Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

လှသမိန် - ဘဝကိုအနိုင်ယူနည်း

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

ပန်းတိုင်ရှိရမည်

     

        “မိတ်ဆွေ ဘယ်လဲ”

        လူတစ်ယောက်က လှမ်း၍ နှုတ်ဆက်လိုက်သည့်အခါမှ မိမိသည် မည်သည့်နေရာသို့ မည်သည့်ကိစ္စအတွက် သွားရောက်နေသည်ကို ပြန်ပြောင်းတွေးဆယူရမည်ဆိုလျှင် ကောင်းနိုင်မည်မထင်ပေ။ 

        ဖိနပ်စီး၍ လမ်းပေါ်တွင် ခြေချကတည်းက မည်သည့်နေရာသို့သွားမည်ဟူသော ရည်စူးချက်ကား ရှိပြီးဖြစ်ရပေလိမ့်မည်။ လမ်းပေါ် ၌ ရွေ့ လျားနေသူသည် ယုတ်စွအဆုံးအညောင်းအညာပြေရန်၊ လေ

ကောင်းလေသန့်ရရန်၊ ငြီးငွေ့မှုပြေပျောက်ရန် စသော ရည်ရွယ်ချက် တစ်ခုခု ရှိရပေလိမ့်မည်။ ရည်ရွယ်ချက်မရှိသော လှုပ်ရှားမှုတိုင်းသည် ကိုယ်ခန္ဓာ၏ စွမ်းအင်ကိုဖြစ်စေ၊ အချိန်ကိုဖြစ်စေ အလဟဿ ဖြုန်းတီး ရာ ရောက်ပေလိမ့်မည်။

        လူတစ်ယောက်သည် ချက်ပြုတ်ရန်လည်းမဟုတ်၊ မီးလှုံရန်လည်း မဟုတ်၊ မီးဖိုစမ်းသပ်ရန်လည်း မဟုတ်ဘဲ မီးဖိုကိုမီးမွှေးပြီးနောက် ထို အတိုင်းပင် နာရီပေါင်းများစွာ ထားရှိသည်ဆိုပါမူ သင်သည် ထိုသူအား မေးမြန်းချင်စိတ်၊ ပြစ်တင်ဝေဖန်လိုစိတ်များနှင့် အားမလိုအားမရ ဖြစ်မိ ပေလိမ့်မည်။ ထိုသူသည် အဘယ်ကြောင့် လောင်စာများကို အသုံးမဝင် စေဘဲ ဆုံးရှုံးလျော့ပါးအောင် လုပ်ပစ်နေရသနည်းဟု မချင့်မရဲ ဖြစ်မိ ပေလိမ့်မည်။ ဘာမျှရည်ရွယ်ချက်မရှိဘဲ တစ်စုံတစ်ခုကို ပြုလုပ်ရာ သလောဟူ၍လည်း မကျေမနပ်ဖြစ်မိပေလိမ့်မည်။ သို့ရာတွင်     သင်ကိုယ် တိုင် ရည်ရွယ်ချက်မရှိဘဲ ပြုလုပ်နေမိသည်များမှာ တစ်နေ့တာအချိန် အတွင်း ကြိမ်ဖန်များစွာရှိပေလိမ့်မည်။ 

          သင်သည် လက်ဖက်ရည်ဆိုင်သို့ဝင်၍ လက်ဖက်ရည်တစ်ခွက်ကို မှာယူကာ သောက်နေမိပေမည်။ အဘယ်ကြောင့် ထိုသို့ပြုသနည်း။ ဆာလောင်မွတ်သိပ်မှု ဖြေဖျောက်ရန်လော။ ဧည့်သည်ကို ဧည့်ဝတ်ပြု ရန်လော။ အဖော်အပေါင်းတွေ့၍ ရောနှောရန်ဖြစ်သလော။ ထိုဆိုင်၏ လက်ဖက်ရည် အရသာကိုမြည်းစမ်းလို၍ဖြစ်သလော။ တစ်နေရာရာ သို့သွားရန် အချိန်စောနေသေး၍ အချိန်ညှိရန်ဖြစ်သလော။ ဆိုင်တွင် ထားသော သတင်းစာကိုဖတ်လို၍ဖြစ်သလော၊ ငွေအကြွေလဲလှယ်လို ၍ ဖြစ်သလော၊ အခြားသူများပြောဆိုသော အကြောင်းအရာများကို နားစွင့်လို၍ ဖြစ်သလော။ စိတ်ငြီးငွေ့မှုဖြေရန် ဖြစ်သလော။ အကြောင်းရင်းတစ်ရပ်ရပ်ကား ရေရေရာရာရှိရပေလိမ့်မည်။ မည်သည့် ရည်ရွယ်ချက်မျှမရှိဟုဆိုလျှင် သင်သည် ရူးကြောင်ကြောင်ဖြစ်ရန် အလှမ်းမဝေးတော့ဟု ဆိုရမည်ဖြစ်လေသည်။

          ရည်ရွယ်ချက်မရှိဘဲ မည်သူမျှ မည်သည်ကိုမျှ ပြုလုပ်လိမ့်မည် မဟုတ်ဟူ၍ ထင်မှတ်ဖွယ်ရှိလေသည်။ သို့ရာတွင် ရည်ရွယ်ချက်လုံးဝမရှိဘဲ ပြုလုပ်သူများ၊ ရည်ရွယ်ချက်မပြတ်မသား မှုန်ဝါးဝါးမရေ မရာနှင့် ပြုလုပ်သူများရှိလေသည်။

          စင်စစ်သော်ကား လှုပ်ရှားမှုတိုင်းတွင် ရည်ရွယ်ချက်ရှိရပေမည်။ ရည်ရွယ်ချက်ကြောင့် လှုပ်ရှားမှုသည် ဦးတည်ချက်မှန်ကန်၍ ပိုမို ထိရောက်ပေသည်။ 

          အမေရိကန်နိုင်ငံတွင် ဆရာဝန်တစ်ဦးသည် လူငယ်နှစ်ဦးအား အရပ် အမောင်း၊ ကိုယ်အတိုင်းအထွာနှင့် အလေးချိန်ညီမျှအောင် ရွေးချယ် ယူပြီးနောက် အလေးမနည်းဖြင့် ကိုယ်ကာယလှပအောင် လေ့ကျင့်စေ

လေသည်။ ထိုသို့လေ့ကျင့်ရာ၌ တစ်ဦးအား မည်သည့်လှုပ်ရှားလေ့ကျင့် မှုသည် ကိုယ်ခန္ဓာ၏မည်သည့်နေရာမှ ကြွက်သားများအတွက်ဖြစ်သည် ဟု တိကျစွာအသိပေး၍ လေ့ကျင့်တိုင်း သက်ဆိုင်ရာကြွက်သား၏

တောင့်တင်းပြည့်ဖြိုးမှုကို အထူးအာရုံစိုက်၍ လေ့ကျင့်စေလေသည်။ ကျန်တစ်ဦးကိုမူ အလားတူလေ့ကျင့်ခန်းကိုပင် အကြိမ်အရေအတွက် တူညီစွာလေ့ကျင့်စေသော်လည်း မည်သို့မျှ ရှင်းလင်းမပြောပြဘဲ အမှတ် မဲ့ပင် လှုပ်ရှားလေ့ကျင့်စေလေသည်။ ထိုသူနှစ်ဦးအား တတ်နိုင်သမျှ အာဟာရညီမျှအောင်လည်း ကျွေးမွေးထားလေသည်။ နှစ်လခန့်ကြာ

သောအခါ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို စိစစ်တိုင်းထွာသောအခါ အသိစိတ် နှင့် သက်ဆိုင်ရာ ကြွက်သားတွင် အာရုံသွင်း၍ ဂရုစိုက်လေ့ကျင့်သူ မှာ ပို၍ ဖွံ့ဖြိုးတိုးတက်သည်ကို လက်တွေ့သိရလေတော့သည်။

ဤသာဓကဖြင့် ရည်ရွယ်ဦးတည်ချက်ရှိခြင်းသည် အောင်မြင်မှု အတွက် ကာယကံမြောက်အားဖြင့် မည်မျှ အကျိုးပြုနိုင်သည်ကို သတိပြု နိုင်လေသည်။

          တစ်မြို့တည်းနေ ကျောင်းနေဖက် သူငယ်ချင်းနှစ်ဦးသည် ရံဖန် ရံခါ တွေ့သည်မှအပ အနေဝေး၍သွားခဲ့ပြီး တစ်နေ့သောအခါ သူငယ်ချင်းတစ်ဦး၏ အိမ်တွင် ပြန်၍ဆုံမိကြလေသည်။ 

          ထိုအခါ ဧည့်သည်မိတ်ဆွေသည် အိမ်ရှင်၏စာအုပ်စင်ကို ကြည့်၍ အတော်အံ့သြမိရုံမျှမက မမျိုသိပ်နိုင်ဘဲ ဖွင့်ဟ၍ပင်မေးရလေသည်။

          “နေပါဦးဗျာ၊ ခင်ဗျားစာအုပ်စင်မှာ ဘာသာရပ်အလိုက် စာအုပ် တွေဟာ သိပ်စုံလှပါကလား။ ဆိုင်တွေမှာ မတွေ့ဖူးတဲ့စာအုပ်တွေပါ စုံတဲ့အပြင် ကတ်ကတ်သတ်သတ် အကြောင်းအရာတိုင်းပဲ လိုလေ သေးမရှိ စုံလွန်းလှပါကလား။ ဒါတွေများ ဘယ်လိုလုပ်စုထားလိုက် တာလဲ”

          ထိုအခါ အိမ်ရှင်မိတ်ဆွေက ပြန်၍ဖြေလေသည်။

         “ကျွန်တော်ကတော့ သွားလေရာရာ၊ ရောက်လေရာရာမှာ စာအုပ် ပဲရှာဖွေ၊ စာအုပ်ပဲမေးစမ်း၊ စာအုပ်ပဲအလုပ်လုပ်ပြီး စုဆောင်းနေတာကိုးဗျ”

          ထိုနောက် မိတ်ဆွေနှစ်ဦးသည် ရုပ်ရှင်ကြည့်ရန် ရုပ်ရှင်ရုံသို့ ထွက် သွားကြလေသည်။ အချိန်စောသေး၍ ရုံဝ၌ရပ်စောင့်နေကြလေသည်။ ထိုအခိုက်ဖြတ်သန်းသွားလာကြသူများထဲမှ ဧည့်သည်မိတ်ဆွေအား နှုတ်ဆက်သွားကြသူများမှာ မိနစ်ပိုင်းအတွင်း၌ပင် ၂၀ ခန့် ရှိနေလေ သည်။   ဖြတ်သန်းသွားသူ ငါးယောက် ဆယ်ယောက်လျှင် အနည်းဆုံး တစ်ယောက်ယောက်ကမူ ထိုမိတ်ဆွေအား တရင်းတနှီး နှုတ်ဆက်သွား ကြသည်သာဖြစ်၍ ထိုမိတ်ဆွေမှာ ပြုံးရရယ်ရ နှုတ်ဆက်ရနှင့်ပင် မအား လပ်အောင် ရှိနေပေသည်။

          ထိုအခါ အိမ်ရှင်မိတ်ဆွေသည် နှုတ်ပိတ်၍ မနေနိုင်တော့ဘဲ မေး မိလေသည်။

         “ခင်ဗျားကလည်း လာသမျှလူတိုင်း သိနေတာပဲ၊ ခင်ဗျားသိတဲ့လူ တွေ ကုန်ပဲ မကုန်နိုင်သေးဘူးလား၊ တစ်မြို့လုံးရှိတဲ့ လူတွေအားလုံးပဲ ခင်ဗျားသိနေရော့လား”

           ထိုအခါ မိတ်ဆွေများသူက ပြန်၍ဖြေလေသည်။ 

          “သိတာပေါ့ ဗျာ၊ ကျွန်တော်က တွေ့သမျှလူမိတ်ဆွေဖွဲ့ နေတာပဲ။ ယုတ်စွအဆုံး ဘတ်စ်ကားတစ်ခါစီးရင် မိတ်ဆွေတစ်ယောက်တော့ ရအောင်ဖွဲ့ ပစ်လိုက်တာပဲ၊ မိတ်ပဲရှာနေတော့ မိတ်ဆွေတွေချည်းဖြစ်နေ တာပေါ့ ဗျာ”

           ထိုသူနှစ်ယောက်ကို လေ့လာလျှင် တူညီသောကာလအတွင်း၌ စာအုပ်ရှာမည်၊ စုမည်ဟူသော ရည်ရွယ်ချက်ထားသူက စာအုပ်စုမိသကဲ့ သို့ မိတ်ဆွေရှာမည်၊ စုမည်ဟူသော ရည်ရွယ်ချက်ထားသူက မိတ် ဆွေစုမိသည်ကို တွေ့ရှိနိုင်ပေသည်။ 

           အကယ်၍ ဘာရည်ရွယ်ချက်မျှမရှိဘဲ နေလာခဲ့ကြပါမူကား စား ကာ၊ သောက်ကာ၊ အသက်ရှင်ကာမျှနှင့်သာ ပြီးပေလိမ့်မည်။ မီးရထား စီးသူသည် ဆင်းမည့်ဘူတာကို ရည်မှတ်ထားပြီး ဖြစ်ရပေမည်။ 

         ကျွန်ုပ်တို့သည် လူ့ဘဝကိုရောက်ရှိလာကြပြီးဖြစ်ရာ ရည်မှန်း ချက်တစ်ခုခုကို သတ်မှတ်ထားကြရပေလိမ့်မည်။ 

          လောကတွင် ဖြစ်နိုင်စရာ၊ ဖြစ်လိုစရာများ ပြည့်နှက်နေပေသည်။ မိမိဖြစ်လိုသောအတိုင်းအဆ ပမာဏပန်းတိုင်ကို ရွေးချယ်၍ ဦးတည် မှန်းထားရပေလိမ့်မည်။ ငါဘယ်အခြေအနေကို ရောက်ရမယ်”ဟူသော ထိထိမိမိရည်မှန်းချက်ကား ရှိနေရပေမည်၊ ရည်မှန်းချက်ရှိပြီးသော် ထို လမ်းကိုဖြောင့်ဖြောင့်ဦးတည်၍ မရမနေလိုက်ရပေမည်။

          “ကျုပ် မိန်းမယူရင် ဥစ္စာလည်းပေါရမယ်၊ ရုပ်လည်းချောရမယ်၊ လိမ္မာလည်း လိမ္မာရမယ်၊ အိမ်ကိုလည်း လိုက်နေနိုင်သူ ဖြစ်ရမယ်၊ အမေနဲ့လည်း တည့်ရမယ်” စသည်ဖြင့် အကောင်းဆုံးကိုချည်း တွက် ဆကာ ကောင်းသမျှ၊ မြင့်သမျှ၊ တိုးတက်သမျှ ဘဝအားလုံးကို ရည်မှန်းချက်ထား၍ကား မဖြစ်နိုင်ပေ။ တစ်ကြိမ်တည်းပြသော ရုပ်ရှင်ကား ၁ဝ ကားကို တစ်ပြိုင်တည်းအားလုံးကြည့်လို၍ မဖြစ်နိုင်ပေ။ အကောင်း အမွန်ဟူသမျှ လိုလားအပ်သော်လည်း သတ်သတ်မှတ်မှတ်တစ်ခုခု၊ တစ်မျိုးမျိုးကိုသာ ဦးတည်ချက်ထားရပေလိမ့်မည်။ သို့မှသာ မိမိစွမ်း အင်အားလုံးကို မခွဲမဖြာရဘဲ တစ်လမ်းတည်းတွင် စုသွန်၍ အသုံးချ နိုင်ပေမည်။ ရည်ရွယ်ချက် မမှုန်မဝါး မရောမထွေးဘဲ ပြတ်သားတိကျ မှသာလျှင် လုပ်ငန်းစဉ်လည်း ပြတ်သားတိကျပေမည်။

          ကျွန်ုပ်တို့သည် မိမိဘဝအတွက် အဖြစ်လိုဆုံးသော အနေ၊ အ ရောက်လိုဆုံးသောအဆင့်၊ အခံယူလိုဆုံးသောဘဝကို ရွေးချယ်ပြီးနောက် “ငါ ဒီအခြေ၊ ဒီစခန်းအထိ မရောက်ရောက်အောင် ကြိုးစားမယ်” ဟု

သော အဓိဋ္ဌာန်ကို ပိုင်ပိုင်ချထားရပေမည်။ လူလားမြောက်သည်နှင့် တစ်ပြိုင်နက် မိမိဘဝပန်းတိုင်ကို မိမိမှန်းထားပြီး ရှိရပေမည်။ ကြုံရာ ကွေ့တွင် ကြုံရာတက်နှင့် လှော်မည်ဟူသော သဘောထားမျိုးမှာ ပျော့ ညံ့သောစိတ်ထားဖြစ်ပေသည်။ ကံပစ်ချရာဟူ၍ မိမိလုံ့လကို စွန့် ပယ်ကာဖြစ်သလိုနေ၍ ရောက်ချင်ရာရောက်ဟူသော လူဖျင်းလူညံ့တို့ ထုံးကို နှလုံးမမူသင့်ပေ။ 

          တိုးတက်အောင်မြင်လိုသောသူသည် ရေမျောကမ်းတင် ဆိုက်ချင် ရာသို့ဆိုက်ခြင်းမျိုးကို လိုလားလိမ့်မည်မဟုတ်ပေ။ မိမိဆိုက်ကပ်နား နေလိုရာသို့ ကိုယ်တိုင်ပဲ့ကိုင်ကာ ကိုယ်တိုင်လှော်ခတ်ခြင်းမျိုးကိုသာ လိုလားရပေလိမ့်မည်။

          သင်၌ ခြေလက်လည်း ရှိသည်။ ဦးခေါင်းနှင့် မျက်စိလည်းရှိ သည်။ သွေးနှင့် အသည်းနှလုံးလည်းရှိသည်။ နားနှင့် ပါးစပ်လည်း ရှိသည်။ သို့ပါလျက် သင်၏ဘဝပန်းတိုင်ကို သင်ကိုယ်တိုင် အဘယ်ကြောင့် မစဉ်းစားသနည်း၊ မရှုကြည့်သနည်း၊ မဆုံးဖြတ်သနည်း၊ အဓိဋ္ဌာန်မမြွက်ဆိုသနည်း။ ကမ္ဘာပေါ်၌ ကြီးကျယ်ထွန်းကားနေသည်ဟု ဆိုကြ သူများသည် ၃၂ ကောဋ္ဌာသဟူသော ကိုယ်ခန္ဓာပိုင်ဆိုင်ရာ၌ သင့်ထက် သာလွန်သူများမရှိချေ ။