သက်လုံ - မန်နေဂျာတို့၏ကံကြမ္မာဦးတည်ချက်နှင့်ဖုန်းရွှေ
ကန်တုံသားများတွင် စိတ်ဝင်စားဖွယ် ဆိုရိုးစကားတစ်ခွန်း ရှိပါသည်။ ဘဝ၏ အရည်အသွေးကို ထိခိုက်စေသည့် ဖြစ်စဉ်တရားများအကြောင်း ဆွေးနွေးသည့်သူတို့က “ကံကြမ္မာ ဦးတည် ချက်က ပထမဆုံးလာတယ်။ ကံအခွင့်သင့်မှုက ဒုတိယ လာတယ်။ ဖုန်းရွှေက တတိယ လာတယ်” ဟု ဆိုလေ့ရှိကြသည်။
ထို့ကြောင့် ကျွန်ုပ်သည် ဤစာအုပ်ကို ကံကြမ္မာဦးတည်ချက် အကြောင်းကို ကျေကျေလည်လည် ဆွေးနွေးခြင်းဖြင့် စတင်လိုက်ပါသည်။ ကံကြမ္မာဦးတည်ချက်ဟူသော စကားအားဖြင့် ပို၍မြင့်သော အလွှာမှ စွမ်းအင် တစ်စုံတစ်ခုက ပြဋ္ဌာန်းပြီး ကျွန်ုပ်တို့၏ လွတ်လပ်သော ဆန္ဒရှိမှုနှင့် ထိန်းချုပ်မှုတို့ လက်လှမ်း မမီသော အရာများကို ကျွန်ုပ်တို့ ရည်ညွှန်းတတ်ကြပါသည်။ ကံကြမ္မာ ဦးတည်ချက်တွင် ပေါင်းစပ်ပါဝင်နေသည့် အချက် များသည်ကား လူတစ်ယောက်၏ မွေးရာပါ အရည်အသွေးများ ဖြစ်ကြပေ၏။ ကျွန်ုပ်တို့သည် မတူညီ ကွဲပြားသော ဉာဏ်ရည်၊ စိတ်နေသဘာဝ၊ ဝါသနာများ၊ ကိုယ်လုံးကိုယ်ထည်။ အကျင့်စရိုက် ဟူသည်များဖြင့် မွေးဖွားလာခဲ့ကြသည်။ ဤအရည်အသွေးများကို ကျွန်ုပ်တို့ အသီးသီးသည် မွေးဖွားစဉ် အခိုက်အတန့်တွင် ဤလောက ထဲသို့ သယ်ဆောင်လာခဲ့ကြသည်။ ဤအကြောင်း တရားများသည် ဘဝတစ်လျှောက်၌ ကျွန်ုပ်တို့၏ ကြီးပြင်းမှုနှင့် ဘဝ ခရီးအပေါ် သိသာထင်ရှားသော ဒဏ်သင့်မှု ရှိပါလိမ့်မည်။ ထိုဖြစ်ကြောင်းတရားများတွင် ကာယကံရှင်သည် ကျောင်းစာပညာအားဖြင့်သော်လည်းကောင်း၊ ကြီးပြင်းလာရသော ပတ်ဝန်းကျင်အရ သော်လည်းကောင်း၊ ပြုပြင်ပစ်ခြင်းကို မပြုလုပ်နိုင်သည်က အများအပြား ဖြစ်လေသည်၊ ဤမွေးရာပါဖြစ်ကြောင်း တရားများကို လူတစ်ယောက်အဖြစ် ဖြစ်ပေါ်စေသော ပေါင်းစပ်နေသည့် အချက်များအဖြစ် မှတ်ယူနိုင်၏။ ဤပေါင်းစပ် နေသည့် အချက်များတွင် မတူမညီ ကွဲပြားချက်များက လူများကို တစ်ယောက်နှင့် တစ်ယောက် မတူရအောင် ဖြစ်စေလေသည်။
ထို့ကြောင့် ကံကြမ္မာဦးတည်ချက် ဟူသည်ကို လူတစ်ဦးစီ၏ အရင်းအမြစ်ကျသော ပေါင်းစပ်နေမှုဟူ၍လည်ကောင်း၊ ယင်းသို့ ပေါင်းစပ်နေမှုတွင် ကွဲပြားခြင်းများ ရှိနေမှုဟ၍ လည်းကောင်း ရှုမြင်နိုင်ပေ၏။ ကံကြမ္မာဦးတည်ချက်သည် ကိုယ်ခန္ဓာ၏ ဇီဝတည်ဆောက် မှုကို မရည်ညွှန်းပါ။ ကိုယ်ခန္ဓာတွင် ဇီဝတည်ဆောက်မှုမှာ အနည်းနှင့်အများ တူညီကြ သည်သာ ဖြစ်ပါ၏။ ပို၍ ကျယ်ပြန့်သောအမြင်ကို ဆောင်သင့်သည်။ လူတစ်ယောက်၏ အကျင့်စာရိတ္တ၊ သန္ဓေတည်စွမ်းအင်၊ ရှုပ်ထွေး လှသော လူမှုအဖွဲ့ အစည်းတွင် ကျွန်ုပ်တို့ တည်ရာ၊ ဒအခြား သူများနှင့် ဆက်ဆံမှု၊ လူသားတို့၏ ကံကောင်းမှု၊ ကံအကျိုး ပေးမှု၊ ကြမ္မာဟူသော သိပ်မွေ့နက်နဲသည့် ကိစ္စရပ်များအထိ ဖြစ်သော လူတစ်ယောက်၏ ဘဝမှ မျက်နှာစာ အဖုံဖုံကို သိမ်းပိုက်ခြုံငုံသင့်သည်။ ဤမည်သော လူတစ်ဦး၏ မွေးရာပါ ပေါင်းစပ်နေမှုကို ရှင်းလင်းပြရန်အတွက် တရုတ်လူမျိုးတို့တွင် သူများနှင့်မတူ အထီးတည်းဖြစ်သော စကြာဝဠာဖွဲ့ စည်းပုံစနစ် ရှိနေ၏။ ထိုစနစ်ကို ကံကြမ္မာဦးတည်ချက်ကို အဓိပ္ပာယ်ဖွင့် ဆိုပြီး ရှင်းလင်းပြရန်အတွက် အသုံးပြုနိုင်လေသည်။ ဤစနစ်သည်ကား အခြေခံ မဟာဘုတ် ငါးပါးဟူသာ နောက်ခံသဘော တရားဟူ၍ သိထားကြပေ၏။
အခြေခံ မဟာဘုတ်ငါးပါးဟူသော နောက်ခံသဘောတရား
ဤနောက်ခံသဘောတရား၏ မူလဇစ်မြစ်သည် ရှေးဟောင်း တရုတ်သမိုင်းတွင် ပျောက်ဆုံးခဲ့ပြီဖြစ်သော်လည်း ဤခံယူချက် သဘောတရား၏ ဖော်ပြချက်နှင့် သုံးစွဲပုံကို ချင်မင်းဆက် မတိုင်မီကလေးတွင် ဖြစ်ခဲ့သော စစ်ဖြစ်နေသော ပြည်နယ်များ ခေတ်ကာလ ဖြစ်သည့် ဘီစီ ၂၄ဝ ပတ်ဝန်းကျင်လောက်အထိပင် ရှေးကျစွာ တွေ့မြင်ကြရလေသည်။ မဟာဘုတ်များ ဖြစ်ကြသော သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေတို့သည် စကြဝဠာကြီးထဲ၌ အခြေခံကျသောစွမ်းအင်များ သို့မဟုတ် အင်အားများ ဖြစ်ကြသည်ဟု ယုံကြည်ထားကြ လေသည်။ ဤစကြဝဠာကြီးထဲရှိ ရုပ်၊ နာမ် အရာရာတို့သည် ဤဓာတ်ကြီးငါးပါးတို့ အချင်းချင်းတုံ့ပြန်ထိခတ်မှုမှ ဖြစ်ပေါ်လာကြရသည်။ ဤမဟာဘုတ်ငါးပါးကို ဘဝ၏ မျက်နှာစာတိုင်းတွင် စပ်ဟပ်သုံးစွဲ၍ရပါ၏။ ဥပမာအားဖြင့် ဆိုရသော်- စပရင်ခေါ် မိုးဦးရာသီသည် သစ်သားရာသီဟု ယူဆကြ၏။ ဂီတသံစဉ် ခုနစ်ပါးအနက်မှ “လာ” ဟူသော သံစဉ်သည် ရေဓာတ် ဖြစ်သည်။ အဖြူရောင်သည် သတ္တုဓာတ်၏ အရောင် ဖြစ်၍ အနက်ရောင်သော်ကား ရေဓာတ်၏ အရောင်ဖြစ်သည်။ တောင်အရပ်မျက်နှာသည် မီးဓာတ်၏ အရပ်မျက်နှာဖြစ်ကာ လူသား၏ အစာအိမ်သည် မြေဓာတ်၏ အင်္ဂါဖြစ်သည်။ ချင်မင်းဆက်သည်ပင်လျှင် ရေဓာတ် မင်းဆက်ဖြစ်သည်ဟု ယူဆထားကာ ပထမဦးဆုံးသော ဧကရာဇ်သည် အနက်ရောင်ဝတ်ရုံကို လွှမ်းခြုံဝတ်ဆင်၍ အနက်ရောင် အလံတံခွန်များကို အသုံးပြုခဲ့သည်။
မဟာဘုတ်ဓာတ်များ၏ နာမည်များကိုကမ္ဘာပေါ်တွင် တွေ့ရှိရသော အရာဝတ္ထုများကို စွဲ၍ မှည့်ခေါ်ထားသည် ဖြစ်သော်လည်း ထိုဓာတ်များကို ရုပ်ဒြပ်ဝတ္ထုများ အဖြစ် မရှုမြင်သင့်ပါချေ။ စင်စစ်တွင်ကား ယင်းတို့သည် မမြင်နိုင်ဘဲနှင့် အချင်းချင်း တုံ့ပြန်ထိခတ် ကြသော စွမ်းအင်ငါးမျိုးဖြစ်ကြပြီး ယင်းတို့ကို စကြဝဠာထဲမှ အခြေခံတွန်းပေးစွမ်းအား များဟူ၍ မှတ်ယူနိုင်ပေသည်။ သို့သော်ငြားလည်း ဤစွမ်းအားတစ်ခုချင်းမှာ ရုပ်ဝတ္ထုသရုပ် သင်္ကေတ (ခေါ်)သစ်သားဓာတ်သည် စပရင်း (ခေါ်) မိုးဦးရာသီတွင်ကြီးပွားအားကောင်းပြီး အရောင်အားဖြင့် အစိမ်းရောင် ဖြစ်ကာ မြေကြီးကို ထိန်းချုပ်၏။ မြေကြီးကို ထိန်းချုပ်ရ ခြင်းကား သစ်ပင်၏ အမြစ်တို့သည် မြေထဲသို့ နက်ရှိုင်းစွာဝင်၍ ပေါက်ရောက်နိုင် သောကြောင့် ဖြစ်ပေ၏။ ထို့ကြောင့် ဤဓာတ် သို့မဟုတ် ဤအင်အားများကို သူတို့၏ ရုပ်ဝတ္ထုဆိုင်ရာ နာမည်များအလိုက် နားလည်ထားခြင်းသည် အဆင်ပြေလှပါသည်။
စကြဝဠာကြီးထဲတွင် လူသားသည် သေးငယ်လှသော အရာကလေးမျှသာ ဖြစ်ပေရာ ကျွန်ုပ်တို့အား စကြဝဠာ၏ ဥပဒေစည်းမျဉ်းများက ထိန်းချုပ်ထားသည်။ ကျွန်ုပ်တို့သည် စကြဝဠာဥပဒေစည်းမျဉ်းများကိုလိုက်နာကြရသည်။ စကြဝဠာထဲမှ အရာရာသည် အခြေခံ မဟာဘုတ်ဓာတ် ငါးပါးဖြင့် ဖွဲ့စည်းပေါင်းစပ်ထားခြင်း ဖြစ်ပေသည်။ လူ တစ်ယောက်ချင်း ကံကြမ္မာ ဦးတည်ချက်ကွဲပြားမှုတို့သည် ထိုမဟာဘုတ်ဓာတ်ကြီး ငါးပါးဖွဲ့ စည်းပေါင်းစပ်ပုံတွင် ပြောင်းလဲကွဲပြားမှုများအားဖြင့် ဖော်ထုတ်နိုင်လေသည်။
လူ၏ ကံကြမ္မာ ဦးတည်ချက်ကို မဟာဘုတ်ဓာတ်များ ဟူသော နောက်ခံသဘော တရားအားဖြင့် ဖော်ထုတ်ကောက် ယူခြင်းဟူသော အကြောင်းအရာထဲသို့ နက်ရှိုင်းစွာ တိုးဝင် စစ်ဆေးမှုကို မပြုလုပ်မီ မဟာဘုတ်ဓာတ်များထဲ၌ ဖြစ်ပေါ်သော အခြေခံဆက်ဆံမှု နှစ်ခုကို ရှေးဦးစွာ စစ်ဆေးကြည့်ကြပါဦးစို့။
အခြေခံမဟာဘုတ်ဓာတ်များအချင်းချင်း ထိခတ်ခြင်းများ
စကြဝဠာထဲမှ အခြေခံဓာတ်ငါးပါးသည် မလှုပ်မရှား ငြိမ်သက်နေကြသည် မဟုတ်ပါ။ သူတို့သည် ထာဝစဉ်ပင် တစ်ခုနှင့်တစ်ခု အချင်းချင်း တုံ့ပြန်ထိခတ်နေကြ၏။ သို့ဖြစ်ရာ စကြဝဠာထဲမှ ဖြစ်ပေါ်လာသမျှသော ရွေ့လျားမှုများနှင့် အပြောင်း အလဲများသည် စကြဝဠာထဲမှ လူများ၊ အရာဝတ္ထုများ၊ ဖြစ်ရပ်များ အားလုံးကိုဖြစ်ပေါ်စေလျက်ရှိရာ ရွေ့လျားမှုများနှင့် အပြောင်းအလဲများအားလုံးသည် အခြေခံဓာတ်ကြီးငါးပါးတို့ အချင်းချင်း တုံ့ပြန် ထိခတ်မှုကြောင့် ဖြစ်ပေါ်အကျိုးထင်ရခြင်း ဖြစ်ပေ၏။ သို့သော်ငြားလည်း စကြဝဠာသည် ဖရိုဖရဲဖြစ်မနေပါ။ မဟာဘုတ် ဓာတ်တို့သည် တစ်ခုနှင့်တစ်ခု တုံ့ပြန်ထိခတ် ကြရာတွင် အခြေခံဥပဒေသများနှင့်အညီသာ ဖြစ်ပါသည်။ ဤဥပဒေများကား မွေးဖွားခြင်း စက်ဝန်းနှင့် ပျက်စီးခြင်း စက်ဝန်း(ဝါ)ဇာတိ စက်ဝန်းနှင့် မရဏစက်ဝန်း-တို့ဖြစ်ကြပေ၏။
Cycle of Birth and Cycle of Destruction
(၁)။ ဇာတိစက်ဝန်းနှင့် မရဏစက်ဝန်း
ဇာတိစက်ဝန်းက ဓာတ်တစ်ခုသည် မွေးဖွားခြင်းကို ဖြစ်ပေါ် စေနိုင်ခြင်း (ဝါ) အခြားသော ဓာတ်တစ်ခုကို ထောက်ခံ ပံ့ပိုး ပေးနိုင်ခြင်း ဟူသည်တို့ကို စက်ဝန်းသဏ္ဌာန် ပြုလုပ်ကြောင်းကို ဇာတိစက်ဝန်းက ဖော်ပြပါသည်။ ဤကား မိခင်နှင့်ကလေး အညီအညွတ် ဆက်ဆံခြင်းတည်း။ တစ်ဘက်တွင်ကား ဓာတ်တစ်ခုက အခြားသော ဓာတ်တစ်ခုကို ဖျက်စီးခြင်း၊ ထိန်းချုပ်ခြင်း၊ ဖိနှိပ်ခြင်းတည်းဟူသော ပဋိပက္ခဆက်ဆံခြင်းကို ပြုတတ်ကြောင်း မရဏစက်ဝန်းက ဖော်ပြ၏။
ကမ္ဘာသည် အခြေခံ မဟာဘုတ်ဓာတ်ကြီးငါးပါးတို့ အချင်းချင်း တုံ့ပြန်ထိခတ်ခြင်း အားဖြင့် အသက်ဝင်လာသည်။ ဤမည်သော ဥပဒေသ သို့မဟုတ် တောက် ၃ ကို နားလည်ခြင်းအားဖြင့် ရှေးခေတ်တရုတ်လူမျိုးများသည် စကြဝဠာနှင့် ပတ်သက်၍ အသိပညာကို တော်တော်ကလေးရလိုက်ပေသည်။ ဓာတ်ကြီးငါးပါးနည်းဖြင့် အချိန်တည်း ဟူသောကာလ၊ နေရာတည်းဟူသော ဒေသတို့နှင့် သဘာဝတရားတို့ကို ရှင်းလင်းဖော်ပြနိုင် သည်သာ မဟုတ်ပါ။ ဤနောက်ခံသဘောတရားသည် လူသားနှင့် စကြဝဠာတို့အကြားတွင် ပေါင်းကူးတံတားကိုပင် ထိုးပေးလေသည်။ အခြေခံ မဟာဘုတ်ငါးပါးဟူသော ဤနောက်ခံ သဘောတရားအားဖြင့် သာလျှင် တရုတ်လူမျိုးတို့သည်လူသားတို့၏ ကံကြမ္မာ ဦးတည် ချက်ကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုအတွက် လေးနက်သောနည်း စနစ်တစ်ရပ်ကို ပျိုးထောင် နိုင်ခဲ့ကြသည်။ ဤနည်းစနစ်သည် ကာလ၏ ရွေ့ လျားမှုတစ်လျှောက်အတွင်း လူတစ်ဦးချင်း အပေါ် စကြဝဠာ၏ ထိခတ်သင့်ရောက်မှုကို ဖော်ထုတ်နိုင်သည်။ ကြိုတင်၍လည်းဖော်ပြနိုင်သည်။
ရှုပ်ထွေးလှသော စကြဝဠာနှင့် လူ့အဖွဲ့ အစည်းတို့သည် အခြေခံဓာတ်ကြီးငါးပါး နှင့် ဆက်နွယ်သည်ဟု ခြုံငုံပြောသောစကားမှာ မယုံကြည်နိုင်လောက်စရာ ဖြစ်ပေ၏။သို့တိုင်အောင်တရုတ်တို့၏ ပရဆေးဖြင့် ဆေးကုသမှုနှင့် အပ်စိုက်ကုသမှုတို့၏ အခြေခံမှာ ဤမည်သော ရိုးရိုစင်းစင်းကလေး ဖြစ်သည့် နောက်ခံ သဘောတရားပင် ဖြစ်ပေသည်။ ဤသို့သော ဆေးဘက်ဆိုင်ရာ တတ်စွမ်းနိုင်မှုတို့သည် တရုတ်လူမျိုးတို့ကို နှစ်ပေါင်းထောင်ပေါင်း များစွာ ပြုစုလုပ်ကျွေးခဲ့ပြီး ရောဂါများစွာကို ကုသရာတွင် ကုသမှုတို့၏ အာနိသင် ထက်မြက်မှုသည် ယခုအခါ အနောက်တိုင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ အာရုံ စူးစိုက်စရာ ဖြစ်လာရတော့သည်။
တရုတ်လူမျိုးတို့၏ ဆေးဝါးသည် လူ၏ အသက်ရှင်မှုဆိုင်ရာ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုစီကို အခြေခံဓာတ် တစ်ပါးပါးဖြင့် စပ်ဟပ်တွဲဖက်ထားသည်။ ဥပမာ- မီးဓာတ်သည် နှလုံးကို သရုပ်ဆောင်သည်။ သတ္တုဓာတ်သည် အဆုတ်ကို သရုပ် ဆောင်သည်။ သစ်သားဓာတ်သည် အသည်းနှလုံးကို ကိုယ်စားပြု၏။ ရေဓာတ်ကမူ ကျောက်ကပ်ကို ကိုယ်စားပြု၏။ ဤသို့ဓာတ်ကြီးငါးပါးကကိုယ်စားပြုသော ကိုယ်အင်္ဂါ ငါးခုသည် ဟန်ချက်ညီနေကြပြီး အညီအညွတ် ရှိကြကာ ဇာတိစက်ဝန်းနှင့် မရဏစက်ဝန်း တို့နှင့်အညီ ဓာတ်တစ်ခုကိုတစ်ခု အချင်းချင်း တုံ့ပြန်ထိခတ်နေကြမည်ဆိုလျှင် ကာယကံရှင် သည် ကျန်းမာရေးကောင်းနေပေလိမ့်မည်။ အခြားတစ်ဖက်တွင်ကား ဓာတ် တစ်ပါးပါးသည် လွန်ကဲစွာအားကောင်းလာလျှင် သို့တည်းမဟုတ် လွန်ကဲစွာ အားယုတ်လာလျှင် ဟန်ချက် ညီမှုသည် ကျွမ်းထိုးမှောက်ခုံဖြစ်၍ နာမကျန်းမှုသည် ဖြစ်ပေါ်လာပေလိမ့်မည်။ ဥပမာအားဖြင့် အကယ်၍ ကျောက်ကပ်သည် အားနည်းနေခဲ့သော် ကျောက်ကပ်၏ သရုပ်ဖြစ်သော ရေသည် မီးကို ထိန်းချုပ်ထားနိုင်မည် မဟုတ်ပါ။ ဤအကျိုးဝိပါတ်သော်ကား နှလုံးခုန် မမှန်ခြင်း သို့တည်းမဟုတ် သွေးပေါင်တိုးခြင်း၊ အစရှိသည် နှလုံးနှင့် ပတ်သက်သည့်ရောဂါများ ဖြစ်လာနိုင်သည်။ မီးသည် နှလုံးနှင့် သွေးတို့ကို သရုပ်ဆောင်သောကြောင့် ဖြစ်ပေ၏။ ကုသရန်မှာ ကိုယ်ခန္ဓာ ဟန်ချက် ပြန်ရအောင် ပရဆေး သို့တည်းမဟုတ် အပ်စိုက်ကုသမှုကို မှီဝဲရယူရန် ဖြစ်လေသည်။
အခြေခံမဟာဘုတ် ဓာတ်ကြီးများ၏ အချင်းချင်းတုံ့ပြန် ထိခတ်မှုသည် ကျွန်ုပ်တို့၏ ကိုယ်တွင်းအင်္ဂါများ ဆောင်ရွက်ရမည့် လုပ်ကိုင်မှုများကိုသာလျှင် အုပ်စိုးသည်မဟုတ်၊ ကျွန်ုပ်တို့၏ ဘဝနှင့် ကံကြမ္မာဦးတည်ချက်တို့ကိုလည်း ပြဋ္ဌာန်းပေးသေး၏။ ဤသို့ ပင်လျှင် ဤမျှ ထည်ဝါခမ်းနားသော ဥပဒေသများက စကြဝဠာကို အုပ်စိုးကြသည် ဖြစ်သည့်အလျှောက် လူသားသည်လည်း ဤဥပဒေသ စည်းမျဉ်းများ၏ အခြယ်အလှယ်ခံ ဖြစ်သင့်သည်ဟု ဆက်စပ်တွေးတော ယူဆခြင်းမှာ ကျိုးကြောင်း ဆီလျော်လှပသည်။ စကြဝဠာဆိုင်ရာ စနစ်အဖွဲ့နှင့် လူသားကို တိုက်ရိုက်ဆက်စပ်သော ဤအသိပညာကို တရုတ်ဆေးပညာတွင် အလွန်အောင်မြင်စွာ စပ်ဟပ်သုံးစွဲခဲ့ကြရုံသာမက လူသား၏ ကံကြမ္မာ ဦးတည်ချက် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုနှင့် ပတ်သက်သည့် လေးနက်သောအခြေခံအကြမ်းထည် ဘောင်အဖြစ်ဖြင့်လည်း ဖြစ်လာလေသည်။ ထိုစနစ်ကို အများက ““ကံကြမ္မာဦးတည်ချက်၏ တိုင်ကြီးလေးတိုင်” " ဟူ၍ ခေါ်ဝေါ်သိရှိနေကြပေ၏။
ကမ္ဘာတစ်လွှားမှ ရှေ့ဖြစ်ဟောနည်းစနစ်များစွာတို့တွင် မွေးဖွားသော အခိုက်အတန့်ကို မွေဖွားခြင်း အမှတ်အသားနှင့် ဘဝ၏ စတင်ရာ နေရာအဖြစ် မလွှဲမသွေ မှတ်ယူကြပြီး ကလေး၏ အနာဂတ် ဘဝပုံစံများနှင့် ပတ်သက်သည့် ကြိုတင် ဟောပြောချက်များကို ထိုမွေးဖွားသော အခိုက်အတန့်ပေါ်တွင် အမှီပြုလေသည်။ အခြားနည်းဆိုရသော် မွေးဖွားသော အခိုက် အတန့်သည် ကျွန်ုပ်တို့၏ မည်သူမည်ဝါဆိုသည့် အမှတ်အသား၊ စကြဝဠာဆိုင်ရာ လျှို့ဝှက်စကား၊ သို့တည်းမဟုတ် အခြေပြု ရမည့် တည်ဆောက်ရေးပုံစံပင် ဖြစ်တော့သည်။ ထိုမွေးဖွားသော အခိုက်အတန့်ကာလက လူတစ်ဦးချင်းအား ဆင်တူမရှိသော မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြမှုကို ပေးအပ်၏။ ထိုဖော်ပြမှုအားဖြင့် ကုသိုလ်ကံ၊ ကံကြမ္မာဦးတည်ချက် အနာဂတ်လာမည့် ဘဝပုံစံတို့၏ ဖွဲ့စပ်ထားမှုကို သိရှိရအောင် ဖော်ထုတ်နိုင်လေ သည်။ အနောက်တိုင်း ဗေဒင်ပညာသည် မွေးဖွားမှုဆိုင်ရာ အချက်အလက်များကို ဇာတာဖွဲ့ ရန် အတွက် အသုံးပြုသည်။ ဖွဲ့ထားသော ဇာတာခွင်သည် နေစကြဝဠာ၌ ဂြိုဟ်များ အနေအထားကို ရောင်ပြန်ဟပ်နေသည်။ အနောက်တိုင်း ဗေဒင်ပညာတို့ ဂြိုဟ်ခွင်ကို ကံကြမ္မာဦးတည်ချက် ဖော်ထုတ်ရေးတွင် အသုံးပြုပေ၏။
တရုတ်ပြည်တွင်မူ ဤသို့ဖော်ထုတ်ရေးအတွက် လုပ်နည်း ကိုင်နည်းမှာ လက်မဝင်ချေ။ မွေးဖွားမှုဆိုင်ရာ အချက်အလက်များကို ဓာတ်ကြီးငါးပါး ဖွဲ့စည်းပေါင်းစပ်မှုအဖြစ် ပြောဆိုလိုက်ရုံသာ လိုအပ်ပြီး ဤဓာတ်ကြီးများ၏ အားသည်းပုံ၊ အားနည်းပုံတို့ကို ဖော်ထုတ်ကောက်ယူခြင်းနှင့် ထိုဓာတ်များ အချင်းချင်း မည်သို့မည်ပုံ တုံ့ပြန်လာခြင်းတို့ကို ဖော်ထုတ် ကောက်ယူခြင်းတို့အားဖြင့် ကျွန်ုပ်တို့၏ ကံကြမ္မာဦးတည်ချက်ကို ပြည့်စုံစွာ ဖော်ထုတ်နိုင်လေတော့သည်။ ကံကြမ္မာ ဦးတည်ချက်၏ လျှို့ဝှက်စကားအဖြစ် ဖြစ်လာရန်မှာ လေးရပ်သော သတင်းအချက် အလက်များသာလျှင် လိုအပ်လေ၏။ ယင်းတို့ကား မွေးဖွားသည့် နှစ်၊ လ၊ ရက်၊ နာရီတို့ ဖြစ်ကြ၏။ ထိုပညာကို “ကံကြမ္မာ ဦးတည်ချက်၏ တိုင်ကြီးလေးတိုင်” ဟု ခေါ်တွင်ပြီး သတင်းအချက်အလက် တစ်ခုကို တိုင်တစ်တိုင် ခေါ်ကြလေသည်။
`ကျွန်ုပ်တို့၏ မွေးဖွားမှုဆိုင်ရာ အချက်အလက်များကို အမှီပြု၍ ရေးဆွဲထားသော “ကံကြမ္မာဦးတည်ချက်၏ တိုင်ကြီး လေးတိုင်”သည် ကံကြမ္မာဦးတည်ချက်၏ ဖွဲ့စည်း ပေါင်းစပ်မှုကို အဘယ်သို့ရောင်ပြန်ဟပ်သည်ဆိုခြင်းကို နားလည်ဖို့ မကြိုးစားမီ တရုတ် ပြက္ခဒိန် နောက်ခံတရားနှင့်အဆင်တန်ဆာများ တပ်ဆင်ထားပုံကို အကျဉ်းချုပ်အားဖြင့် ရှင်းလင်းဖော်ပြခွင့်ပြုစေလိုပါသည်။
* Four Pillars of Destiny
တရုတ်ပြက္ခဒိန်ကို နားလည်သဘောပေါက်ရေး
တရုတ်တို့သည် တစ်ခုနှင့်တစ်ခု မတူသော ပြက္ခဒိန် စနစ်နှစ်ခုကို ထားရှိကြ လေသည်။ ရိုးရိုးလူများ အသုံးပြုကြသော စစ္ဆိမာသပြက္ခဒိန် ခေါ် လသွားကို အခြေပြု ၍ တွက်ချက်ထားသော ပြက္ခဒိန်ဖြစ်သည်။ တစ်နှစ်လျှင် ၁၂လ ခွဲထားပြီး လမင်းက ကမ္ဘာကိုပတ်သည့် ရွေ့လျားမှုကို အခြေခံသည်။ နောက်ထပ် ပြက္ခဒိန်တစ်ခု ရှိသေးသည်။ ထိုပြက္ခဒိန်မှာ နေ့ရက်များကို တွက်ချက်ဖော်ပြရုံသာမက ကောက်ပဲသီးနှံ စိုက်ပျိုးရေးနှင့် ရှေ့ဖြစ်ဟောရေးများအတွက်လည်း အသုံးပြု၏။ ဤသူရိယမာသ ပြက္ခဒိန် ၅ ခေါ် နေသွားနှင့် တွက်ထားသည့် ပြက္ခဒိန်ကို တရုတ်တို့က ဆီယာပြက္ခဒိန်၆ ဟု ခေါ်ဝေါ်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝက ပေါ်ထွန်းခဲ့သည့် ဆီယာမင်းဆက်လက်ထက်က မှတ်တမ်း များတွင် တွေ့ရှိရသော ပြက္ခဒိန်ဖြစ်သောကြောင့် ဤသို့ ခေါ်ဝေါ်ကြခြင်း ဖြစ်ပေ၏။
ဆီယာ ပြက္ခဒိန် နှင့် စန္ဒမာသ ပြက္ခဒိန်တို့၏ အဓိက ကွာခြားချက်မှာ ဆီယာ ပြက္ခဒိန်သည် သူရိယမာသ ပြက္ခဒိန်ဖြစ် ၏။ အဓိပ္ပာယ်ကား ကမ္ဘာက နေကို ပတ်၍ သွားသော ရွေ့လျားမှုနှင့်အညီ နှစ်ကို ရေတွက်ထားပြီး လတစ်လစီကို ကမ္ဘာကို မှီ၍ တည်နေသော နေ၏ တည်နေရာနှင့်အညီ ခွဲဝေထားသည်။ ဆီယာ ပြက္ခဒိန်သည် တစ်ပါးနှင့်မတူ အထီးတည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အခြေခံ မဟာဘုတ် ဓာတ်ကြီးငါးပါးနှင့် နီးစပ်စွာ အမှီပြုဆက်စပ်နေသောကြောင်ပင်ဖြစ်၏။ ဤပြက္ခဒိန်မှ နှစ်တိုင်း၊ လတိုင်း၊ ရက်တိုင်းသည် တရုတ်အက္ခရာ နှစ်ခုကို အသုံးပြုသည့်နည်းဖြင့် ဖော်ပြပြီး၊ အက္ခရာတစ်ခုသည် အခြေခံ မဟာဘုတ်ကြီး ငါးပါးထဲမှ တစ်ခုဖြစ်၏။ ဥပမာသော်ကား သက္ကရာဇ် ၁၉၉၃ ခုကို ဆီယာပြက္ခဒိန်တွင် “ * ” ဟူသော တရုတ်အက္ခရာနှစ်ခုဖြင့် ပြသည်။ ပထမအက္ခရာသည် ရေဓာတ်ဖြစ်၍ ဒုတိယ အက္ခရာသည် သတ္တုဓာတ် ဖြစ်၏။ အချိန်ကာလ၏ အခိုက်အတန့် မှန်သမျှကို မဟာဘုတ် ဓာတ်ကြီး များကို အသုံးပြုသည့်နည်းဖြင့် ပြဆိုနိုင်လေသည်။ ကာလ၏အခိုက်အတန့်ကို တွက်ချက် လိုသော် နှစ်၊ လ၊ ရက်၊ နာရီ တို့သည်ကား ထိုအခိုက်အတန့်ကို စိုးမိုးသည့် ဓာတ်ကြီး ရှစ်ပါးဖြစ်တော့သည်။
ဤနည်းဖြင့် လူတစ်ယောက်၏ မွေးနှစ်၊ မွေးလ၊ မွေးရက်၊ မွေးနာရီတို့ကို ဓာတ် ၈ ပါးစီ ပါဝင်သော တိုင်ကြီး လေးတိုင် အစုံဖြင့် ပြ၍ရ၏။ ဥဒါဟရုဏ်ဖြင့် ပြပါမည်။
ခရစ်နှစ် ၁၉၁၃ ခု၊ ဇန်နဝါရီလ၊ ၉-ရက် ၂ဝဝဝ နာရီ တွင် သားယောက်ျားလေး တစ်ဦး မွေးဖွားသည် ဆိုပါစို့။ “နှစ်တစ်ထောင် ပြက္ခဒိန်” ဟူသော စာအုပ်တွင် ကြည့်ပြီးသော် ဤအခိုက်အတန့်ကို ဆီယာပြက္ခဒိန် ပုံစံထုတ်၍ ရပေသည်။ ဤအခိုက်အတန့်ကို ကိုယ်စားပြုသော တရုတ်အက္ခရာများကား အောက်ပါအတိုင်းတည်း။
၄-Lunar calendar ၅- Solar calendar ၆- Hsia calendar