လှသမိန် - မြန်မာရာဇဝင်မှတ်စုပေါင်းချုပ်
ပထမတကောင်းခေတ် မြတ်စွာဘုရား ပွင့်တော်မမူမီက အိန္ဒိယနိုင်ငံတွင် ပဉ္စလရာဇ်မင်းက ကောလိယ သာကီဝင်မင်းတို့ထံ သမီးကညာတောင်းရာမှ မချေမငံ ပြန်ကြားသဖြင့် စစ်ခင်းကြရာ သာကီဝင်တို့ ရှုံးနိမ့်ကာ ကွဲပြားပြေးလွှားကြပြီး (အဘိရာဇာ) အမည် ရှိသော သာကီဝင်မင်း သည် မြန်မာနိုင်ငံတွင်းသို့ လာရောက်၍ သင်္ကဿရဋ္ဌ တကောင်းပြည်ကို တည်ထောင်စိုးစံ နေလေသည်။
ထို့နောက် အဘိရာဇာနတ်ရွာစံလျှင် သားတော်ကံရာဇာကြီးက ကလေး တောင်ညို ကို ရာဇဂြိုဟ် သမုတ်ကာ စံ၍ သူ၏သား မုဒုစိတ္တက ကျောက်ပန်းတောင်းမြို့တည် စိုးစံပြီးနောက် ဓညဝတီတွင် ဆက်လက် မင်းပြုသည်။ သားတော်ငယ် ကံရာဇာငယ်က တကောင်းတွင် ဆက်လက်အုပ်စိုးရာ မင်း ၃၃ ဆက် အလွန်တွင် စိန့်ပြည် ဂန္ဓာလရာဇ် မင်းက တိုက်ခိုက်သဖြင့် ဘိန္နကရာဇာမင်းလက်ထက်၌ တကောင်းပြည် ပျက်စီးလေသည်။
ဒုတိယတကောင်းခေတ်
မြတ်စွာဘုရား ပွင့်တော်မူစဉ်ကာလ၌ သာဝတ္ထိပြည် ပဿနဒီ ကောသလမင်းက ကပိလဝတ်ပြည် မဟာနာမမင်းထံ သမီးကညာ တောင်းရာမှ မင်းသမီးစစ်ကို မပေးဘဲ ကျွန်မကို ပေးလေသည်။ ထိုကျွန်မကို မိဖုရားမြှောက်၍ သား ဝိဋဘကို ဖွားမြင်ရာ သားတော် အရွယ်ရောက်၍ ကပိလဝတ်ပြည်သို့ ကန်တော့လာရာ မင်းသားကို ကျွန်မျိုးဟုမချေမငံ ပြုသဖြင့် မင်းဖြစ်သော် စစ်ပြုလေလျှင် သာကီဝင်တို့ ပျက်စီး ပြေးလွှားရပြန်လေ သည်။ ထိုအခါ (ဓဇရာဇာ) မည်သော သာကီဝင်မင်းသည် ရခိုင်ပြည်၌ မောရိယမြို့ကို တည်ထောင်နေပြီး မြန်မာနိုင်ငံသို့ဝင်လာရာ ပထမ တကောင်းနောက်ဆုံးမင်း ဘိန္နကရာဇာ မင်း၏မိဖုရား နာဂဆိန်နှင့် တွေ့ဆုံသင့်မြတ်၍ အညာပုဂံကို တည်ထောင်သည်။
ထို့နောက် သားတော် ဝိရာဂကို ဖွားမြင်ပြီးသော် ပထမ တကောင်းပြည်ကို ပဉ္စာ လရာဇ်ပြည် သမုတ်၍ စံကာ သတိုးဇမ္ဗူဒီပဓဇဘွဲ့ ခံလေသည်။ ထိုမင်းမှစ၍ စိုးစံခဲ့ရာ နောက်ဆုံးမင်း ၁၇ ဆက်မြောက် သတိုးမဟာမင်းလက်ထက်တွင် သားသမီးမရှိ၍ ယောက်ဖတော် ခေပဒူတကို အိမ်ရှေ့ပေးသည်။ သာသနာ နှစ် ၄ဝ ပြည့်နှစ်တွင် ခေပဒူတ သည်ဝက်ကြီးကိုလိုက်ရင်းဧရာဝတီမြစ်ကြောင်းစုန်၍သရေခေတ္တရာတည်မည့်နေရာသို့
ရောက်လျှင်မပြန်ဘဲ ရသေ့ပြု၍နေသည်။ ထို့နောက်တွင် သတိုးမဟာရာဇာ၏ မိဖုရား၌ မျက်မမြင်သားနှစ်ပါးကို ဖွားမြင်ရာ ခမည်းတော် မနှစ်သက်၍ ဝှက်ထားရာမှ အသက် ၂ဝ အရွယ်တွင် သိရှိကာ ဖောင်နှင့် မျှောစေသည်။
မင်းသားတို့ မျောလာရာ လမ်းတွင် စန္ဒမုခိဘီလူးမ ကုသ၍ မျက်စိမြင်ကာ ဦးရီး ရသေ့၏ သမီး ဗေဒါရီနှင့် တွေ့ကာ သာသနာနှစ် ၆၀ တွင် ဦးရီးတော်၏ ခွင့်ပြုချက်အရ အစ်ကိုကြီး မဟာသမ္ဘဝနှင့် ထိမ်းမြားကာ သရေခေတ္တရာမြို့တည်၍ စိုးစံလေသည်။
သရေခေတ္တရာခေတ်
ထိုနည်းအားဖြင့် သကျအင်းအရပ်ရှိ ပျူတို့ကို မဟာသမ္ဘဝက အုပ်ချုပ်နေပြီး ၆ နှစ်အကြာ၌ မဟာသမ္ဘဝလွန်၍ ညီတော် စူဠသမ္ဘဝက ဗေဒါရီကို မိဖုရားမြှောက်ရာ သားတော် ဒွတ္တပေါင်မင်းသားကို ဖွားမြင်လေသည်။ ထိုဒွတ္တပေါင်မင်းသားသည် ခမည်းတော် နတ်ရွာ စံသော် ဆက်စံအုပ်ချုပ်လေရာ အစဉ်အတိုင်းအားဖြင့် မဟာသမ္ဘဝမှ ၂၇ ဆက်မြောက် သုပညာနဂရဆိန္ဒမင်းလက်ထက်တွင် မြို့ရွာတိမ်ကောလာရာမှ လူများ ထိတ်လန့်ပြေးလွှား ကာ ပြည်ပျက်လေသည်။ ထိုနှစ်ကား သာသနာ ၁၆ ခုနှစ် ဖြစ်၏။
ပုဂံခေတ်
ထို့ နောက် ၁၃ နှစ်အကြာ သာသနာ ၂၉ နှစ်တွင် သုပညာနဂရဆိန္ဒမင်း၏ တူ တော် သမုတိရာဇ်မင်းသားလည်း ယုန်လွှတ်ကျွန်း အရပ်၌ ရွာ ၁၉ ရွာ စုပေါင်း၍ မြို့တည်စိုးစံခဲ့ရာ တတိယနန်းဆက် ပျူစောထီးမင်းလက်ထက်တွင် ထိုမြို့ကို အရိမဒ္ဒနပူရ ဟု သမုတ်လေသည်။
ထို့နောက် သေဉ်လည်ကြောင်မင်း လက်ထက်တွင် လောကနန္ဒာအရပ်၌ သီရိ ပစ္စယာအမည်ဖြင့် ဒုတိယ ပုဂံမြို့သစ်တည်ကာ ဆက်လက်စိုးစံ၏။
ထို့နောက် ၁၂ ဆက်မြောက် သိုက်တိုင်မင်းလက်ထက်တွင် ရွာစိုက်ရွာနေရာ၌ တမ္ပဝတီအမည်ဖြင့် တတိယ ပုဂံမြို့သစ်တည်ကာ ဆက်လက်စိုးစံ၏။
ထို့နောက် ၃၄ ဆက်မြောက် ပျဉ်ပြားမင်းလက်ထက်တွင် နဂါးဆိုင်ရွာနေရာ၌ ပုဏ္ဏဂါမ စတုတ္ထပုဂံမြို့သစ် တည်ထောင်ပြန်ကာ ဆက်လက်စိုးစံရာ ပုဂံသက္ကရာဇ် ၆၄၅ ခုနှစ်၊ ၅၂ ဆက်မြောက် နရသီဟပတေ့လက်ထက်တွင် တရုတ်တို့ တိုက်ခိုက်၍ မင်း ကိုယ်တိုင် ပုသိမ်သို့ စုန်ပြေးရလေ၏။ ပုဂံမြို့လည်း ပျက်လုနီးပါးဖြစ်၏။ ထို့နောက် တရုတ်တို့ ပြန်သွားသော် နရသီဟပတေ့ ပုဂံသို့ပြန်လာရာ လမ်းတွင် သားတော်သီဟသူ လုပ်ကြံသဖြင့် ပြည်မြို့၌ နတ်ရွာစံရ၏။ ထို့နောက် သီဟသူ အနိစ္စရောက်ရာ နရသီဟ ပတေ့၏ သားငယ်ကျော်စွာက ပုဂံပြည်သို့ ပြန်၍ စိုးစံ၏။
ကျော်စွာမင်း၏ နောက်တွင် သားစောနစ်နှင့် မြေးစောမွန်နစ်တို့ ဆက်လက် စိုးစံ ကြ၏။ သို့ရာတွင် ပုဂံမှာ မစည်ပင်တော့သည်သာမက နရသီဟပတေ့လက်ထက် မြှောက်စား ထားသော ရှမ်းသိင်္ခဗိုလ်၏သား အသင်္ခယာရာဇသင်္ကြန်နှင့် သီဟသူတို့က မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်မြို့များတွင် မင်းပြိုင် စိုးစံနေကြရာ၌ စည်ပင်နေတော့သဖြင့် ပုဂံခေတ်မှာ ၇၃ဝ ပြည့်နှစ်တွင် မင်းဆက်ပြတ်ကာ နောင်သော် ပင်းယ၊ စစ်ကိုင်းနှင့် အင်းဝမင်းတို့၏ လက်အောက်ခံသာ ဖြစ်ခဲ့ရလေသည်။
ပင်းယခေတ်
ရှမ်းညီနောင် သုံးယောက်တို့သည် မြို့ ၃ မြို့တွင် အပြိုင်မင်းပြုကြရာမှ ၅ နှစ် ကြာသော် ရာဇသင်္ကြန် အနိစ္စရောက်လေ၍ သီဟသူက အသင်္ခယာကို ဆေးခတ်လုပ်ကြံ ပြီးလျှင် တစ်ဦးတည်းကျန်သော် သက္ကရာဇ် ၆၇၂ ခုနှစ်တွင် ပင်းယမြို့ကို တည်၍ စံနေလေ ၏။ ထို့နောက် မင်း ၆ဆက်မြောက် ဥဇနာပြောင်လက်ထက် ၇၂၆ ခုနှစ်တွင် အင်းဝကို တည်ထောင်သော မင်းမျိုးမင်းနွယ် သတိုးမင်းဖျားက တိုက်ယူ၍ ပင်းယပျက်လေသည်။
စစ်ကိုင်းခေတ်
စစ်ကိုင်းခေတ်မှာ ပင်းယနှင့် ခေတ်ပြိုင် ဖြစ်လေသည်။ ပင်းယ သီဟသူတွင် သား ၄ ယောက် ရှိရာ အငယ်ဆုံး အသင်္ခယာစောယွန်းအား စစ်ကိုင်းမြို့ကိုပေး၍ မင်းပြိုင် ပြုစေလေသည်။ ထိုမှစ၍ စစ်ကိုင်းတွင် မင်း ၇ ဆက် မင်းပြောက်လက်ထက် ၇၂၆ ခုနှစ်တွင် ပင်းယနှင့် တစ်ချိန်တည်းပင် သတိုးမင်းဖျား တိုက်ယူ၍ စစ်ကိုင်းပျက်လေသည်။
ပထမ အင်းဝခေတ်
ပင်းယနှင့် စစ်ကိုင်းခေတ် ကုန်လုနီး၌ စစ်ကိုင်းအသင်္ခယာ စောယွန်းမြေး တကောင်း မင်းသွေးပါသူ သတိုးမင်းဖျားသည် သက္ကရာဇ် ၇၂၆ ခုနှစ်တွင် အင်းဝမြို့ကို တည်ထောင် စိုးစံလေသည်။ ထိုမှစ၍ အင်းဝမင်း ၁၃ ဆက်မြောက် ရွှေနန်းကြော့ရှင် နရပတိလက်ထက် သက္ကရာဇ် ၈၈၈ ခုနှစ်တွင် ရှမ်းများ လာရောက်တိုက်ခိုက်၍ ရှမ်းမင်းသိုဟန်ဘွား ဆက် လက် အုပ်စိုးလေသည်။
သိုဟန်ဘွားကို မင်းကြီး ရန်နောင်ဆိုသူ မြန်မာအမတ်က လုပ်ကြံပြီးနောက် အုန်း ဘောင်ခုံမှိုင်းကို နန်းတင်လေသည်။ ထို့နောက် သားမိုးဗြဲနရပတိ၊ ထို့နောက် စည်သူ ကျော်ထင်၊ အသီးသီး ဆက်လက် အုပ်စိုးရာ စည်သူကျော်ထင်လက်ထက် ၉၁၆ ခုနှစ်တွင် ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင် တိုက်ခိုက်၍ သိမ်းယူလေသည်။
တောင်ငူခေတ်
ဟံသာဝတီမင်းဆက်၏ အစဖြစ်သော တောင်ငူမင်းဆက်ကို ရှေးဦးစွာ ဖော်ပြရန် လိုလေသည်။ တောင်ငူမင်းဆက်မှာ ပုဂံမင်း ၄၈ မြောက် နရပတိစည်သူလက်ထက် အနန္တသူရိယအမတ်၏ မျိုးရိုးဖြစ်သော သဝန်ကြီး သဝန်ငယ်တို့က တောင်ငူ၌ မြို့တည်၍ နန်းစံခဲ့ရာ ပုဂံခေတ်၊ ပင်းယခေတ်၊ စစ်ကိုင်းခေတ်၊ အင်းဝခေတ်တို့နှင့် ခေတ်ပြိုင် ဖြစ်လေသည်။
တောင်ငူ ၂၉ ဆက်မြောက် မင်းကြီးညိုမှာ အင်းဝရွှေနန်းကြော့ရှင်နှင့် နန်းပြိုင် ဖြစ်လေသည်။ ရွှေနန်းကြော့ရှင်က တောင်ငူကို တိုက်သော်လည်း မအောင်မြင်ချေ။
ထို့နောက် အင်းဝ ရွှေနန်းကြော့ရှင်ကို ရှမ်းတို့ တိုက်၍ အင်းဝကို သိမ်းသောအခါ အင်းဝမှ မြန်မာတို့ တောင်ငူမင်းကြီးညိုထံသို့ ခိုဝင်ကြ၍ တောင်ငူမှာ အင်အားကောင်းလာ လေသည်။ မင်းကြီးညို လွန်သော် သားတော် တပင်ရွှေထီး နန်းတက်လေသည်။ တပင် ရွှေထီးလွန်သော် ဆင်ဖြူရှင် ဘုရင့်နောင် နန်းတက်၍ အင်းဝစည်သူကျော်ထင်ကို တိုက်ယူ လေသည်။ ထိုအခါ အင်းဝသည် ဆင်ဖြူရှင် ဘုရင့်နောင် လက်အောက်သို့ ကျရောက် လေသည်။
ဟံသာဝတီခေတ်
ဟံသာဝတီခေတ်တွင် သမလ၊ ဝိမလ မင်းညီနောင်တို့ တည်ထောင်ခဲ့သည်မှစ၍ မင်း ၁၇ ဆက်မြောက် တိဿမင်းလက်ထက် ဟံသာဝတီမြို့ တိမ်ကောသွားပြီးနောက် ဝါရီရူမွန်မင်းဆက်သည် ၆၄၃ ခုနှစ်တွင် တောင်ငူ သဝန်ကြီးနှင့်သော် လည်းကောင်း၊ ပုဂံ တရုတ်ပြေးမင်းနှင့် သော်လည်းကောင်း နန်းပြိုင်ပြု၍ တည်ထောင်လေသည်။
ထိုမင်းမှစ၍ ၇ ဆက်မြောက် ဗညားဦးလက်ထက် ၇၁၅ ခုနှစ်တွင် ဟံသာဝတီ မြို့သစ်တည်၍ မွန်မင်းများ ဆက်လက်အုပ်ချုပ်ရာ ဗညား ၁၁ ဆက် သုရှင်တကာရွတ်ပိ လက်ထက် ၈၉၉ ခုနှစ်တွင် တောင်ငူတပင်ရွှေထီး တိုက်ခိုက်၍ မွန်မင်းဆက် ပြတ်လေရာ တပင်ရွှေထီး နတ်ရွာစံသော် တောင်ငူတွင် မင်းရဲသိင်္ခသူနှင့် ထို့နောက် သီဟသူ ဆက်လက် စိုးစံ၍ တပင်ရွှေထီးကို ဆက်ခံသော ဆင်ဖြူရှင် ဘုရင့်နောင်က ၉၂၈ ခုနှစ်တွင် ဟံသာဝတီ မြို့သစ်တည်၍ စိုးစံလေသည်။
ဟံသာဝတီ ဘုရင့်နောင်လက်ထက်တွင် အင်းဝ၌ ညီသမက် သတိုးမင်းစောကို မြို့စားထားလေသည်။ တောင်ငူတွင် သီဟသူကို ချီးမြှောက်ထားလေသည်။ ဘုရင့်နောင် နတ်ရွာစံသော် သားတော် နန္ဒဘုရင်သည် ဟံသာဝတီတွင် ဆက်လက် စိုးစံရာ သက္ကရာဇ် ၉၆ဝ ပြည့်နှစ်တွင် ရခိုင်ဘုရင် မင်းရာဇာက တောင်ငူဘုရင်နှင့် ပူးပေါင်း၍ ဟံသာဝတီကို တိုက်ခိုက်သဖြင့် ဟံသာဝတီပျက်ကာ မင်းဆက် ပြတ်လေသည်။
ဒုတိယညောင်ရမ်းခေတ်
ဟံသာဝတီ မပျက်မီကပင် ဘုရင့်နောင်၏ သားတော် မင်းရဲရန္တမိတ်သည် အင်းဝ၌ လူသူစုဆောင်း၍ ၉၉၅ ခုနှစ်ကပင် အင်းဝ၌ တစ်ထီးတစ်နန်း စံနေလေသည်။ ပထမ အင်းဝခေတ် စည်သူကျော်ထင်လက်ထက် ၉၁၆ ခုနှစ်တွင် ဘုရင့်နောင် သိမ်းယူပြီးသည့် နောက် အင်းဝ၌ သတိုးမင်းစော ၎င်းနောက် တပင်ရွှေထီး၏သား လကျော်၊ ၎င်းနောက် ငါးဆူဒါယကာ နန္ဒဘုရင်၏ သား၊ မင်းရဲကျော်စွာတို့ ဆက်လက် အုပ်ချုပ်ပြီးနောက် ၉၅၅-မှ ၉၅၉ အထိ မင်းမရှိဘဲနေလေရာ မင်းရဲရန္တမိတ် စတင်ထူထောင်သောအခါမှ တိုးတက် စည်ပင်လာလေသည်။ ဟံသာဝတီ ပျက်သောအခါ ညောင်ရမ်းမင်းဆက်မှာ မြန်မာတစ်နိုင်ငံလုံးကို သြဇာလွှမ်းမိုးလာလေသည်။
မင်းရဲရန္တမိတ်နောက်တွင် ၁၀-ဆက်မြောက် မဟာဓမ္မရာဇာမင်း လက်ထက်အထိ ငြိမ်းချမ်းခဲ့၏။ ထိုမဟာဓမ္မရာဇာမင်း (ဟံသာဝတီပါမင်း) လက်ထက် ၁၁၁၃ ခုနှစ်တွင် ဟံသာဝတီမှ မွန်တို့က တိုက်ခိုက်၍ ဒုတိယ အင်းဝပျက်ပြန်လေသည်။
ပထမ ဟံသာဝတီသည် နန္ဒဘုရင်လက်ထက်တွင် ပျက်ပြီးနောက် အင်းဝလက်အောက် ခံ ဖြစ်နေရာမှ ၁၁၀၂ ခုနှစ်တွင် မွန်သမိန်ထောနှင့် ဗညားဒလတို့က စိုးမိုးကာ အင်းဝကိုပင် တိုက်ယူပြန်လေသည်။ သို့ရာတွင် ၁၁၁၉ ခုနှစ်၌ ရွှေဘိုမှ အလောင်းဘုရား၏ နှိမ်နင်းခြင်း ကို ခံရလေသည်။
ကုန်းဘောင်ခေတ်
ဒုတိယ အင်းဝခေတ် မဟာဓမ္မရာဇာလက်ထက် မွန်တို့ တိုက်ယူ၍ အင်းဝ ပျက်လေ သော် အင်းဝမိုးညှင်းမင်းနှင့် ပြည်စုန်မင်းတို့၏ အဆက်အနွယ်ဖြစ်သော အလောင်းမင်း တရား ဦးအောင်ဇေယျသည် ကုန်းဘောင် ရွှေဘိုမြို့မှ မွန်တို့ကို ခုခံတိုက်ဖျက်၍ ၁၁၁၅ ခုနှစ်တွင် မြို့တော် ထူထောင်ကာ နောက်ဆုံး ဟံသာဝတီကိုပါ သိမ်းပိုက်နိုင်ပြီး ကုန်းဘောင် မင်းဆက်ကို တည်ထောင်လေသည်။
အလောင်းမင်းတရားမှ ၁၁-ဆက်မြောက် သီပေါမင်းလက်ထက် ၁၂၄၇ ခုနှစ်တွင် အင်္ဂလိပ်တို့က တိုက်ခိုက်သိမ်းယူသဖြင့် ကုန်းဘောင်မင်းဆက် ပြတ်လေသည်။
အင်္ဂလိပ်တို့မှာ မြန်မာပြည်ကို စစ် သုံးကြိမ်ပြုရာတွင် ဘကြီးတော်မင်းလက်ထက် ၁၁၈၇ ခုနှစ်၌ မဏိပူရနှင့် ကချာနယ်ကို စွန့်လွှတ်ရသည့်ပြင် ရခိုင်နှင့် တနင်္သာရီနယ်များကို အင်္ဂလိပ်တို့ သိမ်းယူခြင်း ခံရလေသည်။ ပုဂံမင်းလက်ထက် ၁၂၁၄ ခုနှစ်တွင် အောက် မြန်မာနိုင်ငံ ပဲခူးနယ်ကို စွန့်လွှတ်ရ၍ သီပေါမင်းလက်ထက် ၁၂၄၇ ခုနှစ်တွင် တစ်ပြည်လုံး ကို သိမ်းယူခြင်း ခံရလေသည်။
ဗြိတိသျှခေတ်
မြန်မာနိုင်ငံ ဗြိတိသျှ အစိုးရက သိမ်းယူပြီးနောက် မဟာဝန်ရှင်တော်မင်းကြီး ဆာချားဘာနဒ် အုပ်ချုပ်ခဲ့ပြီး ၁၂၅၉ ခုနှစ်တွင် ဒုတိယဘုရင်ခံ အုပ်ချုပ်ရေး အဆင့်အတန်း သို့ ပြောင်းလဲအုပ်ချုပ်လေရာ ၁၂၃၃ ခုနှစ် (၁၈၆၁) တွင် အတည်ပြုသော အိန္ဒိယ ဥပဒေပြု အဖွဲ့ အစည်းဆိုင်ရာ အက်ဥပဒေပုဒ်မ ၃၉ အရ ပထမဆုံး နိုင်ငံဥပဒေအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်လေသည်။ ထိုဥပဒေပြုအဖွဲ့ ဝင် ၉ ဦးလုံးကို ဒုတိယ ဘုရင်ခံကချည်း ခန့်ထားလေသည်။
၁၂၇၁ ခုနှစ် မင်တိုမော်လီ ပြုပြင်အုပ်ချုပ်ရေး စနစ်အရ အမတ်ဦးရေ ၃ဝ ရွေးကောက် တင်မြှောက်နိုင်ခွင့်ရသည့် အနက် တိုင်းပြည်မှ ၁၅ ယောက်သာ ရွေးကောက် တင်မြှောက် ရလေသည်။ ထို့နောက် ၁၂၇၇ ခုနှစ်တွင် အတည်ပြုသော အိန္ဒိယအက်ဥပဒေ အဖွဲ့အစည်း ဆိုင်ရာ ဥပဒေအရ အမတ် ၂၈ ယောက် ရွေးကောက် တင်မြှောက်ခွင့်ရ၍ ၁၂၈၁ ခုနှစ် ဥပဒေအရမူကား မြန်မာနိုင်ငံကို ၁၂၈၅ ခုနှစ်မှစ၍ ပြည်သူပြည်သားနှင့် အစိုးရ ခွဲဝေ အုပ်ချုပ်သော (ဒိုင်အာခီ) အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်လေသည်။ ထိုမှစ၍ မြန်မာပြည်ကို ဘုရင်ခံအုပ်ချုပ်သော တိုင်းပြည်အဆင့်သို့ ပြောင်းလဲပေးလေသည်။
ထို့ နောက် ၁၂၉၉ ခုနှစ်တွင် မြန်မာပြည်ကို အိန္ဒိယပြည်နှင့် ခွဲထုတ်၍ ၉၁ ဌာန အုပ်ချုပ်ရေးဖြင့် သီးခြား အုပ်ချုပ်ရာတွင် အမတ်ပေါင်း ၁၃၂ ယောက် ပါဝင်သောအထက်အောက် လွှတ်တော်နှစ်ရပ်ဖြင့် အုပ်ချုပ်လေသည်။ ထိုမှစ၍ ၁၃၀၉ ခုနှစ် ဒုတိယ ကမ္ဘာစစ်ဖြစ်သည်အထိ ထိုနည်းအတိုင်းပင် အုပ်ချုပ်လေသည်။
ဗြိတိသျှလက်အောက်တွင် ၁၂၃၇ ခုနှစ်ကစ၍ လွတ်လပ်ရေးအတွက် အနယ်နယ်မှ မြန်မာသူရဲကောင်းများ အသီးသီး တော်လှန်ကြရာ ဗြိတိသျှတို့မှာ မပြတ်မလပ် ကာကွယ် နေခဲ့ရလေသည်။ ထို့နောက်တွင် ၁၂၇၃ ခုနှစ်၌ အသင်းအပင်းများဖွဲ့၍ လွတ်လပ်ရေးအတွက် အနုနည်း ကြိုးပမ်းကြရာ ၁၂၈၁ ခုနှစ်တွင် အင်္ဂလန်သို့ မြန်မာကိုယ်စားလှယ်များ စေလွှတ် ၍ စတင် အရေးဆိုလေသည်။ အကြိမ်ကြိမ်ပင် သွားရောက် အရေးဆိုသော်လည်း မထူးခြား ခဲ့ပေ။ ၁၂၈၂ ခုနှစ်တွင် ကျောင်းသား သပိတ်ကြီး ပေါ်ခဲ့လေသည်။ ၁၂၉၂ ခုနှစ်တွင် ဆရာစံ ဦးစီးသော တောင်သူလယ်သမားတို့၏ လွတ်လပ်ရေးအတွက် တော်လှန်မှု အရေးတော်ပုံ ပေါ်ပေါက်လေသည်။ ၁၃ဝဝ ပြည့်နှစ်တွင် ကျောင်းသား၊ အလုပ်သမား၊ လယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ပြန်လေသည်။ လွတ်လပ်ရေးအတွက် စိတ်ဓာတ် ပြင်းထန်လျက် ရှိလေသည်။
၁၃ဝ၂ ခုနှစ်တွင် ဂျပန်သည် ဗြိတိသျှနှင့် အမေရိကန်တို့က စစ်ကြေညာခြင်းဖြင့် မြန်မာနိုင်ငံသည် အာရှတိုက် ဒုတိယကမ္ဘာစစ် နယ်တွင်းသို့ ကျရောက်ခဲ့လေသည်။ ထိုသို့မကျရောက်မီ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရဲဘော်သုံးကျိပ်တို့သည် ဂျပန်ပြည်သို့ တိတ်တဆိတ် ထွက်သွားကာ စစ်အတတ်သင်ပြီးနောက် ယိုးဒယား (ထိုင်း နိုင်ငံ) မှ တစ်ဆင့် ဗမာ့လွတ်လပ်ရေးအဖွဲ့ ဖွဲ့ကာ ဂျပန်၏ အကူအညီဖြင့် တနင်္သာရီဘက်မှ ဝင်ရောက်လာခဲ့ကြရာ ဘုရင်ခံဆာဒေါ်မန်စမစ် လက်ထက်တွင် ဗြိတိသျှတပ်များ တစ်စ တစ်စ ဆုတ်ခွာ၍ နောက်ဆုံး မြန်မာနိုင်ငံကို စွန့်လွှတ်သွားရသည်။
ဂျပန်ခေတ်
၁၃၀၄ ခုနှစ်မှစ၍ ဗြိတိသျှတို့ အဆုတ်တွင် မြန်မာနိုင်ငံကို ဂျပန်တို့ ကူညီ သိမ်းယူပေးရာမှ လွတ်လပ်ရေး အယောင်ပြကာ ဖက်ဆစ်စနစ်ဖြင့် ၃ နှစ်ကြာမျှ စိုးမိုး မင်းမူနေပြန်သဖြင့် ၁၃ဝ၇ ခုနှစ် (၂၇-၃-၄၅) တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ မျိုးချစ်များက စနစ်တကျ တော်လှန်တိုက်ထုတ်ရလေသည်။ ထိုအချိန်တွင် ဗြိတိသျှ မဟာမိတ်များ ဝင်ရောက်လာကာ ဂျပန်လက်နက်ချ၍ ဒုတိယကမ္ဘာစစ် ပြီးဆုံးသော်လည်း မြန်မာပြည်ကို ဆက်လက် သိမ်းယူထားကြပြန်လေသည်။