Skip to product information
1 of 15

စိတ်ကူးချိုချိုစာပေ

လှသမိန် - ပုဂံခေတ်မြင်ကွင်းကျယ်

Regular price 7,000 MMK
Regular price Sale price 7,000 MMK
Sale Sold out
စကားဦး
 နမောတဿ၊ ဘဂဝတော၊ အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊
    

          ပုဂံပြည်၊ ပုဂံခေတ်ကား မြန်မာ့သမိုင်းအတွက်လည်းကောင်း၊ မြန်မာ့ စာပေနှင့် ယဉ်ကျေးမှုအတွက်လည်းကောင်း အခြေခံအချက်အချာပင် ဖြစ်၍ ပုဂံခေတ်သည် မြန်မာတို့ အဘက်ဘက်တွင် လွန့်လူး တိုးတက်ခဲ့ သောခေတ် ဖြစ်လေသည်။ မြန်မာတို့ ရာဇဝင်တစ်လျှောက်လုံးတွင် ပုဂံကို မေ့ဖျောက်ထားနိုင်ကြမည်မဟုတ်ပေ။ ပုဂံမပါဘဲနှင့်လည်း မြန်မာ့သမိုင်း သည် ပြည့်စုံလိမ့်မည်မဟုတ်ပေ။ ထိုမျှအရေးပါသော ပုဂံအကြောင်းကို မြန်မာတိုင်း သိရှိထားသင့်ပေသည်။ 

          ပုဂံနှင့်ပတ်သက်၍ မြန်မာဘာသာရေး စာအုပ်စာတမ်းနှင့် ဆောင်း ပါးများ ပေါ်ထွက်ခဲ့ဖူးလေသည်။ အင်္ဂလိပ်ဘာသာရေး စာအုပ်စာတမ်း အနည်းငယ်လည်း ပေါ်ထွက်ခဲ့ဖူးသည်။ သို့ရာတွင် ပုဂံပြည် ပုဂံခေတ်ကို အတော်အတန်ထောင့်စေ့အောင် ဖော်ထုတ်ရေးသားသော စာအုပ်စာတမ်း များ အလွန်ရှားပါးလှသည်ဖြစ်ရာ၊ ပုဂံအကြောင်းကို သိလိုသူ၊ လေ့လာလို သူတို့ ချင့်ရဲမပြေရှိကြပေသည်။

         ထို့ကြောင့် ပုဂံအကြောင်းကို အပြည့်အစုံဆုံးမဟုတ်စေကာမူ အတော် အတန်ရုပ်လုံးပေါ်အောင် သုံးသပ်ရှုမြင်နိုင်ကြစေရန် အဘက်ဘက်မှ လေ့လာသုံးသပ်၍ ပုဂံမြင်ကွင်းကျယ်ကို အချိန်အား ရသရွေ့ ပြုစုတင်ပြ လိုက်ပေသည်။

          ပုဂံခေတ်နှင့်ပတ်သက်၍ ရာဇဝင်ကျမ်းများနှင့် ကျောက်စာများကို အဓိကအားဖြင့် အခြေပြုရပေသည်။ သို့ရာတွင် ရာဇဝင်၌ ရေးသည်တို့မှ အကြောင်းယုတ္တိသင့်သည်ဟု ယူဆရသည်တို့ကိုသာ ကောက်နုတ်ကိုးကား ပေသည်။ ကျောက်စာကဲ့သို့ သာဓကအခိုင်အမာမရှိစေကာမူ ရာဇဝင်ကိုပစ်ပစ်ခါခါ ဖယ်ရှားခြင်းငှာမသင့်ဟု ယူဆပေသည်။ တစ်ဖန် ကျောက်စာ ဟူသည်မှာလည်း အကြောင်းတိုက်ဆိုင်၍ ထည့်သွင်းရေးထိုးသမျှကိုသာ လေ့လာနိုင်ကြသည်ဖြစ်ရာ၊ ပုဂံခေတ်၏ ဖြစ်ပျက်ခြင်းရာအားလုံးကိုကျောက်စာများတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်နိုင်ပေ။ သို့ဖြစ်ရာ ပုဂံခေတ်၏ ရုပ်လုံးကို ဒဏ္ဍာရီလည်း မဆန်စေရ၊ ကျောက်စာအထောက် အထားလည်း မဝေးကွာစေရ၊ အကြောင်းအရာ ကောက်ချက်လည်း ယုတ္တိ မလွတ်စေရဟူသော အပိုင်းအကန့်အတွင်း၌ လက်လှမ်းမီသမျှသော အကိုးအထောက်တို့ဖြင့် လေ့လာတင်ပြထားပေသည်။

          ဤပုဂံမြင်ကွင်းကျယ်သည် စင်စစ်အားဖြင့် ပုဂံခေတ်ကို ရေးရေး ရိပ်ရိပ်မြင်သာရုံ ဖွင့်လှပ်ပြခြင်းမျှဖြစ်၍ လေ့ကျွမ်းသူတို့က အကြောင်း အရာ တစ်ရပ်စီကို အကျယ်လေ့လာဝေဖန်ရန်လည်း လိုအပ်ပေဦးမည်။ ဤတွင်မတင်ပြသေးသော မြင်ကွင်းများဘက်မှလည်း ရှုကြည့်ရန် လိုပေ ဦးမည်။ ဤမြင်ကွင်းကျယ်ကို သာမန်ပြည်သူပြည်သားတို့ လွယ်လွယ် ကူကူ ဖတ်ရှုနိုင်ကြစေရန်သာ ရည်ရွယ်ရင်းရှိသဖြင့် ပညာရှင်ကြိုက် သုတေသနစာတမ်းအနေမျိုးဖြင့် ပြုစားထားခြင်းကား မဟုတ်ပေ။ သို့ရာ တွင် လိုအပ်သော အကိုးအထောက်ကို အခိုင်အမာပြလျက် အကြောင်း ဆိုက်သမျှ မှန်ကန်တိကျအောင် ကြိုးစား၍ တင်ပြထားပေသည်။ အကိုး အကားတို့ကို လိုရာ၌သာ အောက်ခြေမှတ်ချက်ပြ၍ ကျမ်းလေး ရှုပ် ထွေးမည်ကို ငဲ့သဖြင့် တစ်ဆင့်ကိုးသော အကြောင်းအချက်တိုင်းကို အောက်ခြေမှတ်ချက်ဂဏန်း မကန်ဘဲ ထားပေသည်။ မည်သို့ပင်ဖြစ်စေ၊ ရေးသားတင်ပြချက်တိုင်းသည် တတ်နိုင်သမျှ စိစစ်လေ့လာမှတ်သား ချက်တို့ကို အခြေခံ၍ ကောက်ချက်ချထားခြင်းပင်ဖြစ်၍ မိမိသိမြင် ယုံကြည်လက်ခံသည့်အတိုင်း ဝံ့ဝံ့စားစား တင်ပြထားခြင်းဖြစ်ပေသည်။ အချို့သော ကောက်ယူချက်များသည် အချို့သော သုတေသီတို့၏ အစဉ် အလာ၊ သို့မဟုတ် သမားစဉ်အယူအဆနှင့် ကွဲလွဲကောင်းကွဲလွဲပေမည်။ ဤသို့ ကွဲလွဲသည်ကို တွေ့ရှိရသော် မိမိတို့ ပင်ကိုဉာဏ်စွက်၍ အကြောင်း အချက်နှင့် သဘာဝယုတ္တိကို ချိန်၍ညှိကာ တွေးဆ ဆင်ခြင်ဉာဏ်သုံးရန် အခွင့်ရယူကြလိမ့်မည်ဟု မျှော်လင့်ပေသည်။ ။

       ဤပုဂံမြင်ကွင်းကျယ်သည် ပုဂံကို ကျယ်ပြန့်စွာ တစ်နေရာတည်း စုပေါင်း၍ (ဝါ) ကွင်းဆက်တွဲ၍ လေ့လာတင်ပြထားသည်ဖြစ်သဖြင့်သာမန်လူများအတွက်ကား သိစရာများကို အထိုက်အသင့် လုံလောက်စွာ ဖြည့်စွမ်းပေးနိုင်လိမ့်မည်။ ဆက်လက်၍ အကျယ်လေ့လာလိုသူများ အတွက်လည်း သဲလွန်စဖော်ပေလိမ့်မည်။ မြန်မာပြည်သူ ပြည်သားများအတွက်လည်း ပုဂံဟူသည်ကား ဤသို့ ရှိခဲ့ပေတကားဟူ၍ တိုးတက် သဘော ထင်ဟပ်မိကြပေလိမ့်မည်။ ဤမျှအကျိုးရှိလျှင်ပင် ရေးသားပြုစု သူသည် ဝမ်းမြောက်ရမည်ဖြစ်ပေသည်။ 

          (စင်စစ်အားဖြင့် ရေးသားပြုစုသူသည် မိမိ အလုပ်တာဝန်များ ကြောင့် နားနေချိန်နှင့် အိပ်စက်ချိန်များထဲမှ ဖဲ့ချွေ၍ လိုကွက်ကို ဖြည့်စွက် လိုသောဆန္ဒဖြင့် ကြိုးစားပြုစုရပေရာ၊ ကျယ်ပြန့်သော သုတေသန လုပ် ငန်းမျိုးအနေဖြင့်ကား လက်လှမ်းမီကောင်းမှ မီပေမည်။ ထိုသို့ ပြီးပြည့်စုံအောင် နှစ်ကာလကြာရှည် အချိန်ယူ၍ ပညာရှင်အပေါင်းတို့ အားထုတ် ပြုစုကြမည်ကိုလည်း စောင့်မျှော်ရပေလိမ့်မည်။ ထိုသို့ စောင့်မျှော်စဉ် အခိုက်ကာလတွင် ပုဂံပြည်၊ ပုဂံခေတ်ကို စိတ်ဝင်စားမှု ထက်သန်နိုးကြား ၍ နေစေရန်အတွက် ဤပုဂံမြင်ကွင်းကျယ် သည် ရှေ့တော်ပြေးအဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ်ရှိမည်ဟူ၍လည်း မျှော်လင့်မိပေသည်။

          ပုဂံနှင့်ပတ်သက်၍ ယခုအချိန်အထိ တစ်ကြောင်းတစ်ပါဒမျှဖြစ်စေ ထုတ်ဖော်ပြုစုခဲ့ကြသော ပညာရှင်အားလုံးကိုလည်းကောင်း၊ မှီငြမ်းပြု ရသည့် ကျမ်းပြုပုဂ္ဂိုလ်အားလုံးကိုလည်းကောင်း လေးမြတ်ခြင်း ပြုရပေ သည်။ ဆက်လက်၍ လေ့လာထုတ်ဖော်ကြဦးမည့် ပညာရှင်များကိုလည်း ကြိုတင်ဦးညွှတ်ရပေသည်။ ပြုစုသူအနေဖြင့်ကား မိမိအချိန်ရသမျှကို ထိုက်တန်စွာအသုံးပြု၍ အများပြည်သူတို့အတွက် တာဝန်ထမ်းဆောင်ရခြင်းကိုပင် ဂုဏ်ယူလိုပေသည်။ 

                                                                                                                                        လှသမိန်

       မြန်မာမှန်လျှင် ပုဂံကို

       တန်ဖိုးထားကြသည်။ 

       မြတ်နိုးကြသည်။ 

       ပုဂံအကြောင်း သိလိုကြသည်။ 

       ယခုစာအုပ်ကထွက်ရှိပြီး

       ကျမ်းစာအုပ် အစောင်စောင် 

       သမိုင်းစာအုပ် အစောင်စောင်တို့မှ 

       ထုတ်နုတ် စုဆောင်းကာ 

       ပုဂံခေတ်ကာလ၏ ပုံရိပ်ကို

       ဖော်ထုတ်လေ့လာပြုစုထားသော 

       စာအုပ်ဖြစ်သည်။ 

       သည်စာအုပ်ကို ဖတ်ခြင်း လေ့လာခြင်းဖြင့်

       ပုဂံအကြောင်း ပိုသိလာကာ 

       သင်သည် ပုဂံကို ပို၍တန်ဖိုးထားလာမည်။ 

       ပို၍လည်း မြတ်နိုးလာမည်။

       ပို၍လည်း ချစ်လာမည်ဟုယုံကြည်ပါကြောင်း.....................