သာဓု - ချစ်စံနမူ
“မဟုတ်သေးဘူး မသင်းထုံ၊ မင်းပြောပုံဟာ ဟုတ်ကိုမဟုတ်သေး ဘူး။ မင်း ငယ်ငယ်တုန်းက မင်းမိဘတွေဟာ ခု မင်းပြောတဲ့စနစ်မျိုးနဲ့ မင်းကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်နော်။ အေး.. ခုလည်း အဲဒီစနစ်ဟာ ခေတ်မမီတော့ဘူးကွ ခေတ်မမီတော့ဘူး”
ထိုကဲ့သို့သော စကားသံကို မကြားရသေးမီ ၁၅ မိနစ်ခန့်က ရန်ကုန် အရှေ့ပိုင်း ရေကျော်လမ်းအတွင်းရှိ တစ်ခုသောခြေတံရှည်ပျဉ်ထောင်အိမ် ကြီးရှေ့ ပန်းခြံကလေးအတွင်းဝယ် ဖြူဖြူအစ်အစ်နှင့် ဇိမ်ယစ်နေတုန်း အရွယ်အသက်လေးဆယ်ခန့် မိန်းမဝဝတစ်ယောက်သည် အနောက်မှအရှေ့၊ အရှေ့မှအနောက်သို့ ခေါက်တုံ့ခေါက်ပြန် ခြေလှမ်းမှန်မှန်နှင့် လျှောက်လျက် ရှိလေ၏။
ထိုမည်သော ရေကျော်ရပ်ကွက်မှာ ဝင်းကြီးခြံကြီးနှင့် သားသားနား နားနေနိုင်လောက်အောင် မြေနေရာရရန် လွယ်လှသည်မဟုတ်သော်လည်း ရတတ်သမျှသော အိမ်ရှေ့ မြေပိုကလေးများတွင် ဝင်းခတ်ခြံကာလျက် ဥယျာဉ်ပန်းခြံကလေးသဖွယ် ခြယ်လှယ်စိုက်ပျိုးထားတတ်ကြသည်မှာ အိမ်တိုင်းလိုလိုပင် ဖြစ်၏။
ဒေါ်သင်းထုံသည်လည်း မိမိစိတ်တိုင်းကျ စီမံစိုက်ပျိုး... အမျိုးမျိုး သော ပန်းမန်တို့ဖြင့် ဝေဝေဆာစေခဲ့သည့် အိမ်ရှေ့ပန်းခြံကလေးအတွင်းဝယ် ထည်ထည်ခန့်ခန့်နှင့် ရင်ကိုမတ်မတ်ထားကာ အညောင်းပြေလမ်းလျှောက်နေခိုက် စာပို့လုလင်တစ်ယောက် ခြံပေါက်သို့ ပေါ်လာပြီး စာတစ်စောင် ပေးသွားသောကြောင့် စာအိတ်ကို ကြည့်လိုက်သည်တွင်..
မြမြတင်
အိမ်အမှတ် ၃၇၆
ရေကျော်လမ်း၊ ရေကျော်၊ ရန်ကုန်မြို့။
ဟူသော လိပ်စာကိုတွေ့ရသည်နှင့် ဒေါ်သင်းထုံမှာ ရုတ်တရက် မျက်လုံးဝိုင်းသွားကာ ခပ်ကိုင်းကိုင်းကုန်းထားသောခါးကို ဆတ်ခနဲ ဆန့်လိုက်ပြီးမှ ဖျတ်ခနဲ အိမ်ထဲသို့ လှည့်ဝင်သွားလေ၏။
ဒေါ်သင်းထုံ၏ခင်ပွန်းဖြစ်သူမှာ ကုန်သည်မျိုးရိုးဖြစ်သောကြောင့် ရွှေကျင်မှ ဆေးအမျိုးမျိုး မှာယူရောင်းချခြင်းအားဖြင့် အသက်မွေးနေသူ ဖြစ်သည့်အတိုင်း ကျယ်ဝန်းလှသော အိမ်အောက်ထပ်ကို ဂိုဒေါင်သဖွယ် အသုံးပြုထားသောကြောင့် ဆေးထုပ်ကြီးများဖြင့် ပြည့်ကျပ်လျက်ရှိလေ၏။
ဒေါ်သင်းထုံသည် ပန်းခြံကလေးအတွင်းမှ လှည့်ထွက်ခဲ့ကာ အပေါ် ထပ်သို့ တက်မည်ပြုပြီးမှ အောက်ထပ် ဆေးထုပ်ကြီးများအနီးတွင်ရပ်လျက် စာအုပ်တစ်အုပ်ဖြင့် စာရင်းလုပ်နေသော ယောက်ျားတစ်ယောက်ကို မြင်သည်နှင့် တက်လက်စလှေကားပေါ်မှ ဆင်းလာပြီး ထိုလူအနီးတွင် ရပ်လိုက်လေ၏။
“ဟောဒီမှာ ကိုညိုမောင် ရှင့်သမီးနာမည်နဲ့ စာတစ်စောင် ရောက်လာတယ်”
ကိုက်ထားသော ဆေးပြင်းလိပ်ကို ပါးစပ်မှချွတ်၍ ပြွတ်ခနဲ တံတွေးထွေးလိုက်ပြီးမှ... ။
“သမီးနာမည်နဲ့လာတဲ့စာ ငါ့ကိုဘာလို့ လာပေးရတာတုံးကွ။ သမီး ကို ပေးလိုက်ပေါ့”
ဦးညိုမောင်ပြောလိုက်သော စကားနှင့်အမူအရာမှာ အေးစက်စက်နိုင် ၊ သလောက် ဒေါ်သင်းထုံမှာမူ သူကိုင်ထားသည့်စာသည် ထင်ကြေးနှင့်ချလိုက်သော အမြတ်တော်ကြေး တောင်းစာလောက်နီးနီး အရေးကြီးသကဲ့ သို့သော အသွင်ကို ဆောင်လျက်ရှိလေ၏။
“ရှင် စကားပြောပုံဟာ တယ်ပေါ့ဆဆနိုင်ပါကလား ကိုညိုမောင်။ ဒီစာဟာ ဘာစာလဲလို့ ရှင်သိသလား”
“ဘယ်မသိဘဲ နေပါ့မလဲကွာ။ တစ်ယောက်ယောက်က မင်းသမီးကို ပေးတဲ့စာဖြစ်မှာပေါ့။ နို့ မင်းက ဘာစာထင်လို့လဲ”
လက်ထဲတွင်ကိုင်ထားသော စာရင်းစာအုပ်ကို စားပွဲပေါ်လှမ်းတင်ရင်း ဤသို့မေးလိုက်ပြီးမှ အနီးရှိပက်လက်ကုလားထိုင်တွင် ထိုင်ချလိုက်သော ဦးညိုမောင်၏အမူအရာမှာ ရေခဲရေတစ်ခွက်ကို အရသာခံ၍ သောက်နေ သကဲ့သို့သောအသွင်ကို ဆောင်နေသောကြောင့် ဒေါ်သင်းထုံမှာ ထိုသို့သော အပြုအမူအတွက် အခံရခက်သလိုဖြင့် ကုလားထိုင်တစ်လုံးဆွဲယူကာ ဦးညိုမောင်၏အနီးတွင် ထိုင်လိုက်ရာမှ..
“ရှင်ဟာ တော်တော်ခက်ပါလား ကိုညိုမောင်။ ဟင် ရှင့်ကိုယ်ရှင် အစစအရာရာ လည်ပတ်နှံ့စပ်လှပြီရယ်လို့ အခွင့်အရေးရတိုင်း ဂုဏ်ယူခဲ့ပြီး ခုတော့...”
“ဟေ့... နေစမ်းပါဦးကွ မင်းစကားဟာ (အတာကျယ်ပြော တော တစ်ဆယ့်ခြောက်ထပ်) ဆိုတာလို ကြီးကျယ်လှချည့်ကလား။ စာတစ်စောင် သမီးဆီရောက်လာတာနဲ့ ငါ လည်ပတ်နှံ့စပ်တာ ဘယ်လိုသက်ဆိုင်နေလို့ လဲ”
ဦးညိုမောင်သည် တစ်ဝက်တစ်ပျက်သာဖာရသော ဆေးပြင်းလိပ် မီးခိုးများကိုကမန်းကတန်းမှုတ်ထုတ်ရင်း ဤသို့မေးလိုက်သောကြောင့်...
“ဆိုင်သမှ သေသေချာချာဆိုင်တာပေါ့။ အပျိုပေါက်ကလေးအရွယ် သာရှိသေးတဲ့ ကိုယ့်သမီးဆီကို ဘယ်ကမှန်းမသိရောက်လာတာ ရည်းစား စာများ ဖြစ်နေမလားရယ်လို့ ရှင် တွေးမပူတတ်တာကိုပြောတာ သိရဲ့လား”
စာကို လက်တစ်ဖက်တွင်ဆုပ်၍ လှုပ်ပြရင်း ပြောလိုက်သော ဒေါ်သင်းထုံအား ဦးညိုမောင်သည် ခပ်ပြုံးပြုံးကြည့်နေရာမှ ပက်လက် ကုလားထိုင်တွင်လှဲနေသော ကိုယ်ကို ခပ်မတ်မတ်ထူလိုက်ပြီး...
“ဒီလိုတော့ ငါလည်း စဉ်းစားမိသားပေါ့”
“ဟင် ဒါဖြင့် ဘာ့ကြောင့် သမီးကိုပေးခိုင်းနေရသလဲ”
“နို့.. သမီးနာမည်နဲ့လာတဲ့စာ မဟုတ်လား။ ဒါ သမီးနဲ့သာ ဆိုင်တဲ့ ကိစ္စ။ ဒီထဲမှာ မင်းရော ငါရော ဘယ်သူမှ ဖောက်ဖတ်ခွင့်မရှိဘူး၊ ချုပ်ချယ် ခွင့်လည်း မရှိဘူး”
ထိုစကားကို ကြားလိုက်ရသည်နှင့် ဒေါ်သင်းထုံမှာ စကြဝဠာတစ်ခုလုံး ချာချာလည်သွားသည်ဟု ထင်ရလေ၏။
“ဘုရားနဲ့ သိကြားရေ ဘယ်လိုများပြောလိုက်ပါလိမ့် ကိုညိုမောင် ရယ်။ ပြေးရေလိုက်မှ ဒီသမီးကလေးတစ်ယောက်ရှိတာကို ရှင်ပြောပုံစကား က ဥပေက္ခာထားလှချည့်” ။
“ကဲ... ကဲ ဥပေက္ခာတွေ ဘာတွေ အသာထားပြီး မင်းက ဒီစာနဲ့ ပတ်သက်လို့ ဘယ်လိုဆိုချင်သလဲပြော”
“မဟုတ်ပါဘူး ကိုညိုမောင် ခု ရှင့်သမီးဟာ စိတ်အလှုပ်ရှားဆုံး အရွယ်၊ ဘာမဆို လွယ်လွယ်ကလေး ဖြစ်သွားနိုင်တဲ့အရွယ် ရောက်နေပြီ ဆိုတာ သတိထားမိရဲ့လား”
“အေး ဟုတ်သပေါ့ ခု ငါ့သမီး ၁၅ နှစ်ရှိပြီလေ။ အဲဒါ ဘာဖြစ် သတုံး”
ဦးညိုမောင်၏အမူအရာ မျက်နှာပေးမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး သည် မိမိလက်အောက်ဌာနတစ်ခုမှ အရာရှိများ လာဘ်စားသည့်သတင်းဆိုး ကို ဖတ်နေရသည့်တိုင်အောင် တစ်စုံတစ်ရာ စိတ်ထိခိုက်ပုံလည်း မရ၊ အရေးယူမည့်လက္ခဏာလည်း မပေါ်ဘဲ သတင်းစာကိုပင် တော်ရာသို့ ပစ် တင်လိုက်သကဲ့သို့သော အသွင်မျိုးဖြင့် ခပ်ပေါ့ပေါ့ပင်မေးလိုက်သောကြောင့်
“ကြာလေ နားဝေးလေပါလား ကိုညိုမောင်၊ ရှင့်သမီးဟာ ၁၅ နှစ် တောင် ခု သီတင်းကျွတ်မှပြည့်မယ့် အပျိုထွတ်ထွတ်ကလေးမို့ အမှား အမှန် ဝေဖန်နိုင်တဲ့အရွယ် မဟုတ်ဘူး။ ဒါကြောင့် မတော်တရော်လူတွေနဲ့ ဖြစ်သွား မှာစိုးလို့ ဒီစာကို...”
“ဖောက်ကြည့်စေချင်သလား.. ဖျောက်ဖျက်ပစ်စေချင်သလား တိုတိုပြောစမ်းကွာ”
လက်တစ်လုံးခန့် သီးနေသော ဆေးပြင်းလိပ်ပြာကို ကုလားထိုင်လက် တင်နှင့်တွေ့၍ ချွေရင်း ဦးညိုမောင်က မေးလိုက်သည်ကို.. ။
“ရှင်နဲ့ ပြောရတာ ကျွန်မ စိတ်မရှည်တော့ဘူး ကိုညိုမောင်။ ဒီစာကို ခု ဖောက်ကြည့်၊ ရည်းစားစာဖြစ်နေရင် ဆုတ်ပစ်လိုက် ဒါပဲ”
“အေး အဲဒါမျိုးပေါ့ကွ၊ လူတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို စော်ကားတယ်ဆိုတာ”
ဒေါ်သင်းထုံမှာ ထိုစကားကိုကြားလိုက်ရသည်နှင့် မျက်လုံးမျက်ဆန် ပြူးသွားကာ သက်ပြင်းကိုပင် ဟူးခနဲ မှုတ်ထုတ်မိတော့၏။
“ဘာရှင့် ကိုညိုမောင် သမီးဆီရောက်လာတဲ့ ရည်းစားစာကို မိဘက တွေ့ကရာလူနဲ့ ဖြစ်သွားမှာစိုးလို့ စေတနာကောင်းနဲ့ ဖျောက်ဖျက်ပစ်တာကို စော်ကားတယ်ဆိုမလား”
တိုနေပြီဖြစ်သော ဆေးပြင်းလိပ်ကို လက်ညှိုး၊ လက်ခလယ်၊ လက်မ ထိုသုံးချောင်းဖြင့် ဖိုခနောင့်ဆိုင်ကာ အားပါးတရဖွာလိုက်ပြီးမှ...
“အေး အဲဒါလည်း စော်ကားခြင်းတစ်မျိုးပေါ့။ ငါ ပြောပြမယ် နား ထောင်၊ အသိဉာဏ် အရင့်သန်ဆုံးဖြစ်တဲ့ မင်းတို့ငါတို့ လူသတ္တဝါကို ဖယ်ထား တိရစ္ဆာန်ဖြစ်တဲ့မြွေဟာ ဖားကိုတွေ့ရင် စားမယ်မျိုမယ်၊ အဲဒီ အခြင်းအရာကို လူကမြင်တော့ ဖားကလေး သနားပါတယ်ဆိုပြီး အသက် တစ်ချောင်း ကယ်ဆယ်လိုတဲ့ စေတနာနဲ့ မြွေနဲ့ဖား တခြားစီဖြစ်သွားအောင် မောင်းထုတ်လိုက်တယ်ဆိုပါတော့။ အဲဒီ မြွေတစ်ကောင်ရသင့်တဲ့ အခွင့် အရေးကို စော်ကားတာပဲ။ တရားနဲ့ ယှဉ်ကြည့်ရင် သူတစ်ထူးရဲ့ အစာကို ဟန့်တားပိတ်ပင်ရာ ရောက်တယ်။ ဖားဟာ မြွေရဲ့ အစာ၊ ဖားကို မြွေက တွေ့ရင်စားမှာပဲ။ ဖားကလည်း မြွေကိုမြင်တာနဲ့ သူ့အသက်ဘေး သူလွတ် အောင် ပြေးမှာပဲ။ အဲဒီတော့ မြွေနဲ့ဖားရဲ့ ပြဿနာကို သူတို့ဟာသူတို့ ဖြေရှင်း နိုင်ခွင့်ရှိတယ်။ သူတို့ဟာသူတို့လည်း ဖြေရှင်းတတ်တယ်။ ဒီအထဲမှာ လူက ဘာမှစွက်ဖက်စရာမလိုဘူး”
“ဒါဖြင့် ရှင့်သမီးလည်း ရည်းစားတွေမှိုပေါက်လို့ သပေါက်ဘဝရောက်ရောက် ကြည့်နေရမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့ ”
ဒေါ်သင်းထုံသည် မကျေမနပ်နှင့် ခေါင်းတဆတ်ဆတ်ညိတ်ရင်း ခပ် တင်းတင်း မေးလိုက်သောကြောင့်.....။
“ဒီလို ဘယ်ဟုတ်မလဲကွ၊ ဒါက ဥပမာပြောတာပဲ။ ဒီလိုလေ မြွေနဲ့ ဖားဆိုတာက တိရစ္ဆာန်၊ ဘာမှ အသိတရားမရှိဘူး။ ဆုံးမလို့လည်း မရဘူး။ ငါ့သမီးက လူ၊ အသိတရားလည်းရှိတယ်။ ဆုံးမတတ်ရင် ကိုယ် ဖြစ်စေချင် သလိုဖြစ်လာမယ် အဲဒီတော့”
“မဟုတ်သေးပါဘူး ကိုညိုမောင်၊ ရှင်က ထင်တာကို ပြောနေတာကိုး။ ၁၅ နှစ်ဆိုတဲ့ အပျိုပေါက်အရွယ်ဟာ ဘယ်လောက်အထိန်းရခက်တယ်ဆို တာ ကျွန်မ ပျိုရာက အိုလာလို့”
“အေး... မင်းသိသလို ငါလည်းသိပါတယ် မသင်းထုံ”
“ဒါဖြင့် ဘာကြောင့် အစဉ်အလာကို ဖီလာဆန့်ကျင် တမင်အရွဲ့ တိုက် ပြောနေရသလဲ ကိုညိုမောင်”
“အစဉ်အလာ ဘာအစဉ်အလာလဲ။ သမီးအရွယ်ရောက်လာရင် ရည်း စားမထားရဘူး။ စာပေးစာယူလုပ်ရင် ချုပ်ချယ်ရမယ်ဆိုတဲ့ အစဉ်အလာမျိုး လား။ နို့ မင်းနဲ့ငါ သမီးရည်းစားဘဝ စာပေးစာယူ လုပ်နေကြတဲ့အခါတုန်း က မင်းမိဘတွေဟာ ဒီလိုပဲ ချုပ်ချယ်ခဲ့တယ်နော်။ အဲဒီတုန်းက မင့်စိတ်ထဲ ဘယ်လိုနေသလဲ”
ဒေါ်သင်းထုံ အဖြေမပေးနိုင်။ တွေဝေးကြီး ငိုင်နေ၏။
“အဲသလို ကိုယ်ချင်းစာမှပေါ့ မသင်းထုံရာ။ မင့်မိဘတွေဟာ မင့် ငယ်ငယ်တုန်းက တော်တော်ပဲ ချုပ်ချယ်ခဲ့တယ်။ ဒီကြားထဲက ငါ့ဆီ စာ မရောက်ရောက်အောင် မင်းပေးခဲ့တာပဲ မဟုတ်လား။ အေး... မင်းသမီး လည်း ဒီလိုလာမှာပဲ စိတ်သာချ။ မင့်သမီးတင် မဟုတ်ဘူး၊ အရွယ်ရောက် နေတဲ့အပျိုတိုင်း ဘယ်လောက်ပဲချုပ်ချယ်ချုပ်ချယ် ဒီကိစ္စကတော့ မကင်း ဘူး။ ဖြစ်တဲ့နည်းနဲ့ စခန်းသွားနေကြမှာပဲ”
ဦးညိုမောင်သည် ဆေးလိပ်တိုကို ထွေးခံထဲပစ်ထည့်လိုက်ပြီး အရှည် တစ်လိပ်မီးညှိနေစဉ်..
“ဘာပဲပြောပြော ဒီအရွယ်ဆိုတာ ချုပ်ချယ်နိုင်မှ တန်ကာကျတယ် မဟုတ်လား ကိုညိုမောင်။ ဒါကိုတော့ ရှင် ဝန်ခံရလိမ့်မယ်” ။
“ဘယ်လိုနည်းနဲ့မှ ဝန်မခံနိုင်ဘူး မသင်းထုံ။ မင်းတို့မိန်းမတွေဟာ တော်တော်ခက်တာပဲ။ အပျိုဘဝမှာ အချစ်နဲ့ပတ်သက်ပြီး အချုပ်အချယ် ခံနေရပြီဆိုရင် မိဘကိုပဲ ပုန်ကန်တော့မလို တငြိမ့်ငြိုတငြင်ငြင်ဖြစ်နေတတ် ကြပြီး ဟော.. ကိုယ်ကိုယ်တိုင် မအေဘဝရောက်လို့ သမီး အရွယ်ရောက် လာတာနဲ့ တစ်ပြိုင်နက် အဖက်ဖက်က ချုပ်ချယ်ကြပြန်ရော။ မင်းတို့မိန်းမ တွေဟာ ဘယ်လိုဟာတွေလဲကွ ဟေ...”
ဦးညိုမောင်သည် ထိုသို့ပြောရင်း စိတ်ပျက်သွားသလို ပက်လက်လှန် လှဲချလိုက်သည်နှင့် ဒေါ်သင်းထုံကလည်း အားကျမခံ မိမိသာမှန်သည်ဟူ သော ယူဆချက်ဖြင့်..
. “ဒါတော့တော် ကိုယ့်သမီးကို ဆင်စီးပြီး မြင်းရံတာ ကြည့်ချင်တာ
“အေး... ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်း ကိုယ့်သမီးကို ရှင်ဘုရင် ကတော်အဖြစ်နဲ့ တိုင်းခန်းလှည့်လည်တာကို ကြည့်ချင်မြင်ချင်ကြတာ ချည်းပဲ။ ဒါပေမဲ့ မိန်းမတွေဟာ အပျိုဘဝမှာတော့ ကိုယ်နှစ်သက်တဲ့လူ ကိုသာ ရွေးချယ်ယူချင်တဲ့စိတ်ရှိကြပြီး မိခင်ဘဝရောက်တော့ ကိုယ့်သမီးကို ကိုယ်ကပေးစားတဲ့လူကိုမှ ယူစေချင်ကြတယ်။ တော်ကြသလား၊ မင်း ကိုယ်တိုင် အပျိုဘဝတုန်းက မင်းမိဘသဘောတူတဲ့လူကို မယူဘဲ ငါ့နောက် ကို ခိုးရာလိုက်ခဲ့တာဟာ ဘယ်လိုအရေးတွေကြောင့်လဲ မသင်းထုံ”
ထိုအမေးကြောင့် ဒေါ်သင်းထုံ နေ၏။ တွေးနေ၏။ ပေါ်လာသော မိမိ၏ငယ်စဉ်က အဖြစ်အပျက်များကိုလည်း မြင်ယောင်လာ၏။
ဒေါ်သင်းထုံမှာ အထက်တန်းအစိုးရ အရာရှိတစ်ဦး၏ သမီးဖြစ်လျက် ဦးညိုမောင်မှာမူ သာမန်အောက်တန်းစာရေးကလေးမျှသာ ဖြစ်သောကြောင့် လူငယ်ချင်း မေတ္တာမျှနေခဲ့ကြသည်တိုင်အောင် ဒေါ်သင်းထုံ၏ မိဘများ သည် ဦးညိုမောင်လိုလူစားနှင့် သဘောမတူ မကြည်ဖြူနိုင်သည်နှင့်အမျှ ဒေါ်သင်းထုံအား အမျိုးမျိုးသောနည်းဖြင့် ချုပ်ချယ်ခဲ့ကာ နောက်ဆုံးတရားသူကြီးပေါက်စတစ်ဦးနှင့် ပေးစားရန် အတင်းအကျပ် စီမံခဲ့သည်တွင် ဒေါ်သင်းထုံသည် ထိုဘေးမှ အပြေးရုန်းပြီး ချစ်သူဦးညိုမောင်နောက်သို့ ကောက်ကောက်ပါအောင် လိုက်ခဲ့၏။
ထိုသည့်အဖြစ်အပျက်ကို အကွက်လည်အောင်၊ သဘောပေါက်ထင် မြင်လာသည့်တိုင်အောင် ယခု ဦးညိုမောင်ပြောနေသော စကားများနှင့် ပတ်သက်၍ လုံးဝထောက်ခံလိုသည့်စိတ်ကား အရိပ်အယောင်မျှပင် ပေါ်မလာသည်မှာ အံ့ဖွယ်ကောင်းလှတော့၏။
“မှန်တော့လည်း မှန်ပါတယ် ကိုညိုမောင်။ ဒါပေမဲ့ လွယ်ရင် လွယ် သလို ဖြစ်တတ်လို့ ဒီကိစ္စမျိုးမှာ များများမဟုတ်တောင် နည်းနည်းတော့ ချုပ်ချယ်ရင် ကောင်းတာပဲ”
“ဘာလဲကွ လွတ်လပ်ရေးတော့ယူ ဒါပေမဲ့ တို့သဘောမတူတာ ဘာမှ မလုပ်ရဘူးဆိုတဲ့ ဟန်ပြလွတ်လပ်ရေးမျိုးလား”
“ဘာပဲပြောပြော ကျွန်မတော့ ဒီလိုပဲ သဘောရတယ်”
ဒေါ်သင်းထုံသည် ဤသို့လျှင် ခပ်ဆတ်ဆတ်ပြော၍ ခပ်စောင်း စောင်း ငွေကြည့်ရင်း ဦးညိုမောင်၏စကားကို နားစွင့်နေလေ၏။
“မဟုတ်သေးဘူး မသင်းထုံ၊ မင်းပြောပုံဟာ ဟုတ်ကိုမဟုတ်သေး တာ။ မင်း ငယ်ငယ်တုန်းက မင်းမိဘတွေဟာ ခု မင်းပြောတဲ့ စနစ်မျိုးနဲ့ မင်းကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်နော်။ အေး... ခု အဲဒီစနစ်ဟာ ခေတ်မမီတော့ဘူးကွ၊ ခေတ်မမီတော့ဘူး”
တံတွေးကို ထွေးရိုးထွေးစဉ်ဖြစ်သော နှုတ်ခမ်းနှစ်ခု၏ ဗဟိုအလယ်မှ မထွေးဘဲ ဦးညိုမောင်သည် အရောင်ညစ်မွဲနှင့်မဲ့နေသော ဆေးပြင်းလိပ် တံတွေးများကို လက်ဝဲဘက်နှုတ်ခမ်းထောင့်မှ ပျစ်ခနဲမေးထိုး၍ ထွေးလိုက် သော အမူအရာမှာ ဟန်မလုပ်ရဘဲနှင့် သရုပ်ပါလှတော့၏။
“မင်းနဲ့ငါ သမီးရည်းစားဘဝတုန်းက မင်းမိဘတွေ ထိန်းသိမ်းချုပ် ချယ်ပုံဟာ သိပ်မတရားကျလွန်းတယ်လို့ စာထဲမှာ မင်းထည့်ပြီးရေးခဲ့ဖူး တာကို မှတ်မိသေးရဲ့ လား။ ခု မင်းကိုယ်တိုင် မအေဖြစ်လာတော့ ဒီစနစ် အတိုင်းပဲ ချုပ်ချယ်လာပြန်ပြီလား။ မလုပ်နဲ့ မသင်းထုံ၊ ဒီစနစ်ဟာ ခေတ်
မမီတော့ဘူးလို့ ငါပြောခဲ့ပြီးပြီ။ သူတို့ရဲ့ ပြဿနာကို သူတို့ဟာသူတို့ ဖြေရှင်းခွင့်ပေးရမယ်။ အရွယ်ရောက်သူတိုင်းရဲ့ အရေးကြီးဆုံး လိုလားချက် ဟာ ဘာလဲလို့မေးရင် အချစ်လို့ အများဆုံးဖြေလိမ့်မယ်။ ဒီအချစ်ဟာလည်း ချစ်ကြမယ့်လူချင်းနဲ့သာ ဆိုင်တယ်။ ဒီအထဲမှာ မင်းတို့ ငါတို့ ဘာမှ စွက်ဖက် ခွင့်မရှိဘူး။ သူတို့နှစ်သက်ရာကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ခွင့် ပေးရမယ်”
“ဒါဖြင့် သူတို့လိုချင်ရာကိုယူ၊ ကြည်ကြည်ဖြူဖြူ ခွင့်ပေးရမယ် ဆိုပါ တော့ ကိုညိုမောင်”
“မင့်မှာ ပါးစပ်မရှိဘူးလား။ သွန်သင်ဆုံးမ နည်းလမ်းပြဖို့က မိဘတွေ ရဲ့ တာဝန်၊ ကိုယ့်တစ်သက်လုံးအဖို့ အကောင်းဆုံးမယား၊ အကောင်းဆုံး လင်ရအောင် ရွေးဖို့က သားသမီးတွေရဲ့ တာဝန်။ လိမ္မာရင် စံ၊ မိုက်ရင် ခံပေါ့ ဒါပဲရှိတယ်”
ဒေါ်သင်းထုံသည် တစ်စုံတစ်ရာ ဘာမျှပြန်မပြောသေးဘဲ အတော် ကြာအောင် နေပြီးမှ...
“ကြုံဖူးပေါင် ကြားဖူးပေါင်ဆိုတာလိုပါပဲကလား ကိုညိုမောင်။ ရှင့် လက်ထက်ကျမှပဲ စနစ်သစ် စနစ်ဆန်းတွေထွင်ပြီး တော်ကြာ ရင်ဘတ် စည်တီး မလုပ်နဲ့နော်။ ခုအတိုင်းသာ ရှင့်သမီးကို လာသမျှစာကို လက်ခံ၊ စာပြန်ချင်လည်းပြန်ဆိုတဲ့ အခွင့်အရေးတွေ ပေးထားမယ်ဆိုရင် ရှင့်သမီးကို ထိန်းသိမ်းဖို့တာဝန် ကျွန်မ မယူဘူး ဒါပဲ”
ထိုစကားကို ကြားလိုက်ရသည်နှင့် ဦးညိုမောင်သည် ခပ်ဟားဟား ကလေးရယ်လိုက်ပြီးမှ...
“ကဲ... ဒါဖြင့် ပေး... ပေး အဲဒီစာ ငါ့ကိုပေး၊ ငါ့သမီးကို ငါထိန်းပြီး ငါကိုယ်တိုင် သွန်သင်ဆုံးမ နည်းလမ်းပြမယ်”
ဦးညိုမောင်သည် ပြောပြောဆိုဆို ဒေါ်သင်းထုံ လက်ထဲမှစာကို ဆွဲယူ ၍ အပေါ်ထပ်သို့ လှမ်းတက်သွားသဖြင့် ဒေါ်သင်းထုံလည်း မယောင်မလည် တက်လိုက်သွားလေ၏။
ဦးညိုမောင်သည် အပေါ်ထပ်ကို ရောက်သည်နှင့် သမီးဖြစ်သူ မြမြတင်