လှသမိန် - မြန်မာရာဇဝင်အကျဥ်း
မြန်မာနိုင်ငံ ရာဇဝင်အကျဉ်း
“မြန်မာအစ တကောင်းက”ဟူ၍ ဆိုရိုးရှိခဲ့သည့်အတိုင်း မြန်မာရာဇဝင်ကို တကောင်းခေတ်မှ စတင်၍ ဖော်ပြလေ့ရှိ ကြပေသည်။ မင်းအစဉ်အဆက် တိုင်းပြည်ထူထောင် အုပ်စိုး ခဲ့ကြသည့် သမိုင်းကြောင်းကို လိုက်စစ်ရှာဖွေလျှင် တကောင်း ခေတ်အထိ ပြန်လှန်ထောက်ဆနိုင်ပေသည်။ သို့ရာတွင် မြန်မာ နိုင်ငံတွင် လူမျိုးများ စတင်အခြေစိုက် နေထိုင်ခဲ့ကြသည်မှာ ကား တကောင်းခေတ်မတိုင်မီ နှစ်ပေါင်းထောင်ပေါင်းများစွာ ကတည်းကဖြစ်ကြောင်းကို မြန်မာနိုင်ငံအရပ်ရပ်တွင် ကျောက် ခေတ်လူများ၏ ကျောက်လက်နက်များကို တူးဖော်တွေ့ရှိရခြင်း က ထင်ရှားဖော်ပြနေပေသည်။ ထိုလူသားများသည် ရေကြည် ရာ၊ မြက်နုရာတွင် အစဉ်တစိုက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြပေ မည်။ အစုအအုပ်ဖွဲ့၍ နေထိုင်ခဲ့ကြပေမည်။ နောက်ဆုံးတွင် နီဂရီတိုလူမျိုးများ၏ ခေတ်သို့တိုင်ခဲ့ပေသည်။
ထို့နောက်တွင်ကား မြန်မာနိုင်ငံမြောက်ပိုင်း အာရှတိုက် အလယ် မောင်းဂွတ်ပြည်ခေါ် မောင်ဂိုလီးယားဒေသမှ မွန်ခမာ လူမျိုးများသည်လည်းကောင်း၊ တိဘက်မြန်မာလူမျိုးများသည် လည်းကောင်း၊ ထိုင်းရှမ်းလူမျိုးများသည်လည်းကောင်း အဆင့်ဆင့် ဝင်ရောက်နေထိုင်ခဲ့ကြရာ ရှိရင်း နီဂရီတိုလူမျိုးတို့သည်တောင်ပိုင်းနှင့်တောင်ဘက် ပင်လယ်ကျွန်းဆွယ်များသို့ တရွေ့ ရွေ့ ရွှေ့ပြောင်းသွားခဲ့ကြပေသည်။ ဝင်ရောက်လာသော လူမျိုး များသည် ဒေသအသီးသီးတွင် အခြေစိုက် နေထိုင်ခဲ့ကြရာမှာ လူမျိုးစုများအဖြစ် သီးခြားရပ်တည်လာခဲ့ကြ၍ ဘာသာစကား နှင့် ဓလေ့ထုံးတမ်းတို့လည်း ကွဲပြားလာခဲ့လေသည်။ မွန်အမျိုး သားများသည် မွန်ခမာ အဆက်အနွယ်များဖြစ်၍ ချင်း၊ ကချင်၊ ကဒူး၊ ပျူ၊ ကမ်းယံ၊ သက်လူမျိုးတို့သည် တိဘက် မြန်မာတို့၏ အဆက်အနွယ်များဖြစ်ပြီး ရှမ်း၊ ကရင်၊ တောင် သူ၊ ပဒေါင် စသော လူမျိုးတို့သည် ထိုင်းလူမျိုး အဆက်အနွယ် များ ဖြစ်သည်ဟု မှတ်ယူကြရလေသည်။ ထိုလူမျိုးများသည် အစဉ်အတိုင်း အုပ်စုအလိုက် မြို့ရွာတည်စိုက်နေထိုင်ခဲ့ကြလေ သည်။ မြန်မာဟူသောအမည်မှာ ပျူလူမျိုးတို့ တိမ်ကောချိန်လောက်တွင် ပေါ်ထွန်းလာသဖြင့် ပျူမှ မြန်မာမျိုးနွယ်သို့ ပွား ဆက်လာသည်ဟု ယူဆသူများလည်း ရှိလေသည်။
ထိုသို့ မြန်မာနိုင်ငံတွင် မွန်ဂိုလီးယားဒေသမှ မျိုးနွယ် များ ဝင်ရောက်နေထိုင်လျက် ရှိကြသော ကာလတွင် တကောင်း ဒေသ ဧရာဝတီမြစ်ညာ၌ ရှေးဦးစွာ မြို့ပြတည်ထောင်စည်းရုံး လျက် မင်းအဖြစ် ထီးနန်းစိုက်တည်ခဲ့ကြရာမှ မင်းအစဉ်အဆက် နှစ်ကာလစဉ်တိုက် ဆက်လက်အုပ်ချုပ်လာခဲ့ကြသည်ကို တွေ့ ရှိရလေသည်။ တကောင်းတွင် မြို့ပြတည်ထောင်၍ မင်းအဖြစ် စတင်စိုးစံခဲ့ကြသည့် အကြောင်းရင်းနှင့် ပတ်သက်၍ကား ဤ သို့မှတ်သားကြရပေသည်။
ပထမတကောင်းခေတ်
မြတ်စွာဘုရားပွင့်တော်မမူမီ လွန်ခဲ့သောနှစ်ပေါင်း ၂၈ဝဝ ကျော် ကာလလောက်တွင် အိန္ဒိယနိုင်ငံ ကပိလဝတ်ပြည် သာ ီကီဝင်မင်းမျိုးတို့နှင့် ပဉ္စလရာဇ်မင်းမျိုးတို့သည် မျိုးချင်းဆက် နွယ်ရန်ကိစ္စတွင် သာကီဝင်ဖြစ်သော ကောလိယမင်းက မျိုး ရိုးဇာတိမာန်ဖြင့် မချေမငံ ပြောဆိုရာမှ စစ်ဖြစ်ကြရာ ပဉ္စလရာဇ် မင်း စစ်နိုင်၍ သာကီဝင်တို့ သုံးစုကွဲပြားလေသည်။ ထိုအခါ ကပိလဝတ်ပြည်မှ သာကီဝင်မင်းတစ်ပါးဖြစ်သော အဘိရာဇာ သည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ကုန်းလမ်းခရီးဖြင့် စစ်သည် ဗိုလ်ခြေတို့ကိုပါ ခေါ်ဆောင်လာရောက်ကာ တကောင်းမြို့တည် ရာ၌ မြို့ပြတည်ထောင်လျက် ရှိရင်းစွဲ မြန်မာနိုင်ငံသားတို့ကို အုပ်ချုပ်စည်းရုံးနေထိုင်လေသည်။
အဘိရာဇာ နတ်ရွာစံလျှင် သားတော်ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့သည် ထီးနန်းကိုလုကြရာ မှူးမတ်တို့၏ အကြံ ပေးချက်အရ ညဉ့်ချင်းပြီးအောင် ကောင်းမှုအဆောက်အဦ ပြု ကြသည်တွင် ကံရာဇာငယ်သည် သစ်ငယ်၊ ဝါးငယ်တို့ဖြင့်ဆောက်တည်သောကြောင့် ညဉ့်ချင်းပြီးသဖြင့် ထီးနန်းကို ဆက်ခံရလေသည်။
ကံရာဇာကြီးမူကား ချင်းတွင်းမြစ်ကိုဆန်၍ ကလေးတောင် ညိုအရပ်၌ မြို့တည်ကာ ခြောက်လခန့် စစ်သည်ဗိုလ်ပါ စုဆောင်းလေသည်။ ထိုအချိန်၌ ပျူလူမျိုးတို့မှာ ဟံလင်း၊ သရေခေတ္တရာ စသောဒေသများ၌ စုပေါင်းနေထိုင်လျက်ရှိရာ ပျူတို့က မင်းပြုအုပ်ချုပ်ပါရန် တောင်းပန်ချက်အရ သားတော် မုဒုစိတ္တကို စေလွှတ်အုပ်ချုပ်စေလေသည်။
ကံရာဇာကြီးသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ကုလားတန် မြစ်၊ ကစ္ဆပနဒီ အရှေ့ဘက်ရှိ ကျောက်ပန်တောင် (ကျောက် ပန်းတောင်း) မြို့ကို တည်ထောင်ပြီးလျှင် ရှေးက မာရာယုမင်း တည်ထောင်ခဲ့သော ဓညဝတီမြို့ဟောင်းကိုပါ သိမ်းယူ၍ ရခိုင် ပြည်တွင် မင်းဆက်စိုက်တည် အုပ်ချုပ်နေလေသည်။
ကံရာဇာငယ်သည် တကောင်းတွင် ဆက်လက်အုပ်ချုပ် စိုးစံ၍ သားမြေးစဉ်ဆက် အုပ်ချုပ်ခဲ့လေရာ မင်း ၃၃ ဆက် တိုင်လေသည်။ ထိုမင်းတို့ကား
၁။ အဘိရာဇာ၊
၂။ သားတော် ကံရာဇာငယ်၊
၃။ သားတော် ဇမ္ဗူဒီပရာဇာ၊
၄။ သားတော် သင်္ကဿရာဇာ၊
၅။ သားတော် ဝိပန္နရာဇာ၊
၆။ သားတော် ဒေ၀တရာဇာ၊
၇။ ဘထွေးတော် မုနိကရာဇာ၊
၈။ ညီတော် နာဂရာဇာ၊
၉။ သားတော် ဣန္ဒကရာဇာ၊
၁ဝ။ သားတော် သမုတိရာဇာ၊
၁၁။ သားတော် ဒေဝရာဇာ၊
၁၂။ သားတော် မဟိန္ဒရာဇာ၊
၁၃။ သားတော် ဝိမာလရာဇာ၊
၁၄။ သားတော် သီဟနုရာဇာ၊
၁၅။ သားတော် မင်္ဂနရာဇာ၊
၁၆။ သားတော် ကံသရာဇာ၊
၁၇။ သားတော် ကလိင်္ဂရာဇာ၊
၁၈။ သားတော် သင်းတွဲရာဇာ၊
၁၉။ ညီတော် သီဟနုရာဇာ၊
၂၀။ သားတော် ဟံသရာဇာ၊
၂၁။ သားတော် ဝရရာဇာ၊
၂၂။ သားတော် အလောင်းရာဇာ၊
၂၃။ သားတော် ကောလကရာဇာ၊
၂၄။ သားတော် သူရိယရာဇာ၊
၂၅။ သားတော် သင်းကြီးရာဇာ၊
၂၆။ သားတော် တိုင်းချစ်ရာဇာ၊
၂၇။ သားတော် မဓုရာဇာ၊
၂၈။ သားတော် မင်းလှကြီးရာဇာ၊
၂၉။ သားတော် သံသုသီဟရာဇာ၊
၃ဝ။ သားတော် ဓနင်္ဂရာဇာ၊
၃၁။ သားတော် ဟိန္နရာဇာ၊
၃၂။ သားတော် မောရိယရာဇာ၊
၃၃။ သားတော် ဘိန္နကရာဇာ၊ မှ
ဟူ၍ ဖြစ်လေသည်။ ထိုပထမ တကောင်းခေတ် ၃၃ ဆက်မြောက် ဘိန္နကရာဇာ လက်ထက်တွင် တရုတ်တရက်တို့နှောင့်ယှက်သဖြင့် သင်္ကဿရဋ္ဌ တကောင်းပြည်ပျက်လေရာ မင်းကြီးသည် ရမိသမျှ ဗိုလ်ခြေတို့ကို စုဆောင်း၍ မလည် အရပ်တွင် ခိုဝင်နေလေသည်။ ထိုအရပ်၌ မင်းကြီး နတ်ရွာစံ လျှင် ဗိုလ်ပါတို့လည်း အစုစု ကွဲကြလေသည်။
ဒုတိယ တကောင်းခေတ်
ထိုအချိန်လောက်တွင် အိန္ဒိယနိုင်ငံ၌ သာဝတ္တိပြည်ရှင် ပဿနဒီကောသလမင်းက ကပိလဝတ်ပြည်ရှင် မဟာနာမ မင်းထံ မျိုးရိုးဆက်ရန် သမီးကညာတောင်းရာ သာကီဝင်မင်း တို့က မျိုးရိုးပျက်မည်စိုးသဖြင့် မင်းသမီးစစ်ကိုမပေးဘဲ ကျွန်မ ၏သမီး ဇာတ်နိမ့်ဖြစ်သော ဝါသဘခတ္တိယမင်းသမီးကို ပေး လိုက်၍ မဟာနာမမင်းမိဖုရား မြှောက်လေသဖြင့် ဝိဋဠုပမင်း သားကို ဖွားမြင်လေသည်။ အရွယ်ရောက်လျှင် ဝိဋပမင်းသား က ကပိလဝတ်ပြည်သို့သွား၍ ဆွေတော်မျိုးတော်တို့အား ကန်တော့လေသည်။ မင်းသားပြန်သောအခါ ကျွန်မသားနေရာဟု မင်းသားထိုင်သောနေရာကို နို့ရည်ဖြင့် ဆေးကြောလေသည်။ ဝိဋဠုပမင်းသား ကြားသိလျှင် ရှက်နိုး၍ အငြိုးဖွဲ့ လေရာ မင်း ဖြစ်သောအခါ သာကီဝင်မင်းတို့ကို စစ်ထိုးသဖြင့် ဒုတိယအကြိမ် သာကီဝင်မင်းဆက် ပျက်စီးရပြန်လေသည်။
သာကီဝင်မင်းမျိုးဖြစ်သော ဓဇရာဇာသည် ပင်လယ်ကမ်း ခြေခရီးဖြင့် ရခိုင်ပြည်သို့လာရောက်၍ မောရိယမြို့ကို တည်ထောင်ပြီးနောက် ရိုးမတောင်ကို ကျော်ဖြတ်၍ အထက်အညာ သို့ ဆန်တက်လေရာ မလည်အရပ်တွင်ရှိနေသော နတ်ရွာစံရ ဘိန္နကရာဇာမင်း၏ မိဖုရား နာဂဆိန်နှင့်တွေ့လျှင် သာကီဝင် အဆက်အနွယ်ချင်းဖြစ်သဖြင့် စုံဖက်ကာ အညာပုဂံပြည်ကို တည်ထောင်စံနေကြလေသည်။ မကြာမီ သားတော် ဝိရာဂကို ဖွားမြင်ပြီးနောက် တကောင်းပြည် အရပ်၌ ပဉ္စာလရာဇ် (ပဉ္စာ တကောင်း) မြို့ကို ထပ်မံတည်ထောင်ကာ သတိုးဇမ္ဗူဒီပဓဇ ရာဇာဘွဲ့ဖြင့် ထီးနန်းစိုးအုပ်ခဲ့ပြန်လေသည်။
ထိုမင်း နတ်ရွာစံလျှင် အစဉ်အဆက်အားဖြင့် မင်း ၁၇ ဆက် ဆက်လက်အုပ်စိုးခဲ့ကြရာ ဒုတိယ တကောင်းဆက်မင်း များမှာ အောက်ပါအတိုင်း ဖြစ်လေသည်။
၁။ သတိုးဇမ္ဗူဒီပဓဇ၊
၂။ သတိုးတိုင်းရရာဇာ၊
၃။ သတိုးရထားရ၊
၄။ သတိုးတမ်းခွန်ရ၊
၅။ သတိုးလှံရ၊
၆။ သတိုးလှေရ (သတိုးရွှေ) ၊
၇။ သတိုးဂဠုန်ရ၊
၈။ သတိုးနဂါးရ၊
၉။ သတိုးနဂါးနိုင်၊
၁၀။ သတိုးရလောဟာ၊
၁၁။ သတိုးပေါင်ရှည်၊
၁၂။ သတိုးကျောက်ရှည်၊ နှစ်
၁၃။ သတိုးဆင်လောက်၊
၁၄။ သတိုးဆင်ထိန်း၊
၁၅။ သတိုးတိုင်းချစ်၊
၁၆။ သတိုးမင်းကြီး၊
၁၇။ သတိုးမဟာရာဇာ၊
သတိုးမဟာရာဇာ မင်းကြီးတွင် သားတော် မထွန်းကား သဖြင့် မိဖုရားကြီး ကိန္နရာဝတီ၏ မောင်တော် ခေပဒူတကို အိမ်ရှေ့ ပေးလေသည်။ ထိုအချိန်ကား အိန္ဒိယနိုင်ငံ၌ မြတ်စွာ ဘုရား ပွင့်တော်မူပြီးရုံမျှမက ပရိနိဗ္ဗာန်စံလွန်ပြီး၍ စတင်ရေ တွက်သည့် သာသနာနှစ် ၄၀ ခန့်ရှိပြီ ဖြစ်လေသည်။
တစ်နေ့သ၌ တကောင်းပြည်တွင် တောဝက်ကြီးတစ် ကောင် သောင်းကျန်းဖျက်ဆီးလေရာ ခေပဒူတသည် လက် နက်ငါးပါးကိုယူ၍ ဝက်ကြီးရန်ကိုဖြိုခွင်းရန်လိုက်လေသည်။ဝက်ကြီးကိုမရမိသမျှနေပြည်တော်သို့မပြန်ဟူ၍ နေ့ရက် မပြတ် လိုက်လေသော် ကာလကြာလျှင် သရေခေတ္တရာပြည် တည်ရာအနီးရှိ ကျွန်းတစ်ကျွန်းသို့ရောက်လျှင် ဝက်ကြီးကို ထိုးသတ်နိုင်လေတော့သည်။ ထိုအခါ ခေပဒူတသည် နေပြည်
တော်သို့ ပြန်လိုစိတ်မရှိတော့သဖြင့် ထိုအရပ်၌ ရသေ့ပြု၍ နေ ထိုင်လေရာ၊ သကျအင်းအရပ်ရှိ ပျူအမျိုးသားတို့က ဆည်းကပ် ကိုးကွယ်ကြလေသည်။ တကောင်းပြည်တွင် ခေပဒူတ ထွက် ခွာသွားသောနှစ်၌ မင်းကြီး၏ မိဖုရားမှ မဟာသမ္ဘဝနှင့် စူဠာ သမ္ဘဝဟူသော မျက်မမြင်သားတော် အမြွှာနှစ်ပါးကို ဖွားမြင် လေသည်။
မင်းကြီးသည် ရှက်သောကြောင့် သားတော်များကို ဖျောက် ဖျက်စေရာ မယ်တော်က သနားသဖြင့် ဝှက်ထားလေသဖြင့် အရွယ်ရောက်မှ မင်းကြီး သိရပြန်လေသည်။ တစ်ဖန် မင်းသား တို့အား သတ်စေရာ မယ်တော်က မသတ်ရက်သဖြင့် ဧရာဝတီ မြစ်အတိုင်း ဖောင်နှင့်မျှောလိုက်လေသည်။ လမ်းခရီး စလင်း အရပ်သို့ရောက်လျှင် မင်းသားများလည်း ဆေးဝါးအစွမ်းဖြင့် မျက်စိအလင်းရလေသည်။ ဆက်လက်စုန်ဆင်းကြရာ ဦးရီး ရသေ့ စံမြန်းသော သရေခေတ္တရာ ဆိပ်ကမ်းသို့ရောက်လျှင်ရသေ့ မွေးစားသော သမီးဗေဒါရီနှင့်တွေ့၍ ဦးရီးရသေ့ထံသို့ လိုက်ပါကြရာမှ ဆွေမျိုးတော်စပ်ကြောင်း မိန့်ကြားကာ သာ သနာနှစ် ၆၀ ပြည့်နှစ်တွင် ဗေဒါရီနှင့် မဟာသမ္ဘဝအား လက် ထပ်ပေးလေသည်။