Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

လှသမိန် - လူ့ဉာဥ်လူ့အကြော

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

သူတစ်ပါးကို ဒုက္ခပေးခြင်း၌ မွေ့လျော်ခြင်း

 

          ကျောင်းသားဘဝတွင် ကျောင်းသားတစ်ယောက်၏ ဖိနပ်ကို တစ် ယောက်က ဝှက်ထား၏။ ထမင်းဘူးကို နေရာရွှေ့ ထား၏။ ပစ္စည်း မတွေ့သူမှာ ကျောင်းဆင်း၍ ပြန်ချင်ဇောကလည်း ဖိစီး၊ မိမိပစ္စည်း

ပျောက်သည်ကိုလည်း နှမြော၊ အိမ်က မိဘ ဆူပူရိုက်နှက်မည်ကိုလည်း စိုးရွံ့ကာ တစ်ထောက်ပတ်ပတ်ရှာဖွေ၏။ ရှာ၍မတွေ့လေ အချိန်က လည်းနောက်ကျလေ စိတ်သောက ပို၍ရောက်လေ ဖြစ်ရရှာ၏။ ကွယ်ရာ တချောင်ချောင်မှ ချောင်း၍ကြည့်နေသော ပယောဂရှင်ကမူကား ထို အဖြစ်ကိုကြည့်၍ ပီတိဖြစ်နေ၏။ အကယ်၍ ဖြစ်လိုရာဖြစ်စေ ထားပစ် ခဲ့သူဖြစ်ကလည်း “ခုဆို ရင်တော့ ဒီကောင် တော်တော်စိတ်ညစ် နေရပြီ” ဟု တွေးကာ ပီတိဖြစ်နေတတ်၏။

          ဤဉာဉ်သည် သာမန်တွေးလျှင် ပျော်ရပါးရရုံ နောက်ပြောင်ကျီ စားသော အမှုမျှသာဖြစ်သည်ဟု ထင်စရာရှိပေမည်။ စင်စစ်သော်ကား သူတစ်ပါး ဒုက္ခရောက်သည်ကိုမှ ကြည့်ရှု၍ ကြည်နူးသာယာတတ်သော လူ၏ ဉာဉ်ဆိုးတစ်ရပ်သာ ဖြစ်ပေသည်။

             ခွေး၏အမြီးတွင် သံတုံးချည်၍လွှတ်ခြင်း၊ ကျီးကန်းကိုဖမ်း၍ နှုတ် သီးဖြတ်လွှတ်ခြင်း၊ သူတစ်ပါးထိုင်မည့်ခုံတွင် ခွေးလှေးယားသီးမွေး သုတ်ထားခြင်း၊ သူတစ်ပါးနောက်ကျောကို မင်နှင့်ပက်ခြင်း၊ စာကပ် လွှတ်ခြင်း စသည့်များစွာသော ဉာဉ်ဆိုးများသည် နောင်သောအခါ သူ တစ်ပါးကို တမင်သက်သက် ချောက်တွန်းဒုက္ခပေး၍ သွေးအေးအေးနှင့် နှိပ်စက်ရခြင်းကို နှစ်သက်ကျေနပ်နေတတ်သော ဉာဉ်မျိုးသို့ ပြောင်းလဲ သွားတတ်ပေသည်။ 

          သူတစ်ပါး၏ ဥစ္စာကို မတရားလိုချင်၍ ဓားပြတိုက်ကာ နှိပ်စက် ခြင်း၊ လူသတ်ခြင်းမှာ လောဘ၊ ဒေါသ လွန်ကဲသော ရက်စက်မှုမျိုး ဖြစ်ပေသည်။ မိမိအတွက်လည်း ဘာအကျိုးမျှမရှိဘဲ သူတစ်ပါးကို ဒုက္ခ ရောက်စေပြီး ထိုသို့ ဒုက္ခပေးနိုင်သည်ကိုပင် ကြည်နူးအားရ ကျေနပ် ပီတိဖြစ်နေသော ဉာဉ်မျိုးမှာကား ဓားပြလူဆိုးတို့ထက် ပို၍ ဆိုးယုတ် မှုသာဖြစ်ပေသည်။ သို့ရာတွင် ထိုသို့ သူတစ်ပါးကို ဒုက္ခရောက်အောင် လုပ်ရခြင်း၌ ပျော်မွေ့နေသော လူများစွာရှိနေပေသည်။ အကြောင်းပေါ်မှ သတိပြုမိရတတ်ပေသည်။ 

          လူတစ်ယောက်ကို လိပ်စာတလွဲညွှန်၍ ဒုက္ခပေးပြီး ဟားတိုက် ရယ်နေသူမျိုးကို တွေ့ရပေမည်။ လူတစ်ဖက်သားအား အလုပ်ပြုတ်အောင် အကွက်ဆင်၍ ချောက်တွန်းသူကို တွေ့ရပေမည်။ “ဒီကောင့် ကိုတော့ နှိမ်ထားမှပဲ” ဟု စိတ်ကူးရောက်ကာ အခွင့်အာဏာကိုသုံး၍ သူတစ်ပါး စိတ်ဆင်းရဲမှု ဖန်တီးသူမျိုးကိုလည်း တွေ့ရှိရပေမည်။ သူများအိမ်ကို မီးကွင်းပစ်၍ မီးလောင်သည်ကိုကြည့်ပြီး ကျေနပ်နေသူ များလည်း ရှိပေသည်။ ဤသူများသည် အရူးတစ်မျိုး၊ စိတ်ဝေဒနာ ရှင်တစ်မျိုး ဖြစ်ကောင်း ဖြစ်ပေမည်။ သို့ရာတွင် လူစိတ် သူစိတ် အသိ တရား လုံးဝကင်းပြတ်နေသူများကား မဟုတ်ပေ။ ထိုသူများ၏ အပြု အမူမှာ ခွင့်လွှတ်နိုင်စရာ မရှိပေ။ မိမိ၏ စိတ်အလိုလိုက်ကာ မိမိဉာဉ် ဆိုးမှန်းမသိ၊ ပယ်ရှားစွန့်ပစ်ရကောင်းမှန်းမသိ မိုက်တွင်းနက်နေသူမျိုး သာ ဖြစ်ပေသည်။ မုဒိတာတရားကို ဆန့်ကျင်နေသူမျိုး ဖြစ်ပေသည်။

          ဤသို့သော ဉာဉ်ဆိုးရှိသူများကို သတိထား၍ အဝေးက ရှောင်ရ ပေမည်။ မိမိကိုယ်တွင် ဤဉာဉ်ဆိုးမျိုး မတွယ်ကပ်အောင် ဖယ်ရှားရ ပေလိမ့်မည်။

         

 

အကြွေးယူ ဝါသနာပါခြင်း

 

           အများအားဖြင့် ဆင်းရဲနွမ်းပါးသူတို့၌ ငွေကြေးမပြည့်စုံခြင်းကြောင့် မိမိရရန်ရှိသော ငွေများ မရသေးမီ အကြွေးအငှားယူ၍ စားသုံးကာ အခက်အခဲ ဖြေရှင်းကြရပေသည်။ အကြွေးတင်ခြင်း၊ ကြွေးရှင်၏ အပူ အဆူ အငြိုအငြင်ခံရခြင်းတို့ကြောင့် ကြွေးကို ကြောက်သူများ ရှိပေ သည်။ တတ်နိုင်သမျှ ခြိုးခြံချွေတာကာ နာရေးနှင့် အတိဒုက္ခရောက် ချိန်မှတစ်ပါး ကြွေးမြီကင်းအောင် ရှောင်တတ်ကြသူများရှိပေသည်။

           ကြွေးဆိုသည်မှာလည်း မိမိတွင် ပြန်၍ ပေးဆပ်နိုင်ရန် အလား အလာ၊ မိမိလိုက်မီနိုင်သော အတိုင်းအတာပမာဏတို့ကို ချိန်ဆ၍ ယာယီ အကူအညီယူမှုအဖြစ် အားကိုးရသည့် အရေးပေါ် ဖြေရှင်းနည်း သာ ဖြစ်ပေသည်။ မိမိဆပ်နိုင်မည်၊ မဆပ်နိုင်မည်မှာလည်း အကြောင်းမ ဟုတ်။ လောလောဆယ် လိုတရလျှင် ကိစ္စပြီးပြီဟု သဘောထားကာ ရနိုင်သူထံမှ ရသမျှကြွေးကိုယူပြီး စိတ်အေးလက်အေး မကြောင့်မကြ သုံးစားနေသူများ ရှိတတ်ပေသည်။ တစ်ယောက်ထံမှယူ၍ တစ်ယောက် ကို ပြန်ဆပ်ကာ ကြွေးရှင်လက်ပြောင်းနေသူမျိုးလည်း ရှိပေသည်။“ကြွေးထူမပူ သန်းထူမယား” ဆိုသကဲ့သို့ ကြွေးရှင်၏ အဆဲအဆို အကျိန်အခဲကို ငုံ့၍ခံနေတတ်သူမျိုးလည်း ရှိပေသည်။ အဟောင်းပေး အသစ်ယူကာ ကြွေးသံသရာမပြတ်သူမျိုးလည်း ရှိပေသည်။ ယူသည့် အကြွေးနှင့် ဆပ်ပေးနိုင်အားမမျှဘဲ အတိုးတက်ကာ ဘိုးဘိုးအောင် ဝလုံးတိုး သကဲ့သို့ ကိန်းဂဏန်းတိုးပြီး ကြွေးလည်ပင်းခိုက်နေသူမျိုး လည်း ရှိပေသည်။

          ကြွေးဆိုရာ၌ တန်ရာတန်ဖိုးနှင့် ကူညီမစသော ကြွေးမျိုးသာမဟုတ် ဘဲ အဆမတန် အတိုးပေး၍ဖြစ်စေ၊ အတိုးအတွက် ကာမိအောင် မတန် တဆ အမြတ်တင်ထားသော တန်ဖိုးနှင့် ပိုင်းဖြတ်၍ဖြစ်စေ ယူကြရသော အကြွေးမျိုးလည်းရှိပေရာ ကြွေးတင်မိလျှင် ရုန်းထွက်ရခက်၍ မနိုင်ဝန် ထမ်းကာ ကြွေးအောက်၌ပိကာ ဗုန်းဗုန်းလဲရတတ်ပေသည်။

          အကြွေးသာရလျှင် နောင်ခါလာနောင်ခါဈေး ဆင်တစ်ကောင်လုံး ဝယ်ချက်စားမည်ဆိုသူမျိုးလည်း ရှိတတ်ပေသည်။ မိမိ၏ အင်အားနှင့် အလားအလာကို အယုံစားလွန်၍ဖြစ်စေ၊ အတွက်မှား၍ဖြစ်စေ အကြွေး

ကြောင့် ဘဝနာတတ်ပေသည်။ မရှောင်မလွှဲသာ၍ စားဖို့၊ ဝတ်ဖို့ ယူရ သော ကြွေးမျိုးသာမကဘဲ ချက်ချင်းလက်ငင်း မပေးရသဖြင့် ဝတ် ကောင်းစားလှ၊ ဇိမ်ခံပစ္စည်း၊ ပကာသန၊ အလှူအတန်း၊ အပျော် အပါးမှု စသည်တို့ကို အကြွေးဖြင့် ရယူသာယာနေမည်ဆိုက ဘဝတွင် လုံးပါးပါး ရပေလိမ့်မည်။ မယူဘဲနေ၍ရသော ကြွေးမျိုးကို မယူဘဲသာ နေရပေ မည်။

          အကြွေးယူ၍ ကျွေးလျှင် စားမည့်သူများ ရှိပေမည်။ ပံ့ပိုးလျှင် လက် သင့်ခံသူများ ရှိပေမည်။ ကြွားဝါပလွှားလျှင် လက်ခုပ်တီးမည့်သူများ ရှိပေမည်။ သို့ရာတွင် ကြွေးတင်သောအခါ ထိုသူများက လာ၍ ကူညီ ဆပ်ပေးကြလိမ့်မည် မဟုတ်ပေ။ ကြွေးတင်၍ ရှင်ဘုရင်က ဆပ်မည် မဟုတ်ပေ။ မိမိ လော်လည်ကြွေးကို မိမိသာ ခါးစည်း၍ ဆပ်ရပေလိမ့် မည်။ ကြွေးတင် ကျွန်ဖြစ် ဆိုသကဲ့သို့ အတိုးအလွန်အမင်း ပေးရရုံ သာမက ကြွေးပူသောအခါ ရှိပစ္စည်းကို မတန်ရေတန်ရေ ရောင်းချ ထုခွဲရသည့်အခြေသို့ရောက်၍ မိမိသာ နစ်မွန်းပေမည်။ အကြွေးယူ ဝါသနာရှိလာလျှင် အကြွေးကို မကြောက်တတ်ဘဲ အတင့်ရဲလာတတ်ပေ သည်။ ထို့ကြောင့် အကြွေး လွယ်လွယ်ပေါ့ ပေါ့ ယူတတ်သော ဉာဉ်ကို လည်း တိုက်ဖျက်ရပေမည်။