Skip to product information
1 of 14

Other Websites

ဝန်ထောက်မင်းဦးမောင်မောင်ထင် - ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး(တတိယတွဲ)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး
တတိယတွဲ
အမရပူရ ဒုတိယမြို့တည်နန်းတည် ရွှေဘိုမင်းတရားကြီး
၁၂၀၃- ခု

 

မိုင်းလျဉ်းကြီးစော်ဘွားကို ရုပ်ပွားတော်နှင့် ပိဋကတ်တော်များ ပေးခြင်း

စသည်နှင့် ဥက္ကလာပသို့ ထွက်တော်မူရန် စီစဉ်ခြင်း 

          သက္ကရာဇ် (၁၂၀၃) တစ်ထောင့်နှစ်ရာ့သုံးခုနှစ် တွင် မိုင်းပျဉ်းကြီးစော်ဘွား ခေမာရဋ္ဌ မဟာနဂရပဝရရာဇာက မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော်, ပိဋကတ်စာများကို ကိုးကွယ်လိုကြောင်းနှင့် အမတ်ကြီးတို့ကို စေလွှတ်လျှောက်ထားလာရာ ဆဒ္ဒန်ဆင်မင်းသခင် ဘဝရှင် မင်းတရားကြီးဘုရားလည်း သာသနာတော် အရောင်အဝါမညှိုးမနွမ်း တညီတညွတ်တည်း ပျံ့နှံ့ထွန်းလင်းတိုးပွားရန် အကြောင်းဖြစ်သည်ကိုနှလုံးသွင်းတော်မူ၍ မြတ်စွာဘုရား ရုပ်ပွားတော်, ပိဋကတ်စာများကို ဆောင်ယူကိုးကွယ်စေ၏။

          မိုင်းလျဉ်းကြီးစော်ဘွားကိုလည်း ဆင်ပေါက် နှစ်၊ ဆင်မတစ်များနှင့် အဆောင်အယောင် ကြီးကျယ်စွာ ပေးတော်မူ၏။ စော်ဘွားသား ခေမာရဋ္ဌ မဟာဝံသရာဇာကိုလည်း မိုင်းပျဉ်းကြီးမြို့ ကျမိုင်း ခန့်တော်မူ၍ ရွှေစက် တော်ရင်းတွင် မြဲစွဲ ထမ်းရွက်စေ၏။

          ထိုသက္ကရာဇ်အတွင်း အာသံတိုင်းပြည်တွင် ရှိနေသည့် ဗန်းမော်မိဖုရား အမိ, သား တပန်းရာဇာညီတို့ ရွှေဖဝါးတော်အောက်သို့ လာလိုသည်ကို အမိန့်တော်နှင့် မိုးကောင်းမြို့ဝန်က လက်နက်သေနတ် လူသူ အကြီးအကြပ် သင့်ရာ ခန့်ထား ကြိုယူစေပြီးလျှင် ရွှေဖဝါးတော်အောက်သို့ ပို့ရောက်သည်ကို ၎င်းနှစ် တန်ခူးလပြည့်ကျော် တစ်ဆယ့်နှစ်ရက် နေ့ သမီး ဗန်းမော်မြို့စားမိဖုရား သီရိအတုလ မဟာရတနာဒေဝီကို လှေတော် လှေလောင်း သင့်ရာ မှူးမတ်အရာရှိတို့နှင့် မင်းကွန်းရောက် ကြိုယူစေ၍ ၎င်းနေ့ သမီး-မိဖုရားနှင့်အတူ ရွှေနန်းတော်သို့ အဖူးအမြော် ဝင်ရသည်။ နောက် ဗန်းမော်မိဖုရားအမိကို သမီးမိဖုရားဝန်အိမ်တွင် နေစေသည်။ မောင် တပန်းရာဇာညီကိုလည်း မင်းရဲဇေယရာဇာ-အမည်နှင့် မိုးကောင်းမြို့အဝင် မော်လူးမြို့ကို မြို့စားပေးတော်မူ၏။ 

          မြစ်လောင်း ဥယျာဉ်တော်အထက် မြစ်ငယ်ကသည် တောင်သမန်အင်းရောက် သားတော်ပုခန်းမင်း ကြီးကြပ် တူးဖောက်စေသည့် မြောင်းကို ၎င်းနှစ်နယုန်လဆန်းတစ်ဆယ့်တစ်ရက်နေ့ဘဝရှင်မင်းတရားကြီးဘုရား ထွက်တော်မူ၍ ကြည့်တော်မူသည်။

          ထိုသက္ကရာဇ် တော်သလင်းလ ဥက္ကလာပသို့ စုန်တော်မူမည်ကို နှစ်စင်းတွဲ ပြည်ကြီးမွန်ဖောင်တော် လှော်ကားတော်မှစ၍ မင်း မိဖုရား မင်းညီမင်းသား မှူးတော်မတ်တော်တို့ လှော်ကား, သမွန်, ရဲလှေ, သားလှေ ငှက်လှေများကို နယုန်လကစ၍ အသီးအသီး လုပ်ဆောင်ပြင်ဆင်ကြရ၏။ ဥက္ကလာပမြို့သို့ အလျင်ချီနှင့်စေရန် ဆင်တပ်တော်များတွင် ဘွဲ့ အမည်နှင့် ဆင်တော်ကြီးများကို စာတမ်းထွက်အတိုင်း ဦးဆေးမင်္ဂလာပြုစေ၍ ဆင် ဝန်ထောက် နေမျိုးနော်ရထာ, နေမျိုးရန်အောင်တို့ကို မှူးကြီးချုပ်အုပ်စေပြီးလျှင် ယင်းသည့် နယုန်လပြည့်ကျော် လေးရက်နေ့ နေပြည်တော် အမရပူရမြို့က ချီထွက်ရ၏။

 

 

မတ္တရာမင်းသားကို သုံးဆယ်မြို့ပေးခြင်း စသည်များနှင့်

 ကျိုင်းတုံက သမီးကညာ ဆက်ခြင်း 

          ၎င်းနယုန်လ ဘိုးတော်မင်းတရား သားတော် ပုခန်းမင်းသား- သား မတ္တရာမင်းသား မဟာဓမ္မရာဇာကို မတ္တရာမြို့နှင့်လဲ၍သုံးဆယ်မြို့ကိုမြို့စားပေးတော်မူ၏။ ယင်းသည့်သက္ကရာဇ်ဝါဆိုလဘိုးတော်မင်းတရားသားတော် သံတွဲမြို့စား ဟောင်း မင်းသားကို တိုက်ကုလားမြို့ကို မြို့စားပေးတော်မူ၏။

          ထိုသက္ကရာဇ် ဝါဆိုလအတွင်း အထက်ရဇ္ဇာဘိသေက ဗုဒ္ဓါဘိသိက် ခံမည်တွင် ရှေးထုံးစံနှင့်အညီ ထီးရံနန်းရံ စော်ဘွားမြို့စားတို့ကို ခေါ်ရာ ကျိုင်းရုံးကြီးသေဉ်ဝီဘွား ရာဇပွတ် မလာမရောက်၍ အခေါ်စေလွှတ်ရာ ကျိုင်းရုံးကြီးသေဉ်ဝီဘွားသည် ကျိုင်းရုံးကြီးမြို့ ကတိတ်တဆိတ်ထွက်ပြေး၍ ဂန္ဓာလရာဇ်တိုင်းတရုတ်ဥဒည်မင်းနိုင်ငံ အနောက် မျက်နှာ မိုင်းဆည်စုန်းတူ တရုတ်ဗိုလ်တို့ထံ ကပ်ခိုနေကြောင်းနှင့် အခေါ်စေလွှတ်သူတို့ လျှောက်ထားကြားသိတော်မူရာဆဒ္ဒန်ဆင်မင်းသခင်ဘဝရှင်မင်းတရားကြီးဘုရားလည်းကျိုင်းရုံးကြီး‌ ‌သေဉ်ဝီဘွားငယ်သည် ဘိုးတော်မင်းတရား နောင်တော်မင်းတရားတို့လက်ထက် အဘဖြစ်သူ မဟာဝင်း ရွှေစက်တော်ရင်းသို့ လာရောက်ထမ်းရွက်သူဖြစ်၍ လူတစ်ဆယ့်နှစ်ပနားနှင့်တကွ ဇောတိနဂရ တိုင်းအလုံးကို သေဉ်ဝီဘွားအရာ ခန့်ထား ဘွားစားစေသည်၊ ငါ့ရွှေလက် ထက်တော် အဘမဟာဝင်း မရှိလျှင် ရွှေစက်တော်ရင်းသို့ လာရောက် သစ္စာတော်ခံ သောက်ရာ အမှုတော်ကို ဖြောင့်ဖြောင့်ရိုးရိုး ထမ်းရွက်သူ မဟာဝင်း သားဖြစ်၍ ဆောင်ကြီးရွက်ကြီးနှင့်တကွ အဘအရာ ဇောတိနဂရတိုင်း တစ်တိုင်းလုံးကို သေဉ်ဝီဘွား ခန့်အပ်တော်မူသည်ကို ထီးရံနန်းရံ စော်ဘွားဖြစ်လျက် မလာမရောက် ကျေးဇူး သစ္စာတော်ကို မစောင့်၊ မြို့ရွာကို ပစ်ခွာ ထွက်သွားသူဖြစ်သည်-အမိန့်တော်ရှိပြီးလျှင် ဇောတိနဂရ မဟာဝံသ ရာဇာခံ-ရာဇပွတ်ကို သေဉ်ဝီဘွားအရာကနုတ်၍ ဥပရာဇာ နော်ခန်းကို ဇောတိနဂရ မဟာဇေယရာဇာအမည်နှင့် အဆောင်အရွက် ပေးပြီးလျှင် ကျိုင်းရုံးကြီးသေဉ်ဝီဘွား ခန့်ထားတော်မူ၍ သစ္စာတော်ကို ခံသောက်စေ၏။

          ထိုနှစ်သက္ကရာဇ် ဝါဆိုလဆန်း တစ်ဆယ့်ငါးရက်နေ့ဘိုးတော်မင်းတရားသမီးတော်ကြံညှပ်မြို့စားမင်းသမီး ကံကုန်သည်ကို ကောင်းမွန်အောင် သင်္ဂြိုဟ်ရ၏။ ကြံညှပ်မြို့ကိုလည်း သမီး ပန်းတောင်းမင်းသမီးကို မြို့စား ပေးတော်မူ၏။ မြတောင်မြို့စားသမီးကိုလည်း ကသာမြို့ကို မြို့စားပေးတော်မူ၏။ 

          ဥက္ကလာပမြို့သို့ ချီထွက်တော်မူရန် နှစ်စင်းတွဲပြည်ကြီးမွန်ဖောင်တော်, လက်ရွေးကြီး, လက်သစ်မှစ၍ ဖောင်တော်လှေတော် အလုပ်အဆောင် ပြီးပြေသည်ကိုလည်း ထွက်တော်မူ၍ ၎င်းလဆန်း တစ်ဆယ့်သုံးရက်နေ့ ပြည်ကြီးမွန်ဖောင်တော်, တစ်ဆယ့်လေးရက် နေ့ လှော်ကားတော်ကြီး လေးစင်းများကို အခမ်းအနားနှင့် သိမ်းတော် မူ၏။

          ထိုသက္ကရာဇ် ဥက္ကလာပမြို့သို့ စုန်တော်မမူမီ ဝါခေါင်လအတွင်း ရန်ပုံခွင်းအမြောက်တော်ကို လှည်းစခုံ အသစ် ပြင်ဆင်တင်ဆောင်ပြီးလျှင် အမိန့်တော်နှင့် စာတမ်းထွက် ထုံးစံအတိုင်း ဒေါကွန်းဒေါကနက် နတ်ကို ဖျင်ဖြူ၊ ဖျင်နီ, နှီးခေါက်, သင်ဖြူး, ငှက်ပျောပွဲစုံ, သေဖိုသေမ, ကြက်ဖိုကြက်မ, အမွှေးအထုံ, တစ်ကျွန်းပုဆိုး ပန်းပုဆိုး, ပန်းဆိုးခေါင်းပေါင်း, အမြောက်တော်ဖုံးရန် ပန်းဆိုးဖျင်, အမြောက်လည်ရစ် ပန်းဆိုးပဝါ, အတီး အမှုတ် အကအခုန်များနှင့် နတ်အုပ်နတ်ထိန်းတို့ကို ပသတင်ကြားစေ၏။

          ၎င်းနှစ် တော်သလင်းလ ရွှေမြို့တော် အနောက်ပြင် သာယာကုန်း အရပ်တွင် တည်လုပ်တော်မူသည့် သင်္ဘောတော်ကို ရွှေဟင်္သာအမည် သမုတ်တော်မူ၍ ရေသို့ ချတော်မူသည်။ 

          ယင်းသည့်သက္ကရာဇ် တော်သလင်းလအတွင်း ကျိုင်းတုံစော်ဘွားက အပြင်အလျာနှင့်ပြည့်စုံသော သမီးကညာ ဆက်ရောက်သည်ကို စော်ဘွားကြီးတို့သမီးကို ဆက်သွင်းသည့်နည်း ဆက်သွင်းစေပြီးလျှင် မိုးမိတ်မြို့ကို မြို့စား ပေးတော်မူသည်။ မောင် ဥပရာဇာကိုလည်း ရွှေစက်တော်ရင်းတွင် မြဲစွဲထမ်းရွက်စေ၍ မိုးမိတ်စော်ဘွား ခန့်တော်မူ၏။

          ယင်းသည့် တော်သလင်းလအတွင်း ကျိုင်းတုံစော်ဘွားက လှံစကြာ အဆက်အသ ရောက်သည်ကို ကြိုယူမြဲ ကြိုယူဆက်သွင်းစေ၏။ ၎င်းလအတွင်း မှန်နန်းတော် အနောက်ဆောင်တွင် သာသနာပြု ဆရာတော်နှင့် သံဃာတော် လေးဆယ့်ရှစ်ပါးကို ပရိက္ခရာအစုံ ဆွမ်းစမဲလှူတော်မူ၍ တရားနာတော်မူ၏။

 

ဥက္ကလာပသို့ ထွက်တော်မူမည် ဖြစ်၍ အစောင့်အနေ ခန့်ထားခြင်း

စသည်နှင့် ရမ္မာဂီရိတောင်ထိပ်၌ သိမ်သမုတ်ခြင်း 

ထိုသက္ကရာဇ်အတွင်း ဥက္ကလာပ ဒဂုံဆံတော်ရှင်စေတီကို ဖူးမြော်လှူဒါန်းလိုသည့် ဆန္ဒတော်ရင်း ရှိသည်တွင် သိုက်ဓာတ်ကိန်းခန်းနှင့် အညီရာမညတိုင်းဥက္ကလာပမြို့တွင်စံတော်မူရန်ရွှေနန်းတော်ကြီးကြပ်ဆောက်လုပ်စေသည့်ဝန်ထောက်အသည်ဝန်မင်းကြီး မဟာစည်သူကလည်း ပြာသာဒ်တော်,မှန်နန်းတော်,ဥကင်ရာဇပလ္လင်နှင့်တကွ အဆောင်ဆောင်သော ရွှေနန်းတော်, တိုက်တန်းတင်ကုပ် အလုံးစုံ အလုပ်အဆောင် ပြီးပြေကြောင်းနှင့် လျှောက်ထားလာရာ ဘဝရှင် မင်းတရားကြီးဘုရားလည်း ဥက္ကလာပမြို့သို့ ထွက်စံတော်မူမည်ကို နေပြည်တော် အမရပူရမြို့မှ စ၍ နိုင်ငံတော် အစွန်အဖျား မြို့ကျေးရွာများ၌ အစောင့်အနေ ခန့်ထားစည်းကြပ်ရသည်ကား-

          တလုပ်မြို့ဝန် မင်းလှသီဟသူ, နတ်ရှင့်ရွေးသေနတ်ဗိုလ် မဟာမင်းလှမင်းခေါင်ကျော်တို့နှင့် တလုပ်မြို့၊ ဒီပဲယင်းမြို့၊ ပဉ္စာလမြို့၊ ရမည်းသင်းမြို့၊ ကန္နီမြို့၊ လယ်ကိုင်းမြို့၊ ကျောက်ပန်းတောင်းမြို့၊ ကောလင်းမြို့၊ မြို့ကျေး ရွာ သေနတ်အမှုထမ်း၊ တောင်တွင်းကြီး တောင်ဒဝယ်, မြောက်ဒဝယ်၊ အလုံ တောင်ဒဝယ်, မြောက်ဒဝယ်၊ နတ်ရှင့်ရွေး၊ ရွှေပြည့်မှန်ကင်း၊ တောင် မာရဘင်, မြောက်မာရဘင်၊ နန်းဦးနောက် ဝန်းကျင်၊ လက်ကောင်း လက်သစ်၊ ရွှေပြည်၊ ကုလားပျိုအစု သေနတ်အမှုထမ်း၊ ရွှေလှံဝဲယာ၊ ခြောက်ထောင်လေးပါ အစုစုအမှုထမ်း လူလေးထောင်ကျော်၊ မြင်းတပ်ဗိုလ် မြင်းခေါင်းမြင်းစီးတို့နှင့် မြင်းစုကြီး၊ နောက်တော်ပါမြင်း၊ ရဲဘက်မြင်း၊ ရွှေပြည့်ရန်အောင်မြင်းအမှုထမ်းလူငါးရာကျော်၊စုစုမြင်းသေနတ်အမှုထမ်းလူလေးထောင့်ငါးရာကျော် ခန့်ထား ပေးအပ်ပြီးလျှင် ဝန်ထောက်မင်းကြီး မဟာသင်္ကြ တရားသူကြီး မင်းကြီးမင်းကျော် မဟာနော်ရထာ, မြို့ဝန်မင်းကြီး မဟာမင်းလှသီရိတို့နှင့် ဝန်ကြီး သတိုးမင်းလှကျော်ထင်ကို နေပြည်တော် အမရပူရမြို့တွင် အစောင့်အနေ ခန့်တော် မူပြီးမှ သံလွင် အရှေ့ဘက်, အနောက်ဘက် ရှမ်းကိုးပြည်ထောင် မြို့ကျေးရွာများလည်း အငြိမ်အဝပ်ရှိအောင် နောက်တော်မပါ ကျန် စော်ဘွားမြို့စား တပ်ပေါင်းစားတို့နှင့် မိုးနဲတပ် စစ်ကဲကြီး မင်းကြီးမဟာမင်းထင်သီဟသူ, မင်းကြီး မဟာမင်းကျော်သူရိန်တို့ကို မိုးနဲမြို့တွင် ရပ်နေစေ၏။

          အညာတစ်ပြင် မြို့ကျေးရွာများမှာလည်း မြို့ရွာ အင်အားအလျောက် ခန့်ထားစည်းကြပ်စေ၍ ဗန်းမော်မြို့ဝန်မင်းကြီး မဟာမင်းလှသီဟသူကို ဗန်းမော်မြို့က ရပ်နေစေ၏။

           အနောက်ဘက်တစ်လွှား ရခိုင်လူမျိုးတို့နေရာ ဓညဝတီ အနီးအစပ် မင်းတုန်းတောင်စဉ်ခုနစ်ခရိုင် စလင်းမြို့ မှာလည်း မြို့ရွာအမှုထမ်းလူတို့နှင့် တောင်စဉ်ခုနှစ်ခရိုင် မြို့ဝန် မဟာမင်းလှကျော်ထင်, စလင်းမြို့ဝန် မင်းကြီး မဟာမင်းလှသူရိန်တို့ကို ဝန်စုမြို့ကျေးရွာ အမှုထမ်း လူတို့နှင့် မင်းတုန်း တောင်စဉ်ခုနစ်ခရိုင် မြို့ လမ်းပေါက် လမ်းများက အစောင့်အနေ ခန့်တော်မူ၏။

          ဥက္ကလာပမြို့သို့ ချီတော်မူမည်ကို ဖောင်ပန်းလှေတက်, ဆင် မြင်း ရထား ခြေသည် စစ်အင်္ဂါလေးပါး ကြည်းတပ် ရေတပ် အခင်းအကျင်းများကို ခန့်ထားစည်းကြပ်ရသည့် တပ်တော်အစီအစဉ်ကား ... ရှေ့ဖျား လူသုံးပါးတို့အထွတ်အထိပ်ဖြစ်တော်မူသောမြတ်စွာဘုရားရုပ်ပွားတော်ရှင်ဖြူဘုရား၊ဘုရားဟောပိဋကတ်ကျမ်းဂန် ဓမ္မခန္ဓာတော်၊ ဧတဒဂ်ရ ရဟန္တာရုပ်ပွားတော် ဆူရေရှစ်များကို အဖြူခြယ်သမွန်တွင် တင်ဆောင်၍ ရွှေလောင်းလက်ပြည့်နှစ်စင်း ငင်စေပြီးလျှင် တပ်ဦးတော်က ဝတ်မြေဝန်, ဝတ်မြေစာရေးတို့ ကြပ်မ ပင့်ဆောင်ရ၏။

          ယင်းသည့်နောက် ဖောင်ပန်းလှေတက်သမ္ဗန်တော်, ကတ္တုလွန်းကြင်, သားလှေ ငှက်လှေ အပေါင်းတို့နှင့် အမြင့်မြို့ တောင်သာမြို့, အလ္လကပ္ပမြို့၊ မြို့သာမြို့ ပြည်မြို့ မြို့ကျေးရွာ သေနတ်စွဲ သူရဲအမှုထမ်း တစ်ထောင့် ငါးရာကျော်နှင့် သားတော် ပြည်မင်းတပ်၊ ယင်းသည့်နောက် တိုက်ကုလားမင်းသား တပ်၊ ယင်းသည့်နောက် မြင်ကွန်းမင်းသားတပ်၊ ယင်းသည့်နောက် သီပေါမင်းသားတပ်၊ ယင်းသည့်နောက် သုံးဆယ်မင်းသားတပ်၊ ယင်းသည့် နောက် တရုပ်ဖော်မင်းသားတပ်၊ ယင်းသည့်နောက် နောင်တော် ရတနာပူရ စတုတ္ထမြို့တည်နန်းတည် မင်းတရား တပ်မှာ နောင်တော်မင်းတရားကို မှန်စီသမွန်တော်တွင် စံတော်မူစေ၍ ရွှေလှေ ဝဲယာ လက်ပြည့်နှစ်စင်း ငင်စေပြီးမှ နောင်တော်မင်းတရားသမီးတော် စီးတော်မူသည့် သမ္မန်တော်၊ မင်းကိုယ်လုပ်တော်ကြီး မကွေးမြို့စားနှင့် ကိုယ်လုပ် မောင်းမတို့ စီးစေသည့် သမွန်၊ ဘဏ္ဍာတင်ဖောင်များကို အတွင်းဝန် ဇရွံ့မြို့စား မင်းကြီး မဟာမင်းလှနော်ရထာ, စီးတော်မြင်းဝန် မင်းကြီး မဟာမင်းလှသင်္ခယာတို့ ကြီးကြပ်လိုက်စေ၏။

          ယင်းသည့်နောက် ကတ္တုလွန်းကြင်, သားလှေ, ငှက်လှေများတွင် မြို့ဝန် ပုဏ္ဏားဝန် မင်းကြီးမဟာသီရိသီဟသူ, ထောင်မှူး၊ မြို့စာရေးတို့နှင့် ရှေ့ရုံးတော်တပ်၊ ယင်းသည့်နောက် လှေတော်များတွင် လှည်းစကြာတင် မင်္ဂလာ အမြောက်တော်ကြီး နှစ်၊ ၎င်းပြင် လှည်းစကြာတင် အမြောက်သုံးဆယ်ကျော်၊ ဘရင်ဂျီပသီကုလား အမြောက်အမှုထမ်း လူတစ်ရာကျော်တို့နှင့် အမြောက်တပ်တော်တွင် အမြောက်ဝန် အမြောက်မှူးတို့ကို ကြီးကြပ် လိုက်စေ၏။

          ယင်းသည့်နောက် ဖောင်တော်, လှေတော်, ကတ္တုလွန်းကြင်, သားလှေ, ငှက်လှေတို့နှင့် ရှေ့ဝင်းအလံဖြူ၊ ဟန်စည်ဟန်မောင်းပါ၊ နောက်ပြီး အမြောက်တော်ကြီး ခြောက်၊ ရွှေဒိုင်း ရွှေလွှား ရွှေကာ၊ မိုးနဲရွှေလှံကိုင် ကောင်ဟန် အမှုထမ်း၊ ရွေးလက်ယာသေနတ်၊ ရွှေပြည်သေနတ်၊ ပဉ္စာလမြို့ကျေးရွာ အမှုထမ်းသေနတ် အစုစုအမှုထမ်း သေနတ်စွဲ သူရဲတစ်ထောင်ကျော်ကို ရှေ့ဝင်းတော်မှူး မင်းကြီးမဟာမင်းခေါင်ကို တပ်မှူး, ရှေ့ဝင်းစချီ နေမျိုးသိင်္ခကျော်သူကို စစ်ကဲ, ရှေ့ဝင်းစာရေး နော်ရထာကျော်သူကို နာခံ, ဒိုင်းစာရေး နော်ရထာရန်အောင်ကို တပ်ရေး ခန့်ထားလိုက်ရ၏။

          ယင်းသည့်နောက် လက်ယာဝင်း အလံစိမ်း၊ ဟန်စည်ဟန်မောင်းပါ၊ နောက်ပြီး အမြောက်တော်ကြီး ခြောက်၊ ရွှေဒိုင်း ရွှေလွှား ရွှေကာ၊ မိုးနဲ ရွှေလှံကိုင် ကောင်ဟန်အမှုထမ်း၊ နတ်စုလက်ဝဲသေနတ်၊ လက်ယာဝင်း ဘုန်းတော်ဖြစ် သေနတ်အမှုထမ်း၊ စုစုအမှုထမ်း သေနတ်စွဲသူရဲ လူတစ်ထောင်ကျော်ကို လက်ယာဝင်းမှူးကြီး မင်းကြီး မဟာမင်းလှမင်းထင်ကို တပ်မှူး၊ ဝင်းစချီ နေမျိုးရဲတင်ကျော်ကို စစ်ကဲ, ဝင်းစာရေး ရွှေတောင်ရဲထင်ကို နာခံ, ဒိုင်းစာရေး ရွှေတောင်ရဲသူ-ရွှေတောင်ကျော်ထင်တို့ကို တပ်ရေး ခန့်ထားရ၏။

          ယင်းသည့်နောက် ဝန့်ရှင်တော် ယောမြို့စား ဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်၊ ကောင်းတုံမြို့စား ဝန်ကြီး သတိုးမင်းရဲရာဇာ၊ ပင်းမြို့စား ဝန်ကြီး သတိုးအတုလ မင်းကြီးမဟာဗန္ဓုကျော်၊ မြဝတီမြို့စား ဝန်ကြီး သတိုးမင်းလှမင်းခေါင်၊ ဝန်ထောက် သုံးဆယ်ကင်းစား မင်းကြီးမင်းလှသီဟသူ ၊ မင်းကြီး မဟာသီဟသူ၊ နာခံ၊ စားရေးကြီး၊ အမိန့်တော်ရေး၊ အမှာရေး၊ အသုံးစာရေး၊ အဝေးရောက် လွှတ်တော်အရာရှိတို့နှင့် လွှတ်တော် တပ်။     ယင်းသို့ အနေအထားကျ ခန့်ရန်စီစဉ်စေပြီးမှ ရှေ့ချီတပ်တော်တွင် သားတော်ပြည်မင်း သီရိမဟာသီဟသူရ ဓမ္မရာဇာကို ဗိုလ်မှူး ဗိုလ်ချုပ် ခန့်တော်မူ၏။

          ယင်းသည့်နောက် တပ်မတော်တွင် သူရဲကြီးအလံ၊ ရဲတံခွန်အလံ၊ ဝင်းမှတ်အလံ၊ ဟန်စည်ဟန်မောင်းပါ။ ရွှေဒိုင်း ရွှေလွှား ရွှေကာ၊ အတွင်းပြင် သွေးသောက်လတ်၊ လေးဆယ်တော်ငါးဆယ်ကျော် သွေးသောက်စုတို့ကို သူရဲကြီးမှူး နေမျိုးရဲထင်ကျော်စွာကို တပ်မှူး၊ နေမျိုးသီဟကျော်သူကို စစ်ကဲခန့်တော်မူ၍ ယင်းသည့်နောက် ရွှေသိုင်း၊ ရွှေလေး၊ မိုးကြိုးစွဲ၊ မင်းဝံကုလားပျို၊ ရွှေပန်းရွှေဓားစွဲ၊ မင်္ဂလာစည်တော် မောင်းတော်၊ မင်္ဂလာအမြောက်၊ ရှေ့တော်ပြေး ဝင်စည်တော်၊ ရွှေဓားစည်၊ ဟန်လင်းစည်၊ ဆင်တော်သည်၊ နာရီအစု၊ စီးတော်ဆင်နှစ် ဦးစီးနောက်ပံ့ အစုံနှင့်ဆင်ဝန်မင်းကြီးမဟာမင်းကျော်မင်းထင်,ဆင်ဝန်ထောက်နေမျိုးဇေယနော်ရထာ,စီးတော်မြင်းရထားတော်ကမြင်းမှာ မြင်းစာရေး နေမျိုးသီရိကျော်ထင်, မြင်းခံ နေမျိုးလက်ဝဲပတေ့, နေမျိုးလက်ယာပတေ့, ပြာသာဒ် ရထားတော်ကြီး၊ ထီးဖြူစိုက် ရထားတော်များမှာ နောက်တော်ပါ မြင်းအစုရေးတို့ ဝန်စုဆိုင်ရာ အသီးအသီး သားလှေ ရဲလှေ ဆင်ဖောင် မြင်းဖောင်များတွင် တင်ဆောင်ကြီးကြပ် လိုက်ရ၏။

          ယင်းသည့်နောက် အတွင်းကိုယ်ရံတော် တုတ်ရဲသေနတ်၊ သစ်ဆိမ့် ဗညားသေနတ်၊ ခြောက်ထောင်လေး၊ မင်းရွာလေး၊ ထီးလင်းလေး၊ နတ်စုလက်ယာ သေနတ်၊ လက်ဝဲကြောင်း သေနတ်၊ လက်ယာကြောင်း သေနတ်၊ လင်းဇင်းသေနတ်၊ ရွှေလှံဝဲယာ၊ အလုံ နောက်ဖြည့်သေနတ်၊ နောက်ဝန်းကျင်သေနတ်၊ ရွှေပြည့်မှန်ကင်းသေနက်၊တောင် မာရဘင်သေနတ်၊ မြောက် မာရဘင်သေနတ်၊ တောင် တစ်ရာ့ငါးဆယ် သေနတ်၊ မြောက် တစ်ရာ့ငါး ဆယ် သေနတ်၊ အလုံ တောင်ဒဝယ် မြောက်ဒဝယ် သေနတ်၊ တောင်တွင်းကြီး တောင်ဒဝယ် မြောက်ဒဝယ် သေနတ်၊ ဘိကျပ်လက်စွဲ၊ ပလိုင်းလက်စွဲ၊ နန်းဦးသေနတ်အစု အမှုထမ်းတို့ကို အစုဆိုင်ရာ သေနတ်စာရေးတို့ အသီးအသီး ရဲလှေတိုက်လှေများနှင့် ကြီးကြပ်ချုပ်အုပ်စေ၍ သေနတ်ဝန် မင်းကြီး မဟာဇေယသူရကို တပ်မှူး နေမျိုးသူရိန်ကို စစ်ကဲ, နေမျိုးဗလကျော်သူကို နာခံ, ရဲထင်ရန်အောင်- ရဲခေါင်နော်ရထာတို့ကို တပ်ရေး ခန့်ထား လိုက်ရ၏။

          ယင်းသည့်နောက်ရှေ့တော်ပြေးစည်တော်စုံတင်၍သာရဗိမာန်,သာရကာ,အီကင်း,ကမကော်လှေတော်လေးစင်းကိုရွှေတက်လက်ပြည့်နှင့်ရတနာဖောင်တော်ရှေ့ဝဲယာ၊ပြည်လုံးအံ့,ရွေးကြီး,လက်သစ်,လှော်ကားတော်ကြီး သုံးစင်းမှာ-လှေဆောင်ရတနာ ပြာသာဒ်တော် ယဉ်ထီးဖြူစိုက်၊ လက်ရွေးကြီး လှော်ကားတော်မှာ ရတနာ ထမ်းစင်တော် တင်ဆောင်၍ ယဉ်ထီးဖြူတော် ယပ်မားတော်များကို စိုက်ဆောက်ပြီးလျှင် ရတနာရွှေဖောင်တော် ရှေ့ ဝဲယာ၊ လင်းဇင်းလှေတော်မှာ ပုံမောင်းနရည်းဆရာစုံ တင်ဆောင်၍ ဖောင်တော်ရှေ့၊ ၎င်းပြင် လှော်ကား တော်များတွင် မဟာသတ္တရုဇေယ အမြောက်တော်, ခန့်တိုင်းရောက် အမြောက်တော်များကို တင်ဆောင်ပြီးလျှင် ရတနာရွှေဖောင်တော် ရှေ့ ဝဲယာ စီစဉ်ခင်းကျင်း၍ လိုက်ကြရ၏။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)