သာဓု - လူ၀ါးဝတယ်
တစ်လအတွင်းကောင်းစွာနေ
သာဓုတို့ငယ်စဉ် သူ့ကျွန်ဘဝက စက်ဘီးစီးရသည်ပင်မလွတ်လပ်၊ လမ်းလယ်မှစီးလျှင် ဖမ်းသည်။ နယ်ချဲ့သမား အုပ်ချုပ်သူတို့ အကြောင်း ပြချက်မှာ စက်ဘီးမှာ အနှေးယာဉ်ဖြစ်၍ လမ်းလယ်မှစီးလျှင် နောက်မှ လာသော မော်တော်ကား၊ ဓာတ်ရထားများအဖို့ အနှောင့်အယှက်ဖြစ် သည်ဟု ဆိုသည်။ ထို့ကြောင့် လမ်းဘေးကို ကပ်၍စီးရသည်။ (ကိုယ် လည်း အန္တရာယ်ကင်းသည်ဟု ပြောသည်။)
နောက်ပိုင်းကယ်ရီယာ ကုန်ပစ္စည်း အသေးအမွှားတင်သည့်ခုံတွင် လူတင်စီးကလည်း ဖမ်းသည်။ ရေနံဆီပုံး စသော ကြီးကြီးမားမားတင် လျှင်လည်း ဖမ်းသည်။ သူတို့က မတော်တဆ တိုက်ခိုက်မှုဖြစ်လျှင် နှစ်ယောက်ဒဏ်ရာရမည်ဟုလည်းကောင်း၊ ကုန်လေးလေးပင်ပင် နောက် ပိုင်းတွင်တင်က စက်ဘီးမထိန်းနိုင်ဖြစ်လျက် တိုက်ခိုက်လဲကျမှု ပို၍ ဖြစ်နိုင်သည်ဟုလည်းကောင်း အကြောင်းပြသည်။
ဘဲလ် (ခေါင်းလောင်း၊ ဟွန်းအသေးစား) တစ်ခုခု မပါလျှင်လည်း ဖမ်းသည်။ အကြောင်းပြချက်က စက်ဘီးကို အရှိန်ပြင်းပြင်း နင်းလာ ခိုက် ကလေးများ၊ သက်ကြီးရွယ်အိုများကို တိုက်မိလျှင် သေစေနိုင်သည်။ သန်သန်မာမာ လူပင်ဖြစ်စေ ဒဏ်ရာရစေ၊ ကျိုးစေနိုင်သည်။ ထို့ကြောင့် ရှေ့မှလူကို အသိပေးရန် အသံပြုကိရိယာ ဘဲလ်၊ ခေါင်း လောင်း၊ ဟွန်း ပါရမည်ဟု ဆိုသည်။
ညအခါ မှောင်စပြုသည်နှင့် မီးမပါပြန်လျှင်လည်း ဖမ်းသည်။ သူတို့က ဆိုသည်မှာ လက်တွန်းလှည်းကလေးပင်ဖြစ်စေ ညအခါ မီး ပါမှသာလျှင် အဝေးမှလာသော မော်တော်ကား ယာဉ်ရထားများက မြင်ရမည်။ ရှောင်နိုင် တိမ်းနိုင်မည်။ (ဥပမာ-စက်ဘီးက ဆေးရောင် အမည်း၊ အသားညိုညို လူတစ်ယောက် အင်္ကျီအနက် လုံချည်အမည်း ကွက်ဝတ်၍ စက်ဘီးစီးလာသော် ညအခါ ပေငါးဆယ်အတွင်း လုံးဝ မမြင်ရနိုင်၊ တိုက်မိ ခိုက်မိနိုင်သည်)ဟူ၍ ဖြစ်၏။ ထိုထိုအမှုများဖြင့်ဖမ်း ၍ ရုံးတင် သော် ဒဏ်ငွေ တစ်ကျပ်- နှစ်ကျပ် စသည်ဖြင့် တပ်၏။
ထိုစဉ် သူ့ကျွန်ဘဝက အဘယ်မျှ မလွတ်မလပ် ရှိသည်ကို ရေးရ သော် သာဓုတို့ ညအခါ မီးမပါဘဲ စက်ဘီးစီး ပုလိပ်မြင်၍ ဆင်းပြီးတွန်း သွားသည့်တိုင်အောင် အဖမ်းခံရသေးသည်။ ညသန်းခေါင်ကျော်သာမက မိုးလင်းသည်အထိ ပုလိပ်များ ထိုနေရာတစ်ယောက်၊ ဤနေရာနှစ်ယောက်ဆိုသလို တာဝန်ကျနေသည်။ ဝီစီခေါ် အရေးပေါ်ပုလိပ်ခရာမှုတ် လိုက်သည်နှင့် ဘယ်ကထွက်လာသည်မသိ ပုလိပ်ရောက်နေတတ်သည်။
သာဓုသည် ငယ်စဉ်က အငြိမ့်အလွန်ကြိုက်သည်။ လူပြက်များကို အလွန်သဘောကျသည်။ ဒန်ပေါက်၊ ညှပ်ကြီး၊ ဓာတ်ဆီ၊ ဓာတ်စံ၊ ကိုကြင်ခဲ၊ ကိုပဋိက္ခယား၊ ကိုဟော်တယ်၊ ကိုစပါယ်ရှယ် စသော လူရွှင်တော်များပါသည့် အငြိမ့်ဆိုလျှင် ဆယ်မိုင်မျှ ဝေးသော် ဝေးစေ သွားကြည့်သည်သာ ဖြစ်၏။
တစ်ညတွင် ဒန်ပေါက်၊ ညှပ်ကြီးတို့ပါသော အငြိမ့် ကြည့်မြင်တိုင် တွင် ကမည်ကိုသိသောကြောင့် သိမ်ကြီးဈေးနားတွင်နေသော သာဓုလည်း ညနေစောင်းလောက်ကပင် စက်ဘီးစီး၍ ပွဲကြည့်ထွက်ခဲ့၏။ ထိုစဉ်က အငြိမ့်များမှာလည်း မလွတ်လပ်၊ ကျန်းမာရေး အကြောင်းပြ ချက်ဖြင့် ညနေ ၆-နာရီခွဲမှ ည ၁၂-နာရီအထိသာ အငြိမ့်ကခွင့် ရကြသည်။
ထို့ကြောင့် ပွဲစဉ် က ကချင်းကြည့်နိုင်အောင် ၅-နာရီလောက် ကတည်းက သာဓု ပွဲစင်ဘေးတွင် ရောက်နေခဲ့ကာ ည ၁၂-နာရီ ပွဲ ပြီးပြီးချင်း စက်ဘီးကို သုတ်သုတ်နင်း၍ ပြန်လာသည်။ မျက်လုံးက လည်း ပုလိပ်ကို ကြည့်ရသေး၏
လတ္တာလမ်း (ယခု-လာသာလမ်း)ထိပ်သို့ ရောက်သည်နှင့် မှောင် ရိပ်ထဲမှထွက်လာသော ပန်ချာပီပုလိပ်က ဆီးဖမ်းကာ ရဲဌာနသို့ ခေါ် သွားလေတော့၏။ ထိုအခါက လက်ဖက်ရည်နှစ်ခွက်ဖိုးမျှ ဖြစ်သော ပိုက်ဆံ ၆-ပြား သာဓက ထုတ်ပေးသော်လည်း သူလက်မခံ၊ နည်း၍ လား မသိ။
ရဲဌာနရောက်သော် အမည်လိပ်စာမေးသည်။ နောက်တစ်နေ့ နံနက် ၁၀-နာရီ သမာဓိလူကြီးရုံးသို့ သွားရန် ညွှန်ကြားပြီး ပြန်လွှတ်လိုက် သည်။
ချိန်းသည့်နေ့ ရုံးသို့ရောက်သောအခါ တတိယမြောက်နာမည်မှာ သာဓုဖြစ်လျက် မျက်မှန်းတန်းမိနေသော သမာဓိလူကြီးက.......
“မင်း ရောက်လာပြန်ပြီလား”
ဤသို့အမေးခံရသည်မှာ လေးကြိမ်ထက်မနည်းတော့ချေ။ သာဓု မှာ လမ်းလယ်တွင် ဘောလုံးကန်မှုဖြင့်လည်ကောင်း၊ စက်ဘီး နှစ် ယောက်စီးမှုဖြင့်လည်းကောင်း၊ မီးမပါမှုဖြင့်လည်းကောင်း၊ သင်္ကြန် တွင် မဏ္ဍပ်ထိုးရန် ကတ္တရာလမ်းကို ဖောက်၍ တွင်းတူးမှုဖြင့် လည်းကောင်း၊ (သူ့ကျွန်ဘဝ ချုပ်ချယ်မှုများဖြင့်) ရုံးရောက်သည်မှာ မကြာခဏ
“ဟုတ်ကဲ့...”
သမာဓိလူကြီးမှာ ဦးဘိုင်မြားခေါ် ခြစ်တဂေါင်းကုလား လူကြီး လူကောင်းဖြစ်၏။ သူ့အမေးကို သာဓက ဖြေလိုက်သည်နှင့်
“အေး... ဒဏ်ငွေနှစ်ကျပ်နဲ့...”
“ဟုတ်ကဲ့...”
“ဘာဟုတ်ကဲ့လဲ၊ မပြီးသေးဘူး။ မင်းခဏခဏ ပြစ်မှုကျူးလွန် တယ်၊ စက်ဘီး မီးမပါဘဲစီးလို့ အဖမ်းခံရတာ သုံးခါရှိပြီ။ ဘာဖြစ်လို့ မီးမထွန်းတာလဲ”
“ဝယ်စရာပိုက်ဆံ မရှိလို့ပါ”
“မဝယ်နိုင်လို့ မီးမထွန်းနိုင်ရင် ညမစီးနဲ့ပေါ့”
“ကိစ္စအရေးကြီးတဲ့အခါသာ စီးတာပါ”
“ညကြီးမိုးချုပ် ဘာအရေးကြီးတာလဲ”
“အငြိမ့်သွားကြည့်တာပါ”
“အငြိမ့်ကြည့်တာ အရေးကြီးသလားကွ”
“ဟုတ်ကဲ့ လူပြက် ပြက်တာ သိပ်ရယ်ရပါတယ်၊ ရယ်တာဟာ ကျန်းမာတယ်ဆိုလို့”
“တော်ပြီ ဒဏ်ငွေ နှစ်ကျပ်ပေးခဲ့၊ နောက်ပြီး တစ်လအတွင်း ဒီရုံးကို ပြန်ရောက်မလာစေနဲ့ နားလည်လား၊ ဒါတစ်လအတွင်း ကောင်း စွာနေရမယ်ဆိုတဲ့ အပြစ်ဒဏ်ခေါ်တယ်”
သာဓုက ဘာမျှထပ်မပြောတော့ဘဲ ငွေနှစ်ကျပ် ဒဏ်ဆောင်သည်။ ဖြတ်ပိုင်းတစ်ခုရသည်။ နောက်ဆုံးပြစ်ဒဏ်နှင့် ပတ်သက်၍ မကြားဖူး၊ မခံရဖူးသောကြောင့် ရှင်းရှင်းသိလို၍ ဦးဘိုင်မြားဆီ လျှောက်သွားပြီး...
“ကျွန်တော် မသိလို့မေးပါရစေ မာမူကြီး၊ တစ်လအတွင်း ကောင်း စွာနေရမယ်ဆိုတော့ ဒီတစ်လက ကျော်ရင်ကော”
“ဟာ လူဝါးဝတဲ့ ကောင်လေးပဲ၊ သွား... သွား”ဟုပြောရင်း ရယ်ရင်း သာဓုအား မောင်းထုတ်လိုက်သည် ဟူသတတ်။