Skip to product information
1 of 11

Other Websites

သန်းသန်းတင့် - ရေချိုးပြီးမှပန်းပန်ပါ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ရေချိုးပြီးမှ ပန်းပန်ပါ 

 

          ကျွန်မ၏ မိဘများသည် အသက် (၆၀)ကျော်အရွယ်တွင် ကွယ်လွန် ခဲ့ကြသည်။ အဖေကွယ်လွန်ခဲ့သည်မှာ အနှစ် (၃၀)၊ အမေကွယ်လွန်ခဲ့သည် မှာ (၂၈)နှစ်ရှိပေပြီ။ နှစ်တွေကြာညောင်းသော်လည်း မိဘနှစ်ပါးကို မေ့မရ နိုင်ခဲ့ပါ။ သတိရနေမိသည်။ အမေ့ကို ပို၍သတိရနေမိသည်။

          နေ့စဉ်နံနက်တိုင်း အမေ၏ ဘုရားရှိခိုးသံက တစ်အိမ်လုံးကိုလွှမ်းနေခဲ့သည်။ အမေ့အသံကသာယာနာပျော်ဖွယ်ရှိ၏။ နားထောင်၍ ကောင်းလှသည်။ ရေဒီယိုမှလာနေသကဲ့သို့ ထင်ရ၏။

          အမေသည်ပန်း၊ ရေချမ်း၊ဆွမ်း၊ ဆီမီးတို့ကို နေ့စဉ်ကပ်လှူပူဇော်သည်။ သောက်တော်ရေခွက်များသန့်ရှင်းကြည်လင်နေအောင် အမြဲ ဆေးကြောသည်။ ဘုရားပန်းများကို လှလှပပဝေဝေဆာဆာ ကပ်လှူပူဇော် သည်။ ဘုရားပန်း နည်းလျှင် အားမရ၊ ဘုရားပန်း အညိုးမခံ။

          ဝါတွင်းသုံးလပတ်လုံး ဥပုသ်နေ့တိုင်းအမေ၏မိဘများဆောက်လှူခဲ့သောဘုန်းကြီးကျောင်းသို့တစ်အိမ်လုံးဥပုသ်စောင့်သွားကြသည်။ တခြားဘုန်းကြီးကျောင်းသို့ မသွား။ ကျွန်မတို့လည်းအမေ့ဆန္ဒအတိုင်း ဖြစ်စေခဲ့ရသည်။ 

           မိဘများဆောက်လှူခဲ့သော ဘုန်းကြီးကျောင်းမှ သူ့ကျောင်း၊ ထိုကျောင်းမှကျောင်းထိုင်ဘုန်းကြီး၊ဦးပဉ္စင်း၊ ကိုရင်တို့သည်သာ သူ့ဘုန်းကြီး၊ သူ့ဦးပဉ္စင်း၊ သူ့ကိုရင်ဟု အမေစိတ်စွဲထားသည်။ 

           ဆွေမျိုးမိတ်ဆွေများကိုလည်းသူ့ဘုန်းကြီးကျောင်းသို့ဥပုသ်စောင့်လာရန်ဖိတ်ခေါ်လေ့ရှိသည်။ဘုန်းကြီးကျောင်းသို့ လာကြသောသူများသည် သူ့ဆွေမျိုး၊ မလာကြသောသူများသည်သူ့ဆွေမျိုးမဟုတ်ဟု အမေကအမြဲပြောလေ့ရှိသည်။ ထိုအရာ၌ အမေသည် ပညာမပါသော သဒ္ဓါ။ ပသာဒသဒ္ဓါရှိသူသာ ဖြစ်သည်။

          ဥပုသ်နေ့တွင် ဘုန်းကြီးကျောင်းသို့ အစောကြီးရောက်အောင် ဝီရိယစိုက်လေ့ရှိသည်။ ဘုန်းကြီးကျောင်းဘုရားခန်းကို သန့်ရှင်းရေးလုပ်သည်။ ပန်း၊ ရေချမ်း၊ဆွမ်း၊ ဆီမီးများ၊ ဘုရားကိုကပ်လှူပူဇော်သည်။ဥပုသ်သည်များကို ကျွေးမွေးဧည့်ခံရန် လက်ဖက်၊ မုန့်များ ပြင်ဆင်သည်။ ဘုန်းကြီးလှူရန်၊ သီလယူရန် သီလပွဲများ ပြင်သည်။

          သီလယူပြီး ကျောင်းပေါ်မှ ဆင်းလာကြသူများကို မုန့်များဝေငှသည်။ အာရုံခံတန်ဆောင်းထဲ၌ ဥပုသ်သည်များကိုလက်ဖက်ရည်၊ မုန့်များဖြင့် ဧည့်ခံသည်။ အမေသည် ရွှင်လန်းတက်ကြွနေသည်။ နောက်ဥပုသ်နေ့များတွင်လည်း လာခဲ့ကြဖို့ ဖိတ်ခေါ်တတ်သည်။ ဝါတွင်းဥပုသ်နေ့တိုင်း အမေပြုနေကျ ဝတ္တရားပင်ဖြစ်၏။

          ဘုန်းကြီးကျောင်းသည် မြို့နှင့် တစ်မိုင်ကျော်ကျော် ဝေးပါသည်။ ဘုန်းကြီးကျောင်းသို့ ထမင်းချိုင့်များဖြင့် တစ်နေကုန် ဥပုသ်စောင့်လာကြပါသည်။ ဥပုသ်သည်များ၏ ထမင်းဝိုင်းသည် ဟင်းအမယ်စုံလှသည်။ စားစရာမုန့်များလည်း စုံလှသည်။

          တောရဘုန်းကြီးကျောင်းဖြစ်သဖြင့် တောမုန့်များပေါပါသည်။ မုန့်ဖက်ထုပ်၊ ထန်းသီးမုန့်၊ ကြက်တက်ရွက်သုပ်၊ မန်ကျည်းရွက်သုပ်များ အလွန်စားကောင်းလှသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဝေကြကမ်းကြ သည်။ 

          ကျွန်မတို့သည် ထမင်းစားအပြီး၁၂နာရီ မထိုးမချင်းအချိုပွဲမှ မထတမ်းစားကြသည်။ စားပြီးတစ်ရေးတစ်မောအိပ်ကြတော့၏။ အိပ်ရာမှအထတွင် ဘုန်းကြီးကျောင်းဝင်းအတွင်းမှိုရှာခြင်း၊ ဟင်းရွက်ခူးခြင်း၊ ပန်းများခူးခြင်းလည်း ပြုလုပ်ကြသည်။ ညနေစောင်းမှ အိမ်ပြန်လေ့ရှိကြ၏။

           အိမ်ရောက်တော့ ထမင်းဆာလှသည်။ ထို့ကြောင့်စောစောအိပ်ရာဝင်ခဲ့ကြသည်။ တရားနာခြင်း၊ဘဝနာပွားခြင်း မလုပ်ကြပါ။ ဘုရားပင် ရှိမခိုးမိကြတော့ချေ။ 

           ကျွန်မတို့မိသားစု ဥပုသ်စောင့်ခြင်းမှာ   ဘုန်းကြီးကျောင်းသွားပြီးပျော်ပွဲစားထွက်သည်နှင့်ပင်တူနေပေ၏။ ပျော်လည်း အလွန်ပျော်ခဲ့ကြသည်။ အမေ့မျက်နှာလည်း ပြုံးပန်းဝေနေ၏။ 

          ဘုရားရှိခိုးများ၊ မင်္ဂလသုတ်၊ မေတ္တသုတ်၊ ဓမ္မစကြာ၊ သမ္ဗုဒ္ဓေါ ဂါထာ၊ ပဋ္ဌာန်း၊ ဣတိပိသော အရဟံတို့ကို ကျွန်မတို့ ကလေးဘဝကတည်းက အလွတ်ရခဲ့သည်။ အဓိပ္ပာယ်မသိဘဲ အာဂုံဆောင်ခြင်းဖြစ်သည်။ 

           အရဟံဂုဏ်တော်ကို ဘုရားဂုဏ်တော်ဟုပင် မပြောတတ်ဘဲ ဣတိပိသော ဟုသာ မှတ်ခဲ့ပြောခဲ့ပါသည်။ 

           ဗုဒ္ဓအဓိပ္ပာယ်၊ သရဏဂုံအဓိပ္ပာယ်၊ သရဏဂုံဆောက်တည်မှ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းများ မသိခဲ့ပါ။ ဘုရား၏ ဖြစ်တော်စဉ် ဗုဒ္ဓဝင်ကိုပင် ရေရေလည်လည် မသိခဲ့ပါ။ ဘာသာရေးနှင့် ပတ်သက်၍ ဗဟုသုတ အတော် ကို နည်းပါးခဲ့ပါသည်။ 

           မိမိတို့ကိုးကွယ်သည့် ဘာသာတရားအကြောင်း အမှန်မသိခဲ့ဘဲ ရောထွေးယှက်တင်ဖြစ်နေသည့်လမ်းစဉ်တို့ကိုသာ အမှန်ဟု ထင်ခဲ့ပါသည်။ 

           အမေသည် ကျွေးမွေးပေးကမ်းမှုမှာ ရက်ရောသည်။

          “ထမင်း ပိုချက်ဟဲ့၊ ရုတ်တရက် ဧည့်သည်ရောက်လာရင် အဆင်သင့်စားရတာပေါ့”ဟုပြောလေ့ရှိသည်။      

          သနပ်ခါးလိမ်းခြင်း၊ ပန်းပန်ခြင်း၊ သီချင်းဆိုခြင်းတို့ကိုဝါသနာထုံသောအမေသည်ဝါတွင်းဥပုသ်နေ့များ၌ပင် မာလာဂန္ဓဝိလေပနသိက္ခာပုဒ်ကိုဖြူစင်အောင်မထိန်းချေ။တရားနာခြင်း၊တရားထိုင်ခြင်းတို့ကားအမေပြုလေ့မရှိပါ။

          ကျွန်မတို့အိမ်မှာ အိမ်တွင်းနတ်အုန်းသီးရှိသည်။ ဟင်္သာယာဉ်စီး သည့်သူရဿတီနတ်သမီးပုံလည်းရှိသည်။ သာသနာပွဲလည်း မပြတ်တင် သည်။ ဘုရားကိုးဆူလည်း ကပ်လေ့ရှိသည်။

           “ဟင်္သာက စီးလို့ရသလား၊ သူရဿတီက နတ်သမီးဖြစ်ပြီး ဘာလို့ ပိဋကတ်သုံးပုံ စောင့်ရတာလဲ”မေးလျှင် အမေမကြိုက်တော့။

          “သာသနာပွဲဆိုတာဘာလဲ”ဟုမေးလျှင်အမေက“ကွန်မြူနစ်မ”ဟုအော်ပါသည်။ သားသမီးများစာမေးပွဲဖြေ

ခါနီးတွင် အမေ အလုပ်ရှုပ်တော့သည်။ သာသနာပွဲထိုးရသည်။ သူရဿတီနတ်သမီးကို ပန်း၊ ရေချမ်းဆက်ကပ်ရသည်။ အိမ်တွင်း မင်းမဟာဂီရိအတွက် နတ်အုန်းသီးလဲပေးရသည်။ဗေဒင်မေးရသည်။ဗေဒင်ဟောစာတမ်းအတိုင်း ယတြာချေရသည်။

          ကျွန်မသည် အမေ ထိုသို့ပြုလုပ်သည်များကို ဘဝင်မကျခဲ့ပေ။စာမေးပွဲသည် မိမိ၏ ကံ၊ဉာဏ်၊ဝီရိယအပေါ်မှာ မူတည်သည်။ မိမိကိုယ် ကို အားကိုးပြီး ကိုယ်တိုင်ကြိုးစားအားထုတ်မှအောင်မြင်မည်ဟုသာ ယုံကြည်ခဲ့ပါသည်။ သို့သော် ဓာတ်ရိုက်ဓာတ်ဆင်၊ ယတြာချေ၊ ဂါထာမန္တန် ရွတ်နေသူ များသည် ဘုရားရှင်၏ ဥပါသကာစစ်စစ် မဖြစ်နိုင်ကြောင်း၊

          သရဏဂုံ သုံးပါးကို ခံယူဆောက်တည်မှသာလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ ထိုဗုဒ္ဓဘာသာဝင်သည် ဘုရား၊ တရား၊ သံဃာမှတစ်ပါး အခြားသော ဘိုးတော်၊ မယ်တော်၊ ရိုးရာနတ်များ၊ ၃ရ မင်းနတ်ဆိုသူများကို ကိုးကွယ်ရာ အစစ်အမှန် အဖြစ်ဖြင့်ဆည်းကပ်ပါက သရဏဂုံပျက်သည့် အကြောင်း၊ 

          ရိုးရာသဘောမျှသာ အစဉ်အလာမပျက်၊ လာဘ်ရွှင်ရန်၊ စာမေးပွဲ အောင်ရန် ပူဇော်ပသသည်ဟုဆိုလျှင်ပင် သရဏဂုံ ညှိုးနွမ်းကြောင်း၊

          သရဏဂုံ တည်မြဲသူသည်အပါယ်ဘေးမှကင်းဝေးခြင်း၊သုဂတိဘုံဘဝသို့သာရောက်ရခြင်း၊ဘဝသမ္ပတ္တိတို့နှင့် ပြည့်စုံခြင်းစသည့် လောကီ အကျိုးစီးပွားများအပြင် လောကုတ္တရာဓမ္မ ရရှိစေရန်အတွက် အထောက် အပံ့ပြုသည့် အကြောင်းအရင်း စင်စစ်အမှန်ဖြစ်သည့်အကြောင်းတို့ကို အမေ မသိခဲ့ပါ။ကျွန်မလည်းရှင်းရှင်းလင်းလင်းမသိခဲ့ပါ။ 

           ကျွန်မ အိမ်ထောင်ပြုပြီးနောက် နှစ်ဖက်မိဘများနှင့်ဝေးရာ တခြား မြို့၌ နေထိုင်ရပါသည်။ ကျွန်မသည် ဘုရားကျောင်းဆောင်တစ်ခုတည်းသာ လျှင် ထားပါသည်။ ရတနာ မြတ်သုံးပါးသာ ကိုးကွယ်ဆည်းကပ်ပါသည်။

          ရိုးရာမပစ်ပယ်ဖို့ ပြောကြသူများ၊ နတ်တင်ဖို့ တိုက်တွန်းကြသူ များသည် အိမ်သို့ပင်လာ၍ တင်ပုံတင်နည်း၊ ပသနည်းများကို လက်တွေ့ သင်ကြားပြသကြသည်။ သို့သော် ကျွန်မ မလုပ်ခဲ့ပါ။

          ဘုရား၊ တရား၊ သံဃာအကြောင်း ကျကျနနမသိဘဲ အမိအဘ၊ အဘိုးအဘွားများက ဗုဒ္ဓဘာသာဖြစ်၍မိမိလည်း ဗုဒ္ဓဘာသာ ဖြစ်လိုက်ရခြင်း ကို ကျွန်မစိတ်ထဲတွင် မကျေနပ်နိုင်ပါ။ကိုယ်ကိုးကွယ်သည့်ဘာသာအကြောင်း ကို သိချင်ပါသည်။ အသိစိတ်ဖြင့်သာ ကိုးကွယ်ဆည်းကပ်ချင်ပါ၏။

          သိချင်သည့်ဆန္ဒကြောင့် ဗုဒ္ဓစာပေများ ဖတ်ခဲ့ပါသည်။ လေ့လာခဲ့ပါ သည်။ဆရာမအလုပ်မှအငြိမ်းစားယူပြီး ရန်ကုန်မြို့၌နေထိုင်ခွင့်ကြုံခဲ့သည့်ကျွန်မသည်ဗုဒ္ဓဘာသာဆိုင်ရာဓမ္မသင်တန်းများတက်ခဲ့သည်။လေ့လာသင်ကြားခဲ့ပါသည်။ ဓမ္မရံသီ၊ ဓမ္မရတနာ ဓမ္မမဂ္ဂဇင်းများကို လစဉ်ဖတ်ခဲ့ပါ သည်။  ဗုဒ္ဓဘာသာအကြောင်း သိမြင်လာသည်။ အလွန့်ကို ဝမ်းသာပီတိ ဖြစ်ရသည်။ အမြင်ရှင်း စိတ်ရှင်းဖြစ်သွား၏။

          ကျွန်မ၏စိတ်၌ ကြည်လင်သန့်ရှင်းသွားသကဲ့သို့ တခြားသူများကိုလည်း ကြည်လင်သန့်ရှင်းသွားစေချင်သည်။ ဤစေတနာကြောင့် ဘာသာရေး အသိအမြင် ဗဟုသုတဖြစ်စေမည့် စာပေများ ကြိုးစား၍လေ့လာဆည်းပူး ရေးသားနေခြင်းပင် ဖြစ်ပါသည်။

          ကျွန်မ၏အဖေသည် အထက်တန်းပြဆရာတစ်ဦးဖြစ်သည်။ တပည့် များကို အိမ်တွင်ပညာဒါနပြုရုံသာမက ရှိသမျှစားစရာများထုတ်ကျွေးလေ့ရှိခဲ့သည်။ ညစဉ်ဘုရားဝတ်ပြုသည်။ ပရိတ်ကြီး(၁၁)သုတ်ရွတ်ဖတ်ပူဇော်လေ့ရှိပါသည်။ နတ်ကိစ္စ၊ သာသနာပွဲကိစ္စများ မပြုလုပ်ငြားလည်း ဗေဒင် မေးခြင်းကိုတော့မကင်းပါ။ရက်ရာဇာ၊ပြဿဒါး ရွေးခြင်းလည်း ပြုတတ်၏။

          ကျောင်းဆရာအငြိမ်းစားယူပြီး အရိပ်ရသစ်ပင်များ ကိုယ်တိုင်စိုက်ပျိုးသည်။ ဘုန်းကြီးကျောင်းဝင်း၊ စာသင်ကျောင်းဝင်း၊ လမ်းဘေးတို့၌ ကိုယ်တိုင် စိုက်သည်။ လုပ်အားဖြင့် ကုသိုလ်ယူခြင်း ဖြစ်သည်။အယုတ်၊အလတ်၊ အမြတ်မရွေး အေးမြပါစေကြောင်း ဉာဏ်ယှဉ်ပြီး စိုက်လှူခြင်း ဖြစ်သည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)