Skip to product information
1 of 14

Other Websites

ဝင်းမောင်သမိုင်း - ဒေါက်တာသန်းထွန်းအကြောင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အမှာစာ (သို့) ဖတ်စာ (၃)

 

          ဆရာ၃ဝနိုဝင်ဘာ၂၀၀၅မှာဆုံးတယ်။ ရှစ်နှစ်ပြည့်တော့မယ်။ ကျွန်တော်တို့အဖို့မှာတော့လွမ်းမပြေနိုင်သေးပါဘူး။ ဆရာဆုံးတဲ့အချိန်ဆရာ့ဇနီးသည်ဒေါ်ခင်ရီ(ကျွန်တော်တို့က မမရီလို့တရင်းတနှီး တလေးတစားခေါ်ကြပါတယ်) ရဲ့အပူမီးကို သွားစာနာမိပါတယ်။ ဒီလိုပဲ တပည့်တပန်း တွေအနေနဲ့လည်း ဆရာ့ကို နှမြောတသမိသလို လွမ်းလည်းလွမ်းဆွတ်မိကြပါတယ်။

          ဆရာ့ရဲ့ဝင်းပတဲ့မျက်နှာကပြုံးတုံ့တုံ့အမူအယာတွေ၊ ရယ်လိုက်ရင် မျက်စိပေါက်မှေးမှေးနဲ့တခစ်ခစ်ရယ်တတ်တာတွေ၊ မထုံတဝှေ့သရော်တော်တတ်တာတွေ၊ တစ်တစ်ခွခွအဆိုအပေါက်တွေ၊ ဒါတွေကိုမြင်ယောင်ကြားယောင်ဖြစ်လာ မိပါတယ်။ 

          “ဒီတစ်ခါတော့ သောင်းကိုတို့ကတော့ အတော့်ကိုသေချာတာပဲ”လို့ပြောတတ်တယ်။ သူ့ရဲ့“သေချာ”ဆိုတဲ့စကားအသုံးအနှုန်းကို “သေ” ရယ် “ချာ” ရယ်ခွဲပြီး လေးလေးပင်ပင်နဲ့ “လှောင်စကား” ဆိုပါတယ်။ သူသုံးနှုန်း တဲ့ “သေချာ” ဆိုတာ “သေချာတယ်၊ သေညံ့တယ်၊ အသေဖျင်းတယ်” လို့ဆိုလိုတာပါ။ “သေချာ” လို့ အသံမထွက်ဘဲ “သေ- ချာ” လို့ပီပီသသ အသံထွက်ပြတာပါ။ ဒီလိုသရော်တဲ့စကားတွေနဲ့ သူ့တပည့်အားလုံးကို အမြဲ ပြောနေကျ၊ ဆိုနေကျပါ။ ဒီစကားသံတွေကို ကျွန်တော်တို့သိပ်လွမ်းတယ်၊ သိပ်ပြန်ကြားချင်နေကြတယ်။

          ဒီလွမ်းစိတ်နဲ့ ဆရာနဲ့နေခဲ့ရတဲ့အချိန်တွေပြန်ပြောင်းတွေးပြီး ဖြေကြည့် တယ်။

          “မင်းတို့ကတော့ကွာ၊ငါလေးလေးနက်နက်အပင်ပန်းခံပြီးရေးတဲ့သုတေသနစာတမ်းမျိုးကိုတော့ဘာမှမပြောဘူး၊ငါပေါက်တတ်ကရတွေလျှောက်ရေးထားတာကိုတော့ကြိုက်နေကြတယ်”လို့ဆိုတဲ့ဆရာရဲ့ငါပြောချင်သမျှငါ့အကြောင်းပြန်ဖတ်တယ်။“ဒေါက်တာသန်းထွန်းမှာတော့ဟိုဟာကြီး”လို့ခေါ်တာအကြိမ်ကြိမ်ပါဘဲ။ “ဟိုဟာကြီး” ဆိုတာကိုက ချစ်စနိုးသံထွက်နေတယ်။ ရေးတတ်လိုက်တာ မမရီရယ်။

          အဲ.. ခုလည်းသိပ်ရေးတတ်သူတစ်ယောက်ပေါ်လာပြန်ပါပြီ။ အင်မတန် အလူးသန်” တဲ့ ဝင်းမောင် (သမိုင်း) လေ။ ဒီစာအုပ်မှဝင်းမောင်ကဆရာ့ကိုသူ့ရင်ထဲနှစ်ပြီးသူ့ရင်ထဲမှာပဲဆရာနဲ့သူနှစ်ယောက်ထဲကမ္ဘာသစ်တစ်ခုတည်ပြီးဆရာကသူ့ကိုဆုံးမလိုက်၊ဩဝါဒပေးလိုက်၊သွန်သင်လိုက်၊ သမိုင်းပညာရှင်ဖြစ်အောင်ထုဆစ်လိုက်၊ လုပ်နေပုံကိုစေ့စေ့စပ်စပ် ဖော်ပြထားတယ်။

          ဆရာ့ရဲ့ ရုပ်သွင်ဟန်ပန်၊ ဆရာ့ရဲ့အပြုအမူ၊ အပြောအဆို၊ ဆရာ့ရဲ့ ဓလေ့ စရိုက်တွေကိုရေးပြတယ်။ဆရာ့ရဲ့ သုတေသနအလုပ်တွေ လွန်လွန်ကဲကဲ လုပ်ပုံတွေ၊ “ကြောက်စရာကောင်းလောက်အောင် အလုပ်လုပ်တဲ့လူ” လို့ ပညာရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခဟောင်းဦးသန်းထွတ်က လက်ဖျား တစ်ခါခါပြောယူရလောက်အောင် လွန်လွန်ကဲကဲ အလုပ်လုပ်ပုံတွေ၊ အပင်ပန်းခံရမယ်၊စေ့စပ်သေချာရမယ်၊ ဒါမှထူးချွန်မယ်”လို့ဆရာကိုယ်တိုင်ပြော၊ပြောသလို တကယ်အလုပ်လုပ်ပုံတွေ ဝင်းမောင်ရဲ့ဒီစာအုပ်မှာ အထင်းသားတွေ့ရအောင် ဝင်းမောင်လက်စွမ်းပြထားပါတယ်။ 

          “ဆရာကသူ့လမ်းသူဖောက်လျှောက်ခဲ့တာ၊သူယုံကြည်တာ၊သူဝါသနာပါတာကိုပဲတစိုက်မတ်မတ်လုပ်ခဲ့တာ၊ သူလုပ်ချင်တာကိုပဲ တကုတ် ကုတ်လုပ်ခဲ့တာ၊ သူ့ရည်ရွယ်ချက်အောင်မြင်ဖို့ တစ်ကိုယ်လုံးကိုနှစ်မြှုပ်လုပ်ခဲ့တာ” လို့ဝင်းမောင်ကရေးပြတယ်။

          ဒီရေးချက်တွေကို တစ်ကွက်ချင်းတစ်ကွက်ချင်း ဝင်းမောင်က မီးမောင်းထိုးပြတယ်။ မီးမောင်းထိုးပြတဲ့အကွက်တွေကို ဒီစာအုပ်မှာ ထပ်ခါတလဲလဲတွေ့မိ ဖတ်မိပါလိမ့်မယ်။ အတိဿယဂုဏ်မြောက်အောင်အလွန်အကျူးရေးထားတာ မဟုတ်ဘူး၊ အလွန်အကျူးလည်းမလူး”ဘူး။ နည်းနည်းလေးမှလည်း“မလူး”ဘဲ အရှိကို အရှိအတိုင်းမှတ်တမ်းပြုထားတာ ဖတ်ရပါလိမ့်မယ်။

          ပြီးတော့ ဝင်းမောင်ကို “သုတေသနလုပ်ထုံး’ဆရာကဘယ်လိုသင်ကြားပေးပုံတွေစာရှုသူတွေ့ရပါလိမ့်မယ်။ သမိုင်းကျမ်းတစ်စောင် ဘယ်ပုံဘယ်လိုရေးဆိုတဲ့ ဆရာ့သွန်သင်ချက်တွေတွေ့ရပါလိမ့်မယ်။ သမိုင်းကျမ်းတစ်စောင်ရဲ့အကြောင်းအရာကိုဘယ်လိုရွေး၊အဲဒီအကြောင်းအရာအတွက်အထောက်အထားတွေဘယ်လိုရှာ၊ရှာရလာတဲ့အထောက်အထားတွေကိုဘယ်လိုတန်ဖိုးဖြတ်။အထောက်အထားရယူထားတဲ့ကျမ်းစာရင်းတွေကိုဘယ်လိုပြုစု၊ မှတ်စုထုတ်၊ ကတ် Cardတင်၊ Foot Noteခေါ်တဲ့အောက်ခြေမှတ်နဲ့ ကိုးကားချက် တွေဘယ်လိုပြ၊ ပုံကြမ်းထုတ်၊ အဲဒီပုံကြမ်းကို ဘယ်လိုပုံဖော်ပြီး ကျမ်းကိုဘယ်လို ရေးဆိုတဲ့ ဆရာ့သွန်သင်ချက်တွေကို ဝင်းမောင်ကရေးပြတယ်။

          ပုံကြမ်းဖော်ပြရာမှာ ကိုယ်ရေးမယ့်ကျမ်းတစ်ခုလုံးအတွက် ဘာကိုအလေး အနက်ထားဖော်ထုတ်မလဲ၊ အခန်းဘယ်နှခန်းခွဲခြားဖော်ပြမလဲ၊ တစ်ခန်းစီမှနိဂုံးကို ဘယ်လိုချုပ်မလဲ၊ အခန်းတိုင်းကရေးပြီးသမျှနိဂုံးတွေကို ဘယ်လိုစုစည်းမလဲ။ ရှေ့နောက်ဆက်စပ်ပြီး ပြန်လည်သုံးသပ်ချက်ကို ဘယ်လိုရေးမလဲ၊ ကိုယ်ရေးထားတဲ့ကျမ်းတစ်စောင်လုံး ကောင်းကြောင်းထင်ရှားအောင် ကျစ်ကျစ်လစ်လစ် တိုတိုတုတ်တုတ် ဘယ်လိုရေးမလဲ၊ အဲဒီ“သလဲ” ပေါင်းများစွာရဲ့ ပြဿနာတွေကို ဆရာကတစ်ခုချင်းဖြေရှင်းပြတယ်။ ပြီးတော့ ဆရာကပြောသေးတယ်။ “မင်းရဲ့ ကျမ်းဖတ်တဲ့သူက မင်းကို ငကြွားကြီး” လို့အထင်မခံရအောင်ရေး” လို့လည်း သွန်သင်သေးတယ်။ ချုပ်ပြောရရင် ဆရာ့ဆီကရတဲ့‘သမိုင်းကျမ်းပြုနည်း”အမွေကိုဝင်းမောင်ကစာဖတ်သူထံလက်ဆင့်ကမ်းပေးထားတာတွေ့ရပါလိမ့် မယ်။ တကယ်တော့ ဆရာ့ဆီကရတဲ့ ဒီအမွေကို ဝင်းမောင်လွယ်လွယ်နဲ့မရခဲ့ပါ ဘူး။ အခက်အခဲပေါင်းများစွာကို အပင်ပန်းခံ၊ အဆင်းရဲခံနှစ်နဲ့ချီပြီး ကျော်နင်း ဖြတ်သန်းလုပ်ခဲ့ရတာပါ။ 

          “ကျွန်တော်တို့နယ်လှည့်ပြီး အထောက်အထားရှာဖွေရတဲ့အလုပ်ကို မလွှဲမသွေလုပ်ကြရတယ်။ ပေ၊ပုရပိုက်၊ ရှေးမှတ်တမ်းတွေ ဘယ်မှာရှိတယ်၊ ဘယ်မှာစုဆောင်းထားတာရှိတယ်လို့ သတင်းကြားရင်မရောက်ရောက်အောင် သွားကြရတာပဲ၊ ဆရာကလည်း ဘယ်သူ့ဆီမှာရှိတယ်သွားကူးလို့ခိုင်းတတ်တယ်”လို့ဝင်းမောင်က သူ့အလုပ်အကြောင်းပြောပြတယ်။ တစ်ခါတော့ “ရေဦးက ဦးသောင်းဆီမှာ အထောက်အထားတွေရှိတယ်။ သွားကူး” ဆိုလို့ ဝင်းမောင် ရေဦးကို သုံးညအိပ်သွားပြီး ကူးယူလာခဲ့တယ်။ ကူးယူလာသမျှကို ဆရာ့ကိုဖတ်ပြတော့ ဆရာကဖိုင်တွဲကြီးတစ်ခုကိုထုတ်လာပြီး “ဟောဒါရေဦး ဦးသောင်းစာစု” ဆိုကာ

          “မင်းကူးလာတာ ဒီထဲမှာရှိတယ်”လို့ပြောပြီး ဝင်းမောင်ကိုပြတယ်။ ဝင်းမောင်လည်းဝမ်းပန်းတနည်း ဖြစ်သွားပြီး စကားနာထိုးလိုက်တယ်။

          “ဆရာ့မှာရှိနေမှတော့ ကျွန်တော့်ကိုပေးလိုက်ရောပေါ့၊ ကျွန်တော့်မှာ ငွေကုန်၊ လူပန်းဖြစ်လိုက်တာ”

          “ဘာပြုလို့ အလွယ်ပေးရမှာလဲကွ၊ မင်းတို့က အလွယ်နဲ့ရရင်တန်ဖိုးထားတတ်တာမှတ်လို့၊ငါလည်းမင်းလိုပဲ အပင်ပန်းအဆင်းရဲခံပြီး ကူးယူထားရ တာ” လို့ပြောပြီးမှ ဝင်းမောင်ရဲ့ ဝမ်းနည်းစိတ်ကို ဖြေသိမ့်ပေးတဲ့အနေနဲ့ “မင်းတို့ကို သုတေသနလုပ်တတ်အောင် ရှာခိုင်းတာ၊ ပေ၊ ပုရပိုက်တွေကိုယ်တိုင်ကူးရင်း မင်းခေါင်းထဲမှာအချက်အလက်တွေဝင်သွားမယ်၊ စိတ်ကူးတွေရသွားမယ်။ မင်းကိုငါက ခပ်လွယ်လွယ်ဂျေအင့်လို့ပေးလိုက်ရင် မင်းဘာမှမတတ်တော့ဘူး။ ပညာဆိုတာဖြတ်လမ်းနည်းမရှိဘူး”လို့ ဆရာ့သွန်သင်ချက်ကို ဝင်းမောင်က မှတ်တမ်းတင်ထားတယ်။ 

           ဝင်းမောင်ကသူ့ရဲ့“မန္တလေးဗုဒ္ဓသာသနာဝင်”ကျမ်းကိုဆရာကဘယ်လိုအနီးကပ်လက်ထပ်သင်ကြားပေးတယ်ဆိုတာလည်းရေးပြတယ်။ “ဘာသာ” နဲ့ “သာသနာ” အနက်အဓိပ္ပါယ်ဘယ်လိုကွာခြားတယ်ဆိုတာလည်း ဆရာကရှင်းပြတယ်။“သာသနာပိုင်”နဲ့“သာသနာပြု”ဆိုတဲ့အသုံးအနှုန်းတွေလည်းရှင်းပြတယ်။မြန်မာမင်းများလက်ထက်မှာသာသနာပိုင်”ဆိုတဲ့အသုံးအနှုန်းမရှိကြောင်း၊အသေးစိတ်ရှင်းပြတယ်။“သာသနာကိုဘယ်သူမှမပိုင်ဘူးကွ” လို့တစ်ခွန်းတည်း ဝင်းမောင်ကို အပြတ်သင်ပေးလိုက်တယ်။ ဒါကို ဝင်းမောင်က မေ့မေ့လျော့လျော့နဲ့ တစ်သက်လုံးနှုတ်ကျိုးနေတဲ့သာသနာပိုင်”အသုံးအနှုန်းကိုထပ်သုံးမိလို့ငေါက်ငန်းခံရတယ်။သူ့ရှေ့မှာမဟာဝိဇ္ဇာကျမ်းပြုသင်တန်းသားတစ်ဦးရဲ့ကျမ်းကို“ဒါလားကွThesis”ဆိုပြီးလွှင့်ပစ်တာမြင်ပြီးကတည်းကဝင်းမောင်ကျောထဲစိမ့်နေအောင်ကြောက်လာခဲ့ရတာ။ဒီလိုအခြေအနေမျိုးအောက်မှာဝင်းမောင်ရဲ့သမိုင်းကျမ်းဟာမှတ်တိုက်ခံခဲ့ရတယ်။ ကြက်မွှေးနဲ့ မသပ်ဘဲ Iron brushနဲ့ခပ်ပြင်းပြင်းအတိုက်ခံရတယ်။ မီးပေး၊ ငရဲမီးကျွေးတာ ခံရတယ်။ သူ့ကျမ်းကိုဆရာကစာတစ်လုံးချင်း၊ စာတစ်ကြောင်းချင်း၊စာတစ်ပိုဒ်ချင်းဖတ်တယ်။ ဒီဝေါဟာရစာလုံးကို ဘာလို့သုံးတာလဲ။“ဒီကျမ်းကိုမြန်မာလိုရေးမှာ၊ ပါဠိစာလုံးတွေမသုံးဘူးပဲ ဘာလို့သုံးတာလဲ”“မင်းဘုန်းကြီးစာတွေအဖတ်များပြီးဘုန်းကြီးရေးတဲ့စာတွေလိုဖြစ်နေပြီ”လို့ဝေဖန်ခံရတယ်။ “ဒီစာကြောင်းကို မင်းဘာအထောက်အထားနဲ့ရေးတာလဲ၊ အထောက်အထားပြ၊ အထောက်အထားကို Foot Noteနဲ့ပြလို့ခိုင်းတယ်။အထောက်အထားမပြနိုင်လို့ ကတော့ “ဒါလားကွ Thesis” ထဲ ဝင်းမောင်လည်းပါသွားမှာပဲ။ ဒီလိုရေး၊ ဒီလိုမရေးနဲ့ဆိုတာတွေကလည်း အခါခါ၊ ဖျက်ပေး၊ ပြင်ပေး၊ အသစ်ပြန်ရေးခိုင်းတာကလည်း အကြိမ်ကြိမ်၊ ဝင်းမောင့် ကျမ်းတစ်စောင်လုံး မင်နီအိုးကြီးလောင်းချ သလို နီလို့ ရဲလို့။ “ရဲနီဝင်းမောင်” ဖြစ်သွားမတတ်ဘဲ။ဝင်းမောင်ကလည်းခိုင်းတဲ့အတိုင်းပြန်ရေးရတယ်။ ဒုတိယမ္ပိ၊ တတိယမ္ပိ ပေါ့။ “အချောရေးသော် အကြမ်းဖြစ်၏” ဆိုတဲ့ဆောင်ပုဒ်ဟာခဏခဏပေါ်လာရတော့တယ်။ 

          ဒီလို ဆရာသင်ကြားပို့ချ ကြီးကြပ်သွန်သင်နေပုံကို ဝင်းမောင်ရဲ့ စာမှာ ဖတ်မိတော့ “ဆရာဟာ ငါတို့ရဲ့ ကန့်ကူလက်လှည့်ဆရာပါပဲလား”လို့မြင်သိလာတယ်။ ဝင်းမောင်လိုကျွန်တော်တို့ကိုလည်းဒီလိုငေါက်ငန်း၊ သွန်သင်ညွှန်ပြပြီးသင်ခဲ့တာပါဘဲ။ တစ်ဆက်တည်းပြောရရင် ငယ်စဉ်စာသင်ခန်းထဲရောက်စဘဝကို သွားအမှတ်ရမိတယ်။ ကျွန်တော့်ကန့်ကူလက်လှည့်ဆရာမက စာသင်စကျွန်တော့်လက်ကို ကြင်နာတတ်တဲ့ သူ့လက်နဲ့အုပ်မိုးပြီး ဝလုံးလေးတွေ ဆွဲပေးတယ်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး စသည်ဖြင့်ပေါ့ ။

          ပြီးတော့ -

         “အောက်ကနေ ညာကိုဆွဲ အဲဒါဝလုံးဘဲ” လို့ သီချင်းလေးလို အေးအေး ညင်ညင်သာသာ တိုးတိုးလေးဆိုပြီး ဝလုံးဆွဲနည်းသင်ပေးပါတယ်။ အဲဒါကတော့ ကန့်ကူလက်လှည့်ငယ်ဆရာ”ရဲ့သင်ကြားနည်းပါ။ကန့်ကူလက်လှည့် 'ကြီးဆရာ” ရဲ့ သင်ကြားနည်းကတော့ ဒါလားကွ Thesis” ပါဘဲ။

          ဒါလည်းပဲဆရာကျွန်တော့်တို့Thesis ဖတ်ပေးချိန်မှာ ဒီလိုငေါက်ငေါက်ငန်းငန်း၊ မာမာကျောကျော၊ ခက်ခက်ထန်ထန်ပြောတတ်တာပါ။ Feel ဝင်နေတာဖြစ်မှာပါ။ ဆရာဟာ ဒီလိုစာသင်ပေးနေချိန်မဟုတ်ရင်

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)