သန်းမြင့်အောင် - လရောင်ပန်းပွင့်
အပျော်တမ်းဝါသနာရှင်များရဲ့ ပန်းအလှဓာတ်ပုံ ပြပွဲခန်းမအတွင်း ရှိ လူအများ စိတ်ဝင်စားရာနေရာကတော့ “လရိပ်နဲ့ ကုမုဒြာ” အမည်ရှိ ကုမုဒြာကြာတစ်ပွင့်ဆီမှာပဲ ဖြစ်သည်။
ပန်းအလှဓာတ်ပုံပြပွဲတွင် ပန်းအမျိုးပေါင်းက စုံလှသည်။ သစ်ခွ အမျိုးအစားကပင် နည်းနည်းနောနောမဟုတ်။ ပုံသဏ္ဌာန် အမျိုးမျိုး၊ အသွင်အမျိုးမျိုးနှင့် အခြားသော နှင်းဆီ၊ စံပယ်၊ ဂန္ဓမာ၊ အက်စသာ၊ ဒေလီယာစသည်နှင့် အခြားပန်းအမျိုးအစားတွေလည်း ပါသေးသည်။ ထိုပန်းအမျိုးပေါင်းများစွာမှာမှ ထူးထူးခြားခြား တစ်ပုံတည်းသာ ပါဝင် ပြီး ကင်မရာ အယူအဆရော ဆေးသားပါ ပြောစရာမရှိလောက်အောင်
ကောင်းမွန်သည့်အတွက် ပြပွဲလာပရိသတ်အများကို ညှို့ငင်ဖမ်းစား နိုင်သော ပုံကတော့ ““လရိပ်နဲ့ ကုမုဒြာ”ပင်။
“ကုမုဒြာကြာဆိုတာ သိပ်ရှားတာ၊ နေရာတိုင်းမှာ မတွေ့နိုင်ဘူး”
“သူက လရောင်နဲ့တွေ့မှ ပွင့်တာ”
“တကယ်တော့ သူ့ရဲ့ ပွင့်ဖတ် ပွင့်ချပ်တွေရော အရောင်အသွေး ရောက ထူးထူးခြားခြားကြီး လှနေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တွေ့ရခဲတဲ့ အနေအထားရယ်၊ နေ့အခါမှာ မပွင့်ဘဲ ညဘက် လရောင် အောက်မှာမှ အစွမ်းကုန် ပွင့်တာမို့ ဆန်းကြယ်တဲ့ ဂုဏ်ဒြပ်ရယ်ကြောင့်အဖိုးထိုက်နေတာပေါ့၊ အဲဒီပန်းကို လရောင်အောက်မှာ အမိအရ ရိုက် ထားနိုင်တဲ့ ဓာတ်ပုံဆရာ တော်လိုက်တာ”
“ကြည့်စမ်းပါဦး လရောင်တွေ ဖြာကျနေတာရော၊ လကို မျှော် ပြီး အစွမ်းကုန်ပွင့်နေတဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ ကုမုဒြာကြာရော၊ ညရော၊ လရော၊ ကြာပန်းရဲ့ လှပမှုရော အားလုံးပေါ်လွင်အောင် ရိုက်နိုင်တဲ့ ကင်မရာ အယူအဆဟာ အတော်လက်ရာမြောက်တာပဲ”
“အဲဒီပုံကလေး ဝယ်ချင်လိုက်တာ”
“not for sale" တဲ့””
“အိမ်က ကင်မရာယူလာပြီး အဲဒီပုံကို ပြန်ရိုက်ထားရင် ကောင်း မယ်””
ဓာတ်ပုံရှေ့မှာ ရပ်ကြည့်မိသူတိုင်း မှတ်ချက်အမျိုးမျိုး ချသွားပြီး ငေးမောရပ်တန့်ကြည့်မိကြတဲ့ ပြပွဲလာ ပရိသတ်တွေ ကုမုဒြာကြာ တစ်ပွင့်ကို စိတ်ဝင်စားနေချိန်မှာ “ရဲထွဋ်ခေါင်”ကတော့ ပြပွဲရှိရာ ခန်းမအပေါ်ထပ်ကို တက်လာတဲ့ လှေကားထစ်များပေါ်မှာ ရှိနေဆဲပါ။ လှေကားအချိုးအကွေ့ တစ်ခုအရောက်မှာတော့...
“ဟေး... ကိုရဲ”
အဆင်းအတက် ဘေးချင်းယှဉ်၍ ကျော်ဖြတ်အံ့ဆဲဆဲ မိန်းကလေး တစ်ယောက်ရဲ့ အသံကြောင့် ရဲထဋ်ခေါင် ခြေလှမ်းတန့်သွားသည်။
“ဟင်... ဖြိုးပါလား၊ ပြပွဲလာကြည့်တာလား။ နွယ်ရော မပါ ဘူးလား”
““မပါဘူး ကိုရဲရေ၊ ဖြိုးက သူငယ်ချင်းနဲ့ ရုံးက လက်ဖက်ရည် သောက်ဆင်းရင်း အချိန်ရတာနဲ့ ဝင်လာတာ၊ ကိုရဲရဲ့နွယ်က ရုံးမှာ ကျန်ခဲ့တယ်။ တကယ်လို့သာ ခုလို ကိုရဲနဲ့ ဆုံမယ်မှန်းသိရင် သူလည်း လက်ဖက်ရည်လိုက်သောက်မှာ”
“ဟာဗျာ... ဖြိုးကလဲ”
“ဘာဟာဗျာလဲ၊ သူတို့အကြောင်း ဖြိုး မသိဘူးများ မှတ်နေလား”
“ဟောဗျာ၊ ကျွန်တော်နဲ့နွယ့်အကြောင်းက နဂိုကတည်းက ဖြိုး သိပြီးသားပဲ ဥစ္စာ၊ ဘာများထူးပြီး သိစရာ ရှိသေးလို့လဲ”
“လရောင်ဆန်းမှ ပွင့်လန်းသွားတဲ့ ကုမုဒြာညကလေး တစ်ည အကြောင်း”
ဖြိုးစကားကြောင့် ရဲထဋ်ခေါင် မျက်နှာ ရှိန်းခနဲ ဖြစ်သွားသည်။
“ဖြိုးကလဲဗျာ ဘာတွေပြောနေမှန်း မသိဘူး။ ဖြိုးစကားကို ကျွန်တော် ဘယ်လိုအဓိပ္ပာယ်ကောက်ရမှာလဲ”
““ဟင်း... ဟင်း ... ကိုရဲနော် ဖြိုးနဲ့ နွယ်ဟာ အချစ်ဆုံး သူငယ် ချင်းတွေဆိုတာ မေ့နေပြီလား၊ ကဲပါလေ ကိုရဲကြီး ရှက်မနေပါနဲ့ ဖြိုသွားတော့မယ်၊ အပေါ်က ဓာတ်ပုံပြခန်းရဲ့ ညာဖက်ထောင့်မှာ ပထမရထားတဲ့ “လရိပ်နဲ့ ကုမုဒြာ ́ဆိုတဲ့ ပုံကို သွားကြည့်လိုက်စမ်းပါ။ ကိုရဲ အိပ်မက်လှလှလေးတွေ ပြန်မက်သွားစေရမယ် သိလား”
ဖြိုးက ပြောပြောဆိုဆို လှေကားအတိုင်း ဆက်ဆင်းသွားတော့ ဖြိုးဘေးက သူငယ်ချင်းမကလေးကလည်း ယောင်ချာချာနှင့် ရဲထွဋ် ခေါင်မျက်နှာကို အားနာပါးနာကြည့်ရင်း လိုက်အသွားမှာ ရဲထွဋ်ခေါင် စိတ်ထဲက... ။
“ဟင်း... တော်တော် ပါးစပ်ရဲတဲ့ ဖြိုးပဲ၊ နွယ့်သူငယ်ချင်းသာ ဖြစ်နေတယ် နွယ်နဲ့ တခြားစီပဲ”ဟု မှတ်ချက်ချကာ အပေါ်သို့ ဆက်တက်လာခဲ့သည်။
အပေါ်ရောက်ရောက်ခြင်း ပြပွဲဓာတ်ပုံတွေ ခင်းကျင်းပြသထား သည့်နေရာတွင် ရဲထွဋ်ခေါင်နှင့် ထိပ်တိုက်တိုးသည့် ဓာတ်ပုံတစ်ပုံက “ရွှေရည်ပိတောက်” အမည်ရှိ ပိတောက်တစ်ခက်တည်းကို သေသေသပ်သပ် ရိုက်ပြထားသည့် ဓာတ်ပုံဖြစ်သည်။ အဆုပ်လိုက်၊ အခဲလိုက်၊ အပြွတ်လိုက် ပွင့်နေသည့် ပုံမဟုတ်၊ ဖလားထဲ ထိုးစိုက်ထားသည့် ပိတောက်တွေ အများကြီးလည်း မဟုတ်ဘဲ ရွှေအိုရောင်အသွေးနှင့် လှလှပပလေး စီခြယ်ပွင့်နေသည့် ပိတောက်ပန်းကလေးတစ်ခက်၏ သွယ်နွဲ့ လှပနေပုံကို မြင်ရသည်မှာ ရင်ထဲ ကြည်နူးစရာကောင်းသွား၍ သူ ခဏရပ်ကြည့်နေမိသည်။ ဓာတ်ပုံ၏ထိပ်တွင် တံဆိပ်ဝိုင်းတစ်ခုနှင့် “ပြိုင်ပွဲ ဒုတိယ”ဟု ကပ်ထားသည်။ ဓာတ်ပုံ၏ အောက်ခြေ ညာဖက်ထောင့်တွင် ဓာတ်ပုံဆရာအမည် “ကောင်းဆက်”ဟု တပ်ထားတာကို ပါ သူအမှတ်တရ ကြည့်ခဲ့မိသည်။ ပြီးတော့ ဖြိုး ပြောသွားသည့် ပြပွဲ၏ ညာဖက်ထောင့်မှ ပထမရထားသည် “လရိပ်နဲ့ ကုမုဒြာ” ဆို သည့် ပုံရှိရာသို့ အခြားပုံတွေကို ကျော်ဖြတ်ရင်း သူ ရောက်လာခဲ့ သည်။
“လရိပ်နဲ့ ကုမုဒြာ”
ဓာတ်ပုံရှေ့တွင် ရပ်လိုက်သည်နှင့် ရဲထွဋ်ခေါင် ရင်ထဲ ဒိုင်းခနဲ ဖြစ်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင် ...။
အဲသည် ည…
အဲသည် လ... ။
အဲသည် ပန်းတစ်ပွင့်
အဲသည်ညက အဖြစ်သနစ်တွေ၊ အိုး...မဟုတ်နိုင်ဘူး ထင်တယ်။ ဒီလောက်တော့ တိုက်ဆိုင်စရာအကြောင်း မရှိပါဘူး... -
ရဲထွဋ်ခေါင်ရင်ထဲ တုံတုံယင်ယင် ဖြစ်လာသည်။ အဲသည်ညက နွယ်နဲ့ သူရဲ့အဖြစ်တွေ...။ ပြီးတော့ အခုဓာတ်ပုံထဲမှာ တွေ့နေရသည့် ကုမုဒြာကြာပန်း၊ အခြားတစ်နေရာက ပန်းဆိုလျှင် သူ သည်လောက် ရင်ခုန်စရာမရှိ။ သည်ပန်းတစ်ပွင့် သူ့ဝရံတာက ပန်းအိုးထဲမှ ပွင့်တဲ့အချိန် သူနှင့်နွယ် သူ့အခန်းကလေးထဲမှာ ရှိခဲ့ကြသည်။ သည်ပန်း ဟာ သူ့ပန်းအစစ်။ ကြည့်စမ်းပါဦး ဘာကြောင့်များ သည်ဓာတ်ပုံ ပြခန်းထဲကို ရောက်နေရပါလိမ့်။
ဖြစ်နိုင်ပါ့မလား၊ ဒါဟာ တကယ်ပဲလား၊ အိပ်မက်လား ဟုတ်နေ ပါပြီလေ... ဒါဟာ သူ့ကိုယ်ပိုင် ကုမုဒြာအစစ်ပါ။
သူ ဓာတ်ပုံကို ပိုမိုသေချာသွားအောင် စူးစူးစိုက်စိုက် ထပ်ကြည့် နေမိရင်း သူ့ရင်ထဲမှာ အံ့သြစိတ်နှင့်အတူ ဒေါသတရားများ ရောယှက် ရှုပ်ထွေးလာခဲ့သည်။
“ဟုတ်ပါတယ်၊ ဒီပန်းဟာ ငါကိုယ်တိုင် စိုက်ထားတဲ့ ပန်းအစစ် ပါ၊ ကြည့်စမ်းပါဦး ဓာတ်ပုံထဲမှာ ပန်းအိုးနှုတ်ခမ်းက စဉ့်ရေကလေး ခဲနေတာတောင် ပါလိုက်သေးတယ်။ ပန်းအိုးတင်တဲ့ ဝရံတာက အုတ် ခုံကလေးရော၊ နောက်က ငါ့အခန်းရဲ့ နံရံ၊ ကြည့်စမ်း ရဲတင်းလိုက်တဲ့ ဓာတ်ပုံသမား၊ ငါမသိဘဲ ငါ့ရဲ့ခွင့်ပြုချက် မတောင်းဘဲ ငါပိုင်ပစ္စည်း ကို ခိုးရိုက်တဲ့ ဓာတ်ပုံသမား တွေ့ကြရောပေါ့၊ သူ့ကို ငါဘာလုပ်ရ မလဲ၊ တရားစွဲရင် ကောင်းမလား”
ဓာတ်ပုံအောက်ခြေမှာရှိတဲ့ ဓာတ်ပုံဆရာရဲ့ နာမည်ကို ကြည့် လိုက်တော့ သူ အံ့သြသွားပြန်သည်။
“စုစုထက် (အပျော်တမ်း ဝါသနာရှင်)”
ဆိုပါလား၊ မိန်းကလေးတစ်ယောက်ပေါ့။ မိန်းကလေးတန်မဲ့ ညအချိန်မတော်မှာ သူ့ဝရံတာပေါ်က ပန်းအိုးကို ဓာတ်ပုံခိုးရိုက်ရသ တဲ့လား။ ဘာပဲဖြစ်ဖြစ် ဒါဟာ ခွင့်လွှတ်လိုက်တဲ့ ကိစ္စတစ်ခုမဟုတ်။
“ရဲထွဋ်ခေါင်”ရဲ့ ဘဝမှာ ဘယ်တုန်းကမှ သူများအနိုင်ကျင့်တာ၊ အသုံးချတာ ခံခဲ့ရဖူးရိုး ထုံးစံမရှိ။
တွေ့ကြသေးတာပေါ့ “စုစုထက်”ရယ်။
မင်းဆီက အလျော်အစားတစ်ခုခု မရဘဲ ငါကျေနပ်နိုင်မှာ မဟုတ် ဘူးဆိုတာ မင်း သိစေရမယ်။
သူ့ရန်ဘက်ဟာ ယောက်ျားလေးတစ်ယောက်သာ ဆိုလျှင်တော့ သည်နေရာမှာတင် တုံ့ပြန်ဖြစ်ပြီး ပွဲပြီးသွားမှာ သေချာသည်။ ခုတော့ မိန်းကလေးတစ်ယောက် ဖြစ်နေသည့်အတွက် သူ့ဘက်က လိမ္မာ ပါးနပ်ဖို့ လိုအပ်သည်။ သို့မဟုတ်ပါက နိုင်ခြေရှိပါလျှက်နှင့် အရှုံးနဲ့ ရင်ဆိုင်ရသွားနိုင်သည်။
သူပြပွဲတာဝန်ခံရှိရာ ထွက်လာခဲ့သည်။ ပြပွဲတာဝန်ခံက သူ့ကို တလေးတစား ဆီးကြိုသည်။ သူက မဆိုင်းမတွပင်။
“ကျွန်တော် ပထမရထားတဲ့ “လရိပ်နဲ့ ကုမုဒြာပုံကို ပယ်ချင်လို့ပါ"
.ဆိုတော့
“သည်ပုံကို ပိုင်ရှင်က ရောင်းခွင့်မပြုပါဘူး ခင်ဗျာ။ “ရောင်းရန် မဟုတ်”လို့ စာကပ်ထားတာ ညီလေးလည်း တွေ့မှာပါ”
“တွေ့ပါတယ်၊ ကျွန်တော် လိုချင်လွန်းလို့ နောင်ကြီးကိုလာပြီး request လုပ်တာပေါ့။ ဈေးဘယ်လောက်မြင့်မြင့် ကျွန်တော် လိုက် နိုင်ပါတယ်” -
“ဝမ်းနည်းပါတယ် ညီလေးရယ်၊ ညီလေးလိုပဲ လိုချင်တဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ အဲဒီမိန်းကလေးက ရောင်းဖို့ကို သဘောမတူ ဘူး။ သူက တစ်မျိုးပဲ ညီလေးရ၊ တချို့တွေဆိုရင် ပြပွဲတင်တဲ့ပုံ လည်း ရောင်းတယ်၊ အဲဒီပုံတွေရဲ့ PC လေးတွေလည်း ရောင်းတယ်၊ရောင်းအားလည်း ကောင်းနေတာပဲ။ သူ့ကျတော့ PC လည်း ကူး မရောင်းဘူးဗျာ၊ ခက်တာပဲ၊ သူ့ပြိုင်ပွဲပုံက သူများ သွားရည်ကျဖို့ သက်သက် ဖြစ်နေတယ်”
“အဲဒါလဲ စတိုင်တစ်မျိုး ထင်ပါရဲ့၊ သက်သက်များ ထွင်နေ သလား မသိဘူးနော်”
“ဒီလိုလဲ ဟုတ်ပုံမရပါဘူး ညီရာ၊ သူ့ ပုံသဏ္ဍာန်ကိုက အေး အေးဆေးဆေးနေတတ်ပြီး စီးပွားရေးလည်း ဆန်ပုံမရဘူး အပျော် တမ်း ဝါသနာရှင်သက်သက်ပါ”
“ကျွန်တော် အဲဒီပိုင်ရှင် မိန်းကလေးနဲ့တွေ့ပြီး request လုပ်ချင် တယ် အစ်ကိုရယ်၊ သူ့ကို ဘယ်အချိန်တွေ့နိုင်မလဲ””
“အဲဒါလဲ ပြောမရဘူးညီလေးရဲ့၊ ပြပွဲလုပ်မှ တစ်ခါပဲလာသေး တယ်၊ နောက်ရက်တွေ မလာတော့ဘူး၊ သူက ကျောင်းသူတစ်ဦးပဲ”
“ဒါဆိုရင် သူ့လိပ်စာလေး အစ်ကိုတို့ဆီမှာရှိရင် ကျွန်တော့်ကို တစ်ဆိတ်လောက် ကူညီပါ”
“သူနေတဲ့လိပ်စာတော့ ပေးမထားဘူး ညီလေးရဲ့၊ သူ့ကို ဆက် သွယ်ဖို့ ပေးထားတဲ့ လိပ်စာကတော့ ‘ဝတ်မှုံ” ဓာတ်ပုံတိုက်လိပ်စာပဲ၊ ညီလေး အဲဒီမှာသွားမေးကြည့်ရင်တော့ သိနိုင်ပါလိမ့်မယ်”
ပြပွဲတာဝန်ခံက သူ့ကို ဝတ်မှုံဓာတ်ပုံတိုက်၏ လိပ်စာကတ် ကလေးကို ထုတ်ပြသဖြင့် သူ့ဒိုင်ယာရီစာအုပ်ငယ်ကလေးတွင် လိပ်စာ နှင့် ဖုန်းနံပါတ်ကို ကူးယူလိုက်သည်။
ပြပွဲတာဝန်ခံက ရောင်းရပြီး ဓာတ်ပုံများတွင် အမှတ်အသား ကပ်ရန် ရွှေရောင်စက္ကူစကလေးများကို တြိဂံပုံငယ်ကလေးများ ညှပ်နေ ရင်းမှ သူ့ကို...
“ညီလေး တခြားပုံတွေကိုရော စိတ်မဝင်စားဘူးလား၊ အခြား ရောင်းမဲ့ပုံတွေ အများကြီးပါ၊ ဈေးနှုန်းတွေလည်း ကပ်ထားပါတယ်”
သူ ခဏတွေဝေနေလိုက်ပြီး....