Skip to product information
1 of 3

Other Websites

သာဓု - ချစ်ဇနီးချစ်လင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ချစ်ဇနီးချစ်လင်

          တစ်ယောက်လက်မောင်း တစ်ယောက်ဖက်၍ မျက်နှာချင်း ထိလုနီးပါးမျှ အိပ်မောကျနေသော ကိုလှပိုနှင့် မြမြတင်တို့၏အိပ်ခန်းထဲသို့သာ တစ်စုံတစ်ယောက်သည် ဝင်ခွင့်ရအုံး တစ်နည်း အားဖြင့် သူတို့ဇနီးမောင်နှံ အိပ်စက်နေဟန်ကို ကြည့်ရှုခွင့်ကြုံရအံ့။ မည်သူမဆို...ဖိုဖိုမမ ကိလေသာစိတ် မကုန်သေးသူမှန်က ဧကန် မုချပင် အားကျပေမည်။ သူတို့နည်းတူ အဆင်ပြေချင်မည်သာ ဖြစ်၏။

          အမှန်မှာ မြမြတင်တစ်ယောက်တည်းသာလျှင် နိမ့်တုန်မြင့်တုန် ရင်အုံကလေးတကြွကြွနှင့် နှစ်နှစ်ကာကာ အိပ်မောကျနေလျက် ကိုလူပိုမှာမူ အဘယ်အချိန်က နိုးနေသည်မသိ၊ ကြည်ကြည်လင်လင် ပွင့်နေပြီဖြစ်သော မျက်လုံးများဖြင့် သူ့ဇနီးကလေးအားရှုမ၀ တင်းမတိမ် နိုင်သလိုဇိမ်ခံ၍ ကြည့်နေသည်ကို တွေ့ရ၏။

          အတန်ကြာလျှင် ကိုလှပိုလည်း သူ့အားတင်ထားသော မြမြတင်၏ လက်ကလေးကို အသားစယာမ၍ ဖယ်လိုက်ပြီး တတ်နိုင်သမျှ ညင်သာစွာ ထထိုင်လိုက်၏။ သို့..... ထိုင်ရင်းကပင်မြမြ၏ မျက်နှာကလေးကို စူးစူးစိုက်စိုက်ကြည့်၍ ကြည်နူးနေရာမှ တစ်ဖန် လက်နှစ်ဖက်ကို ထောက်မှေးရင်း၊ မြမြတင်အား ငုံ့၍ မွေးလိုက်တော့မည်ပြုပြီးမှ ချစ်လှစွာသော ဇနီးကလေး နိုးသွားမည် စိုး၍လောမသိ ကိုယ်ရှိန်ကိုသတ်ပြီး ခပ်မတ်မတ် ပြင်ထိုင်လိုက်ကာ ...မကြာမီ ခုတင်ပေါ်မှ အသောဆင်း၍ ခြေဖျားကလေး ဖော့နင်း၍ တစ်လှမ်းချင်း ထွက်ခွါသွားတော့၏။

          ကိုလှပို ထွက်ခွါသွားပြီးသည့်နောက် မိနစ်ကိုးဆယ် လောက် ကြာသည့်တိုင်အောင်..မြမြတင်မှာ နိုးရန်ကိုမဆိုထားဘိ ပုံပျက်ရုံကလေးသော်မျှ လွန့်လူးဖော်မရဘဲ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျက် ရှိနေသေး၏။

          ဖိုဖိုမမ ကိလေသာစိတ် မကုန်သေးသူမှန်က သူတို့ဇနီး မောင်နှံ၏ မြင်ကွင်းကိုတွေ့ရလျှင် ဧကန်မုချ အားမကျဘဲ နေနိုင်မည်မဟုတ်၊ သူတို့နည်းတူ အဆင့်ပြေချင်ကြမည်သာ ဖြစ်၏။

          သို့လျှင် ဂုဏ်တင်ခဲ့ရသည့် အကြောင်းမဲ့ဟူ၍ မှတ်ချက် မချ မိစေရန် တစေ့တစောင်းအားဖြင့် နောက်ကြောင်းကို ပြန်လည်တွေးထင်သည်ရှိသော်,

          ကိုလှပို...

          "သူ့တွင် ခေတ်ပညာဟုခေါ်နေကြသော အရည်အချင်းမှာ များများစားစားမရှိ၊ တက္ကသိုလ်ဝင်တန်းလောက်အထိသာ သင်ခဲ့ ဖူး၏။ ထိုပညာမှာလည်း ချောင်ချောင်ချိချိ သင်ခဲ့ရသည်မဟုတ် “မုန့်ဟင်းခါးရောင်းရင်း ဝမ်းကျောင်းနေရရှာသော မုဆိုးမ မိခင်ကြီး၏ ချွေးနဲစာဖြင့် ထိုစာကို သင်ခဲ့ရ၏။

          မြမြတင်...

          သူသည်လည်း ကိုလှပိုနှင့် တန်းတူလောက်သာ ခေတ်ပညာ ကို သင်ကြားခဲ့ဖူးလျက်၊ အခြေအနေအားဖြင့်ဆိုသော် သိန်းနှင့်ချီ၍ ကြွယ်ဝသူ ရွှေကျင်ဆေးကုန်သည် မိဘတစ်စုံ၏ တစ်ဦးတည်းသော သမီးကလေး ဖြစ်၏။

          ခေတ်သဘောအရ အရည်အချင်းကို ဘေးဖယ်လျက် ဂုဏ်ဒြပ်ချင်း ဆက်လိုက်ဘိမူ သိသိသာသာ ကွာခြားနေ၏။ သို့တိုင်အောင် ကိုလှပိုနှင့် မြမြတင်တို့၏ မင်္ဂလာသည် နှစ်ဖက် မိဘ သဘောတူ ထည်ထည်ဝါဝါ ဆင်ယင်ခွင့်ရခဲ့ကြ၏။

          ဤသည်၌လည်း အကြောင်းသည်ရှိ၏။ မြမြတင်၏ ဖခင် ဦးညိုမောင်မှာ သူနေထိုင်ရာ ရေကျော်လမ်း ပတ်ဝန်းကျင်၌ တဟင်ဟင် သြယူရသော လူတစ်မျိုးကြီးအဖြစ် ကျော်ကြားခဲ့၏။

          မြန်မာ့ထုံးတမ်း စဉ်လာတစ်ရပ်လို ဖြစ်နေသော အိမ်ထောင် ရေးကိစ္စနှင့် ပတ်သက်၍ မိဘသည် အထူးသဖြင့် သမီးဖြစ်သူ အရွယ်ရောက်လာပြီဆိုလျှင် အရိပ်တကြည့်ကြည့်နှင့် ပိပိရိရိ ထိန်းသိမ်းတတ်ကြ၏။ သို့... စောင့်ရှောက်နေသည့် ကာလအပိုင်း ၊ အခြားအတွင်းမှာပင် သမီးဖြစ်သူအတွက် ကြင်ဖက်ကို မိဘက ရှာလေ့ရှိကြ၏။ သမီးဖြစ်သူ မေတ္တာရှိသည်မှာ အကြောင်းမဟုတ် အုပ်ထိန်းသူမိဘက ရွေးချယ်ပေးစားသူကိုသာလျှင် လင်အဖြစ် ကြည်၍ ချစ်ရမည်ဟူသော စနစ်သည် မြန်မာ့သားရေး သမီးရေး ကိစ္စတွင် ဦးကျိုးခဲ့ပြီ ဖြစ်၏။

          မြမြတင်၏ ဖခင် ဦးညိုမောင်မှာမူကား။

          လူတစ်မျိုးဟု ကင်ပွန်းတပ်ခံရလောက်အောင်ပင် သားရေး၊ သမီးကိစ္စ၌ ထူးခြားခဲ့၏။

          “သမီးရဲ့ အိမ်ထောင်ရေးကိစ္စမှာ ဖေဖေတို့ ဘာမှ ဝင်မစွက်ဘူး၊ ကိုယ့်ကြင်ဘက်ကို ကိုယ်တိုင် လွတ်လပ်စွာ ရှာဖွေ ရွေးယူခွင့် ပြုလိုက်ပြီ...”ဟူသော ဦးညိုမောင်၏ စကားသည် ပတ်ဝန်းကျင်အနှံ့ တစ်မဟုတ်ခြင်း ပြန့်ပွားသွားတော့၏။

          ချီးကျူးသူလည်းရှိ၏၊ ကဲ့ရဲ့ သူတွေလည်း မရှား၊ သို့သော် ဦးညိုမောင်ကား လားလားမျှ ဂရုမစိုက်ခဲ့ဘဲ ထိုစီမံကိန်းအတိုင်းပင် သမီးဖြစ်သူ မြမြတင်အား သူ့အိမ်ထောင်ရေးအတွက် သူ့ကြမ္မာ သူဖန်တီးခွင့် ပြုခဲ့၏။

          “ခုခေတ်မှာ တော်ရုံမိဘ မပေးနိုင်တဲ့ အခွင့်အရေးမျိုးကို ပေးလိုက်တာဟာ သမီးမှာရှိတဲ့ အရည်အချင်းကို စိတ်ချလို့ဆိုတာ ဘယ်တော့မှ မမေ့လေနဲ့ ..... သမီးဟာ ပေါင်ဒါဝယ်တာကအစ ဘယ်ဟာ အကောင်းဆုံးဆိုတာ ရွေးတတ်သလို၊ အိမ်ထောင်ဖက် ၊ ရွေးရာမှာလည်း တတ်နိုင်သလောက် အကောင်းဆုံးနဲ့ အဆင်ပြေဖို့ကို ရွေးတတ်ရမယ်။ ပြီးတော့ ဖေဖေတို့ ခုလို ခွင့်ပြုလိုက်တဲ့ စေတနာကို တန်ဖိုးထားတဲ့အနေနဲ့ ဖေဖေတို့ပါ သဘောမျှ ကြည်ဖြူးနိုင်မယ့် လူမျိုးကို သမီး ရွေးတတ်လိမ့်မယ်လို့လည်း ဖေဖေတို့ ယုံကြည်တယ်... ၊

          စင်စစ်သော် ဦးညိုမောင်သည် လူကုံထံလောက သြချယူရ လောက်အောင်... သမီးကလေးအား ထူးထူးခြားခြား အခွင့်အရေး ပေးခဲ့ရာ၌ စည်းမဲ့ကမ်းမဲ့ကားမဟုတ်၊ ဆိုခဲ့သည့်အတိုင်း တဖွဖွ ၊ သတိပေးလေ့ ရှိသည်သာ ဖြစ်၏။ 

          “မြန်မာတစ်ပြည်လုံးကို ဖယ်ထား၊ ရန်ကုန်တစ်မြို့တည်း မှာတင် သမီးတို့နဲ့ ရွယ်တူ လူပျိုတွေဆိုရင် ရိုက်သတ်လို့တောင် ကုန်နိုင်စရာ မရှိလေတော့ ခုန ဖေဖေပြောသလို ဖေဖေတို့လည်းသဘောကျ၊ သမီးကိုယ်၌ကလည်း ကြည်ဖြူမယ့် လူပျိုတစ်ယောက် ကို ဒီလောက်များလှတဲ့ လူပျိုထုထဲက . သမီး ရွေးထုတ်ဖို့ဟာ မခဲယဉ်းပါဘူး သမီးရယ်နော်...”ဟူ၍လည်းကောင်း။

          “မိန်းကလေးတွေဟာ ယောက်ျားကလေး တစ်ယောက် ယောက်ကို မေတ္တာရှိလာပြီဆိုရင် ဒီလူ့ရဲ့ ကိုယ်ကျင့်တရား ကောင်း, မကောင်းဆိုတာတွေ ထည့်မစဉ်းစားချင်ကြဘူး။ (တူနှစ်ကိုယ် တဲအိုပျက်မှာနေရ)ဆိုတဲ့ သီချင်းထဲက စာသားကို ဇွတ်နှစ်ကြတယ်၊ အဲဒီသီချင်းထဲမှာပဲ ပါတဲ့ (ရွှေပုံပေါ်မှာစံရ)ဆိုတဲ့ အပိုဒ်ကိုတော့ ဘာကြောင့် မေ့ထားချင်ကြတယ် မသိဘူး။ ဒါကို ဖေဖေသမီးကတော့ သဘောပေါက်တယ် မဟုတ်လား...”ဟူလည်းကောင်း။

          “သြ... သမီးကို ဟိုသူငယ်က ချစ်သတဲ့လား... သူ့မှာ ဘယ်လို အရည်အချင်းတွေ ရှိသလဲ၊ အရည်အချင်းဆိုတာက ငွေတို့၊ ဂုဏ်တို့ကို မဆိုလိုဘူးနော်... အသက်မွေးဝမ်းကျောင်း ပညာ အရည်အချင်းကို ပြောတာပဲ။ မိန်းမလည်း လိုချင်တယ်။ ကိုယ့်ကိုယ်၌ကလည်း မိဘကို မှီခိုစားသောက်နေရတယ်... အဲသလို မပြည့်ဝတဲ့ လူတစ်ယောက်က သမီးကို ချစ်သတဲ့လား၊ ဘယ်လို အချစ်မျိုးနဲ့ ချစ်တာတဲ့လဲ လင်မယားဖြစ်ရရင် ပြီးရောဆိုတဲ့ အချစ်မျိုးနဲ့တော့ သူတောင်းစားကလည်း ချစ်တတ်တာပဲ မဟုတ် လား သမီးရဲ့ ...ဟင်...”ဟူ၍ တစ်နည်း။

          “ဒီအသီးကချိုတယ်။ လူကို အားဖြစ်စေတယ်၊ ဟိုအသီး ကတော့ ဆိမ့်တယ်၊ ဒါပေမယ့် ဥပါဒ်ပေးတတ်တယ်၊ ဘယ်အသီး ကတော့ စားရင် ရူးတတ်တယ်။ မူးတတ်တယ်ရယ်လို့ ဥပမာတွေ ပေးပြီး သမီးကို နည်းလမ်းညွှန်ပြခဲ့ပြီ။ အဲဒီတော့ သမီးကြီးရာ ကိုရွေး၊ ဘယ်လိုလူစားဖြစ်ဖြစ် ဖေဖေ ပေးစားမယ်၊ အေး..တစ်ခုတော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် မိဘမှန်ရင် သားသမီးကောင်းစား တာကိုသာ မြင်ချင်တယ်ဆိုတဲ့ မိဘမေတ္တာအတိုင်း ဖေဖေ အမြဲ သတိပေးခဲ့သလို အားလုံးအဖို့ အဆင်ပြေနိုင်မယ့် ကြင်ဖက်မျိုးကို ရွေးရင် သမီးစံရမှာပါ။ ဒီလိုမှ မဟုတ်လို့ တူးတူးခါးခါး ညားရရင် ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ ဘာအရည်အချင်းမှ မရှိတဲ့ လူစားကို ရွေးမိရင်တော့၊ အေး ... ပေးတော့ ပေးစားမယ်၊ ဒါပေမယ့် အဲဒီ နောက်ပိုင်းမှာ ကိုယ့်ထိုက်နဲ့ ကိုယ်က `ခံနိုင်ရည်ရှိရလိမ့်မယ်၊ ဖေဖေ ပြန်ကြည့်လိမ့်မယ်တော့ မထင်လေနဲ့..”ဟူ၍ တစ်ဖုံ။

          စုံနေအောင် နည်းပေးလမ်းပြသွန်သင်ဆုံးမခဲ့သည့်အတိုင်း မြမြတင်မှာလည်း အလိမ္မာဓာတ်ခံရှိသူကလေးပီပီ...သူ့ချစ်ရေးကို လေးလေးနက်နက် စဉ်းစားခဲ့၏။

          ဦးညိုမောင်၏ ဆန္ဒမှာ သူက သဘောတူသည့်တိုင်အောင် သမီးဖြစ်သူ မကြည်ဖြူက ဇွတ်အတင်း ပေးစားရန် ရည်ရွယ်ရင်းမရှိ လူကလည်း မေတ္တာမျှ၊ မိဘကလည်း သဘောကျ... ဤလို အစစ, အဆင်ပြေမှုကို လိုလားသူဖြစ်သည့်အတိုင်း ခင်မင်နီးစပ်ရာ"လူချမ်းသာမိတ်ဆွေတစ်ဦး၏ သားတစ်ယောက်ကိုပင် အိမ်ပေါ် တင်၍ သမီးနှင့် ယဉ်ပါးအောင် ကြိုးစားခဲ့၏။

          ပထမသော်...ဦးညိုမောင် မျှော်လင့်သည့်အတိုင်း ... သူကိုယ်တိုင် အိမ်ပေါ်ခေါ်တင်ထားခဲ့သော ကိုတင်မောင်ဆိုသူနှင့် မြမြတင် အဆင်ပြေလုနီးနီးခရီးရောက်ခဲ့သေး၏။ သို့စေကာမူ... ကိုတင့်မောင် ၏ အလျင်စလို မူးရစ်ရမ်းကားမှုကြောင့် မြမြတင်က တူးတူးခါးခါး ငြင်းပယ်လိုက်သည်တွင် အဆုံးသတ်သွားတော့၏။

          ယခု မြမြတင်နှင့် အကြောင်းဆက်၍ ပေါင်းဖက်နေရပြီ ဖြစ်သော ကိုလှပိုမှာမူ မုန့်ဟင်းခါးသည် မုဆိုးမ မိခင်တစ်ယောက်၏သားမျှသာ ဖြစ်သည့်အတိုင်း သူ့ အခြေအနေမှာ ရှင်းနေ၏။ ခေတ်ပညာဆို၍လည်း သာမန်ရာထူးကလေး တစ်ခုတစ်လေသော်မျှ ရနိုင်လောက်အောင် တတ်မြောက်သူမဟုတ်။

          “လူမှာ အဓိက အရေးအကြီးဆုံးဟာ ကိုယ်ကျင့်တရားပဲကွဲ့ ၊ ကိုယ်ကျင့်တရား လုံပြီဆိုရင် ဝမ်းရေးဟာ ဘာမှ မခဲယဉ်းတော့ဘူး ... ပညာတွေ မိုးပျံအောင် တတ်ထားပေမယ့် ကိုယ်ကျင့် တရား ခေါင်းပါးနေရင် အလကားပဲ၊ လူအနေနဲ့ ဘာမှ တန်ဖိုးမရှိ တော့ဘူး..”

          ဦးညိုမောင်သည် သို့လျှင် ကိုယ်ကျင့်တရားကို အမြဲတမ်း တန်ဖိုးထား၍ ပြောလေ့ရှိခဲ့၏။ ထိုအရည်အချင်းသည် ကိုလှပို၌ကျပ်ပြည့်ရှိခဲ့၏။ 

          . . ငွေအင်အားအခြေအနေကြောင့်... ပညာရည်ပင် မဝံ,ခဲ့သော် လည်း ကိုယ်တွင် အစွမ်းအစုရှိကြောင်း၊ ဦးညိုမောင် ကောင်းကောင်း သိ၏။ အထူးသဖြင့် အမှန်တရားနှင့် ကိုယ်ချင်းစာ ဝါဒကို လက်ကိုင်ထား၍ ကျင့်သုံးတတ်သော ကိုလှပို၏ စိတ်နေသဘော ထားကို ဦးညိုမောင် အနှစ်သက်ဆုံး ဖြစ်၏။ သို့ကြောင့်လည်း , သမီးဖြစ်သူနှင့် ဝမ်းမြောက်ဝမ်းသာ မင်္ဂလာဆောင်ပေးခဲ့၏။ 

          ဦးညိုမောင်သည် ဤမျှလောက်သာ ခေတ်မီသည်မဟုတ် သေး၊ သမီးနှင့် သမက်တို့၏ အိမ်ထောင်ရေး လွတ်လပ်မှုကိုပါ ရှေ့ရှုသောအားဖြင့် တိုက်ကလေးတစ်လုံးပါဝယ်ပေးပြီး အနောက် အယှက်ဝေးဝေးဖြင့် အေးအေးလူလူ တစ်သီးတစ်ခြား နေခွင့်ပြုခဲ့၏။

          သို့လျှင် အဆင်ပြေခဲ့ကြသလောက် သူတို့ ဇနီးမောင်နှံ နှစ်ယောက် ချစ်လိုက်ကြသည်မှာလည်း ပြောစရာမရှိ၊ တစ်ယောက် မျက်နှာ တစ်ယောက်ပင် ကြည့်မဝနိုင်ဖြစ်နေကြ၏။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)