Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

သခင်မြသန်း - ဦးသူတော်နှင့်ကိုသစ္စာ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out
အခန်း (၁)
 
(၁)

            သစ်ပင်ကြီး ဝုန်းခနဲလဲသွားသောအခါ သစ်ပင်ပေါ်က မျောက်တွေ ကျွမ်းထိုးမှောက်ခုံ ပိုးလိုးပက်လက် ကျကုန်လေတော့၏။ သင်္ဘောကြီး နစ်သောအခါ သင်္ဘောပေါ်နေသော ကြွက်ကလေးတွေ ကစဉ့်ကလျား ရေ ထဲ ကူးပြေးကြရ၏။

           သစ်ပင်ပေါ် တက်ရောက်နေထိုင်ကြသော်လည်း ထိုနောက် သတ္တဝါ တို့ သစ်ပင်ကြီးကို စိုက်ပျိုးထူထောင်ခဲ့ခြင်း မဟုတ်ချေ။ သစ်ပင်ပေါ်တက် ရောက် မှီတင်းနေထိုင်စဉ် အတွင်းတွင်လည်း ထိုသစ်ပင် ရှင်သန်ကြီးထွား ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် မည်သို့မျှ အကျိုးပြုခြင်းမရှိပေ။

           သင်္ဘောကြီးအတွင်း မှီတင်းနေထိုင်သော ကြွက်တို့သည်လည်း ထို သင်္ဘော မပေါက်မကွဲ၊ ရေမယိုရေးနှင့် မနစ်မြုပ်စေရေးအတွက် မည်သို့မျှ ဆောင်ရွက်ပေးနိုင်စွမ်းမရှိချေ။

          သစ်ပင်ကြီးလဲသဖြင့် မြေကြီးပေါ် ဝုန်းခနဲကျလာသည့် မျောက် သတ္တဝါတို့အနက်မှ တစ်ကောင်သောမျောက်သည် မချိမဆုံဖြစ်ရာကနေအခြားအဖော်သဟဲတို့ မည်သို့ရှိလေသနည်းဆိုကာ အားခဲပြီး ခေါင်းထောင် ကြည့်လိုက်၏။

          သစ်ကိုင်းပိ၍ လျှာထွက်နေသော မျောက်ရော၊ တစ်ခေါင်းလုံး ကြေသွား သောမျောက်ရော၊ အူထွက်သေနေသော မျောက်ရော။ 

          နောက်ပြီး ပေါင်ကျိုး၊ ခြေကျိုး၊ လက်ကျိုး၍ မထနိုင်သော မျောက်တွေရော။

          မချိတရိ နာကျင်သည့်ဒဏ်ကြောင့် အော်မြည်နေသည့် မျောက်တွေ ရော။

          တစ်ချိန်ကထောင်၍ ယခုလဲနေသော သစ်ပင်ကြီးအကြားက အကျနာ၍ မချိတရိဖြစ်နေရသော မျောက်သတ္တဝါတို့ ကြုံရပုံက အမြင်မတော်ချေ။

          မချိတရိနှင့်ပင် ခေါင်းထောင်ကြည့်လိုက်မိသေး၏။

          အစက သည်အပင်ကို အမြင့်ဆုံးထင်ခဲ့သော်လည်း ယခုမဟုတ်တော့။ အစက သည်သစ်ပင် အခိုင်ဆုံးထင်ခဲ့သော်လည်း ယခုမဟုတ်တော့။ 

           ခုတော့ တခြားသစ်ပင်တွေ သိပ်ကိုမြင့်နေပကော။

 

(၂)

မင်းကတော် ကျွန်ပုံပေါက် ခွေးလောက်မကောင်း။

           အမြင့်က ကျတော့ နာသည်။ သို့သော် အကျနာသူအား မြေကြီးပေါ်က နေ ဆီးကြိုဂါရဝပြုရင်း ကောင်းချီးသြဘာပေးကြပုံက သည်လိုသာလျှင် တည်း။

           အမြင့်ကကျသမို့ အကျနာကာ မချိမဆုံဖြစ်နေရှာသူအား ကောင်းချီး သြဘာပေးဖို့အတွက် ဤသို့သော ဆိုရိုးစကားကို လူကြီးသူမတို့ ထားရှိခဲ့ ကြ၏။

 

မင်းကတော် ကျွန်ပုံပေါက် ခွေးလောက်မကောင်း။

           လူတစ်ယောက် ဆင်းရဲဒုက္ခရောက်နေပုံကို တွေ့သောအခါ အများအား ဖြင့် သနားကရုဏာ သက်ရောက်တတ်ကြ၏။ 

           သို့သော် ထိုသူတစ်ယောက် ဒုက္ခရောက်နေပုံကို မြင်တွေ့ရသောအခါတွင်မူ သနားကရုဏာ သက်ရောက်ခြင်း မရှိရုံသာမက လူအပေါင်းများစွာ တို့ သူ့ကိုကြည့်ကာ ဝမ်းသာလို့တောင် နေကြ၏။ 

           သူတော် ခွေးကျ ကျပကော။ 

           ဒုက္ခဆင်းရဲ ရောက်ရရှာသော ထိုပုဂ္ဂိုလ်အား တွေ့မြင်ကြသူ လူအများ က အဲသည်လိုစကားကိုပင် ဝမ်းသာအားရ ပြောလိုက်ကြသေး၏။

            မင်းကတော် ကျွန်ပုံပေါက် ခွေးလောက်မကောင်း။ 

            ဒုက္ခရောက်နေသူအပေါ် ကရုဏာတရားမပွားတဲ့အပြင် သူတစ်ပါး ဒုက္ခ ကိုကြည့်ကာ ဝမ်းသာလို့တောင် နေကြ၏။

           တွေ့လား၊ သူတော်ဘယ်လိုဖြစ်နေပလဲ။ ခုတော့ ထမင်းတစ်လုတ်စားရ ဖို့အတွက် ဘယ်လောက်အခက်အခဲ တွေ့နေပလဲ။

           ကောင်းတယ်၊ သိပ်ကောင်းတယ်။ 

           ဝမ်းသာသကွာ၊ သိပ်ကို ဝမ်းသာတယ်။

           ကိုသူတော် ထမင်းတစ်လုတ်စားရဖို့ ခက်ခဲနေပုံကိုကြည့်ပြီး ဝမ်းသာ မဆုံးဖြစ်ကာ သည်လိုများပင် သြဘာပေးလိုက်ကြသေး၏။

           

(၃)

          “ထမင်းတစ်လုတ်စားရဖို့အတွက် ဘယ်လောက် ခက်ခက်ခဲခဲလုပ်ရ ကိုင်ရတယ်ဆိုတာကို ခင်ဗျား ခုထိ နားမလည်သေးဘူးလား”

           မျက်နှာငယ်နှင့် အောက်ကျိုပြောလာသည့်ဒုက္ခသည် ကိုသူတော်အား လူငယ်တစ်ယောက်က     သည်လိုအော်ငေါက် ပြောလိုက်၏။

            ကိုသူတော် တော်တော့်ကို ဝမ်းနည်းကြေကွဲသွားမိ၏။

            ဪ... အစတုန်းက ငါနဲ့တွေ့ကြရင် သူတို့တစ်တွေ မာရေကျောရေ ပြောဝံ့ဖို့ နေနေသာသာ၊ ခေါင်းကိုတောင် သိပ်မော့ပြီး စကားပြောရဲကြတာ မဟုတ်ဘူး။ အစက ဒီလို ဘယ်ဟုတ်မလဲ၊ ငါ့ကို ရိုရိုသေသေ စကားပြော ခဲ့ကြရတဲ့လူတွေ၊ ခုတော့။

           ကိုသူတော်သည် ကြီးစွာသော ဝမ်းနည်းခြင်း အစိုင်အခဲ ရင်ဝယ်စွဲ လာသဖြင့် လေးလံစွာဖြင့် သူ့ဘာသာ စိတ်ထဲကနေ မချိတရိ သည်လိုပြော လိုက်မိသော်လည်း မတတ်သာသဖြင့် ထပ်ကာ ပြောရပြန်လေသည်။

            ငါ အဆင်မပြေသေးတဲ့အခါမို့ မင်းကို အကူအညီတောင်းတာပါကွာ၊ အခု ညစာမပြောနဲ့ မနက်စာတောင်မှ မစားရသေးပါဘူး။ များများမဟုတ်တောင်မှ ငွေငါးကျပ်လောက်ရရင် တော်ပါပြီ။ စိတ်ချပါ၊ မင်းဆီက ချေးတဲ့ ပိုက်ဆံကို ငါ ဆက်ဆက်ပြန်ဆပ်မှာပါကွာ”

          ဝမ်းဗိုက်ကဗလာ၊ စားစရာနတ္ထိမို့ မချိလှသည့်အတွက် သူ့ညီငယ် လောက်အရွယ် အိမ်နီးနားချင်းတစ်ယောက်ထံ ကိုသူတော် အောက်ကျိုကာ ငွေချေးပါသော်လည်း ထိုလူငယ်ထံမှ ငွေထွက်မလာဘဲ မညှာမတာပြော ရက်သည့်စကားသံသာ ထွက်ပေါ်လာလေသည်။ 

          ‌ဪ  ခုနေအခါ ငွေငါးကျပ်၊ တစ်ဆယ်ဆိုတာလောက်တောင် ရဖို့ ခဲယဉ်းနေပါကလား။

          ကိုသူတော်မှာ ဆွေမရှိ၊ မျိုးမရှိမဟုတ်ချေ။ ဆွေမျိုးရင်းချာ အချို့ရှိသော ကြောင့် ကြီးတော်အိမ်ပေါ် တက်နေခဲ့လေသည်။

          သူတို့ထံလာရောက်နေထိုင်သော တူတော်မောင်အား ကြီးတော်တို့ လင် မယားက သူတို့စားရသလို ကျွေးမွေးထားခဲ့၏။ ဟင်းကောင်းစားနိုင်သော အနပ်တွင် သူတို့စားရသလိုပင် ဟင်းကောင်းနှင့်၊ ဟင်းကောင်းမစားနိုင် သောအခါတွင်လည်း စားရသမျှဟင်းနှင့် သူတို့စားသလိုပင် ကျွေးခဲ့၏။

          ကြီးတော်ယောက်ျား ဦးရွှေအိုးမှာ လက်လုပ်လက်စားဖြစ်၍ နေ့စာနေ့ ၊ ညစာည၊ အလျဉ်မီအောင် မနည်းရှာစားနေရသူဖြစ်ချေသည်။ အသက် ၁၄နှစ်ရွယ်၊ ၁၁ နှစ်ရွယ်နှင့် ခုနစ်နှစ်ရွယ် သားသမီးသုံးယောက်ရှိပြီး အိမ်ပိုင် မရှိသောကြောင့် အိမ်ငှားနေရသည်ဖြစ်ရာ ကြီးတော်ယောက်ျားတစ်ဦးတည်း ၏ လုပ်စာနှင့် မလုံလောက်သဖြင့် တစ်ဖက်တစ်လမ်းကနေ ကြီးတော်ပါ အလုပ်လုပ်နေရသေး၏။

          ချွတ်ခြုံကျလာသော ကိုသူတော်သည် ဤမိသားစုထံ လာရောက်မှီခို နေထိုင်ခဲ့လေသည်။ 

          ငါ့မှာ ဆွေနဲ့မျိုးနဲ့ ပဲ။

          ထမင်းကျွေးမယ့်လူ ရှိသေးတာပဲ၊ နေစရာလည်း ရှိနေတယ်။

          ကြီးတော်တို့အိမ် ရောက်စတွင် စိတ်ထဲက သည်လိုပြောပြီး ကြီးတော် လင်မယား၏လုပ်စာကို မြိန်မြိန်စား၍ နေလိုက်၏။

            စားလို့ ကောင်း၊ အိပ်လို့ကောင်း။

          နံနက်မိုးလင်းသည်နှင့် တစ်ပြိုင်နက် ဘကြီးနှင့် ကြီးတော်တို့ ဝမ်းရေး အတွက် အလုပ်ထွက်လုပ်နေကြသော်လည်း ကိုသူတော်မူကား နေဖင်ထိုးမှ အိပ်ရာက ထလေ့ရှိ၏။ နံနက်စာ စားပြီးသောအခါ တစ်ရေးတစ်မော အိပ် ပျော်သွားပြန်လေတော့၏။  

           အိပ်ရာကနိုး၍ ဝမ်းဗိုက်ဆာနေသော်လည်း ထမင်းက အသင့်မရှိသေး။ 

           ဘကြီးနှင့် ကြီးတော်တို့ လုပ်တုန်းကိုင်တုန်း၊ ရှာဖွေတုန်းဖြစ်သော ကြောင့် ထမင်းမချက်ရသေးချေ။ ဘကြီးတို့၏သားကြီး ဩရသ ၁၄ နှစ်ရွယ် မောင်ကံအေး ကျောင်းကပြန်လာမှပင် ရေခပ်ခြင်း၊ ထမင်းအိုးတည်ခြင်း စသော အိမ်မှုကိစ္စများကို ပြုလုပ်ရလေသည်။

          ညနေ ၅ နာရီခန့်တွင်မှ အလုပ်ကပြန်လာသော ဘကြီးနှင့် ကြီးတော် တို့ ဝယ်ယူလာသည့် ဟင်းချက်စရာကလေးများကို ချက်ပြုတ်၍ ၆ နာရီ လောက်တွင် ညစာထမင်းကို ဝိုင်းဖွဲ့ စားသောက်ကြရ၏။ 

           ဘယ်လိုပဲ စားရစေကာမူ ထမင်းဝိုင်းတွင် သူ့အတွက် ထမင်းပန်းကန် ရှိနေပြီးလျှင်   မိသားစုတို့စားရသည့်အတိုင်း သူသည် စားရ၏။ ငါးဟင်း ချက်လျှင် ငါးဟင်း၊ ပဲဟင်းချက်လျှင် ပဲဟင်း၊ ငါးပိချက်နှင့် သွေးရလျှင် လည်း ငါးပိချက်နှင့်။

          နောက်ပြီး ဘကြီးနှင့် ကြီးတော်တို့၏ ဆေးလိပ်ခွက်ထဲတွင် အသင့်ရှိ နေသည့် ဆေးပေါ့လိပ်ကိုလည်း ယူသောက်လိုက်၏။ မတတ်သာလို့ ဆေးပေါ့လိပ်သောက်ရတာ၊ သောက်ချင်တာက စီးကရက်။ 

          မိုးချုပ်ပြီဆို တခေါခေါ အိပ်ပျော်သွား၏။ မနက်မိုးလင်း၍ ဘကြီးနှင့် ကြီးတော်တို့ အလုပ်ခွင်ဆင်းသွားပြီးနောက် အတော်ကြီးကြာမှ အိပ်ရာက နိုးလေ့ရှိ၏။

          သူ့ အနေနှင့် အကြံအစည် အပေါက်အလမ်းမတည့်ခင် မှီခိုနေရတာ ဟူသော စကားကိုမူ ကိုသူတော် မကြာခဏ ပြောလေ့ရှိပေသည်။ တစ်နေ့ နေ့ ဟန်ကျလာမှာပေါ့ဟူ၍လည်း ကြုံးဝါးပြောဆိုတတ်သေးသည်။     

            ဘကြီးနှင့် ကြီးတော်တို့သည် ဉာတကာနဉ္စ သင်္ဂဟောဆိုသည့် မင်္ဂလာ တရားအရ ဆွေမျိုးသားချင်း၏ဝတ္တရားကို ထမ်းဆောင်သောအားဖြင့်စားရမဲ့၊ သောက်ရမဲ့ဖြစ်နေသော မိမိတို့၏တူသားအား တတ်နိုင်သမျှ ကျွေးမွေးထားကြ၏။ 

          သို့သော် ကြီးတော်ယောက်ျားက စေတနာ သဒ္ဓါတရား ခေါင်းပါး၏။

           ရက်အတန်ငယ်ကြာသောအခါ ကိုသူတော်အား အိမ်ပေါ်တွင် ထမင်း တင်ကျွေးထားရသည်ကို မသဒ္ဓါသလို အသွင်လက္ခဏာတွေပြကာ ငြူစူ လာလေသည်။

          ကြီးတော်ကတော့ သော် သူ့ခမျာ အကြံအစည်အပေါက်အလမ်း မတည့်သေးလို့ နေရရှာတာ၊ နေပါစေဦးဆိုကာ ခင်ပွန်းသည်အား ဖျောင်းဖျ ပြောဆိုထားရှာသည်။

          သို့သော် ရက်အနည်းငယ်ကြာလျှင် ကြီးတော်ပါ ငြူစူလာပြန်လေ တော့၏။

          “ထမင်းတစ်လုတ်စားဖို့ ရှာရ၊ ဖွေရ၊ လုပ်ရ၊ ကိုင်ရတာ လွယ်ကူတယ် မှတ်သလား” ဟူ၍ ဘကြီး ပြောလာပါလေသည်။

           ကိုသူတော်ဆိုသူကား အသက်မွေးဝမ်းကျောင်းပညာ ဆို၍ ဘာတစ်ခုမျှ တတ်ကျွမ်းခြင်း မရှိချေ။     ထို့ကြောင့် ထမင်းတစ်လုတ် စားဖို့အတွက် သူ့ခမျာ ဘာမျှမလုပ်တတ်၊ မကိုင်တတ် ဖြစ်နေရှာပေသည်။       လက်မှုပညာလည်း မတတ်၊ အရောင်းအဝယ်လည်း မတတ်၊ ဉာဏစွမ်းအား အသုံးပြုရသော ကျွမ်းကျင်မှုပညာ တစ်စုံတစ်ရာလည်း တတ်ကျွမ်းနားလည်ခြင်း မရှိချေ။

           ကာယအလုပ်တစ်ခုခုလုပ်ဖို့ ဆိုသည်ကလည်း သူ့အဖို့ ခက်၏။ ခက်သမှ တော်တော့်ကိုခက်၏။ အဘယ့်ကြောင့်ဆိုသော် အထည်ကြီးပျက် လို ဖြစ်နေသောကြောင့်တည်း။

          ‘သူတော်ရေ၊ မင်း ဒီလိုချည်းနေလို့ ဘယ်ဖြစ်မလဲ၊ တစ်ခုခုလုပ်ဦးမှ ပေါ့”

           ဘကြီးဖြစ်သူ ဦးရွှေအိုး သည်လိုပြောလာသောအခါ 

          “ကျွန်တော် လုပ်မလို့ပါပဲ၊ အဆင်မပြေသေးလို့ နေတာ”ဟု ကိုသူတော် ပြန်၍ပြောလိုက်၏။   

           ဝင်ငွေမလိုချင်ဘဲ ဘယ်ရှိပါ့မလဲ။

           မတတ်သာလို့ နေရသေးတာပေါ့။

 

(၄) 

           ဘကြီးတော် ဦးရွှေအိုးဆိုသူကား စေတနာသဒ္ဓါတရား ခေါင်းပါးသူ ပါတည်း။

          “မင်းအတွက် အလုပ်တစ်ခုပြောလာခဲ့ပြီဟေ့၊ အလုပ်လုပ်ဖို့ ပြင်ပေတော့”

           ဘကြီးတော်က အဲသည်လို ပြောဆိုလာလေပြီ။ ကြီးတော်လည်း ဝမ်း သာသွားရှာသည်။

          ငါ့တူ အလုပ်ရမယ်ဆိုတော့ ကြီးတော် ဝမ်းသာသပေါ့”ဟူ၍ ဒေါ်စောလှ ကလည်း ဝမ်းသာအားရ ပြောလိုက်၏။ 

           သည်လို သတင်းကောင်းကြားရသော်လည်း ကိုသူတော်၏ မျက်နှာ ဝယ် ဝမ်းသာရွှင်ပျော်သည့် အရိပ်လက္ခဏာ ပေါ်ထွက်မလာချေ။ 

             ဘကြီးမျက်နှာတစ်လှည့်၊ ကြီးတော်ကိုတစ်လှည့် ကြည့်ကာ ကြောင် ကြောင်ငေးငေးနှင့်သာ နားထောင်နေလေသည်။ 

            “အလုပ်ရရင် လုပ်မယ်မဟုတ်လား”ဟု တစ်ခါ ဦးရွှေအိုး ထပ်၍ မေး လိုက်၏။

            “ဘာအလုပ်ရမှာလဲ”

            ဤကား ကိုသူတော်၏ နှုတ်ဖျားမှ မြည်လာသော တန်ပြန်မေးခွန်း တည်း။ 

            “ငါလုပ်တဲ့ ဝပ်ရှော့မှာ လူတစ်ယောက်လိုနေတယ်။ ဒီအလုပ်လိုချင်လို့ လာပြောကြတာ မနည်းတော့ဘူး။ အလုပ်ရှင်က ငါ့မျက်နှာထောက်ထားလို့ မင်းကိုသွင်းဖို့ သဘောတူတာ”

            ဦးရွှေအိုး၏ စကားကို ကြားရသောကြောင့် ကိုသူတော် ဝမ်းသာအားရ ဖြစ်သွားသည် ထင်ပါသလား။

            ဝမ်းသာဖို့ဝေးရော၊ မျက်နှာများတောင် ပျက်သွားပေသေးသည်။ သို့ ကြောင့် -

           “ဟာ အဲဒီအလုပ် ကျွန်တော် လုပ်တတ်တာမှ မဟုတ်ဘဲ” ဆိုသော စကားသာလျှင် ကိုသူတော်၏ ပြန်ကြားချက် ဖြစ်လာခဲ့လေသည်။

           “လုပ်ရင်း သင်သွားရမှာပေါ့ကွာ။ ငါရော ငါနဲ့အတူ လုပ်နေတဲ့ ကိုဘိုးသိန်းကပါ မင်းကို ကြပ်မတ်ခိုင်းရင်း သင်ပေးသွားမှာပါ။ ဖောက်စက်လှည့် ပြီး သံဖောက်တာ၊ သံဖြတ်လွှဆွဲပြီး သံဖြတ်တာ၊ ရပစ်ရိုက်တာတို့ ဆိုတာတွေ မခက်ပါဘူး။ တော်တော်တန်တန် အားရှိတဲ့ယောက်ျားမှန်ရင် ဘယ်သူ မဆို လုပ်နိုင်တဲ့ အလုပ်မျိုးပါကွာ။ တခြားဟာတွေ ဘယ်လိုလုပ်ရမယ်ဆို တာကိုလည်း ငါတို့ပြပေးသွားမှာပေါ့”

           ဘကြီးတော် ဤသို့ပြောကာ ကိုသူ တော်၏မျက်နှာကို အကဲခတ် သလိုကြည့်ရင်း ဆက်၍ပြောလေသည်။

          “နေ့စားကွ၊ အခု အလုပ်စဝင်ဝင်ချင်း တစ်နေ့ သုံးမတ်ရမယ်၊ အလုပ် ကျွမ်းကျင်တာနဲ့ အမျှ နေ့တွက်တိုးလာမှာ သေချာတယ်။ အဲဒါ ငါ့မျက်နှာကြောင့်ရတာ” 

           ထိုရောအခါ ကြီးတော် ဒေါ်စောလှ ဝမ်းသာအားရဖြစ်ကာ ဝင်ပြောလေ တော့၏။

           ငါ့တူကြီး အလုပ်အကိုင်နဲ့ ဝင်ငွေနဲ့ ဖြစ်လာတော့မယ်၊ ဝင်ဝင်ချင်း တစ်နေ့သုံးမတ်ဆိုတာ မနည်းဘူး။ နောက် တစ်လ၊ နှစ်လဆို တစ်ကျပ် နှစ်ကျပ် ရလာမှာ”

          ကြီးတော်ဖြစ်သူ ဝမ်းသာအားရပြောသော်လည်း တူတော်မောင်မူကား မျက်စိမျက်နှာ မသာမယာ ဖြစ်နေရှာလေသည်။ ဘကြီးဖြစ်သူက သူ့ကို အလုပ်ရအောင်၊ ဝင်ငွေရအောင် အတတ်နိုင်ဆုံး ကြိုးစားကူညီခြင်း ဖြစ်သော် လည်း သူ့အနေနှင့်တော့ သည်စကား ပြောလာခြင်းမှာ သူ့ကိုအထင်သေး လို့ ပြောတာပဲဆိုကာ နှိမ့်ချခံရခြင်း၊ စော်ကားခံရခြင်းဟူ၍ ထင်မှတ်ကာ စိတ်မချမ်းမသာ ဖြစ်သွားလေတော့သည်။

          “ကဲ လုပ်မယ်မဟုတ်လား၊ မနက်ဖြန်မနက် ငါနဲ့အတူလိုက်ပြီး အလုပ် ဆင်းပေတော့။ မနက်ဖြန်ကစပြီး တစ်နေ့ သုံးမတ် ဝင်ငွေရှိသူ ဖြစ်လာပြီ”

          ဤသို့ပြောသည့် ဦးရွှေအိုး၏ စကားကြောင့် သူ့ခန္ဓာထဲမှာ သွေးဆုတ် သွားသလိုဖြစ်ကာ တစ်မျက်နှာလုံး ဖြူရော်သွားလေသည်။ မျက်ခုံးကို တွန့် ၍ နှာခေါင်းရှုံ့ကာမဲ့ပြီး ကိုသူတော် မခံချိ မခံသာ ပြန်ကြားသောစကားကို ဘကြီးနှင့် ကြီးတော်တို့ ကြားလိုက်ရသည်ကား

           “ဟာဗျာ ဒီလိုအောက်တန်းကျတဲ့အလုပ်ကို ကျွန်တော်လိုလူ လုပ်နိုင်