Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

သခင်လေးမောင် - သခင်လေးမောင်၏သခင်လေးမောင်

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
(၁)
ငယ်ရွယ်စဉ် 
      

            ၁၂၆၉ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၈ ရက်၊ ဗုဒ္ဓဟူးနေ့တစ်ချက်တီး (ခရစ်နှစ် ၁၉၀၈) စစ်ကိုင်းခရိုင် ချောင်းဦးနယ်၊ အမြင့်ရွာ၌ ရှစ်ပါးသီလစောင့် မိခင် ဒေါ်တင့်မှ မွေးဖွား၍ ဖခင်ကား ဦးဘိုးထွန်းဖြစ်၏။ အမြင့်ကျေးရွာသည် လယ်ယာကိုင်းကျွန်းလုပ်ငန်း အမှီပြုလျက် (သလ္လာဝတီခေါ်) ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းပေါ် တည်ရှိခြင်းကြောင့် မြစ်ရိုးတစ်လျှောက် အထက်အောက်ကုန်သွယ်ဖလှယ်မှုအတွက် ကောင်း၏။ ရှေးအင်းဝ ခေတ်ကမူ အမြင့်မြို့စား မင်းသား နန်းစိုက်ခဲ့ပြီးနောက် မြန်မာမင်းအဆက်ဆက် အမြင့်ဝန်၊ ငါးမြို့စားစစ်ကဲ စသည်တို့ ရုံးစိုက်ခဲ့ရာမြို့ဖြစ်သဖြင့် ကျောင်းကန်ဘုရား ပေါများပြီး ခေတ်ဟောင်း မြန်မာ့ယဉ်ကျေးမှု အခြေခံလက်ရာများ ယနေ့ထိ ကျန်ကြွင်းနေသေး၍ မြင်တွေ့နိုင်၏။

            မိဘများကား လယ်လုပ်၊ ကုန်သွယ်မှုဖြင့် မူလ၌ ချောင်လည်စွာ အသက်မွေးစား ကြသူ လူလတ်တန်းစားများ ဖြစ်သည်။ ပထမကမ္ဘာစစ်ပြီးနောက် ကမ္ဘာ့ရိက္ခာရှားပါးမှုကြောင့် ဆန်စပါး၊ ပဲ၊ ပြောင်း ဈေးကောင်းကြုံ၍ အသင့်အတင့် အကျိုးခံစားကြရသော် လည်း မတည်ငြိမ်သော ဈေးနှုန်းအခြေအနေတွင် နောင်ခေတ်များ၌ အကျပ်အတည်းများ နှင့်သာ အခြားလူလတ်တန်းစားနည်းတူ ကြုံတွေ့ကြရသည်။ အမြင့်ကျေးရွာ လောကဓာတ် စာသင်ကျောင်း သုံးတန်း၌ ရောက်သည့်အချိန်မှစ၍ မိဘများ၏ စီးပွားရေးအခြေအနေမှာ မြင့်တုံနိမ့်တုံ မတည်ငြိမ်ဘဲ ဖြစ်ခဲ့၏။ စစ်ကိုင်းမြို့ အစိုးရ အင်္ဂလိပ်မြန်မာ အထက်တန်း

ကျောင်းသို့ ၁၉၂ဝ ခုနှစ် ဆက်လက်တက်ရောက် ပညာသင်ကြားခွင့်ကိုပင် ကျေးရွာ လောကဓာတ်ကျောင်း လေးတန်းစကောလားရှစ်ဆိုသည့် ပညာသင်ဆုငွေ ငါးနှစ် အကူ အညီ ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ 

           စစ်ကိုင်းမြို့သည် ဧရာဝတီမြစ်အကွေ့ မြစ်ငယ်မြစ်ဆုံရာ အင်းဝမြို့ဟောင်းနှင့် မျက်နှာချင်းဆိုင် တစ်ဖက်စီတည်ရှိလျက် မန္တလေး၊ အမရပူရမြို့ဟောင်း စသော မြန်မာ့ မြို့တော်ဟောင်းများနှင့်လည်း နီးပြီး သမိုင်းဝင် ကောင်းမှုတော်ဘုရား၊ ထူပါရုံဘုရား၊ ငါးထပ်ကြီးဘုရား၊ ဆင်များရှင်ဘုရား၊ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ဘုရားများအပြင် ကိုလိုနီခေတ် ဧရာဝတီမြစ်ကူးဖြတ်သည့် အင်းဝမီးရထား တံတားကြီးတို့ကြောင့် နာမည်ကျော် စိတ်ဝင်စားစရာ ရှေးမြန်မာမြို့ကြီးတစ်မြို့ ဖြစ်၏။ ဗြိတိသျှခေတ်မှ ယခုခေတ်အထိ တိုင်းမင်းကြီးနှင့် အရေးပိုင် (ခရိုင်ဝန်) ရုံးစိုက်ရာမြို့ဖြစ်ပြီး ခေတ်မီမြို့အင်္ဂါ မစုံလင့်ကစား မြန်မာ့ရိုးရာ အိမ်တွင်းလက်မှု ရက်ကန်းလုပ်ငန်း၊ သီးပင်ပန်းပင်ခြံလုပ်ငန်းများဖြင့် စိမ်းလန်း စိုပြည်သည့် မြို့တစ်မြို့ဟု ဆိုရမည်။ မင်းဝံတောင်တန်း အစိတ်အပိုင်း၊ စစ်ကိုင်းတောင်ရိုး

ချောင်များတစ်လျှောက် သီတင်းသုံးကာ ပရိယတ္တိ၊ ပဋိပတ္တိ စောင့်ထိန်းလေ့ကျင့်ကြသူ ရဟန်းနှင့် သီလရှင်များ သီတင်းသုံးနေထိုင်ကြရာ သာသနာ့ရိပ်သာတစ်ခုလည်း ဖြစ်သဖြင့် စစ်ကိုင်းမြို့နှင့် စစ်ကိုင်းတောင်မှာ မြန်မာပြည်တွင် မသိသူရှား၏။

          တစ်ဆယ့်သုံးနှစ်သားအရွယ် အမြင့်ကျေးလက် လောကဓာတ် မြန်မာစာသင် ကျောင်းမှ စစ်ကိုင်းမြို့ အစိုးရအင်္ဂလိပ်မြန်မာ အထက်တန်းကျောင်းသို့ ကူးပြောင်းပညာ သင်ယူရသော လူငယ်တစ်ဦးအဖို့ အရပ်ရပ်ပတ်ဝန်းကျင် အခြေအနေသစ်များနှင့် ရင်ဆိုင် ကာ မိဘဆွေမျိုး အုပ်ထိန်းမှုမှ လွတ်ထွက်လာလျက် ကျောင်းအိပ်ကျောင်းစား၊ အစု အဝေးနှင့် တစ်အိမ်တည်းနေ၊ တစုတပေါင်းတည်းစား၊ တစ်ကျောင်းတည်း၌ စည်းကမ်း စနစ်ကျနစွာ အြပ်ထိန်းသူ လူသစ်များအောက် ခေတ်ပညာသင်ကြားရခြင်းကား ဘဝသစ် တစ်ခုသို့ ကူးပြောင်းလာရခြင်း အမှန်ပင်ဖြစ်၏။

           အစိုးရအထက်တန်းကျောင်းဖြစ်သည်နှင့်အညီ မြို့ပေါ်မှ နေ့ကျောင်းသားများ အပြင် အစိုးရအထောက်အပံ့ခံ ပညာတော်သင်များ စစ်ကိုင်းတိုင်းအတွင်း ချင်းတောင် ဒေသမှလည်းကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကုတ်မြို့များမှလည်းကောင်း၊ ရှမ်းပြည်မှ လည်းကောင်း အသီးသီးရောက်ရှိနေထိုင် သင်ကြားကြရာ ကျောင်းသားဘဝ ဆက်ဆံရေး မှာ မမျှော်လင့်သော ကျယ်ဝန်းတိုးတက် ဖြစ်ပေါ်လာမှုကြောင့် ခေတ်သစ်ကျောင်းသား အစုအဝေး အမြုတေသရုပ်ဆောင်၏။

           ကျောင်းအုပ်ဆရာကြီးမှာ မစ္စတာဖလေဆင်ခေါ် မျက်နှာဖြူ လူမျိုးဖြစ်၏။ ဆရာ ကြီးသည် စည်းကမ်းထိန်းသိမ်း ကွပ်ကဲရာ၌ စေ့စပ်တိကျခြင်း၊ အထက်တန်းအင်္ဂလိပ်စာ သင်ကြားပို့ချမှု၌ ကျင်လည်ခြင်း၊ ကျောင်းသားများနှင့် ဆက်ဆံရာတွင် တည်ကြည်ခြင်း အရည်အချင်းများရှိ၏။ တနင်္လာနေ့နံနက်တိုင်း ၈ နာရီခန့် အချိန်မှန်မှန် ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်သို့ (အင်စဖက်ရှင်) တက်ရောက်စစ်ဆေးမှု ပြုလုပ်သည့်အခါ မော်နီတာကျောင်းသားခေါင်းဆောင်၏ နှိုးဆော်မှုဖြင့် ဘော်ဒါကျောင်းသားများက ခန်းဆောင်တစ်ခုလုံး ခုတင်အိပ်ရာ၊ အိပ်ခင်းများပါမကျန် စနစ်တကျ သပ်ရပ်စွာ သန့်ရှင်းမှု ပြုလုပ်ကြရလျက် မိမိကိုယ်ကိုလည်း ကျောင်းတက်ရန်အသင့်ဖြစ်သော ရေမိုးချိုးပြီးလိမ်း ဝတ်စားဆင်ယင်မှု အနေအထားဖြင့် ကျောင်းအုပ်ဆရာကြီးအလာ သက်ဆိုင်ရာခုတင်များ တည့်တည့်စီ၌ မတ်တတ်ရပ် အလေးပြုခဲ့ကြခြင်းများ ယနေ့တိုင် သတိရသေး၏။

           ဤမျှ စည်းကမ်းသေဝပ် ပြေပြစ်စွာ ပညာသင်ခံယူ သင်ကြားပို့ချနေသော ကျောင်း သားစုစုပေါင်း သုံးရာကျော်လောက်မှာ ဗြိတိသျှအစိုးရတို့ တန်ခိုးသြဇာကြီးနေခိုက် သိပ် သည်းသော အမှုထမ်းအရာထမ်းဖြစ်ရေး၊ ကိုလိုနီပညာရေးစနစ်မှာ ဣန္ဒြေရလှသည်ဟု အပေါ်ယံကြည့်က ထင်မြင်စရာရှိသော်လည်း အကယ်စင်စစ် ခိုင်မာနက်နဲ သိပ်သည်းသော လူ့အဆောက်အအုံတစ်ခုမဟုတ်ကြောင်း ကျွန်ုပ်စတင်သင်ကြားသည့် ၁၉၂ဝ ပြည့်နှစ်၌ပင် လျှင် ပြည်လုံးကျွတ်အမျိုးသား နိုင်ငံရေးလှုပ်ရှားမှု ဂယက်အတွင်း ကိုလိုနီကျွန်ပညာ ဆန့်ကျင်ရေး ယူနီဗာစီတီကျောင်းသားသပိတ် လှုပ်ရှားမှုကြီးဖြစ်လာစဉ် ထင်ရှားစွာ တွေ့ ကြုံသိရှိခဲ့ရသည်။ ဘော်ဒါကျောင်းသားကြီးများက ခေါင်းဆောင်၍ ကျွန်ုပ်အပါအဝင်

ကျောင်းအိပ်ကျောင်းစား ငါးဆယ်ကျော်သည် ဒီဇင်ဘာလ၏ နေ့တစ်နေ့ ချမ်းအေးသော ညနေစောင်းအချိန် တစုတပေါင်းတည်း လှည်းများဖြင့် စစ်ကိုင်းတောင်ခြေ ဘုန်းတော် ကြီးကျောင်းတစ်ကျောင်း၊ ထိုမှတစ်ဆင့် ငါးထပ်ကြီးဘုရားလမ်း ဆင်နင်း ဘုန်းတော်ကြီးကျောင်းတို့သို့ ချီတက်သွားကြရသည်မှာ စစ်ကိုင်းအစိုးရ အထက်တန်း ကျောင်းသား သပိတ်၏ ပထမခြေလှမ်းပင် ဖြစ်တော့သည်။

           သပိတ်၏ ဒုတိယနေ့ရောက်မှ ကျောင်းသားခေါင်းဆောင်ကြီးများ၏ ရှင်းလင်း ဟောပြောမှုကြောင့် ကျွန်ုပ်တို့ကား ယူနီဗာစီတီ အက်ဥပဒေဆန့်ကျင်၍ အမျိုးသားပညာရေး ထူထောင်မှု သပိတ်တိုက်ပွဲတွင် စစ်ကိုင်းမှနေ၍ ပါဝင်ဆင်နွှဲနေကြရကြောင်း သိကြရ၏။ မြို့တွင်းရှိ ဝံသာနုမျိုးချစ်ပုဂ္ဂိုလ်အသီးသီးကလည်း ကျွန်ုပ်တို့အဖို့ လိုအပ်သည့် အစားအစာ များ လာရောက်ပေးပို့ကြသည်မှာ မကုန်မခန်းနိုင်အောင် ဖြစ်၏။ ထိုနေ့က ကျောင်းသားသုံးရာကျော်ရှိသော အစိုးရကျောင်းမှာ ကျောင်းသားနှစ်ရာကျော် မတက်ရောက်၍ ကျောင်း ပိတ်လိုက်ရသဖြင့် ကျောင်းစည်းကမ်းပျက်ရကာ အရှက်တကွဲဖြစ်ရသည်မှာ အုပ်စိုးသူများ အဖို့ သံဝေဂရစရာပင်။

           ကျောင်းသားသပိတ်တိုက်ပွဲမှာ ဗြိတိသျှကုန်ပစ္စည်းသပိတ်တိုက်ပွဲ၊ ဗြိတိသျှ ယဉ်ကျေးမှု ဆန့်ကျင်ရေးတိုက်ပွဲများဖြစ်ကြသော တိုင်းရင်းဖြစ် ပင်နီ ပင်ဖြူ ဝတ်ဆင်ရေး၊ အမျိုးသားအချင်းချင်း ရိုင်းပင်းကူညီစောင့်ရှောက်ရေး၊ ဗိုလ်ဆံတောက်အစား ခေါင်းတုံး ထားကြရေး စသည့် ဝံသာနုလှုပ်ရှားမှု တိုက်ပွဲများဖြင့် ဖြည့်စွက်အားတင်းပေးရင်း တစ်ချိန် တည်းမှာ အခလွတ်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးမှုကို ကျောင်းသားကြီးများက ကိုယ် ကျိုးစွန့်လွှတ် အနစ်နာခံဆောင်ရွက်ကြခြင်းဖြင့် တစ်ပြည်လုံး အမျိုးသားကျောင်းပညာ ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု တစ်မုဟုတ်ချင်း ဖြစ်ပေါ်၍လာတော့၏ ။

            ရန်ကုန်မြို့တွင် သပိတ်ကျောင်းသားခေါင်းဆောင်များနှင့် ရာဇဝင်ဆရာကြီး ဦးလွန်း (ယနေ့ဆရာကြီး သခင်ကိုယ်တော်မှိုင်း)၊ ဒီးဒုတ်ဦးဘချို (ကွယ်လွန်သူ)၊ ဦးဖိုးကျား (ကွယ် လွန်သူ)၊ အစရှိသော ပုဂ္ဂိုလ်များ၏ စေတနာ့ဝန်ထမ်းအကူအညီဖြင့် ဗဟန်းရပ်ကွက်၌ အမျိုးသားကောလိပ်ဖွင့်လှစ်ကြလျက် အခြားမြို့များတွင် အမျိုးသားအထက်တန်း၊ အလယ် တန်းကျောင်းများလည်း အသီးသီး အမျိုးသားပြည်သူ့စေတနာ ပြင်းပြမှု လက်တွေ့ လုပ်ရပ် များကြောင့် အပျို့အနှံ့ ပေါ်ထွက်၍လာရတော့၏။

           ငယ်ရွယ်သော ကျောင်းသားတစ်ဦးအဖို့ သပိတ်သည် အမျိုးသားပညာရေး အတွက် ဗြိတိသျှအစိုးရအား ဆန့်ကျင်တိုက်ခိုက်ပွဲဖြစ်ကြောင်း ယေဘုယျသာနားလည်ပြီး အခြေအနေ၏ တွန်းပို့ရာ နောက်ဆုံး ယင်းအစိုးရကျောင်းသို့သာ အခြားလူငယ်ကျောင်း သားအများနှင့်အတူပြန်လည်တက်ရောက်သင်ကြားကြရသော်လည်း သပိတ်ခေါင်းဆောင်

ကျောင်းသားကြီးများကား ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် တစ်ဆက်တည်း သပိတ် တိုက်ပွဲဆင်နွှဲလျက် အမျိုးသားကျောင်းဆရာများအဖြစ် မိမိတို့လုပ်အားကို စတေးသွားကြ သည်မှာ ချီးကျူးလေးစားအပ်သော စွန့်စားမှုတစ်ရပ်ဟူ၍ မှတ်တမ်းတင်ရပါမည်။

           ဤသို့နှင့် ကျွန်တော်သည် အခြားကျောင်းသားများနှင့်အတူ သပိတ်လှန်၍ ပညာ ဆက်လက်သင်ကြားရင်း မိမိ၏ မိခင်စာပေမဟုတ်သော အင်္ဂလိပ်စာများ အပတ်တကုတ် ကြိုးစားနေရစဉ် မန္တလေး၌ နဝမမြောက် ဂျီ-စီ-ဘီ-အေ (ဝံသာနုအဖွဲ့ချုပ်) ကွန်ဖရင့်ကြီး များ ကျင်းပကြသည့်အခါ ကျောင်းသားများ၏ သပိတ်စတင်တိုက်ပွဲနေ့၊ တန်ဆောင်မုန်း လဆုတ် ၁ဝ ရက်ကို အမျိုးသားနေ့ဟူ၍ အသိအမှတ်ပြုကြောင်း ဆုံးဖြတ်သံကြားရ၍ဝမ်းသာသလိုဖြစ်မိ၏။ တစ်ချိန်တည်းမှာ အမျိုးသားပညာရေးအစစ်အမှန် ထွန်းတောက်မှုမှ လမ်းလွှဲပေးရန် မြန်မာအလိုတော်ရိတစ်စုနှင့် ဗြိတိသျှနယ်ချဲ့တို့ ပူးပေါင်းကာ (ဒိုင်အာခီ) အုပ်ချုပ်ရေး တီထွင်လျက် ဗြိတိသျှအစေအပါး မြန်မာရုပ်သေးပညာရေး ငါးထောင်စား ဝန်ကြီးတစ်ဦး စစ်ကိုင်းမြို့သို့ တိုင်းခန်းလှည့်အလာ မြင်တွေ့ရသည့်အခါ ဝမ်းနည်း မကျေမနပ်ဖြစ်မိ၏။

          ဤသည်တို့ကား ငယ်ရွယ်စဉ်အခါ စစ်ကိုင်းမြို့၌ ငါးနှစ်တာမျှ ပညာသင်ကြားရ စဉ် တွေ့ကြုံခံစားခဲ့ရသော နုနယ်သေးသည့် ကျောင်းသားတစ်ဦး၏ နိုင်ငံရေးရာ အတွေ့ အကြုံများဖြစ်၏။ ယင်းတို့အား ယခုအခါ ပြန်လည်ဝေဖန် စစ်ဆေးကြည့်က ပြောင်းလဲ လာသော လူနေမှုပတ်ဝန်းကျင်အတွင်း လူငယ်၏ ဘဝကြမ္မာ၊ လူငယ်၏ မျိုးရိုးအစဉ်အလာ ဇာတိမာန်၊ လူငယ်၏ ခေတ်သစ် ကျောင်းသားဆက်ဆံရေး စည်းကမ်းစနစ်၊ လူငယ်၏ အမျိုးသားယဉ်ကျေးမှု အမြော်အမြင်များကား မည်သို့ရှိခဲ့ပြီး ယင်းမြော်မြင်ယူဆချက်များကို မည်သည့်အရာများက ဖိနှိပ်ချုပ်ချယ်ထားကြသည်၊ မည်သည့်စနစ်များက လမ်းလွဲအောင် ဖန်တီးနေကြသည်ကို တွေ့မြင်နိုင်၏။ လူငယ်၏ တိုးတက်မှုဖြစ်စဉ်၌ မိဘသားချင်းတို့၏ စီးပွားရေးအခြေအနေသည်လည်းကောင်း၊ ပတ်ဝန်းကျင်ကျေးရွာနယ်ပယ်၏ အခြေအနေ သည်လည်းကောင်း၊ အစိုးရပညာရေးစနစ်တစ်ခုလုံး၏ ကောင်းကျိုးဆိုးကျိုးသည် လည်းကောင်း၊ တစ်မျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုရေးသည်လည်းကောင်း မည်မျှ စီမံခြယ်လှယ်နေကြကြောင်းကိုလည်း တွေ့မြင်နိုင်၏။ တစ်ချိန်တည်းမှာ လူငယ် အပေါင်း၏ တိုးတက်ရေးလမ်းစဉ်ကား စီးပွားရေးအဟန့်အတား၊ ပညာရေးအဟန့်အတား၊ နိုင်ငံရေးအဟန့်အတား၊ လူမျိုးကွဲနယ်ချဲ့ အစိုးရ၏ အရပ်ရပ်ခြယ်လှယ်မှု စနစ်အဟန့် အတားများအောက် ရုန်းကန်ဆန့်ကျင် တိုက်ပွဲဝင်ရသော လမ်းကြမ်းကြီးသာဖြစ်ကြောင်း မြင်တွေ့နိုင်၏။

          ဒိုင်အာခီအုပ်ချုပ်ရေးကား ထိုစဉ်အခါ ကျောင်းသားအမြင်ဖြင့် ကျောင်းသား၏ ထိတွေ့ ခံစားမှုအရ အမျိုးသားနိုးကြားရေး၊ အမျိုးသားညီညွတ်ရေး၊ အမျိုးသားပညာရေး ဆန့်ကျင်သော အုပ်ချုပ်ရေးတစ်ခုသာဖြစ်ကြောင်း ယေဘုယျသာ သိနားလည်သည်။ ၎င်း၏ ဆိုးဝါးနက်နဲသော တစ်မျိုးသားလုံး သွေးခွဲဖိနှိပ်သော နိုင်ငံရေးပရိယာယ်ကိုမူ ကောင်းစွာ မသိနားမလည်ပေ။

          ထိုစဉ်က မြန်မာအမျိုးသား အထူးသဖြင့် အင်္ဂလိပ်ခေတ် ပညာတတ်တစ်စု၏ နိုင်ငံရေးရည်မှန်းချက်မှာ မြန်မာ့အစဉ်အလာနှင့် တိုက်ဆိုင်ညီညွတ်သော လုံးဝလွတ်လပ်ရေးမဟုတ်။ ဗြိတိသျှနယ်ချဲ့ အောက် ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အရေးအတွက်သာ ဖြစ်သဖြင့် ဒိုင်အာခီအုပ်ချုပ်ရေးမှာ မြန်မာများအား ကိုယ်ပိုင်အုပ်ချုပ်တတ်အောင် သင်ကြားခံယူခွင့် ပေးသဖြင့် လက်ခံအပ်သည်ဟု ပြုပြင်ရေး (အချောင်သမား) ရွှေတောင်ကြားပါတီနှင့် ၂၁-ဦးပါတီတို့က ဝါဒဖြန့်ခဲ့ကြ၏။ ဆိုလိုသည်မှာ နှစ်ပေါင်းတစ်ထောင်ကျော် ကိုယ့်ပြည် ကိုယ် အုပ်ချုပ်လာခဲ့သူများအား အုပ်ချုပ်ရေးမတတ်သဖြင့် ဗြိတိသျှအောက် ခံယူသင်ကြား လျက် ဆက်လက်ကျွန်ခံရေးပင်ဖြစ်ရာ ၎င်းမှာ ဇာတိမျိုးရိုးရှိ မြန်မာအများက လက်မခံ နိုင်ကြပေ။ ထို့ကြောင့်လည်း ကျောင်းသား၏ သဘာဝအမြင်တင်မက ဝံသာနုမြန်မာအများ ကပင် ယင်းအုပ်ချုပ်ရေးကို ပြတ်ပြတ်သားသား သပိတ်မှောက်ခဲ့ကြခြင်းဖြစ်ကြောင်း သမိုင်း မှတ်တမ်းတွင် တွေ့ရလေသည်။