သစ္စာနီ - ငယ်အိပ်မက်၁၈
အစိမ်းရောင်မီးတောက်ပေါ်မှာ ငံ့နေတဲ့ အချစ်နု
အချစ်ရယ် .
ဇွန်လနေလို၊ မှုန်တေတေနဲ့
ရွှေရောင်နေ့များ၊ ခိုးမထားနဲ့
ရင်ကြားစကား၊ ပတ္တမြားကို
နှုတ်ဖျားမှာဖြစ်၊ နှင်းဆီမြစ်ဟု
ခွေရစ်စီးဆင်း၊ ချိုသင်းစမ်းပါ့
သောကပြက္ခဒိန်၊ အချိန်လွန်ပြီ။
အသဲရယ် …
လထီးရိပ်အောက်၊ နှစ်ယောက်ထိုင်လျက်
အိပ်မက်ချောကလက်၊ စားလျက်ပြုံးရွှင်
နေချင်ပါတယ် ..
သစ်ပင်များလို၊ မြနားတစ်ထောင်
ရှိသယောင်ကွယ်၊ လေကွယ်ဝှက်ထား
မောင့်စကားတွေ၊ ပျောက်ဆုံးနေသလား
ဒီနေ့များကို၊ လျှာဖျားပေါ်တွင်
တင်သားထားရ၊ ခါးသက်လှမယ် ။
အသက်ရယ်
သိပ်ပြီးရိုးတဲ့၊ သိုးကလေးတွေဖြစ်ဖြစ်
ချစ်ဖို့ သိတယ်၊ နွယ်ကလေးတွေလည်း
မတွယ်ပဲမနေ၊ မောင်တို့တွေမှ
မြလေလေးသွေး၊ ဝေးရမလား
နေလကြားမှာ၊ အပြာရောင်သစ်
အချစ်စပျစ်သီး၊ စားပြီးနေသဖြင့်
မအိုရင့်ရင်း ...။
မင်းမျက်နှာသာ၊ ငါဖတ်စရာ
စာအုပ်ပါကွယ်၊ ပညာဆိုတာ
ဒါပဲ မဟုတ်လား၊ တခြားထပ်ပြီး
မရှာမှီးချင်။
သပြေမဂ္ဂဇင်း။