Skip to product information
1 of 13

Other Websites

ဝင်းတင့်ထွန်း - (၆)တိုက်မှာလောက်ကိုက်တာခံဖူးသလား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
(၁)

 

          “အခု မင်းတို့ရောက်လာတာ ထောင်၊ ထောင်မှ တိုက်လို့ခေါ်တဲ့နေရာ ရောက်လာတာ၊ အိမ်မှာနေ အိမ်စည်းကမ်း၊ ကျောင်းမှာနေ ကျောင်းစည်းကမ်း၊ တိုက်မှာနေ တိုက်စည်းကမ်း၊ ထောင်စည်းကမ်းဆိုတာ ပုံစံ၊ တိုက်စည်းကမ်း ဆိုတာ ပုံစံ၊ ပုံစံကို စုံကန်လို့ကတော့ အမေရိကျွဲမတွေ့ဘူးဖြစ်သွားမယ်။ မင်းတို့ဟာမင်းတို့ အပြင်မှာ ဘာကောင်ကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာပုဂ္ဂိုလ်ကြီးပဲဖြစ်ခဲ့ ဖြစ်ခဲ့ မင်းတို့ရဲ့ ဂုဏ်တွေ၊ သိက္ခာတွေ၊ ဘာကြီးတွေ၊ ညာကြီးတွေဆိုတာကို ထောင်ဗူးဝမှာချွတ်ထားခဲ့..”

          ထောင်အမှုထမ်းတစ်ယောက်ရဲ့ ထောင်တွင်းကမ္မဝါရွတ်သံက ခပ်ထန်ထန် ပျံ့လွင့်လာတယ်။ အင်းစိန်နရသိန်ကမ္ဘာရဲ့နွေက ပူပြင်း လောင်မြိုက် ရတဲ့အထဲ နားထဲသံရည်ပူနဲ့ လောင်းချလိုက်သလိုပါပဲ။ ကျွန်တော်ငြိမ်ပြီး နားထောင်နေမိတယ်။ ကျွန်တော့်ကိုပိတ်လှောင်ထားရာ ၅ တိုက် နံပါတ်(၁) အခန်းထဲကနေ အပြင်ဘက်ဆီ အတတ်နိုင်ဆုံးနားစွင့်ပြီး ဆက်နားထောင်နေ မိတယ်။

          “ကဲ .. မျိုးသိန်း ထုံးစံအတိုင်း ပုံစံပြပေးလိုက်ပါဦး ..”

           စကားသံ အဆုံးမှာတော့ ....

          “ပုံစံပြမယ် ...... သေချာကြည့်၊ သေချာနားထောင် “…

           ပြာလအဲ့အဲ့ သံပြာစူးစူးမျိုးသိန်းရဲ့ အသံကအမိန့်ချမှတ်ခါနီး တရားသူကြီးရဲ့လေမျိုးနဲ့ခပ်ဆောင့်

ဆောင့်ထွက်ပေါ်လာတယ်။ 

          “ဟောဒါထိုင်ပုံစံ၊တင်ပလ္လင်ခွေထိုင်ထား၊လက်နှစ်ဖက်ကဒူးပေါ်တင်ထား၊လက်မကိုလက်ထဲမှာ

ထည့်ဆုပ်ထား၊ ခါးကို မတ်မတ်ထား၊ မျက်စိက တောင်ကြည့်မြောက်ကြည့်မလုပ်နဲ့၊ တန်းစီဆိုတဲ့အသံကြားရင် ဒီလိုထိုင်နေရမယ်၊ဟောဒါကရပ်ပုံစံ၊ လက်နှစ်ဖက်ကိုရှေ့မှာ ဟောဒီလိုအုပ်ပြီးချထား ရမယ်ထောင်မှူးထောင်ပိုင်တွေနဲ့ စကားပြောရင်၊ တင်ပြစရာရှိရင် ဒီလိုပုံစံရပ်ပြီး စကားပြောရမယ်၊ ဆရာတွေဆိုတာက ဒီကအမှုထမ်းတွေ အားလုံးကိုပြောတာ”

          မျိုးသိန်းရဲ့ သံပြာစူးစူး ပြာလအဲ့အဲ့အသံဟာ အောင်ပွဲရစစ်သူကြီး လေမျိုးထွက်လိုက်၊ ဖန်တရာတေအောင် အကြိမ်ကြိမ်အခါခါ ရွတ်ဖတ်ပူဇော် ပသခဲ့ပြီးသားဖြစ်တဲ့အတွက်၊ တရေးနိုး အိပ်ချင်မူးတူး ထရွတ်တာတောင် အထစ်အငေါ့ မရှိတော့တဲ့ဘုရားကိုးဆူ ဆရာလေမျိုးထွက်လိုက်နဲ့ နိမ့်ချီမြင့်ချီပေါ်လာနေတယ်။  အပ်ကြောင်းထပ်အောင် ကြားဖူးနေရပြီးသားဖြစ်တဲ့ ကျွန်တော်တို့အဖို့ မှာတော့၊ ဓာတ်ပြားကွဲမှိုတက်ကြီးကို အပ်သွားတုံးတုံးနဲ့ဖွင့်ပြနေသလိုပါပဲ။ ဒါပေမယ့် ဒီထူးမခြားနားဓာတ်ပြားကွဲသံကြီးကို ကြားရသူတိုင်း၊ ကြားရသူတိုင်း ရင်ထဲ ကျင်ခနဲ၊ ကျင်ခနဲ ဖြစ်သွားရတာတော့အမှန်၊ နာကျင်ခံခက် ဖြစ်ရတာ လည်းအမှန်၊ မျက်စိထဲပြေးပြေးမြင်နေမိတတ်တာက မွေးထားကျွေးထားတဲ့ သခင်အကြိုက် မဲမဲမြင်ရာပြေးလွှားထိုးဟောင် လှုပ်ရှားပြနေရတဲ့ အင်မတန် ဖျတ်ဖျတ်လတ်လတ်ရှိလှတဲ့ ခွေးနက်ဂုတ်ကျား ခွေးမြီးတိုကြီးတစ်ကောင်။

          “ကိုင်း ... ပုံစံစမယ် ..” မျိုးသိန်းရဲ့ အသံ။

           ကျွန်တော်နဲ့ တစ်ခန်းတည်းအတူ နေရတဲ့ အောင်သန်းမြင့် က ကျွန်တော့်လို အပြင်ဘက်ကအသံတွေဆီ အားစိုက်နားစွင့်နားထောင်နေရာကကျွန်တော့်မျက်နှာဆီလှမ်းကြည့်တယ် ၊ကျွန်တော်က ဟူးခနဲ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိတယ်။

          ကျွန်တော့်အာရုံသိတွေက လှမ်းမြင်နေတယ်။ ကိုယ်ကိုယ်တိုင်ခံခဲ့ ရဖူးသားဖြစ်တဲ့အပြင် နေ့စဉ်လိုလို ကြားသိနေရတဲ့ အမှတ်သညာ အစုစုတွေရဲ့ ဖော်ပြမှုကြောင့် ကျွန်တော်တို့ စံမြန်းနေရရာ (၅) တိုက် (၁)ခန်း နံရံကြီးနဲ့ ကပ်ရပ် အုတ်တံတိုင်းတစ်ထပ်ခြားရဲ့ ဟိုဘက်ကဖြစ်ပေါ်နေမယ့် မြင်ကွင်းတွေ ကို လှမ်းမြင်နေတယ်။ ဒီအုတ်တံတိုင်းတို့ရဲ့တစ်ဖက်မှာ ဗာဒံပင်လတ် တစ်ပင် ရှိလိမ့်မယ်။ အဲဒီဗာပင်ရိပ်ဘေးမှာ တိုက်ရုံးခန်းဆိုတဲ့ မီးကင်းတဲလိုလို၊ ကင်ပေ တိုင်ယာယီ အချုပ်စခန်းထောက်တဲလိုလို စခန်းရုံးလေး ရှိပါတယ်။ အဲဒီတိုက်ရုံး ခန်း မြေကွက်လပ်မှာ မြန်မာကင်ပေတိုင်လက်သစ်များရဲ့ဖမ်းဆီးခြင်းကိုခံထားရတဲ့ အသစ်စက်စက်အကျဉ်းသားများဟာ နေပူထဲမှာ ဆောင့်ကြောင့်ထိုင်နေရပါလိမ့်မယ်၊ ဒါမှမဟုတ် ဘူမိကဗ္ဗလာ မြေကျောက်မာပေါ် ပယ်ပယ် နယ်နယ်ဖင်ချပြီး တင်ပလ္လင်ခွေထိုင် ထိုင်နေရပါလိမ့်မယ်။

          အသံတင် ပြာအဲ့အဲ့မဟုတ်၊ အသားအရောင်ပါ မည်းကြုတ်ကြုတ် ပြာနှမ်းနှမ်းဖြစ်နေတဲ့ “မျိုးသိန်း” က ဂုဏ်ပြုခံတပ်ဖွဲ့ကို လေ့ကျင့်သင်တန်းပေးနေရတဲ့ သင်တန်းနည်းပြမှူးဂိုက်မျိုးတစ်ဝက်၊ အာဏာပါးကွက်သားဂိုက်မျိုး တစ်ဝက်နဲ့ မျက်နှာကိုတင်းတင်းထားပြီး ရှေ့တိုးနောက်ငင် လမ်းသလားနေပါ လိမ့်မယ်။

          ကင်ပေတိုင် တိုက်ရုံးခန်းတဲတွင်းကစားပွဲရှေ့မှာ စစ်တပ်က တိုက်ရိုက်ခန့်ထားတဲ့ ဆာဂျင်သိန်းမြိုင်ဆိုသူကိုယ်တိုင်၊ ဒါမှမဟုတ် တာဝန်ကျထောင်တပ်ကြပ်ကြီးသုံးရစ်ကိုယ်တိုင် အမိန့်သားထိုင်ရှုစားနေပြီး ကျန်တစ်ရစ်၊ နှစ်ရစ်နဲ့ အရစ်မရှိဝါဒါများက ဝိုင်းဝန်းကြည့်ရှုနေကြပါလိမ့်မယ်။

          “စမယ် ...” 

          “ထိုင်မယ် ...”

          “ထမယ် ...”

          “ဘုန်း ဂွမ်း ဖြောင်း ... ဘုတ် ... အွန့်””

           မျိုးသိန်းရဲ့ ပုံစံတိုင်သံ၊ ခေါ်သံတွေနဲ့အတူ တစ်စပ်တည်း ထွက်ပေါ် လာတဲ့ ဘုန်း၊ ဂွမ်း၊ ဖျောင်း၊ ဘုတ်၊ အွန့် တွေကတော့ လက်စွမ်းပြ ထုသံ၊ နှက်သံ၊ ရိုက်သံတွေနဲ့ ခံရသူဘက်က ထွက်ပေါ်လာတဲ့ အသံတွေ ..

          “ဒီခါးကြီးက ဘာလို့ကုန်းနေရတာလဲ ... ဘုန်း”” 

          “ဒီလက်က အနူလက်သီးဆုပ်ထားသလိုကြီး ... ဘုတ်”

           “ဒီကျောယားကြီးက လောက်လေးကိုင်းလို ကော့မနေနဲ့၊ မတ်မတ် ထား ကိုးဆယ်ဒီဂရီ မတ် ... မတ် ... ဂွတ် ... အွန့် ....”

          သိန်းရဲ့ သံပြာစူးဟောက်သံဂေါက်သံ၊ အပြစ်မရှိအပြစ်ရှာ ရိုက်နှက် ထုထောင်းပြရသံတွေ အဆက်မပြက် ညံစီ စင်ထွက်လာတယ်။

           အသစ်စက်စက် အကျဉ်းသားများခမျာ မြေပြင်ပေါ် ဖုံးအလိမ်းလိမ်း၊ ချွေးအရွှဲရွှဲနဲ့ အလဲလဲအလူးလူး ခံနေကြရပါလိမ့်မယ်။ ကျွဲပေါက်တစ်ကောင်လို ပြေးလွှားထုနှက် အော်ဟစ်ပြနေရတဲ့မျိုးသိန်းရဲ့ကိုယ်ပေါ်မှာလည်း ချွေးတွေစိုနေ ပါလိမ့်မယ်။

          တိုက်တန်းစီးမျိုးသိန်းရဲ့ ဒီလိုတိုက်ပုံစံပြသံတွေ နေ့စဉ်ရက်ဆက် ကြားရလာပြီဆိုရင်တော့ တိုက်ထဲမှာ အမှုတွဲသစ်တွေ၊နိုင်ငံရေးအကျဉ်းသားသစ်တွေစုပြုံရောက်ရှိလာနေရပြီ။အပြင်မှာတစ်ပြည်လုံးအဖမ်းအဆီးတွေများ နေပြီဆိုတဲ့ သင်္ကေတပါပဲ။

          နောက်ထပ် ဘယ်သူတွေများ အဆွဲခံရပြန်ပြီလဲ၊ ကိုယ်နဲ့တစ်စပ်တည်း အမှုတွဲတူတွေများလား၊ လှုပ်ရှားမှုအသစ်တွေများထပ်ပေါ်လာတာလား၊ လားလားဆိုတဲ့မဆုံးနိုင်တဲ့ တွေးတောထင်မြင်မှန်းဆကြည့်မှုတွေနဲ့အတူ ရင်ထဲမှာ လှိုင်းဘောင်ဘင်ခတ်ခဲ့ရ၊ ကြေကွဲခဲ့ရ၊ ဆို့နင့်ခဲ့ရတာချည်း ဖြစ်ပါတယ်။ ပုံစံပြသံ၊ရိုက်သံ၊ နှက်သံတွေငြိမ်သက်သွားပြီး ၁၀ မိနစ်လောက် ကြာချိန်မှာတော့ ထုံးစံအတိုင်း ..

          “ဖျာထောင် နောက်လှည့်တန်းစီထိုင် ...”

           မျိုးသိန်းရဲ့ သံပြာလအဲ့ စူးရှရှဟာ နွေလေရူးနဲ့အတူ ခပ်သဲ့သဲ့ပဲ လိမ့် ဝင်လာတယ်။ ဒီတိုက်မှာမဟုတ်ဘဲ ၄ တိုက်လား၊ ၂ တိုက်လားဆီ နေရာချထားလိုက်ပုံရတယ်။ ဒါကြောင့် ၅ တိုက်ထဲဆီအထိတော့ စူးစူးရင့်ရင့် ရောက်မလာ၊ ဒါပေမဲ့ နင့်နင့်စူးစူးခံစားနေရဆဲ ရင်ခုန်သံကတော့ တဆတ်ဆတ် တုန်ခါနေတုန်းလေ၊ ရပ်မသွား၊ ငြိမ်မသွား။

          “အင်း ... နောက်ထပ် ဘယ်နှစ်ယောက်လောက်များဖြစ်မလဲ။ ကဗျာဆရာရေ ” အောင်သန်းမြင့်က ကျွန်တော့်မျက်နှာကိုကြည့်ရင်း သက်ပြင်းတဖွဖွနဲ့ပြောတယ်။

          “မျိုးသိန်း ဒီဘက်ရောက်လာတဲ့အခါ ချော့မေးကြည့်ပေါ့၊ မောင်ရင်နဲ့ ရင်းနှီးပြီးသားပဲဟာ” 

           ကျွန်တော်ကပြောတော့ အောင်သန်းမြင့်က ခေါင်းညိတ်ပြတယ်။

          အရင်ကဒီအခန်း(၁)ထဲကျွန်တော်ရောက်မလာခင်အောင်သန်းမြင့်ပဲနေရတုန်း၊ညဘက်တိုက်တန်းပိတ်ချိန်မှာ မျိုးသိန်းကိုလည်း ဒီအခန်း(၁)မှာပဲနေရာချပေးတော့ အောင်သန်းမြင့်ဟာမျိုးသိန်းနဲ့ နှိုင်းယှဉ်ချက်အားဖြင့် ရင်းနှီးနေပြီးသား။

          “မျိုးသိန်းက ကျွန်တော့်ကိုတော့ မျက်နှာနာနေသလိုဖြစ်လို့ ရေချိုး ဂန်ဖလားချတွေမှာ ဘာပြဿနာမှ မရှာဖူးဘူး ၊ဒါပေမဲ့ဒီကောင်ကဘာသတင်းမှသိပ်မပြောဘူး၊သူ့အဘဆာဂျင်သိန်းမြိုင်တို့မျက်နှာညိုမှာသိပ်ကြောက်တာ”

          အောင်သန်းမြင့်က ကျွန်တော့်ကိုရှင်းပြတော့ ကျွန်တော်ပြုံးလိုက်မိတယ်။

 

(၂)

 

           မျိုးသိန်းဟာ တိုက်တန်းစီး။

          “တန်းစီး” ဆိုတဲ့ရာထူးဟာ နရသိန်ထဲမှာ နည်းနည်းနောနော ရာထူး မဟုတ်၊ အကျဉ်းသားကနေဖြစ်နိုင်တဲ့ ရာထူးတွေထဲမှာ အမြင့်ဆုံးပင်။ အပြင်က နေ ထောင်မှူး၊ ထောင်ပိုင်တွေကို ငွေထိုး၊ လိုင်းဝင်မှရနိုင်တဲ့ ရာထူးနေရာ ဖြစ်ရုံမက ကိုယ်တိုင်ကလည်း ရိုက်ရဲ၊ နှက်ရဲ၊ ထုရဲ၊ ထောင်းရဲတဲ့ လက်စ၊ လက်နရှိဦးမှ။   အများအားဖြင့် နှစ်ကြီးသမား၊ လူသတ်သမားနဲ့ ဓားပြ ကြီးတွေ ဒီလိုရာထူးမျိုး ရလေ့ရှိတယ်။ အထူးသဖြင့်    တိုက်တန်းစီးလိုနေရာ မျိုးကျ၊ အထက်ပါအရည်အချင်းတွေအပြင် ထောက်လှမ်းရေးကြိုက် ဆာဂျင်သိန်းမြိုင် တို့လိုကောင်တွေ အကြိုက်ပါ ပြည့်စုံလုံလောက်ဖို့ လိုသေးတယ်။ “တိုက်” ဆိုတာထောက်လှမ်းရေးက ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ၊ အများအားဖြင့် နိုင်ငံရေးအကျဉ်းသားတွေ ထားတဲ့နေရာလေ။

            မျိုးသိန်းဟာ သတ်မှတ်အရည်အချင်းတွေ ပြည့်စုံသူ။ အရင်က “စစ်သား”ဆိုတဲ့ဟာကလည်း ထောက်လှမ်းရေးကြိုက်၊ လူလုံးလူဖန်က ကျွဲပေါက်တစ်ကောင်လို။ ထုရေး၊ နှက်ရေး လက်မနှေးတတ်တာ သူ့အမှုကနေ သက်သေခံပြီးသား။ သူ့အထက်အရာရှိ ဗိုလ်မှူးတစ်ဦးအပါအဝင် လူနှစ် ယောက်ကို သတ်လာခဲ့တဲ့အမှုနဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသူ၊ စစ်ခုံရုံးကနေ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အရပ်ဘက်ထောင် လွှဲပြောင်း ပေးအပ်လိုက်လို့ အင်းစိန်ထောင်ထဲ ရောက်လာရသူ၊ ဗိုလ်နေဝင်းဟာ သူ့စစ်တပ် ထဲက သူ့ခွာရာ တိုင်းလာနိုင်ဖွယ်ရှိသူမှန်သမျှ ဘယ်လောက်ပဲ ဖြုတ်၊ ထုတ်၊ ပယ် ပေါ်လစီကျင့်သုံးပြီး ရက်ရက်စက်စက် အရေးယူခဲ့ယူခဲ့၊ အပြင်ကသာမန် လူတွေနဲ့ယှဉ်ကြည့်ရင် တပ်ကလာသူဟာ သူများထက် ခေါင်းတစ်လုံး ပိုနေနိုင် စေရေးအတွက် အရိုးအရင်းလေးတွေ ပြန်ချကျွေးတဲ့ စံနမူနာရှိခဲ့သလို၊ စစ်တပ် က စစ်သားအဖြစ်က လူသတ်မှုကျူးလွန်လာခဲ့တဲ့ မျိုးသိန်းကလည်း အင်းစိန်ထောင်ထဲမှာ တိုက်တန်းစီးအဖြစ် ထောက်လှမ်းရေးအကြိုက် နေရာရလာတာ ဘာမှတော့မဆန်း။

          ထောင်ထဲမှာစစ်ကြောရေးတော်တော်နဲ့ မပြတ်နိုင်ဘဲထောက်လှမ်းရေးက မကြာခဏတိုက်ထဲက ဆွဲဆွဲထုတ်ပြီး ညှင်းပန်းနှိပ်စက်၊ အငြိုးအတေး ခံရသူတွေအထဲ ကျွန်တော်ဟာ တစ်ယောက်အပါအဝင်။ အဲဒီတော့ တိုက်တန်း၊ စီးမျိုးသိန်းဟာ ကျွန်တော့်ကိုလည်း တော်တော်မျက်မှန်းတန်းမိနေခဲ့ပြီ။

          တိုက်တကာ ဝင်ခွင့်၊ ထွက်ခွင့်ရှိနေတဲ့ တိုက်တန်းစီးမျိုးသိန်းဟာ ကျွန်တော်တို့အားကိုးထားရာ ၅ တိုက်ထဲကိုလည်း မကြာခဏရောက်ရောက်လာတတ်တယ်။ တစ်ခါတစ်ရံ ဟိုပြောဒီပြောရယ်မောပြုံးရွှင်ပြီးတောင် စကား လက်ဆုံ ကျပြနေပြီဆိုရင်တော့ အပြင်မှာ ရာသီဥတု တော်တော်ကောင်းနေတဲ့ သဘော မှတ်ယူနိုင်တယ်။ တိုက်ရုံးခန်းတဲမှာ ဆာဂျင်သိန်းမြိုင်မရှိဘဲ နှိုင်းယှဉ် ချက်အားဖြင့် သဘောထားသိပ်မဆိုးလှတဲ့ ဝါဒါအကြပ်အိုကြီးတစ်ယောက်လောက်ပဲ တာဝန်ကျနေတာမျိုးဖြစ်နိုင်တယ်။ ကျန်တဲ့ ဝါဒါငယ်လေးတွေ တခြား တိုက်တစ်တိုက်တိုက်မှာ စားကျက်ကျပြီး ဒီဘက်မှာ အခြေအနေကောင်းနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ “ကိုမျိုးသိန်း ... ဆေးလိပ် မီးလေး ..”ဆိုတာကို စကားမပြန်ဘဲ နှာခေါင်းရှုံ့ပြီး သွက်သွက် သွက်သွက် ထွက်သွားရင်တော့ အပြင်မှာ ရာသီဥတု သိပ်မသာယာ။ ဒီဘက်မှာ တစ်ခန်းနဲ့ တစ်ခန်း စကားလှမ်းဆက်သွယ်ပြောဆိုတာ သတိထားလုပ်ရပါလိမ့်မယ်။ ဒီ ၅ တိုက် (၁)ခန်းဟာ တိုက်စခန်းရုံးတဲနဲ့ အနီးဆုံးနေရာ။

          ရာသီဥတုသာယာနေတယ်လို့မှတ်ယူရမယ့် တစ်ညနေခင်း မျိုးသိန်း ကျွန်တော်တို့ တိုက်ခန်းရှေ့ ရောက်လာတယ်။

          စိတ်ကြိုက်ဖွပ်လျှော်ရေချိုးခွင့် အခွင့်အရေးအပြည့်အဝရရှိထားတဲ့ မျိုးသိန်းဟာ ရေမိုးချိုးပြီး ဆံပင်ကို ဆီရွှဲရွှဲ လိမ်းထားရုံမက ၊သူ့ကိုယ်ပေါ်ကစွပ်ကျယ်ဂျိုင်းပြတ်ကလည်း ဖြူဖွေးသန့်စင်လို့။ မည်းနက်နေတဲ့အသားအရောင်ကြောင့် စိတ်ကြိုက်လျှော်ဖွပ်ဆင်ထားတဲ့ စွပ်ကျယ်အကျီအရောင်ဟာ ပိုလို့တောင် ဖွေးဥနေသယောင်ရှိတယ်။ ပုဆိုးပြာကို တိုတိုပါအောင် ဝတ်ထားတော့ သူ့ခြေ သလုံးအစုံဟာ ပေါက်တစ်ကောင်ရဲ့ ခြေအစုံလို အမွေးအမျှင်တွေ အပြိုင်း အရိုင်းနဲ့။

          “ခင်ဗျားက ကဗျာဆရာလား”

           ဆိုင်းမဆင့်၊ ဘုံမဆင့် မျိုးသိန်းက ဦးဦးဖျားဖျား ကျွန်တော့်မျက်နှာကို လှမ်းကြည့်ရင်းမေးလာတယ်။ ခါတိုင်းဆိုရင်သန်းမြင့်အောင်နဲ့ပဲ ဦးတည်ပြောဆိုတတ်တဲ့ မျိုးသိန်းက ကျွန်တော့်ကိုဦးတည်ပြောဆိုလာတာဖြစ်တဲ့အပြင် ဝါဒါတွေရှေ့မှာ အကျဉ်းသားမှန်သမျှအပေါ် မောက်မောက်မာမာလေသံနဲ့သာ အမြဲတမ်းပြောဆိုတတ်တဲ့သူက “ခင်ဗျားက ...” ဆိုတဲ့ နာမ်စားဝေါဟာရကို သုံးစွဲပြောဆိုလာတာကြောင့် ခဏတော့ ကျွန်တော် အံ့သြသလိုဖြစ်သွားမိတယ်။ ပြီးတော့ ပြုံးလိုက်မိတယ်။

         “ဟုတ်တယ် ... ဘာဖြစ်လို့လဲ”

         “ဪ...ဘာမှမဟုတ်ပါဘူး၊ကျွန်တော်ကသိချင်လို့ပါ။ကျွန်တော်လည်းခင်ဗျားလိုပဲမဟုတ်မခံသူ

တစ်ယောက်ပါဗျာ ...” 

          ကျွန်တော် ဒုတိယမ္ပိ ပြုံးလိုက်ပြန်တယ်။

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)