Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

သာဓု - ဇာတ်လမ်းပမာ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
Type

          ဥက္ကလာ ဓာတ်ပုံတိုက်အောက်ထပ် ညဈေးတန်းဘက်ရှိ အထည်ဆိုင် တစ်ဆိုင်တွင် တိုဘရက်ကို အဆင်ဆန်းတစ်ထည်ကို ခပ်သုတ်သုတ်ဝယ်၍ ထွက်လာကြသည့် မိန်းမငယ်နှင့် လူရွယ်တစ်စုံတွဲအား အကဲခတ် ကြည့်ရှု နေကြသော ပတ်ဝန်းကျင် လမ်းသွားလမ်းလာ ပရိသတ်၏ အမူအရာမှာ အတော်ကလေး ကြည်နူးအားကျနေသည့်အသွင် ဆောင်လျက်ရှိကြ၏။

          အချို့ကမူ ဖရေဇာလမ်းမကြီးကို ဖြတ်ကျော်သွားပြီဖြစ်သည့် ထို စုံတွဲအား မျက်စိတစ်ဆုံး သမင်လည်ပြန် လှည့်ကြည့်နေဆဲပင် ရှိလေသေး ၏။

          အဖိုးထိုက် အဖိုးတန်ပင် မဟုတ်စေကာမူ သန့်သန့်ရှင်းရှင်းနှင့် သပ် သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားသည်ဖြစ်သောကြောင့် အဆိုပါ စုံတွဲအား ကြည့်ရသည်မှာ အတော်ကလေး သားနားနေသည်ကိုတွေ့ရပြီး ရုပ်ရည်အား ဖြင့်လည်း ရိုးရိုးယဉ်ယဉ်၊ နှစ်ဦးစလုံး မှင်သေသေနှင့် ကျက်သရေရှိလှသည်ကြောင့် ပတ်ဝန်းကျင်က ကြည့်ရသည်အထိ သူတို့စုံတွဲမှာ အဆင်ပြေနေ ခြင်းဖြစ်၏။

          သို့လျှင် ပတ်ဝန်းကျင် ပရိသတ်က အားကျသော မျက်နှာထားဖြင့် ခပ်ပြုံးပြုံး ကြည့်ခြင်းကိုပင် ခံယူရသည်မှန်သော်လည်း ကာယကံရှင်ဖြစ်သော ထိုဇနီးမောင်နှံတို့၏ အမူအရာမှာမူ ကိုယ်စီကိုယ်စီ၌ တစ်စုံတစ်ရာ သော စိတ်မကြည်မလင်ဖွယ်ရာ ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရဘိသည့် ပမာ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာပင် ရင်ပေါင်တန်းလျက် လှမ်းနေသည်ကို တွေ့ရ၏။

                တစ်ယောက်နှင့်တစ်ယောက် မည်သူ့မည်သူမျှ စကားမပြောဘဲ ဆူးလေဘုရားလမ်းအတိုင်း မြောက်ဘက်သို့ လျှောက်ခဲ့ကြ၏။ နောက် ဗိုလ်ချုပ်လမ်းရောက်သည်နှင့် အရှေ့ဘက်သို့ ချိုးကွေ့ခဲ့ကြ၍ ဘားလမ်းထိပ် သို့ရောက်သည့်တိုင်အောင် စကားဆို၍ တစ်ခွန်းတစ်ပါဒမျှ မပြောကြသေး။ ခပ်ခွာခွာနှင့် ခပ်မှန်မှန်ပင် လျှောက်လာခဲ့ကြ၏။

          နှစ်ဦးစလုံးပင် မျက်နှာထား ကြည်လင်ခြင်းမရှိဘဲ ကိုယ်စီအတွေးဖြင့် ရင်းသာ လှမ်းခဲ့ကြ၏။ သို့နှင့် ရုပ်ရှင်ရုံတစ်ရုံရှေ့သို့အရောက်တွင် လူ ရွယ်သည် မိန်းမငယ်အား ငဲ့ငဲ့ကလေးသော်မှ လှည့်မကြည့်ဘဲ...

          “ဘယ်လိုလဲ၊ ကြည့်ဦးမလို့လား ရုပ်ရှင်”ဟု တိုတိုပြတ်ပြတ်နှင့် ခပ် ဆတ်ဆတ် မေးလိုက်၏။ 

           မိန်းမငယ်တွင်မူ လူရွယ်လောက် ဥပေက္ခာထားသော အသွင်မျိုး မပေါ်။ သို့သော်လည်း မေးပုံမေးနည်းနှင့် လေသံကိုပါ မကျေနပ်သည့် အမူအရာဖြင့် ဆတ်ခနဲ မော့ကြည့်တဲ့ပြီး...

          “သဘောပဲ”ဟု အသံကိုအုပ်၍ အတိုချုပ် ဖြေလိုက်၏။

           လူရွယ်သည် ဘာတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ လျှောက်မြဲလျှောက် လျက်ရှိ၏။ မိန်းမငယ်သည်လည်း    ညဈေးတန်းမှဝယ်လာခဲ့သော လုံချည် ထုပ်ကလေးကို လက်တစ်ဖက်မှတစ်ဖက်သို့ ပြောင်းကိုင်ရင်း ခြေလှမ်းမပျက် လူရွယ်နှင့်အတူ လျှောက်လျက်ပင်ရှိ၏။

          “ကဲ.. ကြည့်ချင်လည်းကြည့်၊ လာ”

           ရုပ်ရှင်ရုံပေါင်းများစွာ ကျော်လွန်ခဲ့ပြီးနောက် ပန်းဆိုးတန်းထိပ်ရောက် ကာမှ လူရွယ်တွင် အဘယ်လိုစိတ်မျိုး ပေါ်ပေါက်လာသည်မသိ။ သို့ပြောရင်း ကပင် ကိုယ်ကိုလှည့်၍ လာလမ်းအတိုင်း ရုပ်ရှင်ရုံများဘက်သို့ ပြန်လျှောက် လာသောကြောင့် မိန်းမငယ်တွင်လည်း လူရွယ်အား မျက်စောင်းတခဲခဲနှင့်ပင် ထက်ကြပ်မကွာ လိုက်ပါလာခဲ့၏။

          သုံးလေးမိနစ်အတွင်းလောက်မှာပင် ရှေ့သွားနောက်လိုက် ညီ သလောက် သူတို့ချင်း အဆင်မပြေဟန် တူနေသည့် ဇနီးမောင်နှံသည် တစ်ဆောင်သော ရုပ်ရှင်ရုံအတွင်းသို့ ရောက်လာခဲ့ကြ၏။

          သူတို့ဝင်လာသောအချိန်၌ ရုပ်ရှင်တစ်ရုံလုံး မှောင်နေပြီဖြစ်၏။နမူနာအပိုင်းအဖြစ် ပြနေသော ပိတ်ကားမှ အလင်းရောင်ဖြင့်လည်းကောင်း၊ ရုံ စောင့်၏ လက်နှိပ်ဓာတ်မီးရောင် အကူအညီဖြင့်လည်းကောင်း နေသား တကျ ထိုင်မိလျှင်ပင် နမူနာပိုင်းဆုံး၍ မူရင်းဇာတ်ကား စလေတော့၏။

          ပထမ ရှေးဦးစွာ ရုပ်ရှင်ပိတ်ကားပေါ်တွင် ထင်လာသည်ကား ပျဉ် ထောင်ပျဉ်ခင်း၊ ဓနိမိုးအိမ်တစ်အိမ်၏ အခန်းကလေးတစ်ခုအတွင်းဝယ် အသက်အားဖြင့် ၂၅ နှစ်ခန့်ရှိ လူရွယ်တစ်ဦးသည် စားပွဲတစ်လုံးတွင် ကျကျ နန ထိုင်၍ ဆေးပေါ့လိပ်ကို တစ်ဖက်ကကိုင်ရင်း စာရေးလိုက်၊ စဉ်းစားလိုက် ဖြင့် အလုပ်ရှုပ်နေသည့်အခန်း ဖြစ်၏။

          ရုပ်ရှင်မှာ ဗမာဇာတ်ကားပင်ဖြစ်သော်လည်း များစွာသော ဗမာရုပ်ရှင် ကားများကဲ့သို့ ကုမ္ပဏီ၊ ဒါရိုက်တာ၊ ပါဝင်သူ စသည်တို့ဖြင့် ရှေးဦးစွာ မစဘဲ အချို့သော အနောက်နိုင်ငံ ရုပ်ရှင်များနည်းတူ တစ်မူခြား၍ အထက် ပါအတိုင်း ဇာတ်ဆောင်သူတစ်ဦး၏ စာရေးခန်းဖြင့် စ၍ဖွင့်လိုက်သောကြောင့် ဗမာရုပ်ရှင် ပရိသတ်အဖို့၌ အတော်ကလေး ထူးခြားသလို ဖြစ်နေ တော့၏။

          တစ်ဖန် အသံထွက်ကား......ဟု ဆိုထားစေကာမူလည်း လူရွယ်တစ်ဦး စာရေးရင်း၊ စဉ်းစားရင်းဖြင့် စိတ်အိုက်နေသည့်အခန်းကိုသာ ပြထားသည်။ အသံဆို၍ ဘာသံမျှ မကြားရသေး။ ပရိသတ်ကမူ သမားရိုးကျအတိုင်း သီချင်းသံကလေးသော်မျှ မကြားရ၍ မကျေမနပ် မရိုးမရွ ဖြစ်နေကြ၏။ ထိုအခိုက်မှာပင် အသံတစ်ခုသည် ရုတ်တရက်ဆိုသလို ကျယ်လောင်ပြတ် သားစွာ ပေါ်လာ၏။

          “ဪ... ကိုစိန်လွင်... ကိုစိန်လွင်၊ စာပေဝါသနာအိုးဘဝကနေပြီး စာရေးဆရာရူးရူး၊ ကဗျာဆရာရူးရူး၊ ဒီလိုနဲ့ ကလောင်ရူးရူးပြီး အချိန်ရှိ သလောက် ကဗျာတွေရေး၊ ဝတ္ထုတွေရေးနဲ့ တစ်ရေးတည်းရေးပြီး တစ်ရူး တည်း ရူးခဲ့လို့ တက္ကသိုလ်ဝင်စာမေးပွဲ ကျခဲ့တာချည်း သုံးနှစ်ရှိခဲ့ပြီ၊ ခုထိ လည်း သူ ရူးတုန်းပဲ”

          ထိုစကားသံများ ကြားနေရသည့်အချိန်အတွင်း၌ စာရေးရင်း အလုပ် ရှုပ်နေသူ ကိုစိန်လွင်၏ အမူအရာမှာ ဆေးပေါ့လိပ်ညှိလိုက်၊ ဖွာလိုက်၊ စာရေးလိုက်၊ စဉ်းစားလိုက်၊ အခြား ရေးပြီးသားစာရွက်တစ်ခုကို ပြန်ကြည့်လိုက်ဖြင့် အသွင်အမျိုးမျိုး ပြောင်းလဲနေရာမှ ထိုအခန်း ပျောက်သွားပြီး

          ငြိမ့်ညောင်းသာယာလှသော တူရိယာသံနှင့်အတူ ရုပ်ရှင်ကုမ္ပဏီ၏ အမည် ပေါ်လာ၏။ နောက် ဒါရိုက်တာအမည်၊ နောက် ဇာတ်ညွှန်းရေးသူ၊ ပါဝင်ဇာတ်ဆောင်သူများ စသည်ဖြင့် အစဉ်လိုက် ဖော်ပြသွားပြီးနောက်...

         ကိုစိန်လွင် စာရေးနေသည့်အခန်း ပေါ်လာပြန်၏။ စောစောက အတိုင်း တူရိယာသံမပါဘဲ ခြောက်ကပ်ကပ် ရှိနေပြီးနောက် မရှေးမနှောင်း မှာပင် စကားသံသည် ပေါ်လာပြန်၏။

          “ကိုစိန်လွင်နဲ့ ကျွန်တော်ဟာ အင်မတန် ချစ်ကြတဲ့ ကျောင်းနေဖက် သူငယ်ချင်းပါပဲ။ ကျွန်တော် ဆယ်တန်းအောင်လို့ ရန်ကုန်မှာ အလုပ်လုပ်နေ တဲ့အချိန်ထိ သူကတော့ စာရေးဆရာရူးရူးရင်း စာမေးပွဲ တဖုတ်ဖုတ်ကျတုန်း ပါပဲ”

          ထိုစကားသံများနှင့်အတူ ကိုစိန်လွင်တွင် အမူအရာ အမျိုးမျိုးဖြင့် လှုပ်ရှားပြောင်းလဲနေ၏။ စာရေးနေရာမှ ရုတ်တရက် ရပ်ပြီး ခပ်လှမ်းလှမ်းရှိ ဗီရိုတစ်ခုထဲမှ မဂ္ဂဇင်းစာအုပ် လေးငါးအုပ်ကိုဆွဲယူလာပြီး တစ်စုံတစ်ရာရှာ သလို တစ်အုပ်ပြီးတစ်အုပ် လှန်လှောရှာဖွေလျက်ရှိ၏။

          စကားသံတို့သည်လည်း ဆက်တိုက် ပေါ်ထွက်လျက်ရှိ၏။

         “နောက်ဆုံးမှာတော့ သူ အင်မတန်လိုလား မျှော်မှန်းထားတဲ့ နိုင်ငံ ကျော် စာရေးဆရာဘဝကို ပြောင်မြောက်စွာ ရောက်သွားပေမဲ့ အင်း... ချစ်လှစွာသော ကျွန်တော့်သူငယ်ချင်း ကိုစိန်လွင်ရဲ့   ဇာတ်သိမ်းကတော့ဖြင့် ကြေကွဲစရာလို့ပဲဆိုရမလား၊ နောင်တတရား ရစရာလို့ပဲ ယူဆရမလား”

         ထိုအချိန်၌ ကိုစိန်လွင်သည် မဂ္ဂဇင်းစာအုပ်များကို ဗီရိုတွင် ပြန်ထား ပြီး ဆေးပေါ့လိပ်ညှိသောက်၍ လမ်းလျှောက်ရင်း စဉ်းစားနေပြန်၏။

          စကားသံမှာမူ စက္ကန့်ပိုင်းလောက်သာရပ်သွားပြီး ဆက်လက်၍ ပေါ် လာပြန်သည်မှာ..

         “သူ့ဘဝဖြစ်စဉ်ဟာ ဘယ်လို အမျိုးအစားလဲလို့ အမည်မပေးတတ် သော်လည်း အချစ်လောကထဲမှာ တဝဲဝဲလည်နေကြတဲ့ ကျွန်တော် အပါ အဝင် အချစ်လောကသားတွေအဖို့ သတိတရား ရစရာတွေ အတော်များ များ ပါကောင်းပါလိမ့်မယ်လို့ ယူဆယုံကြည်တဲ့အတွက် ဒီရုပ်ရှင်ကုမ္ပဏီ၊ဒီဒါရိုက်တာ၊ ဒီပညာသည်တွေရဲ့ အကူအညီနဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ဖြစ်ကြောင်းကုန်စင်ကို”

          “ဇာတ်လမ်းပမာ...”

           “တိုင်းပြည်သို့ တင်ဆက်လိုက်ရခြင်း ဖြစ်ပါတယ်”

            ဤတွင် “ဇာတ်လမ်းပမာ ́ဟူသော လေးလေးနှင့် ပြတ်သားစွာ ပြော လိုက်သည့် စကားသံနှင့်အတူ ထူထဲ မည်းနက်သော စာတန်းသည်လည်း တစ်ပြိုင်တည်း ပေါ်လာ၏။

          ချက်ချင်းပင် ထိုစာတန်းပျောက်သွားပြီး ကိုစိန်လွင် စာရေးနေသည့် မူလအခန်း ပြန်ပေါ်လာလျက် ကိုစိန်လွင်မှာ ပြတင်းပေါက်တစ်ခုအနီးတွင် ရပ်ကာ အပြင်ဘက်သို့ငေးရင်း တစ်စုံတစ်ရာ တွေးနေသည်ကို တွေ့ရ၏။

          ထိုအခိုက်တွင် ကိုစိန်လွင်နှင့် မတိမ်းမယိမ်းအရွယ် လူငယ်နှစ် ယောက် အခန်းထဲသို့ဝင်လာပြီး..

          “ဟေ့.. စာရေးဆရာကြီးရဲ့ ၊ ဘာဝတ္ထုများရေးမလို့ ဒီလောက် တွေး နေရတာလဲ”ဟု တစ်ယောက်သော   လူငယ်က ပြောရင်း အသံပြုလိုက်မှ ကိုစိန်လွင် အတွေးရပ်ပြီး ဆတ်ခနဲ လှည့်ကြည့်လိုက်၏။

          ချက်ချင်းပင် ကိုစိန်လွင်လည်း ဝင်လာသူ လူငယ်နှစ်ယောက်အား အမူအရာဖြင့် ဖိတ်ခေါ်ရင်း စားပွဲဆီသို့လျှောက်သွားကာ အသီးသီး ထိုင်မိ ကြသည်နှင့်...

          “ဝတ္ထုရေးဖို့ စဉ်းစားနေတာ မဟုတ်ပါဘူး လှဦးရာ။ စိတ်ညစ်ညစ်ရှိ တာနဲ့”

          ကိုစိန်လွင်က မကြည်မလင် ပြန်ဖြေရာမှ ဆေးပေါ့လိပ်ကို ကောက် ကိုင်လိုက်သည်တွင် ကိုစိန်လွင် လက်သွားရာကို လိုက်ကြည့်နေသော ကိုလှ ဦးဆိုသူ၏ မျက်လုံးများသည် စားပွဲပေါ်တွင် ပြန့်ကျဲနေသော စာရွက်များဆီ သို့ ရောက်သွားရာမှ စာရွက်တစ်ရွက် ကောက်ယူ၍ ပြုံးလိုက်ပြီး..

          “ဒါက ဝတ္ထုရေးတာမဟုတ်လို့ ဘာလဲကွ”ဟု ကိုလှဦးက ကိုစိန်လွင် အား လှမ်းမေးရင်း တစ်ဆက်တည်းပင် အခြားလူငယ်တစ်ဦးဘက်သို့လှည့်

          “ဒီမှာကြည့်စမ်းဟေ့.. ကျော်မောင်၊ ဝတ္ထုနာမည်ကလေးကတော့အတော်ငြိသားကွ၊ ချစ်ပဟေဠိ”တဲ့၊ ဟဲ... ဟဲ... ဟဲ”

          “ဟေ့... စိန်လွင်၊ ခုထိလည်း မင်းစာ ဆိုလို့ ကဗျာကလေးတစ်ပုဒ် တောင် မစွံသေးဘူး၊ ဒါနဲ့တောင် ဝတ္ထုအထိ တက်ပြီး ရေးနေသေးသကိုးကွ။ ဘာလဲ၊ မင်း စာပေဗိမာန်ဆုကို ချိန်နေပြီပေါ့လေ”

          ကိုကျော်မောင်ကလည်း လှောင်သလို မျက်နှာထားဖြင့် မေးလိုက် ပြန်၏။

          “အေး... အေး.. ပြောကြပေါ့ကွာ၊ ငါမှ မစွံသေးဘဲကိုးကွ။ ဒါပေမဲ့ တစ်နေ့ကျရင်...”

          “ဘာလဲ၊ ဇွဲဦးမယ်များ ထင်နေသေးသလား စိန်လွင်၊ မင်ဖိုး၊ စာရွက် ဖိုးနဲ့ တံဆိပ်ခေါင်းဖိုး ကုန်တာကလွဲလို့ စာမေးပွဲကျတာပဲရှိမယ်”

          ကိုကျော်မောင် စကားမဆုံးသေးမီ ကိုလှဦးက ဖြတ်၍..

          “ဟေ့.. ကျော်မောင်၊ ဒါတော့ ထည့်မပြောနဲ့ကွာ၊ စိန်လွင်က ပြည်သူ လူထုအတွက် အနစ်နာခံနေတာကွ”ဟု သရော်လိုက်သောကြောင့် နှစ် ယောက်သား ဝါးခနဲ ရယ်ချလိုက်စဉ်...

          “ဟေ့ကောင်တွေ တော်ကြတော့ကွာ၊ အလိုလိုက စိတ်ညစ်နေရတဲ့ အထဲ”ဟု ပြောပြောဆိုဆို ကိုစိန်လွင်က တကယ် စိတ်ဆိုးသွားသည့်မျက်နှာ ထားဖြင့် ထိုင်ရာမှ ထသွားသောကြောင့် ကိုလှဦးတို့နှစ်ယောက်စလုံးပင် မျက်နှာပိုးပြင်ရင်း ကိုစိန်လွင် ရပ်နေရာ ပြတင်းပေါက်ဆီသို့ ထလျှောက်သွား ပြီး

          “စိတ်မဆိုးပါနဲ့ သူငယ်ချင်းရာ၊ မင်းတကယ် စိတ်ညစ်နေမှန်း မသိ လို့ပါ၊ ဘာဖြစ်လို့လဲ၊ မင်းဦးလေးက ပွက်ပြန်ပြီလား၊ စာမေးပွဲကျလို့”ဟု ကိုကျော်မောင်က မေးလိုက်၏။

          “ထုံးစံအတိုင်းပဲပေါ့ကွာ၊ ဒါပေမဲ့ ငါ ဦးလေးတို့ကို စိတ်မဆိုးဘူး၊ ငါ့အပြစ်နဲ့ငါမို့ အကြိမ်းခံရတာပဲ၊ စာမေးပွဲ ခဏခဏကျတာကိုတော့ အပြစ် ကြီးတစ်ခုလုပ်ပြီး မပြောရှာပါဘူး၊ ခုလို စာပေဝါသနာပါလို့ ရေးရေးနေတာ ကိုသာ အရည်မရ၊ အဖတ်မရအလုပ်ဆိုပြီး မကျေမနပ် ဖြစ်နေတာကွ”

          “ဟုတ်လည်းဟုတ်သားပဲ မင်းဥစ္စာက၊ ကလောင်သင်ဘဝမှာလည်း ဝင်ငွေမရှိဘူး၊ နောင်တစ်နေ့ မင်းဝတ္ထုတွေ သုံးဦးတော့၊ ကလောင်သစ်မို့ဆို