သာဓု - လိင်
“အစ်ကိုကြီး ထမင်းစားတော့မလားဟင်”
အသက်အရွယ်အားဖြင့် ၂၅ နှစ်ထက် ကြီးပုံမရသေးသော ကျစ်ကျစ်နှင့် ချစ်စရာ မိန်းမပျိုကလေးသည် ဧည့်ခန်းရှိ စာရေးစားပွဲတွင် သတင်းစာ ထိုင်ဖတ်နေသော လူခပ်ကြီးကြီးတစ်ယောက်အား ကြည်ကြည် လင်လင်နှင့် ခပ်ရွှင်ရွှင်ကလေးပြီး၍ မေးလိုက်သည်။
အနီရဲရဲအောက်ခံတွင် အဝါနုတစ်ပွင့် အဖြူတစ်ပွင့်အားဖြင့် ပန်းပွင့်ကလေးများ ခပ်ကြဲကြဲရိုက်ထားသည့် တိုဘရက်ကိုး လုံချည်ကလေး သည် ထိုမိန်းမပျို၏ ဖြူနုသော အသားအရေကို ပို၍ စိုဝင်းအောင် ဖန်တီး ပေးသကဲ့သို့ ရှိနေတော့ကာ မနိမ့်လွန်း မမြင့်လွန်း ကြည့်ကောင်းရုံ မွမ်းမံ ပြုပြင်ထားသည့် အမောက်ကလေးမှာလည်း ယဉ်စစနှင့် ကလေး လှနေသည်သာမက မှုန်ဝါးဝါးသာ မြင်ရသည့် ဆံပင်နုနုကလေးများကြောင့် မြရောင်ဘက်ယိမ်းကာ စိမ်းဖန့်ဖန့်ဖြူနေသော မန်းမပျို၏ လက်ဝဲ လည်ပင်း ဆံစနှင့်နက်မှောင်သော သူ၏နောက်တွဲ ဆံထုံးအညာဆယ် ထယ်ထယ်ဝါဝါ ဝင်းနေသည့် သစ္စာပန်းကလေး သုံးပွင့်မှာလည်း မိန်းမ၏ ကျက်သရေကို မက်မပြေအောင် အင်အားဖြည့်လျက်ရှိ၏။
ဖောင်းဖောင်းကလေး မို့နေသည့် ပါးအို့ကလေးနှစ်ဘက်တွင် မြစ်ထဲ၌ ဝဲကတော့ထ, သွားသည့်အလား ချိုင့်ခွက်ကလေးများ ပေါ်လာ သည်အထိ နှုတ်ခမ်းပါးနှစ်ခုကို ဖိ၍ပြီးလိုက်ပြီးမှ ... ။
“အစ်ကိုကြီး ထမင်းစားတော့မလားဟင်” မျက်လုံးကောင်း နှာတံ ပေါ်နှင့် အတော်ကလေး ကျက်သရေရှိနေသည်တွင် ဤလိုရဲရဲနီနေသည့် နှုတ်ခမ်းပါးကလေးကို လေးကိုင်းသဏ္ဌာန် ကားသွားအောင် ပြုံးရင်း ပြောလိုက်ပြန်သည်၌ ထိုမိန်းမပျို၏ လောလောဆယ် မြင်တွေ့လိုက် သော ရုပ်ရည်နှင့်အမူအရာမှာ တစ်ဖက်လူ အသက်ရှူမှားလောက် အောင်ပင် တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေရရ လှနေတော့၏။
မိန်းမပျိုသည် ဤလိုထိုလို မျက်နှာထားကလေးချိုချိုနှင့် မေးနေသည်မှာ နှစ်ကြိမ်တိုင်တိုင်ရှိပြီဖြစ်သော်လည်း သတင်းစာဖတ်နေသူ သူ့ အစ်ကိုကြီးကား မျက်လွှာကလေးလှန်၍မူ ပြန်ကြည့်ဖော်မရဘဲ သတင်းစာ ထဲတွင်သာ စိတ်ဝင်စားနေသကဲ့သို့ မတုန်မလှုပ်ရှိနေ၏။
“ထမင်းစားတော့မလား အစ်ကိုကြီး”
တတိယအကြိမ်မြောက် ဤလိုမေးလိုက်သော မိန်းမပျို၏ အသံ မှာမူ စောစောကကဲ့သို့ မဟုတ်တော့ဘဲ ခပ်တိုးတိုးနှင့် ခပ်တုန်တုန် ဖြစ်နေတော့ကာ မျက်နှာထား အမူအရာမှာလည်း တမည်တမျိုးအားဖြင့် ညှိုးညှိုးငယ်ငယ်ဖြစ်သွား၏။
“ဘာလဲ မင်းကို ငါဘယ်နှစ်ခါပြောရမလဲ၊ မင်းတော်တော် စိတ်မှတ်နည်းတဲ့ မိန်းမပါလား” မိန်းမပျို၏ အသံနှင့်အမူအရာ နူးညံ့ပျော့ပျောင်းသလောက် ထိုလူ ပြောလိုက်ပုံကား မျက်နှာထားရော စကားသံဝါ မာကြောခက်ထန် အာဏာရှင်ဆန်လှတော့၏။
“သြော်. . . အစ်ကိုကြီးရယ်” “တိတ် နောက်ထပ်မပြောနဲ့၊ ငါမှာထားတယ်မဟုတ်လား။”
(ဘယ်သွားမလို့လဲ ဘယ်ကပြန်လာသလဲ ထမင်းစားတော့မလား) အဲဒါတွေ ငါ့ကိုမမေးနဲ့လို့”
လူကြီးသည် ပြောရင်းဆိုရင်းက ဇတ်ခနဲ ထရပ်လိုက်သဖြင့် မိန်းမပျိုသည် ခပ်ရို့စို့ကလေးတုံ့၍ နောက်သို့ မသိမသာ ဆုတ်လိုက်မိ တော့၏။
“ဖြစ်ရလေ အစ်ကိုကြီးရယ် ဒါကလေးမေးတာ ဘာများလွန် လို့လဲ"
“လွန်လွန် မလွန်လွန် မင်းဟာ ငါ့မယား ငါပြောတာကို နားထောင်ရမယ်၊ ငါထမင်းစားချင်ရင် မနုမေ ထမင်းခူးလို့ပြောမယ်။ ငါ့ကို ဘယ်တော့မှ မမေးနဲ့ ထမင်းစားတော့မလားလို့ အဲဒါမှတ်ထား”
လူကြီးသည် စကားဆုံးသည်နှင့် လက်ထဲမှ သတင်းစာကို စားပွဲ ပေါ်သို့ ခပ်ဆောင့်ဆောင့်ပစ်ချပြီး အခန်းထဲသို့ လှည့်ဝင်သွားသောကြောင့် မနုမေမှာ ရီဝေသော မျက်လုံးများဖြင့် လူကြီး၏ကျောပိုင်းကို ကြည့် ရင်း ကျန်ရစ်ခဲ့၏။
အမှန်အားဖြင့်လည်း ဤလို ထမင်းစားတော့မလား မေးမှုနှင့် ပတ်သက်၍ ကတောက်ကဆတ်ဖြစ်ခဲ့ရသည်မှာ ယခုပါနှင့် ဆိုလျှင် (၁၀)ကြိမ်မျှပင် ရှိခဲ့ပြီ။
လူကြီးကား အဘယ်လိုလူစားဟု စဉ်းစားမရနိုင်အောင် ထူးဆန်း နေသူဖြစ်၏။ လင်မယားဖြစ်သော အိမ်ထောင်သည်များနှင့် “ထမင်းစားတော့မလား' ဟူသော မေးခွန်းမှာ အမြဲဆက်စပ်လျက်ရှိသည်သာဖြစ်၏။ ကင်းကွာ၍မရ မဖြစ်နိုင်ပါဘဲလျက် လူကြီးသည် အဘယ့်ကြောင့် ထမင်းစားခေါ်သည်ကို မနှစ်မြို့ နိုင်ဘဲ ရှိရပါဘိသနည်း။
အသက်အရွယ်အားဖြင့်ဆိုလျှင် လူကြီးသည် မနုမေဆက် ခေါက်ချိုးမကကြီးလျက် ရုပ်ရည်ချင်းယှဉ်ပါကလည်း မင်းသမီးနှင့်လူကြမ်း ကဲ့သို့ အဆင်မပြေရှိလှတော့၏။ မနုမေကဲ့သို့ ချော၍လှပြီး လှသလောက်ကျက်သရေရှိသော မိန်းမမျိုးကို အခြားယောက်ျားကြီးကြီး တစ်ယောက် တစ်လေကသာ ရယူပိုင်ခွင့်ရှိခဲ့လျှင် ထိုယောက်ျားသည် အတတ်နိုင်ဆုံး အလိုလိုက် အရေးပေး၍ ကလေး ကလေးကဲ့သို့ ယုယနေမည်သာဖြစ်၏။
ယခု သူ့အစ်ကိုကြီးကား အလိုလိုက်ရန်ကို မဆိုထားဘိဝတ္တရား အလျှောက် ထမင်းစားခေါ်သည်ကိုပင် အပြစ်တစ်ခု ကျူးလွန်မိသည့်ပမာ ထန်ထန်မာမာ ပြောဆိုကြိမ်းမောင်းသွားတော့၏။
“ငါဘယ်နှစ်ခါပြောရမလဲ။ “ထမင်းစားတော့မလား မမေးနဲ့လို့”
မှန်သည်ဤလိုမှာထားဘူးပါလျက် သတိလစ်၍ မေးသောကြောင့် မကြာခဏ အဆူအကြိမ်းခံခဲ့ရသည်။ သို့သော်လည်း မနုမေသည် ထမင်းစားချိန်နီးလာလျှင် ဤမေးခွန်းသာ ပေးချင်လာသည်။ တခါတရံ သူ့အစ်ကိုကြီး ပြောထားသောစကားကို သတိရကာ မေးမည်ပြုပြီးမှ နောက်ဆုတ်ခဲ့ရသည်မှာလည်း အကြိမ်ကြိမ်၊ မမေးနဲ့ ဆိုသည့်စကားကိုမှ မနုမေသည် ဘာ့ကြောင့် မေးချင်ပါဘိသနည်း။ ဤလည်း တမျိုးတဖုံ ဆန်းကြယ်နေပြန်တော့၏။
အချိန်မှာ (၁၁)နာရီခွဲခန့်ဖြစ်၏။ နေ့စဉ်နေ့တိုင်း ဤအချိန်ကျပြီး ဆိုလျှင် လူကြီး ပြန်လာလေ့ရှိ၏။ဤအချိန်တွင် ပြန်လာလေ့ရှိသည် မှာလည်း အခြားအကြောင်းကြောင့်မဟုတ်။ ထမင်းစားရန်ပြန်လာခြင်း သာလျှင်ဖြစ်၏။ သို့ ထမင်းစားရန် ပြန်လာသူအား ထမင်းစားတော့မလား ဟု မေးခြင်းသည် ငါးပိရေနှင့်တို့စရာကဲ့သို့ အလွန်အစပ်တဲ့သော မေးခွန်း ဖြစ်ပါလျက် လူကြီးသည် အဘယ်ကြောင့် မနုမေကို ထိုစကားအတွက် အမျက်သိုနေရလေသနည်း။
ပြောပြောဆိုဆို ဆူဆူဆောင့်ဆောင့်နှင့် ဒေါက်ငမ်းထွက်သွား သည့် အချိန်မှစ၍ မနုမေမှာလည်း ဧည့်ခန်းရှိ ကုလားထိုင်တစ်လုံးတွင် ထိုင်ကာ ငိုင်ရင်းရင်းဖြင့် အတွေးပေါင်းစုံနေတော့၏။
“ငါကတော့ လင်ရယ် မယားရယ်ဆိုပြီး ၀တ္တရားအတိုင်း မေးမိ တယ်၊ “ထမင်းစားတော့မလားလို့” ဒါဟာ အပြစ်တဲ့လား ဆူပူကြိမ်းမောင်း သွားလိုက်တာ လင်ငယ်နေတာ မိသွားတဲ့အတိုင်းဘဲ တောက်”
မနုမေသည် ဤလိုစိတ်ထဲမှ ရေရွတ်ရင်း တောက်တစ်ချက်ကို ခပ်ပြင်းပြင်းကလေး ခေါက်လိုက်၏။
“သူနဲ့ငါနဲ့ညားတာ (၇)လကျော်လို့ (၈)လထဲရောက်လာပြီ။ သူဟာ ငါ့ကို မယားတစ်ယောက်အနေနဲ့ နှစ်နှစ်ကာကာချစ်တဲ့ အမူအရာ တို မပြန်သေးဘူး။ ဒါ ဘာဖြစ်လို့လဲ သူငါ့ကို မချစ်လို့လား၊ ဟုတ်မှာပါပဲ။ သူငါ့ကို မချစ်ဘူး။ ဒါဖြင့် ဘာဖြစ်လို့ ယူသေးသတဲ့လဲ”
ဤအကြိမ်၌မူ မနုမေ၏ အသံသည် ခပ်သဲ့သဲ့ကလေး ထွက်ပေါ် လာ၏။ တဖန် အံကလေးကြိတ်၍ မျက်လုံးကို စုံမှိတ်ကာ အတိတ်က အကြောင်းကလေးများကို ပြန်ပြောင်းတွေးတောနေပြန်၏။