လှသမိန် - ဉာဏ်ကောင်းအောင်လုပ်နည်း
ဉာဏ်ဟူသည်မှာ
ဉာဏ်ကောင်းနည်း (ဝါ) ဉာဏ်ကောင်းအောင်လုပ်နည်းကို သုံးသပ်လေ့လာခြင်းမပြုမီ ဉာဏ်ဟူသောသဘောကို ပြည့်ပြည့်စုံစုံ သိရှိထားရန် လိုအပ်ပေသည်။ ဉာဏ်ကို အမျိုးမျိုးခွဲခြားကြပေသည်။ သို့သော်လည်း လိုရင်းကိုချုပ်၍ ကောက်ချက်ချလျှင် လွယ်လွယ်နှင့်ပင် သဘောပေါက်နိုင်စရာ ရှိပေသည်။
လူဟူသောသတ္တဝါ၌ ခန္ဓာငါးပါးဟုဆိုအပ်သော အကြောင်းငါးပါး ပေါင်းစပ်နေသည်ဟု ဆိုရပေမည်။ စင်စစ်အားဖြင့် အမျိုးငါးပါး ပေါင်း စည်းဖွဲ့ဆောက်ထားအပ်သော သတ္တဝါပင် ဖြစ်သည်။ ထိုအမျိုးငါးပါး ကို ရုပ်အကောင်အထည်၊ စိတ်နှင့် စိတ်ပြုအကြောင်း ရင်းဖြစ်သော စေတသိက် တို့အားဖြင့် သုံးမျိုးပိုင်းခြား အကျဉ်းချုပ်နိုင်ပေသည်။
ခန္ဓာငါးပါးဆိုသည်မှာ ရုပ်၊ (ရူပက္ခန္ဓာ)နှင့် နာမ်ဟူသော (ဝေဒနာ၊ သညာ၊ သင်္ခါရနှင့် ဝိဉာဏ်) တရားနှစ်မျိုးတည်းသာဖြစ်၍ ထိုနာမ်တွင် ကောင်းဆိုးခံစားမှု ဝေဒနာ၊ ကောင်းဆိုးအသိအမှတ်ပြုမှု သညာနှင့် ထိုနှစ်မျိုးမှအပ ဖြစ်ပျက်မှုဟူသမျှ သင်္ခါရသုံးမျိုးကို စေတသိက်ဟူ၍ ခေါ်တွင်ပြီး စိတ်တရားဟူသမျှကို ဝိဉာဏ်ဟူ၍ ခေါတွင်လေသည်။ ဤကား ခန္ဓာငါးပါး၏ လိုရင်းအချုပ် ဖြစ်လေသည်။
လူတွင်ပါရှိသော ရုပ်နှင့်နာမ်နှစ်ပါးအနက် နာမ်ထဲတွင် စိတ်နှင့် စေတသိက်တို့ ပါဝင်လေသည်။ စိတ်နှင့်စေတသိက်တို့ထဲတွင် ဉာဏ် ဟူသော အစိတ်အပိုင်းတစ်ခုသည် ပါဝင်၍နေပေသည်။ ထိုကြောင့် “ခရုမှာအဆံ၊ လူမှာဉာဏ်”ဟူသော စကားအတိုင်း အဆံမရှိသော ခရု အခွံသည် အချည်းနှီးဖြစ်သကဲ့သို့ ဉာဏ်မရှိသောလူသည်လည်း အချည်းနှီးပင်ဖြစ်ကြောင်း သတိပြုနိုင်လေသည်။ လူဖြစ်လျှင် ဉာဏ်ရှိ ရမည်ဟုပင် ဆိုရပေမည်။ ထိုဉာဏ်သည် အနည်းအများ၊ အကြီးအငယ် အားဖြင့်ကား ကွဲပြားလိမ့်မည် ဖြစ်ပေသည်။
ဉာဏ်အကြောင်းနှင့်ပတ်သက်၍ ဉာဏ်ကြီးသည်၊ ဉာဏ်များ သည်၊ ဉာဏ်ကောင်းသည်၊ ဉာဏ်ထက်သည်၊ ဉာဏ်လျင်သည် စသည် ဖြင့်လည်းကောင်း။ ဉာဏ်နည်းသည်၊ ဉာဏ်ထုံသည်၊ ဉာဏ်ထိုင်းသည် စသည်ဖြင့်လည်းကောင်း။ သွက်သည်၊ ကြွယ်သည်၊ လေးသည်၊ ခေါင်းပါးသည် စသည်ဖြင့်လည်းကောင်း သုံးစွဲကြပေသည်။ ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ပဒေသာ စသည်ဖြင့်လည်းကောင်း။ အသိဉာဏ်၊ အလိမ္မာဉာဏ်၊ ပညာဉာဏ်၊ ဆင်ခြင်ဉာဏ်၊ စဉ်းစားဉာဏ်၊ ဖြတ်ထိုး ဉာဏ်၊ တင်္ခနုပ္ပတ္တိဉာဏ် စသည်ဖြင့်လည်းကောင်း သုံးစွဲကြသည်လည်း ရှိလေသည်။ ဤစကားလုံးအားလုံးသည် ဉာဏ်၏ မာဏမနှင့် အသေး စိတ် အမျိုးအစားများကို ကန့်သတ်ပိုင်းခြား၍ ဖော်ပြနေခြင်းသာလျှင် ဖြစ်လေသည်။
ဗုဒ္ဓစာပေများတွင် ဉာဏ်နှင့်ပတ်သက်၍ စဉ်းစားသတိမူရန် များလည်း ရှိလေသည်။ မြတ်စွာဘုရားတွင် ဉာဏ်တော်အနန္တဟူ၍ ဉာဏ်အဆုံးအစမရှိအောင် ကြွယ်ဝပိုင်ဆိုင်တော်မူသည်ဟူ၍ မှတ်ယူ ကြလေသည်။ ဉာဏ်အထူးအားဖြင့် မြတ်စွာဘုရား၏ ထင်ရှားသော
ဉာဏ်ဆယ်ပါးကိုကား အောက်ပါအတိုင်း သိမှတ်ကြလေသည်။
၁။ အကြောင်းဟုတ်သည် မဟုတ်သည်ကို ခွဲခြမ်းသိသော ဉာဏ်၊
(ဌာနဌာနကောသလ္လဉာဏ်)
၂။ ကောင်းကျိုး မကောင်းကျိုးကို မြော်မြင်သိမြင်သောဉာဏ်၊
(ဝိပါကဉာဏ်)
၃။ သတ္တဝါတို့ ကံပစ်ချရာကို စုံလင်အောင်သိသောဉာဏ်
၊(သဗ္ဗတ္တဂါမိနီဉာဏ်)
၄။ ဓာတ်အမျိုးမျိုးတို့ကို ခွဲခြားသိသောဉာဏ်၊
(နာနာဓာတုဉာဏ်)
၅။ သတ္တဝါတို့၏ စိတ်အလိုဆန္ဒကို သိသောဉာဏ်၊
(အဓိမုတ္တိဉာဏ်)
၆။ သတ္တဝါတို့၏စောင့်စည်းနိုင်မှု အနုအရင့်ကို သိသောဉာဏ်၊
၊(ဣန္ဒိယပရောပရိယတ္တိဉာဏ်)
၇။ ဈာန်တရားကို ညစ်နွမ်းစေမှုကို ဆင်ခြင်သိသောဉာဏ်၊
(ဈာနာဒိသံကိလေသဉာဏ်)
၈။ ရှေးဘဝအဖြစ်ဟောင်းများကို ပြန်၍မြင်သောဉာဏ်၊
(ပုဗ္ဗေနိဝါသဉာဏ်)
၉။ အမြင်အားသန်စွာ ထွင်းဖောက်ရှုမြင်တတ်သော နက်နဲသည့်ဉာဏ်၊
(ဒိဗ္ဗစက္ခုဉာဏ်)
၁၀။ မဂ်တရားကို မြင်နိုင်အောင် ပွင့်လင်းသောဉာဏ်၊
(အာသဝက္ခယဉာဏ်)
ဤဉာဏ်တော်ဆယ်ပါးတွင် ပါရမီအလျောက် ထူးခြားသော ဉာဏ်မျိုးမှတစ်ပါး ဌာနဌာနကောသလဉာဏ်၊ ဝိပါကဉာဏ်၊ နာနာ ဓာတုဉာဏ် စသည့် ဉာဏ်မျိုးကိုမူ ပဏာမအားဖြင့် ကွာခြားစေကာမူ လူသာမန်တို့လည်း ကြိုးစားအားထုတ်၍ရနိုင်သော ဉာဏ်မျိုးပင် ဖြစ် သည်ဟု ဆိုနိုင်ပေသည်။
ထိုမှတစ်ပါး မြတ်စွာဘုရားတွင် ပြည့်စုံသော ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာ ရှစ်ပါး စသည်တို့မှာလည်း ဉာဏ်များပင် ဖြစ်လေသည်။ ဝိဇ္ဇာသုံးပါး ဟူသော ဉာဏ်တော်မှာ ဖော်ပြခဲ့သော ဉာဏ်တော်ဆယ်ပါးမှ…
၈။ ပုဗ္ဗေနိဝါသဉာဏ်၊
၉။ ဒိဗ္ဗစက္ခုဉာဏ်၊
၁၀။ အာသဝက္ခယဉာဏ်၊
စသည်တို့ပင်ဖြစ်၍ ဝိဇ္ဇာရှစ်ပါးတွင်လည်း ထိုသုံးပါးပင် ပါဝင် လေသည်။ ဝိဇ္ဇာရှစ်ပါးတွင် ကျန်သောဉာဏ်တော် ငါးပါးမှာ..
၁။ တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်
(ဣဒ္ဓိဝိစဉာဏ်)
၂။ အသံဟူသမျှ ကြားနိုင်သောဉာဏ်
(ဒိဗ္ဗသောတဉာဏ်)
၃။ စိတ်အစဉ်ကိုလိုက်၍ ခွဲခြားသိတတ်သောဉာဏ်
(စေတောပရိယဉာဏ်)
၄။ စိတ်ကြံစည်တိုင်း ဖြစ်စေနိုင်သောဉာဏ်
(မနောမယိဒ္ဓိဉာဏ်)
၅။ ဝိပဿနာတရားတို့ကို မြင်သောဉာဏ်
(ဝိပဿနာဉာဏ်)
ဟူ၍ ဖြစ်လေသည်။ ဤဉာဏ်တို့မှာ စင်စစ်အားဖြင့် ထူးခြား သော ပုဂ္ဂိုလ်တို့၏ စိတ်ကိုမှီ၍ဖြစ်သော တန်ခိုးသတ္တိများပင်ဖြစ်၍ သာမန်လူများအတွက် လွယ်ကူစွာ လေ့လာအားထုတ်နိုင်သော ဉာဏ် မျိုးမဟုတ်ပေ။
ထိုမှတစ်ပါး တရားအားထုတ်သော ပုဂ္ဂိုလ်တို့၏ စိတ်အစဉ်၌အားထုတ်ဖြစ်ပေါ်စေအပ်သော ဝိပဿနာဉာဏ် ဆယ်ပါးဟူ၍လည်း ရှိပေသေးသည်။
ထိုဉာဏ်ဆယ်ပါးမှာ…
၁။ ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးပါးတင်၍ ရှုမြင်တတ်သောအမြင်ဉာဏ်
(သမ္မသနဉာဏ်)
၂။ တရားတို့၏ ဖြစ်ပုံပျက်ပုံကို ထိုးထွင်းမြင်သော အသိဉာဏ်
(ဥဒယဗ္ဗဉာဏ်)
၃။ ရုပ်နာမ်တရားတို့၏ ပျက်ပုံကိုမြင်သောဉာဏ်
(ဘင်္ဂဉာဏ်)
၄။ ရုပ်နာမ်တရားတို့၏ ကြောက်စရာကောင်းပုံကိုမြင်သော ဉာဏ်
(ဘယဉာဏ်)
၅။ ရုပ်နာမ်တရားတို့၏ မကောင်းကျိုးကို မြင်သောဉာဏ်
(အာဒီနဝဉာဏ်)
၆။ ရုပ်နာမ်တရားတို့၌ စက်ဆုပ်ပြီးငွေ့ သော အသိဉာဏ်
(နိဗ္ဗဒါဉာဏ်)
၇။ ဖြစ်ပျက်စီရင်မှုတို့မှ လွတ်လိုသောအသိဉာဏ်
(မုဂ္ဂိတုကမျတာဉာဏ်)
၈။ ဖြစ်ပျက်စီရင်မှုတို့၌ လက္ခဏာရေးသုံးပါး ယှဉ်၍မြင်သော ဉာဏ်
(ပဋိသင်္ခါဉာဏ်)
၉။ ဖြစ်ပျက်စီရင်မှုတို့ကို ဖျောက်၍ ရှုတတ်သောဉာဏ်
(သင်္ခါရူပက္ခာဉာဏ်)
၁၀။ ဉာဏ်စဉ်များအတိုင်း မဂ်ဖိုလ်တို့ကိုပါ နှိုင်းဆရှုမြင်တတ်သော ဉာဏ်
(အနုလောမဉာဏ်)
ဟူ၍ ဖြစ်ပေသည်။ ထိုဉာဏ်များမှာကား တရားသဘောကို ထိုးထွင်းသိသော သိပုံသိဟန်များကို ပိုင်းခြားအမည်တပ်ထားသော ဉာဏ်များပင် ဖြစ်လေသည်။
ဉာဏ်ဟူသမျှကို အကြောင်းအရာသို့ မလိုက်ဘဲ စုပေါင်း၍ သဘောအားဖြင့် တူရာစုပေါင်း၍ ခွဲခြမ်းဝေဖန် ကြည့်မည်ဆိုပါက ဉာဏ် ဟူသော အရာအားလုံးသည်..
၁။ အသိဉာဏ်
၂။ မှတ်ဉာဏ်
၃။ စဉ်းစားဉာဏ်
၄။ ထူးကဲသောဉာဏ် ဟူသော အမျိုးအစားလေးမျိုးတွင်
ပါဝင်နေသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။
အသိဉာဏ်တွင် မည်မျှသိသနည်း၊ မည်မျှ ကျယ်ပြန့်စွာသိ သနည်း၊ မည်မျှနက်နဲစွာသိသနည်း၊ မည်မျှ ထိုးထွင်း မြော်မြင်၍သိ သနည်း၊ မည်မျှ ပိုင်းခြားဝေဖန်၍သိသနည်း ဤအသိအားလုံးသည် အသိဉာဏ်ပိုင်းတွင် ပါဝင်မည်သာ ဖြစ်လေသည်။
မှတ်ဉာဏ်တွင် မှတ်သားသမျှ၊ နှလုံးသွင်းသမျှ၊ ယူဆသမျှ၊ ခံယူ ယုံကြည်သမျှ စိတ်ထဲသို့ သွင်းယူလက်ခံခြင်းဖြင့် စွမ်းဆောင်သော စိတ်၏သဘောအားလုံး ပါဝင်ကြမည် ဖြစ်လေသည်။
စဉ်းစားဉာဏ်တွင်လည်း စိတ်ကူးသမျှ၊ ပိုင်းခြားဆန်းစစ်သမျှ၊ တီထွင်ကြံစည်သမျှ အသစ်သစ် မြော်ခေါ်သော စိတ်၏ အားထုတ်မှု များသည် စဉ်းစားဉာဏ် အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်လေသည်။
ထိုကဏ္ဍများတွင် မပါဝင်ဘဲ သာမန်ဉာဏ်တို့ထက် ထူးကဲသော ဉာဏ်များ၊ ဉာဏ်တစ်မျိုးတစ်စားထက် ပို၍ စုပေါင်းသက်ဝင်သော ဉာဏ်များနှင့် တန်းခိုးဣဒ္ဓိပါဒ် သို့မဟုတ် ထူးဆန်းအံ့သြဖွယ်ကောင်း
သော ဉာဏ်မျိုးကိုကား ထူးကဲသောဉာဏ် ဟူသောအမည်ဖြင့် ပိုင်းခြား ထားနိုင်မည် ဖြစ်လေသည်။ ထိုဉာဏ်မျိုးမှာ အလွန်ရှားပါးသော ဉာဏ် ကြီးရှင်များ၊ ဉာဏ်ပါရဂူများ၊ အဘိညာဉ်ရပုဂ္ဂိုလ်များ၊ ထွက်ရပ်ပေါက်