Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

လှသမိန် - လင်တော်လင်ကောင်း

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အိမ်ထောင်ရေးအမြင်

          

            အိမ်ထောင်ရေးသည် လောကသားတို့၏ခရီးတံခါးဝပင် ဖြစ်လေ သည်။ လူ့လောက၌ ဖွားမြင်မြောက်သည်မှစ၍ ဖြည့်တင်းဆောင်ရွက် ခဲ့သမျှမှာ တစ်အိုးတစ်အိမ်ဖြင့် ဘဝသစ်ကို ဦးဆောင်ထူထောင်ရေး အဆင့်သို့ရောက်မှ တကယ့်ခရီးလမ်းမကြီးသို့ဆိုက်ရောက်ခြင်း ဖြစ်လေ သည်။ ထိုအဖြစ် ထိုအဆင့်ကို ရည်မှန်း၍ ကြိုးစားဆောင်ရွက်ကြသည်သာ ဖြစ်၍ “အိမ်ထောင်” သည်သာ ကျပ်ပြည့်လူ့ဘဝလောက ဖြစ်လေသည်။

          သို့ဖြစ်ရာ အကြင်လုလင်ပျို၏အန္တိမဘဝ-နောက်ဆုံးအဆင့်သည် အိမ်ထောင်သည် လင်ယောက်ျားပင်ဖြစ်ရမည်ဖြစ်ရာ ထိုဘဝတွင် တာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် အသင့်ပြင်ဆင်မှုရှိရန် လိုပေသည်။

          ထိုသို့လုလင်ပျို၏ကြိုတင်ပြင်ဆင်မှု လိုအပ်ချက်အဝဝတွင် မိမိ ၏ အရည်အချင်းကောင်းရှိရန် မိမိအလိုကျ အရည်အချင်းရှိ မယားကို ရွေးချယ်ရန်တို့ထက် ရှေးဦးစွာ အိမ်ထောင်ရေးကို အမြင်မှန်သဘော ပေါက်ရန် လိုပေသည်။

          အိမ်ထောင်ရေးသည် ကာမစည်းစိမ်ခံစားမှုဟူ၍ သဘောထားပါမူ အကြောင်းရင်းမှန်မည် မဟုတ်ပေ။ ထိုမမှန်သောအကြောင်းကြောင့်ကြိုတင်ပြင်ဆင်မှုသည်လည်း လိုအပ်သလိုပြည့်မြောက်မည် မဟုတ် ပေ။ စည်းစိမ်ခံစားမှုမှာ အစိတ်အပိုင်းမျှသော ရေးရာသာဖြစ်လျက် အိမ်ထောင်ရေးသည် တစ်သမတ်တည်းသော ဘဝအခြေစိုက်တည်ရေး သာဖြစ်သည်ကို သဘောပေါက်ရပေမည်။

          အိမ်ထောင်ရေးဘဝတွင် မိမိအစွမ်းဖြင့် အိမ်ထောင်၏အရေးအရာ တာဝန်များကို ထမ်းဆောင်ရပေမည်။ သူတစိမ်းတစ်ဦး၏ အကူအညီကို ရယူလျက် ရင်းနှီးစွာယုံမှတ်ဆက်ဆံရပေမည်။ အနာဂတ်ဘဝရေးရာများ အတွက်ပြင်ဆင်ရပေမည်။ လောကဝတ်ကို ထမ်းဆောင်ရပေမည်။

          ဤကိစ္စများသည် သေးငယ်သောကိစ္စ မဟုတ်ပေရာ။ အချစ်နှင့် ကာမကို အရင်းခံ၍ အိမ်ထောင်မှုတာဝန်ကိုထမ်းရွက်ရာတွင် အငိုလွယ် ၍ အရှိုက်ခက်ရသည်များရှိလေသည်။ 

          ကာမသုခသည် အိမ်ထောင်၏သုခရှိမှသာ ပြည့်ဝနိုင်ပေရာ၊ လုလင်ပျိုဘဝမှ မျှော်မှန်းတွေးခေါ်ချက်သည် လက်တွေ့အားဖြင့် တစ်လွဲ စီ ရေချိန်မကိုက်ဘဲ ရှိတတ်လေသည်။ ထိုသို့ မလွဲရန်မှာ အိမ်ထောင်၏ သုခ၊ ဒုက္ခ၊ တာဝန်အလုံးစုံကို ကြိုတင်မျှော်ခေါ်ရမည် ဖြစ်လေသည်။

         အရွယ်ရောက်လာလျှင် အချစ်စိတ်၊ တဏှာစိတ် နိုးကြွမြဲပင် ဖြစ်လေသည်။ သို့ရာတွင် အရွယ်ရောက်သူတိုင်း မျက်ကန်းတောတိုး မဟုတ်ခဲ့သော်.... အိမ်ထောင်ဝန်ကို အလွယ်တကူမထမ်းဆောင်ရဲကြပေ။ အိမ်ထောင်မှုသည် ဒုက္ခမုန်တိုင်းကြားမှ သုခသာဖြစ်လေသည်။ အိမ်ထောင် ၏နောက်၌ ကျင့်ဆောင်အားထုတ်၊ ကြိုးစားဖွယ်တာဝန် များကပ်ပါ လျက် ရှိလေသည်။ ထိုကြောင့် လင်ဘဝကိုကူးတော့မည်၊ ဝါ အိမ်ထောင် ဝန်ထမ်းတော့မည်ဟု စိတ်ပိုင်းဖြတ်မိသည်နှင့် တစ်ပြိုင်နက် အိမ်ထောင် ရေးသည် ချစ်ရေးကြင်ရေးသာမက လူမှုရေး၊ ဘဝတည်တံ့ရေး၊ တာဝန် ပိုမိုကြီးလေးလာသည်ကို သိနားလည်ဆင်ခြင်တတ်ရန် လိုလေသည်။

          အိမ်ထောင်သည်ဘဝတွင် မိဘ၏အယုအယ အထောက်အပံ့ရ သောဘဝ၊ ထင်သလိုကျင့်ကြံနေထိုင်သောတစ်ဦးချင်းဘဝ၊ လောက အပူအပင် ဒုက္ခသုက္ခကို ကိုယ်တိုင်ရင်ဆိုင်မဖြေရှင်းရသေးသော ဘဝ၊ တာဝန်အချုပ်အနှောင်သံယောဇဉ်ကင်းမဲ့သော ဘဝတို့နှင့်မတူတော့ဘဲ ဘဝသစ်တစ်ခုသို့ တိုးဝင်လာရမည်ကိုလည်း နားလည်ရပေမည်။

          အိမ်ထောင်မှုသည်အစကောင်းမှ အနှောင်းသေချာမည့်ဘဝခရီး လမ်းရွေးပွဲပင်ဖြစ်ရာ၊ အပြုပြင်အပြောင်းလဲမလွယ်သည့်အတိုင်းလည်း ကြိုတင်ချိန်ဆလျက် ထိုတာဝန်ကို နိုင်မနိုင်ချင့်ချိန်ရမည်ဖြစ်လေသည်။ နောင်ခါဈေး သဘောထားလျှင် အရှုံးလောက၌သာ အလူးအလိမ့် ခံရ လိမ့်မည်ဖြစ်ရာ၊ တာထွက်ကောင်းရန် အထူးလိုပေသည်။ အင်အား ဖြည့်တင်းရန်၊ ကြိုတင်မျှော်မှန်းရန်၊ ရဲရင့်သတ္တိရှိရန်၊ လောကဓံကို ကြံ့ကြံ့ခံနိုင်ရန်၊ အခက်အခဲကို ထိုးသွင်းနိုင်သော ဇွဲ၊ လုံ့လရှိရန်လည်း အထူးလိုပေမည်။

          စင်စစ် အချစ်ရေးကိစ္စသည်လည်း အိမ်ထောင်၏ ပြည့်တင်း ချမ်းမြေ့မှုရှိမှ အစဉ်သုခရနိုင်မည်သာဖြစ်ရာ၊ တစ်ဖက်တည်း၌သာ အမြင် မသန်ဘဲ ချင့်ချိန် စဉ်းစားတတ်ပါမူ အလွယ်တကူ ဆောင်ရွက်နိုင်လိမ့် မည် မဟုတ်ပေ။ ထိုသို့ အိမ်ထောင်ဘဝ၏ ရေးရာကို အမြင်မှန်ဖြင့် ကြိုတင်သိမြင်ခဲ့မှသာ လင်တော်လင်ကောင်းအဖြစ် ဖြည့်ကျင့်နိုင်မည် ဖြစ်ပေသည်။

          အိမ်ထောင်၏ ဆက်ဆံရေးသည် ချစ်သူ၊ သို့မဟုတ် ချစ်ရမည့်သူ နှင့် ဆက်ဆံရေးပင် ဖြစ်သည်။ မှန်သော်လည်း ထိုချစ်သူ၊ ချစ်ရမည့် သူသည် သူ့ပင်ကိုစိတ်ဓာတ် အမူအရာအလေ့အလာအစွဲထုံရင်းဖြစ်သော သူတစိမ်းတစ်ဦးနှင့် ဆက်ဆံရေးဖြစ်သည်ကိုလည်း သတိမမေ့သင့်ပေ။ အချစ်မခိုင်မြဲမီ အချစ်ကို သွေးဝင်သော ဟန်ဆောင်မှုအကြိုက်ဆောင်မှုအပေါ်ယံအရေများ ကျွတ်ကွာသွားမည့် ချစ်ဖော်နှင့် ဆက်ဆံရမည်ကို လည်း ကြိုတင်သတိရှိအပ်လေသည်။

အိမ်ထောင်သည်ဘဝတွင် ကိုယ်စိတ်သက်သာမှုသုခပိုမိုလာ သလောက် မိမိတာဝန်ပိုထမ်းဆောင်ရမည်ကိုလည်း နားလည်ရပေမည်။ အိမ်ထောင်ရေးကို ပေါ့ပေါ့ဆဆ သာမန်ထင်မြင်သဘောထားလျှင် ကား.. နှောင်းသောနောင်တသာလျှင် ရပေလိမ့်မည်။

          ထိုသို့ အိမ်ထောင်ဝန်ကို သဘောပေါက်ပြီးသော်.. အကြင် လင်ကောင်းသည် ထိုဝင်ရောက်အံ့ဆဲဆဲ ဘဝသစ်အသစ်အတွက် ကြိုတင်ပြင်ဆင်မှုပြုရပေလိမ့်မည်။ ဘဝ၏အခြေစိုက်မှန်းသိသည်နှင့် တစ်ပြိုင်နက် မိမိ၏ ရေရာသော အင်အားစုများ တိုးတက်ခိုင်မြဲအောင် စိုင်းပြင်းရပေလိမ့်မည်။

          အိမ်ထောင် စတင်ဖွဲ့စည်းသည်တွင်လိုအပ်သော ငွေကြေး၊ ပစ္စည်း၊ ဝတ္ထုအင်အားစုများကို စုဆောင်းရှာဖွေသိုမှီးရပေလိမ့်မည်။ လောကဝတ်၊ မှတ်ကျောက်တွင် ထိုက်သင့်စွာ စံချိန်မီအောင် မိမိအင်အားကို တိုးမြှင့် မှသာ ပွဲဦးမျက်နှာပန်းလှလိမ့်မည် ဖြစ်ပေသည်။ အိမ်ထောင်ဟူသည်မှာ တစ်ချိန်တည်း တစ်ပြိုင်နည်း ပြည့်စုံကုံလုံအောင် စုဆောင်းဖွဲ့စည်းနိုင် သည်ဟူ၍ မရှိပေ။ အိမ်ထောင်သက်တစ်လျှောက် လူ့လောက၌ လိုအပ် ရာပစ္စည်းကိရိယာ အသုံးအဆောင်မှစ၍ စားဖွယ်၊ ဝတ်ဖွယ်၊ နေဖွယ် တို့ကိုဖြည့်တင်းထူထောင်ရမြဲဖြစ်လေသည်။    သို့ရာတွင် အိမ်ထောင်ကို ဗလာနတ္ထိဖြင့် စတင်ပါမူ ခရီးတစ်လျှောက် မိမိသာပို၍ ပင်ပန်းဝန်လေး ရမည့်ပြင် အခြေခံအင်အားမမြဲမှုကြောင့် ထူထောင်မှုတွင်လည်း အရှိန် အလျဉ်မရနိုင်ဘဲ ရှိပေမည်။ ထို့ကြောင့်ပင် ပကာသနဝတ္ထုပစ္စည်းနှင့် မိမိအင်အားနှင့် မထောက်မတန်သော မျက်နှာပန်းပြမှုမှအပ အိမ်ထောင်မှု လောကအတွက် လိုအပ်သော အခြေခံငွေကြေး၊ ပစ္စည်း၊ ဝတ္ထုဘောဂအင်အားကား အထိုက်အလျောက် ပြည့်စုံရမည်မှာ လင်ကောင်း သတို့သားတိုင်း၏တာဝန်ပင် ဖြစ်၏။

          ထို့နောက် အိမ်ထောင်ကိုဖြည့်တင်းထိန်းသိမ်းသွားရန် စွမ်းရည် ထာဝစဉ်လုံလောက်ရန်အတွက်လည်း ယောက်ျားကောင်းတို့၏ အရည် အချင်းများ ကိန်းအောင်းစေရန် လိုအပ်ပေသည်။ ယောက်ျားကောင်း တို့၏အရည်အချင်းသည် အိမ်ထောင်ထူထောင်ခါနီးမှ ဖြည့်တင်းရန် မဟုတ်ဘဲ ငယ်စဉ်ကပင် အဆင့်ဆင့်ဖြည့်တင်းလာရမည်ဖြစ်လေသည်။ သို့ရာတွင် အိမ်ထောင်ပြုခါနီးအချိန်တွင် ထိုဖြည့်တင်းခဲ့သော အရည် အချင်းသည် ခိုင်လုံဖြည့်တင်းလျက် အနာဂတ်ခရီးကြမ်းအတွက် ခံနိုင် ရည်ရှိပါမည်လောဟု ဆန်းစစ်ကာ လိုသောအရည်အချင်းကို အားသွန် ဖြည့်တင်းရမည် ဖြစ်လေသည်။

         

ယောက်ျားကောင်းတို့ အရည်အချင်း

    

          ယောက်ျားကောင်းတို့ အရည်အချင်းသည်ကား... အလွန်ပင် များပြား သော်လည်း အချုပ်အားဖြင့် ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တ ဗလ၊ ဘောဂဗလ စသော အားငါးပါးသာလျှင် ဖြစ်လေသည်။

         ထိုအရည်အချင်းတို့သည် အိမ်ထောင်သည်လောကသို့ ဝင်သည် ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ ယောက်ျားတိုင်းအတွက် အခြေခံရှိသင့်သမျှ လိုအပ်၏။ ပို၍ထူးချွန်လိုလျှင် ရှိသင့်သည်ထက် ပို၍ပို၍ ထိုအားများ ကို ဖြည့်တင်းရမည်သာဖြစ်လေသည်။ သို့ရာတွင် အိမ်ထောင် ဝန်ကို ထမ်းရမည့်သူအတွက်ကား ပို၍ ပြည့်စုံရန်လို၏။ ထိုအားငါးပါးနှင့် ပြည့်စုံမှသာ လောက၏အကျိုးအခွင့်ကို ကျပ်ပြည့်ခံစားနိုင်၍ လောကကို လည်း အကျိုးပေးနိုင်စွမ်းမည် ဖြစ်၏။ ထိုအရည်အချင်းကား ယောက်ျား များအတွက်သာမဟုတ် မိန်းမများအတွက်လည်း ပြည့်စုံရန်လိုသည်သာ ဖြစ်၏။ သို့ရာတွင် အမှီအခိုပြုရသည်မဟုတ်ဘဲ အမှီအခိုခံရမည့်

လင်လောင်းတို့မှာ ထိုငါးပါးစလုံးတတ်နိုင်သမျှ ဖြည့်တင်းရန် ပို၍ လိုအပ်သည်ဟုပင် မှတ်ယူရ၏။

           မယားကောင်းသည် သိမြင်လိမ္မာသူဖြစ်ခဲ့လျှင် လင်၏အပေါ်တွင် အားတစ်ရပ်ရပ်တောင့်တင်း၍ ကျန်းမာအားဆုတ်ယုတ်သူတို့ထက် အားအဘက်ဘက်ညီမျှပြည့်တင်းသူကို မြတ်နိုးပေလိမ့်မည်။ ထိုအား များမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှီတွယ်နေပေရာ၊ ကာယဗလကောင်းသူ၊ ဉာဏဗလကောင်းသူ၊ ဘောဂဗလကောင်းသူ-စသော တစ်ဖတ်သတ် ထူးချွန်သူတို့မှာ ကျန်အင်အားချို့တဲ့က တစ်ဖက်ချွန်သက်သက် ရုပ်ပြ မျှသာတန်ဖိုးရှိ၍ တကယ့်လူ့လောကအိမ်ထောင်အတွက် အသုံးမတွင် ကျယ်နိုင်ပေ။ အိမ်ထောင်ရေးတွင် အားငါးပါးလုံးအသုံးချရမှ ပြေလည် တိုးတက်နိုင်မည်ဖြစ်ရာ၊ တစ်ဖတ်သတ်မျှ ပြည့်စုံခြင်းသည် အိမ်ထောင် ၏ရာနှုန်းပြည့်ချမ်းမြေ့မှုကို မပေးစွမ်းပေ။

          ထိုမှတပါးအခြားဘက်မှ အထောက်အကန်မရှိသော တစ်ဖက် သတ်ထူးချွန်ပြည့်စုံခြင်းမှာကြာရှည်ခိုင်ခံ့နိုင်ခြင်း မရှိပေ။ အောက်ခြေမခိုင် ပေ။ ကျန်အားတစ်ခုမှ ကင်းသောအားတစ်ခုသည် အထီးထည်း မဖွံ့ဖြိုး မတိုးတက်သည်သာ မဟုတ်သေး၊ ထာဝစဉ်မရပ်တည်နိုင်သော အာဂန္တုက ယာယီအားမျှသာ ဖြစ်လေသည်။ ကျန်းမာ၍ ပစ္စည်းမရှိလျှင် ထိုကျန်းမာ ရေးကို မည်သို့မျှ အားမပြုနိုင်ပေ။ ပစ္စည်းရှိ၍ ဉာဏ်မရှိလျှင်လည်း တည်မြဲရန်၊ တိုးတက်ရန်၊ ဆောင်ရွက်အားမရှိပေ။ ဉာဏ်ရှိ၍ မကျန်းမာ လျှင်လည်း ဉာဏ်စေအားနိုင်ခွင့်အရာ မရောက်ပေ။ ထိုနည်းနှင်နှင် အားတစ်ရပ်ကိုတစ်ရပ် ကျေးဇူးပြုရာ၊ တစ်ဖက်သတ်ထူးချွန်မှုမှာ အိမ်ထောင်သည်လောကအတွက် မက်လုံးမဟုတ်ပေ။

          ဗလငါးတန်ထူးချွန်တိုးတက်လျှင်ကား အကောင်းဆုံးဖြစ်၍ အရှားဆုံး လည်း ဖြစ်၏။ သို့ရာတွင် တစ်ဖက်သတ်၌ အလေးသာမှုကားရှိနိုင်၏။ ကျန်အားများအသင့်အတင့် ပြည့်စုံလျက် အားတစ်ခုခုတွင် ပို၍ ပြည့်စုံခြင်းကား အပြစ်မဆိုသာပေ။ သို့ရာတွင် ထိုငါးတန်လုံး ထိုက်တန် သမျှ မပြည့်ဝဘဲ တစ်ရပ်ရပ်၌သာပြည့်စုံခြင်းမှာ အလိုမရှိအပ်ပေ။

          ထိုအင်အားများကို အညီဖြည့်တင်းရန် လိုလေသည်။ တစ်ဖက် တွင်မျှ မချို့ယွင်းအောင်အစဉ် မိမိကိုယ်ကိုယ် သုံးသပ်စစ်ဆေးလျက် လိုသောအားကို ဖြည့်တင်းရပေမည်။ အားအညီဖြည့်တင်းရာတွင် တစ်ဖက်သတ် တစ်နေရာတည်း ဖြည့်တင်းသည်လောက် တိုးတက် ပြည့်စုံခြင်းကား ရှိမည်မဟုတ်ပေ။ သို့ရာတွင် ထိုသို့ ဘက်ညီလှမ်းညီ တိုးတက်မှုမှာ အထူးချွန်ဆုံးအဆင့်သို့မရောက်စေကာမူ မြင့်တက်လာရာ အဆင့်တိုင်း၌ ထိုက်သည်အားလျော်စွာ အိမ်ထောင်မှု၌ အသုံးချနိုင်အောင် အရာရောက်မည်ဖြစ်လေသည်။ တစ်ဦးနှင့်တစ်ဦး အနိမ့်အမြင့်ချင်း မတူ စေကာမူ ကွင်းလုံးကျွတ်ဗလငါးတန် စုံညီမြှင့်တင်ရာတွင် လမ်းစဉ် မှန်ကန်သည့်အလျောက် အကျိုးထိရောက်မှုကား မည်သည့်အခါမျှ ယုတ်လျော့မည် မဟုတ်ပေ။

          ထိုသို့အားစုံညီဖြင့် ဖြည့်တင်းကျင့်ဆောင်ရာတွင် မယားလောင်း ၏အမြင်နှင့် မြတ်နိုးမှုအားဖြင့် တိုက်ဆိုင်ကောင်းမှ တိုက်ဆိုင်ပေမည်။ သူမသည် ကာယဗလကိုသာလည်းကောင်း၊ ဉာဏဗလကိုသာလည်း

ကောင်း၊ ဘောဂဗလကိုသာလည်းကောင်း၊ အသီးသီးတပ်မက်မှုရှိကောင်း ရှိပေမည်။ သို့ရာတွင် သူမ၏တပ်မက်မှုသည် ဘဝ၏ အလိုအသုံးနှင့် လက်တွေ့ရင်ဆိုင်ရသောအခါတွင် အမြင်မှန်သို့ပြောင်းလဲ၍ အားအဘက် ဘက်မှ စုံညီပြည့်ဝမှုတန်ဖိုးကို မြတ်နိုးတတ်လာပေလိမ့်မည်။

          အကြောင်းအမျိုးမျိုးကြောင့် မက်လုံးရှိရာ အားတစ်ရပ်ကိုသာ မြှင့်တင်ပျိုးထောင်ရစေကာမူ ဗလငါးတန်လုံး ပြည့်ဝစေရမည်ဟူသော ပကတိ မျှော်မှန်းချက်သည် ယောက်ျားတိုင်း၌ ရှိရပေမည်။ ၎င်းသာ