သားကြီးမောင်ဇေယျ - ပြောင်းလဲရေးခရီးသည်နှင့်အခြားဆောင်းပါးများ
အိမ်တွင်းငြိမ်းချမ်းရေးမှ ပြည်တွင်းငြိမ်းချမ်းရေးသို့
၂၀၁၇ ခုနှစ်ဟာ မြန်မာပြည် ပြည်တွင်းငြိမ်းချမ်းရေးနှစ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာကြောင့်
ကျွန်တော့်ဇနီးကို အလျှော့ပေးလိုက်တာပါ။
ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုဆိုတဲ့အနေနဲ့ပါ။
တဝေါဝေါ မြည်နေတဲ့ အဝတ်လျှော်စက် အသံတွေ ကြားထဲက ...
“ဟေ့ ယောက်ျားရေ လျှော်ပြီးသား အဝတ်တွေ လာလှန်းပေးဦး”
အမိန့်ပေးသံလား၊ အကူအညီတောင်းသံလား သဲသဲကွဲကွဲ မစဉ်းစားမိခင် အဝတ်လျှော်နေတဲ့ မိန်းမနားကို ကျွန်တော် ရောက်သွားပါပြီ။ ခြေဖနောင့် နှစ်ခုပူး၊ ခြေဖျားနှစ်ခုကို လေးလက်မခွာ၊ ခါးကိုမတ်မတ်ထား၊ လက် နှစ်ဖက်ကို ကပ်ထား၊ ရင်ကိုကော့၊ ဖင်ကိုကောက်၊ သတိအနေအထားနဲ့ရပ်၊ မိန်းမ ဘာညွှန်ကြားမလဲ နာခံရန်အသင့်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လျှော်ပြီးသား ထဘီနဲ့ မိန်းမအတွင်းခံဘောင်းဘီတွေက ပလတ်စတစ် ဇလုံ အနက်ထဲမှာ။ ကျွန်တော့်အဝတ်တွေ လုံချည်တွေက အပြာရောင် ဇလုံထဲမှာ။ ဒီအချိန်မှာပဲ ယောက်ျားမာနက ကျွန်တော့်ငယ်ထိပ်တက် လာပါတယ်။ “ငါက မိန်းမခိုင်းတာကို လုပ်မယ့်ကောင်မဟုတ်”သူ မခိုင်းခင် အဝတ်လျှော် ဇလုံနှစ်ခုကိုထပ်၊ ခေါင်းပေါ်ရွက်၊ ယောက်ျားဘသား ဒီလောက်တော့ အပျော့။ ကိုင်း အဝတ်လှန်းတဲ့ နေရာကို သွားကြစို့။
“ယောက်ျား ဒါ ဘာလုပ်တာလဲ” သူ့အသံက နည်းနည်း မာနေတယ်။
“အဝတ်လှန်းမလို့ လေကွာ”
ကျွန်တော့်အသံ နည်းနည်း ပျော့သွားတယ် ထင်ပါတယ်။ မတတ် နိုင်ပါဘူး။ သူ မာရင် ကိုယ်ပျော့ရမှာက ကျွန်တော်တို့ အတောင်နှစ်ဆယ် ဝတ် မင်းယောက်ျားတွေရဲ့ တာဝန်။ ဒီလိုမှ မဟုတ်ရင် သူတစ်ခွန်းကိုယ် တစ်ခွန်း စကားများ ရန်ဖြစ်ကြလိမ့်မည်။ ရိုက်ဟယ် နှက်ဟယ် ဖြစ်ကြလိမ့်
မည်။
အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ကြလိမ့်မည်။
အိမ်တွင်းအကြမ်းဖက်မှု ဆိုတာက
စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
မိရိုးဖလာဓလေ့ထုံးစံအရ အကြမ်းဖက်မှု
စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု
စသည်ဖြင့် အကြမ်းအားဖြငသတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ဖြစ်တာတွေ၊ နိုင်ငံတကာ အကြမ်းဖက်မှုဖြစ်တာတွေဟာ အိမ် တွင်း အကြမ်းဖက်မှုတွေက စခဲ့တာတဲ့။ ၂၀၁၇ ခုနှစ်ဟာ မြန်မာပြည် ပြည်တွင်း ငြိမ်းချမ်းရေးနှစ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာ
ကြောင့် ကျွန်တော့်ဇနီးကို အလျှော့ပေးလိုက်တာပါ။ ပြည်တွင်းငြိမ်းချမ်းရေး ကို ကြိုဆိုတဲ့ အနေနဲ့ပါ။ အိမ်တွင်းငြိမ်းချမ်းရေးသည် ပြည်တွင်းငြိမ်းချမ်း ရေး ဆီသို့ဆိုတဲ့ ကြွေးကြော်သံကို ကိုင်ဆွဲပြီးတော့ပေါ့။ တကယ်တော့ အဲဒီ ကြွေးကြော်သံကို ဘယ်သူမှ ကြွေးကြော်ခိုင်းတာမဟုတ်။ ဘယ်မှာမှ ပိုစတာ ချိတ်ထားတာမရှိ။ ဘယ်သူတွေ ဘယ်အလုပ်ရုံဆွေးနွေးပွဲကမှ ဆုံးဖြတ်ချက် ချထားတာမဟုတ်ပါ။ ကျွန်တော့်ဇနီးနားရောက်မှ ဒီကြွေးကြော် သံက ခေါင်းထဲ အထိတ်တလန့်နဲ့ အလိုလို ခုန်ထွက်လာတာပါ။
စကားမစပ်ပြောရဦးမယ်။ ကျွန်တော်တို့ သင်ယူထားတဲ့ ဂျဲန်ဒါ (GENDER) ဆိုတာ လူမှုဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်တစ်ခုပါ။ ကာလ ဒေသ ရာသီဥတု လူမျိုးစုဓလေ့ထုံးစံတွေနဲ့ ဆက်နွယ်နေပါတယ်။ ဥပမာ
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က အမျိုးသားတွေသာ
ဘောင်းဘီဝတ်ခဲ့ကြပြီး အမျိုးသမီးတွေ အများစုဟာ ဘောင်းဘီဝတ်လေ့ မရှိပါဘူး။ အခုတော့ အမျိုးသမီးတွေ ဘောင်းဘီဝတ်တာ မဆန်းတော့ပါ ဘူး။ ဟိုးရှေးရှေးက ယောက်ျားတွေသာ ရုံးတက်၊ အပြင်ထွက် စီးပွားရှာ ကြတာပါ။ အမျိုးသမီးတွေက အိမ်မှာ ကလေးထိန်း၊ အဝတ်လျှော် အိမ် အလုပ် လုပ်ခဲ့ကြရပါတယ်။ ဒါကို လူမှုပုံစံအသွင်းခံရတာလို့ ဆိုပါတယ်။ ခုတော့ ပြောင်းလဲသွားပါပြီ။ ရုံးတက် အပြင်ထွက် အလုပ်လုပ်၊ ယောက်ျား တွေလည်း လိုအပ်ရင် လိုအပ်သလို အိမ်အလုပ်လုပ်၊ ကလေးထိန်းနေကြ ပါပြီ။ ဒါဟာ ပြောင်းလဲမှုပါ။ ပြောင်းလို့လည်းရပါတယ်။ ဒါပေမဲ့ ပြောင်းလဲ လို့ မရတာက ကလေးမွေးတာ၊ နို့တိုက်တာနဲ့ လိင်အင်္ဂါတွေပါ။ အဲဒီလို ပြောင်းလဲလို့မရတာကို လိင် (Sex) လို့ သတ်မှတ်ကြပါတယ်။ ဒါဟာ ဇီဝဆိုင်ရာ သတ်မှတ်ချက်တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် အဝတ်လျှော်၊ ထမင်းချက်တဲ့ အလုပ်တွေမှာ ကျား မ ခွဲခြားစရာ မလိုသလို အဝတ်အစား ဝတ်ရာမှာလည်း ယောက်ျားအဝတ်က မြင့်မြတ်ပြီး မိန်းမအဝတ်ဟာ နိမ့်ကျတယ်လို့ မယူဆသင့်ပါဘူး။
အခုပဲကြည့်လေ ကျွန်တော့်မိန်းမက ယောက်ျားအဝတ်၊ မိန်းမအဝတ် ခွဲလျှော်ထားတယ်။ ဇလုံတစ်ခုစီ ထားတယ်။ ဒါကို ဂျဲန်ဒါ ခွဲခြားမှုလို့ ခေါ်နိုင်ပါတယ်။
“ရှင် ထဘီဇလုံကြီး သယ်သွားမှာလား”
“ဒါတွေ အရေးမကြီးပါဘူး။ မင်းက ဂျဲန်ဒါ ခွဲခြားနေလို့ ဖြစ်တာ။ ယောက်ျားအဝတ်ဖြစ်ဖြစ်၊ မိန်းမအဝတ်ဖြစ်ဖြစ် အတူတူပဲ။ တစ်ခုခုလုပ်ရင် ဂျဲန်ဒါ မျက်မှန်လေးတပ်ကြည့်စမ်းပါ မိန်းမရာ”
“အို ဘာမျက်မှန်လဲ။ မျက်မှန်က ခဏခဏပျောက်လို့ စိတ်ညစ်ရတဲ့ အထဲ ရှင်က နောက်ထပ်မျက်မှန် ထပ်တပ်ခိုင်းပြန်ပြီ။ ရှင် အခုလုပ်ရမှာက ထဘီဇလုံကိုထားခဲ့၊ ရှင့်အဝတ်ဇလုံကို ယူသွား၊ အိမ်ရှေ့မှာလှန်း၊ သေသေ ချာချာ ဖြန့်လှန်း ဒါပဲ”
ကျွန်တော် သင်ယူဖူးတဲ့ ဂျဲန်ဒါသင်တန်းတစ်ခုမှာတော့ ယောက်ျား တွေက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အလိုလို နေရာရနေကြတယ်တဲ့။ ဥပမာ ရပ်ကွက်လူကြီးနေရာ၊ သမ္မတနေရာ၊ အိမ်ထောင်ဦးစီးနေရာ အဲဒီနေရာတွေ မှာ အမျိုးသမီးတွေ နေရာရလာဖို့ ကြိုးစားသင့်တယ်တဲ့။ ဒီအဆိုကို ကျွန်တော် သိပ်ဘဝင်မကျပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က မိန်းမ ပြောတာကို နာခံဖို့ ဆုံးဖြတ်ချက်ချထားတာမို့ပါ။ အဲဒီဆုံးဖြတ်ချက်ချခွင့် ကလေးတော့ ကျွန်တော်တို့ ပုရိသယောက်ျားတွေ ပေးသင့်တယ်ထင် ပါတယ်။
ခုလည်း ကျွန်တော့်ဆုံးဖြတ်ပိုင်ခွင့်ကို အလျှော့မပေးဘဲ မိန်းမခိုင်းတဲ့ အတိုင်း လိုက်လုပ်ပစ်လိုက်ပါတယ်။ ယောက်ျားဆိုတာ ဆုံးဖြတ်ချက် ခိုင်မာရတယ်။ ထွေးပြီးသား တံတွေးကို ပြန်မချိုဘူး။ ပြောပြီးသား စကားကို တည်အောင်လုပ်တယ်။ ကဲ လှန်းပစ်လိုက်မယ် အဝတ်တွေအားလုံး။ ဘာဖြစ်လဲ။
ကျွန်တော် အဝတ်လှန်းပြီးချိန်မှာ သူက ရေချိုးနေပါပြီ။ ရေချိုးမပြီးခင် သူ စားဖို့ ထမင်းတွေ ဟင်းတွေ နွေးထားရမှာက ကျွန်တော့်တာဝန်။ အဲဒီ တာဝန်တွေကို ဘယ်တုန်းကယူခဲ့တာလည်းတော့ မသိပါ။ ကြင်စဦး ဇနီး မောင်နှံဘဝက သူ ယူထားတဲ့တာဝန်တွေပါ။ သမီးရည်းစားဘဝတုန်း ကတည်းက သူက ဒီတာဝန်တွေကို သူ ယူမယ်လို့ အကြိမ်ကြိမ်ပြောခဲ့ ပါတယ်။ သူ အလုပ်ထွက်လုပ်တော့ အဲဒီတာဝန်တွေဟာ ကျွန်တော့်အပေါ် ကျရောက်လာပါတယ်။ သူကို မလုပ်နဲ့လို့ ပြောရင်လည်း စီးပွားရေး အကြမ်း ဖက်သူလို့ အစွပ်စွဲခံရနိုင်တယ်။ လုပ်ပါလို့ဆိုရင်လည်း အမျိုးသမီး အခွင့် အရေး ကာကွယ်သူတွေက မိန်းမတစ်ယောက်ကို မနိုင်ဝန်ထမ်းခိုင်းတယ်လို့ အပြစ်မြင်ကြမယ်။ ရှေးရိုးစွဲတွေက ထဘီနားခိုစားချင်လို့ ခွင့်ပြုတာလို့ အပြစ်တင်ကြမယ်။ တကယ်တော့ တစ်ယောက်တည်းရှာတဲ့ ဝင်ငွေက ဒီခေတ်ကြီးမှာ မလုံလောက်တော့ဘူးလေ။
ကျွန်တော်ပြောခဲ့တဲ့ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုဆိုတာကတော့ ယောက်ျားတွေဟာ မိန်းမတွေကို အပြင်ထွက် စီးပွားရှာခွင့်မပေးဘဲ သူတို့ သာ စီးပွားရှာ၊ သူတို့သာ စီမံခန့်ခွဲ၊ ငွေရှာနိုင်သူက ငွေရှာခွင့်မရသူကို တစ်ဖက်သတ် အနိုင်ကျင့်လေ့ရှိတယ်လို့ ကျား မ ရေးရာ တန်တူညီမျှရေး ကွန်ရက် မြန်မာနိုင်ငံရဲ့ အရည်အသွေးအခြေပြုနည်းလမ်းနဲ့ လေ့လာဆန်းစစ်ချက်တွေအရ သိရတယ်လို့ဆိုပါတယ်။ ကျွန်တော့်ဇနီးကတော့ အပြင် ထွက် စီးပွားရှာရပေမဲ့ ကျွန်တော့်ကို အိမ်တွင်းအကြမ်းဖက်မှုတွေ မလုပ် ပါဘူး။ မသကာ ဇက်ကြောနှိပ်ဖို့၊ နင်းပေးဖို့ လုပ်အားပေးခိုင်းတာလောက်ပဲ ရှိပါတယ်။ အလုပ်အဆင်မပြေရင်တော့ ကျွန်တော့်နားကိုအကြမ်းဖက် တာတော့ ရှိတာပေါ့ ဗျာ။
အဲဒီအကြမ်းဖက်တာကို ကျော်ဖြတ်တဲ့နည်းကတော့ သူ ထမင်းစားပြီး တာနဲ့ ဖေ့စ်ဘွတ်သုံးတတ်အောင် သင်ပေးလိုက်တာပါပဲ။ ကျွန်တော် ပန်း ကန်တွေ ဆေးပြီးချိန်မှာ သူက ဖေ့စ်ဘွတ်သုံးရင်း အိပ်ပျော်သွားပါပြီ။ သူ အိပ်နေတာကို ဇာခြည်လှပ်လို့ကြည့်ရင်း ဂျဲန်ဒါဆရာမ တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီ ပြောတာကို သတိရပြီး လန့်သွားပါတယ်။
အမျိုးသမီးက သဘောမတူရင် အိမ်ထောင်ဖက်ဖြစ်ပါစေ မုဒိမ်းမှုနဲ့ တရားစွဲနိုင်တယ်တဲ့။ ပုဒ်မက ၃၇၆။ ထောင်ဒဏ်က တစ်သက်တစ်ကျွန်း ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်နိုင်သည်တဲ့။ အောင်မယ်လေး ဖူး ဗူး ဝူး ။
အင်း ဘာပဲဖြစ်ဖြစ်လေ ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်ရာထူး က အနားမယူခင် နောက်ဆုံးပြောသွားတဲ့ မိန့်ခွန်းမှာ “ကုလသမဂ္ဂမှာ အမျိုး သမီးတွေကို အဆင့်မြင့်ရာထူးတွေမှာ အရင်ကထက် ပိုမိုတိုးမြှင့်ခန့်ထား နိုင်ခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်”တဲ့။
ကျွန်တော်လည်း ကျွန်တော့်အမျိုးသမီးကို နေရာပေးခဲ့ရလို့ ကျေနပ် ပါတယ်။
ကျွန်တော်တစ်ယောက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပထမ ခြေလှမ်းအဖြစ် အိမ်တွင်းငြိမ်းချမ်းရေးကို လျှောက်လှမ်းနိုင်ခဲ့ပါပြီ။
ဘန်ကီမွန်းတစ်ယောက်ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည် ဆောက်ဖို့အထိ ရည်ရွယ်ချက်ထားတာကြောင့် အခုဆို အဝတ်တွေလှန်း၊ ပန်းကန်တွေဆေးလို့ ပြီးမယ်မထင်သေးပါဘူး။
(ဒီဆောင်းပါးကို ကျွန်တော့်ဇနီးရဲ့ ခွင့်ပြုချက်နဲ့ အတည်ပြုရေးသား ထားကြောင်း ဝန်ခံပါတယ်)