ ဒါက သတိမေ့လို့ယူလာတာ။ နောင်ဆိုရင်တော့ ဝတ္ထုတို ပေါင်းချုပ်ထဲက ဝတ္ထုတိုတွေထဲက ဇာတ်ကောင်တွေ ကို သတ်သတ်ပြောချင်ပါတယ်။
ကနေ့ပြောချင်တာက ငါတို့စာရေးကြတယ်။ ဝတ္ထုရေးကြတယ်။ ဒီလိုဝတ္ထုရေးပေမဲ့ ဘယ်တုန်းကမှ ဝတ္ထုရေးနည်း နိဿရည်းဆိုတဲ့စာအုပ် မဖတ်ဖူးဘူး။ ဝတ္ထုတွေသာ ရေးလာတယ်။ ဘယ်တုန်းကမှ ဝတ္ထုရေး ဆရာဖြစ်နည်းသင်တန်း မတက်ဖူးဘူး။ ဒါဖြင့် စာရေး ဆရာ ဘယ်လိုဖြစ်လာလဲလို့ဆိုရင် သူများတွေရေးတာ တွေကို ဖတ်တယ်။ မြန်မာဝတ္ထု တွေကိုဖတ်တယ်။ အင်္ဂလိပ်ဝတ္ထုတွေကိုဖတ်တယ်။ ဖတ်ပြီးတော့ မှတ် သားတယ်။ မှတ်ပြီးတော့ စိတ်ပါလက်ပါနဲ့ရေးတယ်။လျှောက်ပြီးတော့ ရေးလာတယ်။ ဝတ္ထုတိုတွေဖြစ်လာ တယ်။ ဝတ္ထုရှည်တွေ ဖြစ်လာတယ်။ နောက်တော့ ခုနင်က ဆရာမကြီးပြောတဲ့ ဆရာကြီးအခေါ်ခံရတဲ့ အခုလို ဝတ္ထုရေးဆရာကြီး ဖြစ်လာတယ်။
ဒီတော့ကာ... ဒီနေ့ ဘာလုပ်မှာလဲဆိုတော့ လက်တွေ့ အလုပ်လုပ်လာတဲ့ လက်တွေ့ ကိုရေးသား လာတဲ့အခါ ငါဒီလိုဝတ္ထုတွေရေးလာတဲ့ဟာ.. ဘယ် ဟာဖြင့် အရေးကြီးတယ်၊ အဲဒီအခါမှာ ဘယ်အင်္ဂါရပ် တွေဖြင့် လိုတယ်ဆိုတဲ့ သဘောတရားတွေ ဖြစ်လာ တယ်။ လက်တွေ့ ကနေ သဘောတရား ဖြစ်လာ တယ်။ အဲဒီတော့ လက်တွေ့လုပ်လာခဲ့တယ်။ လက် တွေ့ဝတ္ထုရေးလာခဲ့တယ်။ သဘောတရား ထုတ်ကြည့် တယ်။ Theory ထုတ်ကြည့်တယ်။ ထုတ်ကြည့်ပြီး နောက် ဒါကိုယခုတင်ပြတယ်။ အဲလိုပဲ ယူဆစေချင် တယ်။
ဘယ်ဟာ အရေးကြီးဆုံးလဲ
အဲဒီတော့ အဲဒီသဘောနဲ့ ပြန်ပြောင်းပြီး ကြည့်တဲ့ အခါ ဘယ်ဟာအရေးကြီးဆုံးဆိုတာ ရှာတွေ့ လာ တယ်။ဝတ္ထုရေးတဲ့အခါမှာ ဇာတ်ကောင်သရုပ်ဖော်တာအရေးကြီးဆုံးဆိုတာ တွေ့လာတယ်။ အတွေ့အကြုံ က ပြောတယ်ဆိုတဲ့ စကားအရ အတွေ့ အကြုံကနေ ကြည့်မယ်ဆိုလို့ရှိရင် ဇာတ်ကောင်တွေကို ရုပ်လုံးကြွ ပြီး ဖောင်းထလာအောင်၊ ဖြစ်လာအောင်၊ လှုပ်ရှားလာ
အောင် ဇာတ်ကောင်တွေရဲ့ စရိုက် သဘောသဘာဝ ဖော်တာဟာဆိုလို့ရှိရင် ဝတ္ထုရေးရာမှာ၊ ဝတ္ထုရေးတဲ့ အတတ်ပညာမှာ အရေးကြီးတဲ့အချက်ဆိုတာ သိလာ တယ်။ အဲဒီအချက်တစ်ချက်လည်း မှတ်ထားပါ။
နောက်တစ်ချက်ကတော့ ဝတ္ထုရေးတဲ့အခါမှာ ရေးရတဲ့ အကြောင်းရင်းကိုလည်း ပြန်ကြည့်ရတယ်။ ရေးရတဲ့ အကြောင်းရင်းဆိုတာ အင်္ဂလိပ်လို Theme လို့ခေါ် တယ်။ များသောအားဖြင့် Theme ဆိုရင် တော်တော် လေးနားလည်ကြပါတယ်။ ခုအဲဒီစကားကိုပဲ ပညာရှိ ပေါင်း မြောက်မြားစွာဟာ ဘာသာပြန်ကြည့်တယ်။ အပေါက်တည့်တာ မတွေ့ သေးခင် (ရယ်သံများ) ရည်ရွယ်ချက်လို့ ပြောလိုပြော၊ တချို့ကလည်း ဘာညာ ပေါ့လေ။ ဒီနေရာမှာတော့ ကိုယ်ကတော့ ဝတ္ထုရေးရာ မှာ အကြောင်းရင်းလို့ ပြောလိုတယ်။ ဥပမာအား ဖြင့် ငါတို့ငယ်ငယ် ပထမဆုံးရေးတဲ့ ၁၉၃၆ ခုနှစ်က ရေးတဲ့ (၃၆ဆိုတော့ လွန်ခဲ့တဲ့ ၃၃ နှစ်တုန်းကရေးတဲ့) “တက်ဘုန်းကြီး” ဝတ္ထုဟာ ပထမဆုံးဝတ္ထုလည်းပဲဖြစ်တယ်။ အဲဒီဝတ္ထုတုန်းကဆိုလို့ ရှိရင် ရေးရတဲ့ အကြောင်းရင်း၊ အဲဒီအကြောင်းရင်းက တို့ဘုန်းကြီးလောက၊ သာသနာလောက၊ သံဃာ့လောက၊ သာသနာ အတွင်းမှာ မသန့်မရှင်းတွေဖြစ်နေတယ်။ ဘုန်းကြီး တွေက မလုပ်သင့်တာတွေ၊ ဝိနည်းသိက္ခာနဲ့ မညီညွတ် တာတွေကို အချို့လည်း ဖောက်လွဲဖောက် ပြန်နဲ့လုပ် နေကြတယ်။ အဲဒီလုပ်နေကြတာတွေကို တိုင်းပြည် လူထုရှေ့ တင်ပြချင်တယ်။ ဒီလိုတင်ပြခြင်းအားဖြင့် သံဃာသန့်ရှင်းရေးဖြစ်မလားလို့ တင်ပြတာပဲ။ အဲဒီ တုန်းကတော့ သာသနာသန့်ရှင်းရေးလုပ်တာကို တော်တော်ယုံကြည်တယ်။ ဘုန်းကြီးကောင်းတွေ ဘာတွေ မြင်ချင်တယ်။ ဖူးချင်တယ်။ အဲဒီတုန်းကတော့ ဗုဒ္ဓ ဘာသာပီပီ အဲဒီလိုပဲဆန္ဒရှိတယ်။ အခုတော့ သူတို့ ဘာသာသူတို့ ပျက်နေလည်းမတတ်နိုင်ဘူးပေါ့။ (ရယ် သံများ) ပြောသာ နေရတယ်။ သိပ်တော့ ထွေထွေ ထူးထူးမပြောချင်ပါဘူး။ အဲဒီတော့ အဲဒီဝတ္ထုရေးရခြင်း ရဲ့ အကြောင်းရင်းကတော့... ခုနကပြောသလိုပဲ သာသနာသန့်ရှင်းရေး ဖြစ်ချင်လို့ပဲ။
သပိတ်မှောက်ကျောင်းသား
နောက်တစ်ခါ ၁၉၃၇ ခုနှစ်မှာ နောက်ထပ်ဝတ္ထုတစ်ပုဒ်ရေးတယ်။ အဲဒါကတော့ “သပိတ်မှောက် ကျောင်းသား ၊ အဲဒီသပိတ်မှောက် ကျောင်းသားက တော့ ၁၉၃၅ နဲ့ ၃၆ မှာ။ အဲဒီမှာ တက္ကသိုလ်ကျောင်း သားတွေရဲ့ လောကမှာ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ် တွေ၊ အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်တွေ ပြင်း ပြင်းထန်ထန် ဝင်လာတယ်။ ကျွန်ပညာကို အလိုမရှိလို့ ဆူပူကြတယ်။ အဲဒီကနေပြီးတော့ သပိတ်ကြီး ပေါက် ကွဲလာတယ်။ တင်ပြချင်တဲ့ အကြောင်းရင်းက အဲဒီဟာ ကိုး။ အဲဒီတော့ တစ်နည်းပြောလို့ရှိရင်ဖြင့် နယ်ချဲ့ ဆန့်ကျင်ရေးနဲ့ ကိုလိုနီစနစ်ပညာရေးကို တွန်းလှန်ဖြို ဖျက်ရေးအတွက်... ဒါအဓိက အကြောင်းထားပြီးတော့ ရေးတဲ့ဝတ္ထုဖြစ်တယ်။ အဲဒီအကြောင်းရင်းဆိုတာ ရှိရမယ်။
တက်ခေတ်နတ်ဆိုး
ထိုနည်းလည်းကောင်းပဲ၊ ၁၉၄ဝ ပြည့်နှစ်လောက် ကျတော့ နောက်ထပ်ဝတ္ထုတစ်ပုဒ်ရေးပြန်တယ်။ ဒါ ကတော့ ဘာလဲဆိုတော့.. 'တက်ခေတ်နတ်ဆိုး”ဆိုတဲ့ ဝတ္ထု။ အဲဒါကတော့ တစ်အချက်အားဖြင့် ဖော်ထုတ်ချင် တာကတော့.. အဲဒီတုန်းက လူငယ်တွေကြားထဲမှာ အများဆုံးပျံ့နှံ့နေတဲ့ ရောဂါတစ်ခုဖြစ်တဲ့ ကာလသားရောဂါ။ ဒီရောဂါရဲ့ အကြောင်းကို သရုပ်ဆောင်ပြီး တော့ကာ ဒီလောကတော့ မသွားလေနဲ့။ ပြည့်တန် ဆာလောကတော့ မင်းတို့လူငယ်တွေ မသွားကြလေနဲ့ ဆိုတဲ့ အကြောင်းရင်းကို ရေးလိုက်ခြင်းဖြစ်တယ်။ ကိုယ်တွေ့ တွေ ဘာတွေ ကြုံဖူးတော့ ရေးနိုင်တာပေါ့။ (ရယ်သံများ)
လမ်းစပေါ်ပြီ
အဲဒီလိုဝတ္ထုတွေ ရေးလာတယ်။ နောက်တစ်ခါ စစ်ပြီးတဲ့အခါမှာ နောက်ဝတ္ထုတစ်ပုဒ်ရေးတယ်။
လမ်း စပေါ်ပြီ” ... ဆိုတဲ့ဝတ္ထု။ ၁၉၄၉ ခုနှစ်မှာရေးတာ။
အဲဒီဝတ္ထုရဲ့ ရည်ရွယ်ချက်ကတော့ ၁၉၄၇ ခု ဖက်ဆစ်ဂျပန်တွေကို မောင်းထုတ်ခဲ့ပြီးတဲ့နောက် ဗမာ ပြည်မှာ ဖဆပလနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေါင်း
ဆောင်ပြီးတော့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှု၊ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီကလေး အထိ အဲဒီကာလ အတောအတွင်းမှာဖြစ်တဲ့ နိုင်ငံရေး လှုပ်ရှားမှု၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု တိုက်ပွဲကို ဖော်ထုတ်နေခြင်း အကြောင်းရင်း ဖြစ်ပါ တယ်။ အဲဒီ အကြောင်းရင်းနဲ့ ရေးလိုက်တယ်။
အဲဒါပြီးတဲ့နောက်ကျတော့ အများသိကြတဲ့