သစ္စာနီ - ဒီကဗျာကိုမရေးခင်ကျွန်တော်ဘာတွေလုပ်နေခဲ့သလဲ
ဒီကဗျာကိုမရေးခင် ကျွန်တော်ဘာတွေလုပ်နေခဲ့သလဲ
ဝတ္ထုတိုနဲ့ အိမ်ထောင်ကျတဲ့အခါကျ
လွတ်လပ်ခြင်းကို အမဲလိုက်တဲ့အခါလိုက်
ဇရာနဲ့ ပျော်ပွဲစားထွက်တဲ့အခါထွက်
ပန်းချီကားတွေ စိုက်ပျိုးတဲ့အခါစိုက်ပျိုး
လောကဓံနဲ့ စစ်တုရင်ကစားတဲ့အခါကစား
အနာဂတ်ကို ကွန်ပစ်တဲ့အခါပစ်
ကိုယ့်ကိုယ်ကိုယ် စစ်ကြေညာတဲ့အခါကြေညာ
ဘာသာရေးနဲ့ လက်ဖက်ရည်အတူသောက်တဲ့အခါသောက်
ငတေတို့တစ်သိုက်ကို ကျိန်ဆဲတဲ့အခါ ကျိန်ဆဲ
လိင်ကိစ္စနဲ့ ရွက်လွှင့်တဲ့အခါ ရွက်လွှင့်
ဒီကဗျာကို မရေးခင်
ကျွန်တော် ဘာတွေလုပ်နေခဲ့သလဲဆိုတော့.....။ ။
Idea မဂ္ဂဇင်း၊ ဇန်နဝါရီ ၂၀၀၇
ခြေရာတွေနဲ့လောက
စိတ်တိုင်းမကျတဲ့အခါ
စိတ်တိုင်းကျမှာ ထိုင်ပစ်လိုက်တယ်
“လက်ဖက်ရည် ပေါ့ဆိမ့်တစ်ခွက်”
(မလိုအပ်ဘဲ ပြင်ခိုင်းလိုက်သေးရဲ့)
“မြက်ခင်းပေါ်မနင်းရ” ဆိုတော့လည်း
ဘာအရေးလဲ
နှင်းစရာမြေတွေ အများကြီး။ ။
. ပိတောက်မဂ္ဂဇင်း၊ အောက်တိုဘာ ၂ဝဝ၈
အနှောင့်အသွားမလွတ်တဲ့ကဗျာ
ကဗျာဆိုတာ...
အဲသလိုတော့လဲ
မဟုတ်သေးဘူးပေါ့။
ကဗျာက အမြဲရှည်တယ်
(ကိုက်ထိုးရောင်းရင် တော်တော်ကိုက်မယ်)
သူရေးလိုက်ရင်
ကဗျာကအမြဲတိုတယ်
(လမစေ့ဘဲ ကိုယ်ဝန်ပျက်ကျသလို)
ငါ့ထက်တော်တာတောင် ငါ့လောက်မတော်ဘူး
ထိုင်ကန်တော့ရမယ့်ကဗျာ
ကြမ်းရမ်းရမယ် ရိုင်းပျရမယ်
တာလီဘန်စိတ်ဓာတ်နဲ့ကဗျာ
ပွင့်လင်းလွတ်လပ်ရမယ်
ကွန်ဒုံးမပါတဲ့ကဗျာ၊
ရွှေပေလွှာပေါ်မှာရေးရေး
အိမ်သာနံရံမှာရေးရေး
အဲသလိုတော့လည်း
မဟုတ်သေးဘူး
ကဗျာဆရာဆိုတာက..
ပလေးတိုလည်း မဟုတ်ဘူး
ရှီဝှန်တီလည်း မဟုတ်ဘူး
ပြီးတော့...
ဘုရားသခင်လည်း မဟုတ်ဘူးလေ။ ။
ပိတောက်ပွင့်သစ်