Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

သာဓု - စစ်သားအိတ်ဆောင်

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

ထမင်းထုပ်ဖူးစာ

 

          လွန်ခဲ့သော ၂ ရက် ၃ ရက်ခန့်ကသာဆိုလျှင် ယခုကဲ့သို့ နေချစ်ချစ်တောက် ပူပြင်းလှသည့် နေ့ ၂ ချက်တီးအချိန်၌ မခင်လဲ့ သည် အနည်းဆုံး သုံးကြိမ်လောက် ရေချိုးပြီးခဲ့ပြီ ဖြစ်ပေလိမ့်မည်။

ယနေ့သော်ကား.. မခင်လဲ့မှာ ရေချိုးဖို့ဝေးစွ အသက်ဘယ် က ထွက်ရမည်ကိုပင် မတွေးဆနိုင်လောက်အောင် ရင်ကလေးဖိုဖိုကြောက်စိတ်တွေ ပိုရင်း တွင်းထဲတွင် ဝပ်နေရရှာသော သူကလေး ဖြစ်အင်မှာ မနေ့တစ်နေ့က မြင်ရသော ဘဝနှင့် ကွာချင်တိုင်း ကွာနေတော့၏။

          မတောင့်မတ မကြောင့်ကြ မပူပင် မြင်မြင်သမျှ မဝတ်ဖူးသော အထည်မရှိ၊ သိသိသမျှသော အစားအစာမှန်လျှင် မခင်လဲ့ စားဖူး သည်သာချည်းဖြစ်လျက်၊ အထက်တန်းကျကျ ဇိမ်ခံခဲ့ရသောမခင်လဲ့၊ နေထိမခံသော လန်ဒန်သူများ ဝင်စားလေရော့သလား မပြောတတ်၊ နံနက် ၁၀ နာရီသာသာ နေရှိန်ပြင်းလာသည်မှသည် ညနေစောင်းအထိ... “နေကလည်း ပူရန်ကော... အိုက်လိုက်တာ ကလည်း လွန်ပါရော” ဟူသော ကြွေးကြော်သံကလေးများကို နွဲ့နွဲ့ နောင်းပျော့ ခပ်ဟော့ဟော့ ကျူးရင့်ပြီး ရေမိုးချိုး သနပ်ခါးရေကျဲ ကလေးပွတ်၍ ပိုးအင်္ကျီပါးပါးကလေး ဝတ်ကာ သီချင်းကလေး တအေးအေးနှင့် ဇိမ်ယူသလေ့ရှိခဲ့သော မခင်လဲ့။

          ယခုသော်... ဟာလာဟင်းလင်း အရိပ်အာဝါသကင်းသော တွင်းကျဉ်းကျဉ်းကလေးထဲဝယ် နေမင်း၏ ပြင်းထန်လှသော အပူဒဏ်ကို ကြိတ်မှိတ်ခံစားနေရရှာ၏။ ထိုတွင်းမှလည်း အရေးရှိ က သုံးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကြိုတင်ပြင်ဆင်ထားသည် မဟုတ်ဘဲ ဂျပန်ခေတ်က ဗုံးခိုကျင်းအဖြစ်သုံးခဲ့ပြီး ယခုအခါတွင် အမှိုက်သရိုက်စွန့်ပစ်သော တွင်းအဖြစ်သာ အသုံးပြုခဲ့သောကြောင့်တောင်းစုတ်၊ ပလုံးစုတ်၊ နို့ဆီခွက်တွေပါ ရှုပ်နေသည်ဖြစ်ရာ မခင်လဲ့တို့အဖို့ ထိုတွင်းထဲ ဝပ်နေရသည်မှာ မို့လို့ခုလု နိုင်လှ သည်သာမက ပုပ်ဟောင်ညံ့သိုး... အနံ့ဆိုးများကို ရှူရှိုက်နေရ သည်မှာလည်း တစ်ဒုက္ခဖြစ်နေတော့၏။

        လွန်ခဲ့သော ၅ ရက်ခန့်က အကြိမ်ကြိမ်အဖန်ဖန် အကြောင်း ပြ ပြောဆိုခဲ့သော မခင်လဲ့၏ စကားကိုသာ နားထောင်ခဲ့လျှင် မခင်လဲ့တို့ မိသားတစ်စုမှာ ယခုကဲ့သို့သော ဒုက္ခကို ခံစားနေကြရ ဖွယ်ရာအကြောင်း လုံးလုံးရှိမည် မဟုတ်ပေ။

          “ဖေဖေ အခြေအနေကတော့ သိပ်မဟန်ဘူး ထင်တယ်... ရန်ကုန်ဖြစ်ဖြစ်၊ တစ်နေရာဖြစ်ဖြစ် ပြောင်းရွှေ့နေကြရင်... ကောင်း လိမ့်မယ်... ဖေဖေ..”

          မခင်လဲ့သည် ဤကဲ့သို့ အကြိမ်ပေါင်းများစွာ ပြောဆိုအကြံ ဉာဏ်ပေးခဲ့သော်လည်း မခင်လဲ့၏ မိဘနှစ်ပါးသည် မခင်လဲ့၏ စကားကိုပင် အစိုးရိမ်ကြီးရန်ကော.. ဟူသော သဘောထားဖြင့်

          “ဒီလောက်လည်း.. မဖြစ်နိုင်ပါဘူး သမီးရယ်... သိပ်လည်း ပူမနေပါနဲ့ မင်းမဲ့တိုင်းပြည်မှ မဟုတ်တာချည်းကပဲ..”

          သူ့ဖခင်ကြီးသည် ဤစကားမျိုးဖြင့်သာ ကာဆီးကာဆီးလုပ် လျက် မခင်လဲ့အကြံပေးချက်ကို လက်မခံဘဲ နေခဲ့သောကြောင့် ယခုကဲ့သို့သော အခြေအနေမျိုးသို့ ဆိုက်ရောက်နေကြရသည်သာ ဖြစ်သည်။

          ဤသည့်အချက်ကိုတွေးမိတိုင်း မခင်လဲ့မှာ သူ့မိဘနှစ်ပါးအား အတော်ကြီး မကျေမနပ် ဖြစ်နေစေကာမူ လောလောဆယ် အားဖြင့် “ဖေဖေတို့ကြောင့်ဟု အစချီကာ အပြစ်ဖို့နေရန် အချိန် မဟုတ်၊ (အသက်ဖက်နဲ့ ထုပ်ထား) ဆိုသော အဖြစ်မျိုးတွင် ရှိ နေသောကြောင့် တစ်စုံတစ်ရာ ဘာမျှမပြောသာဘဲ ရှိ၏။

          ပစ်သံခတ်သံများကား နားကွဲမတတ် ဆူညံနေတော့လျက် ဘယ်ဘက်ကဟူ၍ မသိရ၊ အုန်းခနဲ ဝုန်းခနဲ မြည်ဟီးပေါက်ကွဲ သွားသော စိန်ပြောင်းသံ အမြောက်သံများကို ကြားလိုက်ရတိုင်း မခင်လဲ့တို့ မိသားတစ်စုမှာ သူ့ငါဘက် ငါ့သူဘက်နှင့် ရတက်ပွေ နေကြခိုက်၊ တွင်းနှင့် ပေငါးဆယ်ခန့်သာ ကွာဝေးသော မခင်လဲ့တို့ အိမ်ရှေ့မျက်နှာစာဆီသို့ လက်ပစ်ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲ သွားသည်နှင့် တစ်ပြိုင်နက်

          “ကဲ.. ဖေဖေ၊ မေမေ ဒီလိုနေလို့တော့ မဖြစ်ဘူး၊ သေနတ်သံ တွေလည်း နီးလာပြီ၊ ဘေးကင်းရာ ပြေးကြမှပဲ။

           ကဲ.. ပြောနေ ကြာတယ် လာကြ ဖေဖေမခင်လဲ့သည် ပြောပြောဆိုဆိုပင် ဝပ်နေရာမှ ရုတ်တရက် ဦးခေါင်းထောင်ကြည့်လိုက်ပြီး ဇတ်ခနဲ ထလိုက်ခါ ရှေ့ဆုံးမှ ထွက် လိုက်သောကြောင့် မခင်လဲ့၏ မိဘနှစ်ပါးမှာလည်း ဘာဘယ်လိုလုပ်မည်ဟု အစီအစဉ်မရှိဘဲ သမီးထပြေးရာသို့ ရောယောင် လိုက်သွားမိကြ၏။ မခင်လဲ့သည် မိခင်ကြီးကို လက်တစ်ဖက်နှင့် တွဲ၍ တခြားလက်တစ်ဖက်ဖြင့် ဖခင်ကြီးကိုဆွဲကာ ဈေးဘက် ဆီသို့ ခပ်သုတ်သုတ်ကလေး လျှောက်လျက်ရှိ၏။

          “ဟေ့.. ရပ်လိုက်...”

           သုံးဦးစလုံး၏ မျက်နှာများမှာ ချောက်ချားတုန်လှုပ် သွေး သားတွေပါ ဆုတ်သွားသည်ဟု ထင်လိုက်ရ၏။   ဘာလုပ်၍ ဘာ ကိုင်ရမည်မသိ၊ ယောင်ချာချာရှိနေရာမှ အသံလာရာဆီသို့ ကြည့် လိုက်သည်တွင် အစိမ်းလိုက် ဝါးစားတော့မည့်နှယ် ကြောက်မက် ဖွယ်ရာ ကြည့်ရင်း... မိမိတို့ရှိရာသို့ လာနေကြသော လက်နက် မျိုးစုံကိုင် သောင်းကျန်းသူ လူတစ်စုအား တွေ့ရသဖြင့် မခင်လဲ့ တို့မှာ အားကိုးရာမဲ့စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့် ရုံမှအပ အခြားဘာမျှ မတတ်နိုင်တော့ဘဲ၊ ကိုယ်စီကိုယ်င ဦးခေါင်း တွေ ငိုက်ကျသွား၏။

          သောင်းကျန်းသူများမှာ စုစုပေါင်း ၁၀ ယောက်နှင့် ၁၅ ယောက်ကြားတွင် ရှိမည်ဟု ခန့်မှန်းရလျက် မခင်လဲ့တို့အား ပတ်ပတ်လည် ဝိုင်းမိသည်နှင့် ဗိုလ်လုပ်သူသည် ၎င်း၏ ငယ်သားများအား တစ်စုံတစ်ရာသော အမိန့်ပေးလိုက်သည်၌ သောင်းကျန်း သူ အချို့သည် အဘိုးကြီးနှင့် အဘွားကြီးအား ရုတ်တရက် လက်ပြန်ကြိုးတုပ်လိုက်၏။ ချက်ချင်းဆိုသလိုပင် ဗိုလ်လုပ်သူ လည်း မခင်လဲ့၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး အနီးရှိ အိမ်တစ်အိမ်ဆီသို့ ဆွဲခေါ်သွားသဖြင့် အဘွားကြီးမှာ “အို...သမီး ရယ်” ဟူသော စကားတစ်လုံးမျှသာ အော်နိုင်တော့လျက် ပုံရက် သား လဲကျ သတိလစ်သွားရှာတော့၏။

          ထိုသို့ အဖြစ်အပျက်ကို မြင်တွေ့နေရသော အဘိုးကြီးမှာ မူကား... ယောက်ျားဖြစ်သည့် အလျောက် (တောက်) တစ်ချက် ခေါက်လိုက်ရင်း ရန်သူ့လက်တွင်းမှ ရုန်းကန်တွန်းထိုး အမျိုးမျိုး သောနည်းဖြင့် သမီးကိုကယ်မည်ဟု ကြိုးစားလိုက်စေကာမူ နောက်ဆုံး၌ကား သောင်းကျန်းသူတစ်ဦး၏ သေနတ်ဒင် လက် ချက်ကြောင့် အရုပ်ကြိုးပြတ်သလို မတ်ရပ်မှ လဲကျသွား၏။ 

           ဖယ်ရင်းရုန်းရင်း ဝရုန်းသုံးကား ပါသွားရရှာသော မခင်လဲ့ သည် ဖခင်ကြီးအား ဤသို့ရက်စက်ကြမ်းကြုတ်စွာ ပြုမူလိုက်သည် ၏အဖြစ်ကို ရင်နင့်အောင် တွေ့လိုက်ရသည်၌ စောစောက အလို မတူ၍ ရုန်းနေသော “အား” တွင် ယခု ထောင်းခနဲ ထသွားသောဒေါသ“အား” က စစ်ကူဖြည့်သလို ပူးပေါင်းမိ၍လားမသိ၊ ယခု တစ်ကြိမ် ရုန်းလိုက်သောအားမှာ ယောက်ျားတစ်ယောက်ဖြစ်သော ဗိုလ်လုပ်သူကပင် ယိမ်းထိုးသွားအောင် စွမ်းဆောင်နိုင်ကာ.. မခင် လဲ့လည်း ထိုသူ့လက်မှ လွတ်ထွက်လာပြီး ပျော့ပျော့ခွေခွေ သေမ လို လဲနေကြသော မိဘနှစ်ပါးရှိရာသို့ အူယားဖားယား ပြေးခဲ့၏။

          ဗိုလ်လုပ်သူလည်း မခင်လဲ့နောက်မှ ခပ်ကြမ်းကြမ်း ပြေးလိုက် လာကာ မခင်လဲ့ကို မီလာသည်နှင့် ဆံပင်ကို ဆွဲဖမ်းပြီး ခပ်ရမ်း ရမ်းပင် ဆွဲခေါ်သွားပြန်၏။ ဤတစ်ကြိမ်၌ မခင်လဲ့ခမျာမှာ မည်သို့မျှ မတတ်နိုင်ရှာတော့ဘဲ ဗိုလ်လုပ်သူ ဆွဲခေါ်ရာသို့ မဆုတ် သာ မနစ်သာနှင့် ကြေကွဲဖွယ်ရာ ပါသွားရရှာတော့၏။ 

          “ဒိုင်း.. ဝုန်း ထိန်း... ရွှီ..”

           ဤမည်သော အသံများသည် လျှပ်ပြက်သလို ရုတ်တရက် ပေါ်ထွက်လာလျက် ချက်ချင်းဆိုသလိုပင်  သောင်းကျန်းသူ သုံးယောက်မှာလည်း ဗုန်းဗုန်းလဲ၍ သေပွဲဝင်ကုန်ကြတော့၏။ ဗိုလ် လုပ်သူလည်း ဤတွင်မှ မခင်လဲ့ကို လွှတ်လိုက်ကာ... ကျန်နေ သေးသော... သောင်းကျန်းသူများကို အမိန့်ပေး အကာအကွယ် ယူရင်း ခုခံတိုက်ခိုက်နေကြ၏။

          ထိုအချက်ကို အကွက်ကောင်းယူ၍ မခင်လဲ့သည် သောင်း ကျန်းသူများအနီးမှ တဖြည်းဖြည်း ဆုတ်ခွာခဲ့၏။ လေးဘက်ထောက်၍ သွားလိုက် ထပြေးလိုက်နှင့် ခဲခဲယဉ်းယဉ်း ပုန်းရှောင် ပြေးလွှားခဲ့သော မခင်လဲ့သည် ကုက္ကိုပင်ကြီး တစ်ပင်အောက်သို့ ရောက်သည်နှင့် ထူးခြားဆန်းကျယ်သော အချင်းအရာတစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ကြက်သေသေကာ တွေတွေကြီး ဖြစ်သွား၏။

          ကတ္တရာစေးပုံးကြီးများကို အကာအကွယ်ပြု၍ လှိမ့်ရင်း ရှေ့သို့ တဖြည်းဖြည်း ချီတက်နေသော ရဲဘော်များ၏ လိမ္မာပါးနပ်သော စစ်ဆင်နည်းနှင့်တကွ ၎င်းတို့၏ ပင်ပန်းမှုကို ရင်ထုမနာ သနားစိတ်တွေ ဖြာရင်း ကိုယ့်ကိုယ်ကိုယ်ပင် ကာကွယ်ရမှန်းမသိ ကြောင်တောင်ကြီး ကြည့်နေမိသော မခင်လဲ့သည်... 

          “ဟေ့... ကလေးမ.. ဝပ်နေ.. ဝပ်နေ..”

           ဟူသော အသံတစ်ခုကို ကြားလိုက်ရမှပင် မခင်လဲ့သည် ငိုင်နေရာမှ ရုတ်တရက် ထိုင်ချလိုက်၏။ မျက်စိရှေ့၌ ဘာတွေ ဖြစ်နေ၍ မိမိကိုယ်တိုင် ဘယ်နေရာရောက်နေသည်ကိုပင် တွေးမရ သလို ယောင်ချာချာဖြစ်နေသော မခင်လဲ့မှာ ယခုမှပင် သတိ ကလေး ဝင်လာ၏။ “ဖေဖေနဲ့ မေမေ” ဟုလည်း တမ်းတမိရင်းတောင်မြောက်လေးပါးသို့ အူယားဖားယား ကြည့်လိုက်၏။ ကိုက် ၅ဝ ခန့် အကွာတွင် ပက်လက်မှောက်ခုံ အဖြစ်မျိုးစုံနေသော မိဘ နှစ်ပါးကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် နင့်ခနဲ နှင့်သွားရှာ၏။

          ကတ္တရာစေးပုံးကြီးများကို တပင်တပန်းရှေ့သို့ လှိမ့်ရင်း ဇွဲ တင်းတင်းနှင့် ချီတက်ပစ်ခတ်နေသော ရဲဘော်များဆီသို့ မခင်လဲ့ သည် စူးစိုက်ကြည့်ရှုနေပြန်၏။ ထိုအခိုက် မခင်လဲ့နှင့် ပေ ၃၀ ခန့်သို့ ရောက်လာသော ရဲဘော်သုံးယောက်အနက်မှ တစ်ယောက် သည် ခါးမှ လက်ပစ်ဗုံးကို ဖြုတ်၍ ရုတ်တရက် လှမ်းပစ်လိုက် သည့် အခိုက်တွင် သောင်းကျန်းသူများဘက်မှ ပစ်ခတ်လိုက်သော ကျည်ဆန်တစ်ခုသည် ထိုရဲဘော်၏ မျက်နှာကို ထိမှန်သွားသောကြောင့် ထိတ်လန့်ဖွယ်ရာ သွားများပင် ပြုတ်ထွက်လျက် ပက်လက်လန်ကျသွားသည်နှင့်...

          “အို.. ရဲဘော်ရယ်...”

           အူအသည်း ကလီစာကြားမှ လှိုက်လှိုက်လှဲလှဲ ကြေကွဲစွာ ပေါ်ထွက်လာသော အသံတစ်ခုသာ ပြုနိုင်တော့လျက် မခင်လဲ့မှာ လည်း သစ်ပင်ရင်းဝယ် စင်းစင်းကလေး ပြိုလဲသွားရှာတော့၏။