Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

လှသမိန် - စိတ်ချမ်းသာအောင်နေထိုင်နည်း

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

စိတ်ကျန်းမာရေး

          

          ကျွန်ုပ်တို့ နေ့စဉ် အလိုအပ်ဆုံးသောအရာမှာ ကျန်းမာရေးဖြစ် သည်ဟု လူတိုင်းကပင် တညီတညွတ်တည်း ဆိုကြပေလိမ့်မည်။ သို့ရာ တွင် ရှေ့သို့တစ်ဆင့်တက်၍ ခွဲခြမ်းလေ့လာလျှင် ကျန်းမာရေး၌ ကိုယ် ခန္ဓာကျန်းမာရေးနှင့် စိတ်ကျန်းမာရေး (ဝါ) စိတ်ချမ်းသာရေးဟူ၍ နှစ်ပိုင်း ရှိသည်ကို တွေ့ရှိရလိမ့်မည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် လူသည် ရုပ်နှင့်နာမ်(ဝါ)စိတ်တို့ ပေါင်းစပ်ဖြစ်တည်နေခြင်းကြောင့်ပင် ဖြစ်လေသည်။ ကိုယ်သာလျှင် ကျန်းမာ၍ စိတ်က မချမ်းမသာ ဖြစ်နေရ လျှင် ကျန်းမာရေးဟူသည်မှာ စိတ်ချမ်းသာရေး မပါပါက မပြည့်စုံဘဲ သာလျှင် ရှိပေလိမ့်မည်။ ထိုမျှ အရေးပါသော စိတ်ချမ်းသာရေးသည် ဘဝ၏အချက်အချာပင် ဖြစ်သည်ကိုလည်း သတိပြုရန် လိုပေသည်။ ယုတ်စွအဆုံး ကိုယ်ခန္ဓာ မကျန်းမာဘဲနှင့်ပင် စိတ်ချမ်းသာပါက ဘဝ တွင် သာယာမှုများကို အပြည့်အ၀ ခံစားနိုင်ဘိသကဲ့သို့ ကျေနပ်တင်းတိမ်ခြင်း ရှိနိုင်ပေသည်။ ထို့ကြောင့်လည်း စိတ်ချမ်းသာရေးကို တသီးတခြား အရေးထား၍ ရယူရန် ကြိုးစားကြရပေမည်။

          ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာတွင် ရုပ်နှင့်စိတ်ဟူ၍ နှစ်ပိုင်းရှိရာတွင် တစ်ခုနှင့်တစ်ခု မည်သို့ကျေးဇူးပြုသည်ကို သိနားလည်ထားရန် လိုပေ သည်။ ရုပ်ဝါဒီတို့က ရုပ်ကသာလျှင် ဦးဆောင်သည်ဟူ၍ တစ်ဖက် သတ် ယူဆ၍ နေပေလိမ့်မည်။ မည်သို့ပင် ယူဆသည်ဖြစ်စေ ပကတိ အချက်အလက်ကို အခြေခံ၍ မှန်ကန်မျှတစွာ သုံးသပ်ရပေလိမ့်မည်။

          စိတ်သည် လူ၏အားထုတ်မှု၊ ပြောဆိုမှုတို့တွင် ရှေ့ဦးဆုံးစေ့ဆော် မှု ရှေ့သွားဖြစ်သည်ကိုကား ငြင်းဖွယ်မလိုပေ။ စိတ်တွင် အကြံအစည် ဖြစ်ပေါ်ပြီးမှ စေ့ဆော်မှုအတိုင်း ကာယကံ၊ ဝစီကံတို့ ဖြစ်ပေါ်ရသည် သာ ဖြစ်လေသည်။ ရုပ်ဝတ္ထုတို့သည် စိတ်ကို ဤသို့ဖြစ်စေ၊ ထိုသို့ ဖြစ်စေ၍ ပြုပြင်လမ်းကြောင်းပေးလျက်ရှိသည်ဟု ယူဆကြပေသည်။ ဤသို့ ယူဆခြင်းမှာ မျက်စိ၊ နား၊ လျှာ စသောအာရုံခံယူရာဒွါရတို့၌ အဆင်း၊ အသံ၊ အနံ့ စသည်တို့ ထင်လာသည့်အတိုင်း ကြိုက်နှစ်သက် ခြင်း၊ မနှစ်သက်ခြင်း၊ လိုလားခြင်း၊ ရွံမုန်းခြင်း စသောအာရုံများ အမျိုးမျိုး အထွေထွေ ဖြစ်ပေါ်ရခြင်းကြောင့်ပင် ဖြစ်ပေသည်။ သို့ရာတွင် ထိုပတ် ဝန်းကျင်၏ လွှမ်းမိုးခြယ်လှယ်မှုသည် စိတ်အခြေခံနှင့် ကင်း၍ မဖြစ် ကြောင်းကို သတိပြုရပေမည်။

          ဥပမာအားဖြင့် အဆိုးအကောင်းဟူသည်မှာ မည်သို့ဖြစ်သည် ဟူသော သိမှတ်ခြင်း နည်းပါးသေးသော ကလေးငယ်သည် ကြောက် စရာဖြစ်သော လျှပ်စစ်ဓာတ်အားကိုပင်လျှင် မကြောက်မရွံ့ ကိုင်လိုပေ မည်။ လူကြီးများ ညှီနံရွံရှာသော ငါးကြီးဆီ၊ ကြက်ဆူဆီတို့ကို သက် သက်သာသာ သောက်မျိုနိုင်သည်ကိုလည်း တွေ့ရပေမည်။ အဖိုးတန် သော စာချုပ်စာတမ်းတို့ကိုပင် စက္ကူစုတ်ပမာ ဆုတ်ဖြဲပေလိမ့်မည်။

ဤအချက်တွင် ရုပ်ဝတ္ထုသည် စိတ်အသိ မပါဘဲလျက် လူ၏ လှုပ်ရှား အားထုတ်မှုကိုဖန်တီးကြိုးကိုင်နိုင်သည်ဟူသော အချက်မှာ မမှန်ကန် ကြောင်း တွေ့ရပေမည်။ စိတ်၏ အသိရှိနိုင်သကဲ့သို့ အပြုအမူလမ်း ကြောင်း ပြောင်းလဲနိုင်ပေသည်။ 

          ဤတွင် ကလေးငယ်ကို မဆိုထားဘိ၊ သိတတ်သော လူကြီးများ ၌လည်း ရုပ်ဝတ္ထုထက် အသိစိတ်၏ ရှေ့ဆောင်မှုသာလျှင် အားကြီးကြောင်းကို သတိပြုနိုင်ပေသည်။ ဥပမာ ပတ္တမြားအကြောင်းကို မသိ သော လူတစ်ယောက်သည် မြေပေါ်မှ ရွှံ့ကပ်နေသော ပတ္တမြားရိုင်း တစ်လုံးကို ကောက်ရမည်ဆိုပါက သာမန်ကျောက်နီတစ်လုံးမျှသာ သဘောထား၍ သူသည် ဝမ်းသာသည်ဆိုရုံမျှသာ ဝမ်းသာပေလိမ့်မည်။ အကယ်၍ ထိုပတ္တမြားသည် သွေးလိုက်ပါက အရည်အသွေး အလွန်ကောင်းလှ၍ အဖိုးသောင်းချီကာ ထိုက်တန်ကြောင်းကို သိပါမူကား ထူးထူးကဲကဲထ၍ ကခုန်ချင်အောင် ဝမ်းသာမိပေလိမ့်မည်။ ဤသို့ စိတ် အာရုံခံစားမှု ထူးခြားလွန်ကဲစေခြင်းမှာ စိတ်အသိကြောင့်သာ ဖြစ်လေ သည်။ ရုပ်ဝတ္ထုကား တစ်မျိုးတစ်စားတည်းသာ ဖြစ်လေသည်။ ထိုနည်း တူပင် မုန့်တစ်မျိုးတည်းကိုပင် နာမည်ကြီးမုန့်တိုက်တံဆိပ်ပါသော မုန့်ဘူးနှင့်ထည့်၍ ကျွေးသောအခါ စားရသူသည် နာမည်ကြီးမုန့်တိုက်မှ လက်ရာဟူသောအသိကြောင့် ပို၍အရသာရှိသည်ဟု ထင်မှတ်ခံစားရ လေသည်။ ထိုသို့ ခံစားမှု ပိုမိုသာယာခြင်းသည် နာမည်ကြီး မုန့်တိုက်၏ တံဆိပ်ဟူသော ရုပ်ဝတ္ထုကြောင့်သာ မဟုတ်ပေ။ ထိုတံဆိပ်ပါသော မုန့်များသည် အလွန်ကောင်းကြောင်းကို သိရှိခံယူထားမှုရှိပြီး အတိတ် ခံယူချက်အသိက ရှေ့ဆောင်သောကြောင့်သာ ဖြစ်ပေသည်။ ထိုအသိ သာ မရှိခဲ့လျှင် မည်သည့်တံဆိပ်ကိုပင်ဖြစ်စေ အရသာကိုပို၍ ထူးခြား အောင် စွမ်းဆောင်နိုင်မည် မဟုတ်ချေ။

         ဤသာဓကတို့သည် စိတ်သည် လူ၏သန္တာန်၌ မည်မျှ ခြယ်လှယ် နိုင်စွမ်းရှိသည်ကို အရိပ်အမြွက်မျှ ကြိုတင်သိရှိရန်သာ ဖြစ်ပေသည်။ စိတ်ချမ်းသာရေးသည် ဘဝတစ်ခုလုံးတွင် အချက်အချာဖြစ်၍ ထိုအကျိုး

ကျေးဇူးကို ရရှိခြင်းဖြင့် ဘဝသည် မည်မျှထိုက်တန်၍ သာယာမှုအပြည့် ရှိသည်ကိုမူ ရှေ့တွင် အကျယ်တဝင့် ဆွေးနွေးလေ့လာခွင့် ရရှိမည်ပင် ဖြစ်ပေသည်။

          စိတ်သည် ယင်းသို့ စိုးမိုးရှေ့ဆောင်မှုရှိစေကာမူ ထိုစိတ်သည် ရုပ်ပေါ်၌ပင် တည်သည်ကိုကား ခြွင်းချန်ထား၍ မသင့်ပေ။ စိတ်သည် အာရုံကြောများ မဏ္ဍိုင်ပြုရာ ဦးနှောက်၌ တည်သည်ဖြစ်စေ၊ တစ်ကိုယ် လုံးသို့ သွေးများ အသွင်းအထုတ် ပြုလုပ်ရာ ဟဒယဝတ္ထုနှလုံးသား၌ တည်သည်ဖြစ်စေ ရုပ်အခြေခံပေါ်၌ တည်သည်မှာကား ထင်ရှားပေ သည်။ ရုပ်ပေါ့ပါးသွက်လက်၍ လန်းဆန်းမှုရှိသလောက် စိတ်သစ် လွင်လန်းဆန်း၍ စိတ်သာယာ နုပျိုသကဲ့သို့ ရုပ်ကလည်း လိုက်၍ နုပျိုတတ်ပေသည်။ ရုပ်ဒြပ်ပျက်စီး၍ သေဆုံးသောအခါ နာမ်သည် စွန့်ခွာပြောင်းလဲ၍ နောက်တစ်ဘဝ ပဋိသန္ဓေသို့ ကူးဆက်ပြန်လေသည်။ ထို့ကြောင့် ရုပ်နှင့်စိတ်သည် အပြန်အလှန် ကျေးဇူးပြုကြောင်းကိုကား သာဓကများစွာ ထုတ်ဖော်ပြသနိုင်ပေသည်။

          ဤတွင် ရုပ်၏ ကျန်းမာရေးကို နည်းနာတတ်ကျွမ်းသော ဆရာ သမားတို့က ဆေးဝါးများဖြင့် ကုသ ပြုပြင်ပေးနိုင်သော်လည်း စိတ်၏ ကျန်းမာရေးကိုကား အခြားသူများက ကုသပေး၍မရဘဲ မိမိကိုယ်တိုင် က နည်းနာကို ဆည်းပူးရှာကြံကာ မိမိကိုယ်တိုင် ကုသမှသာ ရရှိလေ သည်။ မိမိကိုယ်တိုင်က စိတ်ချမ်းသာအောင် ကုသလိုလျှင် လွယ်ကူ ၍ မိမိကိုယ်တိုင်ကမှ မကုသလိုဘဲ နေလျှင်လည်း စိတ်ချမ်းသာရေးမှာ ဝေး၍သာ နေပေလိမ့်မည်။

         

          စင်စစ်သော်ကား လူတိုင်းပင် စိတ်ချမ်းသာအောင် နေလိုကြပေ သည်။ သို့ရာတွင် စိတ်ချမ်းသာရေးမှာ မိမိအပေါ်၌မတည်။ မိမိကုသ ၍မရ။ ပတ်ဝန်းကျင်နှင့် အခြေအနေက စိတ်မချမ်းမသာဖြစ်အောင် ဖန်တီးလာခြင်းဖြစ်၍ မိမိအနေနှင့် ဘာမျှလုပ်မရ။ စိတ်မချမ်းသာမှု ကို သက်ဆိုင်ရာ အခြားသူများ၊ ပြောင်းလဲသော အခြားအခြေအနေ များကသာ ကုစားပေးနိုင်သည်ဟူ၍ တွေးတောဆုတ်နစ်ကာ မိမိ ကိုယ်တိုင် ကုနိုင်စွမ်းသော စိတ်ရောဂါကို ကုသ၍ မရတော့သကဲ့သို့ လျစ်လျူရှုထားကြလေသည်။ ဤအယူအဆသည် အလွန်ပင် မှားယွင်း လေသည်။ စိတ်ချမ်းသာရေးအတွက် ကုသရာတွင် ဤအစွဲအလမ်းကို ရှေးဦးစွာ နုတ်ပယ်ပစ်ရပေလိမ့်မည်။ ဤ အစွဲအလမ်း ကွာထွက်သွား၍ မိမိစိတ်မချမ်းသာမှုကို မိမိကိုယ်တိုင်ပင် ကုစားနိုင်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နားလည်သည်နှင့် တစ်ပြိုင်နက် စိတ်မချမ်းသာမှု ထက်ဝက် သည် အလိုလိုတပ်ခေါက်ထွက်ပြေးပြီး ဖြစ်နေပေလိမ့်မည်။

          စိတ်ချမ်းသာအောင် နေထိုင်နည်းများသည် ဆေးဝါးလည်း မလို ပေ။ ကိရိယာလည်း မလိုပေ။ အခြားသူလည်း မလိုပေ။ ငွေကြေး ကုန်ကျ ရန်လည်းမလိုပေ။ နည်းလမ်းသိရုံ၊ လေ့ကျင့်ရုံမျှဖြင့် ကြွေပြား ပေါ်မှ ရေခဲတုံးကို တွန်းရွှေ့လိုက်သကဲ့သို့ အလွယ်ကလေးနှင့်ပင် စိတ် မချမ်းသာမှုများ ရွေ့လျားသွားစေနိုင်ပေသည်။ မိမိကိုယ်ကိုယ် ယုံကြည် ၍ မိမိကိုယ်ကိုယ် အားကိုးရန်သာ လိုလေသည်။ စိတ်ချမ်းသာအောင် နေထိုင်ရေး၏ သော့ချက်သည် ဝင်လာပြီးသော စိတ်မချမ်းသာမှုကို တွန်းဖယ်ထုတ်ရန်နှင့်မဝင်လာသေးသော  စိတ်မချမ်းသာမှုအတွက် ဆို့ပိတ်ကာဆီးထားရန်သာ ဖြစ်လေသည်။

          ကျွန်ုပ်တို့သည် အောက်ပါအချက်များကို လေးနက်စွာ စဉ်းစား ကြရပေလိမ့်မည်။

             စိတ်မချမ်းသာမှုသည် အဘယ်နည်း။

             စိတ်မချမ်းသာမှုများသည် အဘယ်မှဝင်လာသနည်း။

             စိတ်မချမ်းသာမှုများ၏ တရားခံသည် အဘယ်သူနည်း။

             ဤအကြောင်းအရင်း အခြေခံတို့ကို သေချာစွာ သိနားလည်ထား လျှင် စိတ်မချမ်းသာမှုကို ရှောင်ကွင်းလွတ်မြောက်ရန် လွယ်ကူပေ လိမ့်မည်။

 

စိတ်မချမ်းသာမှုသည် အဘယ်နည်း

          စိတ်မချမ်းသာမှု အမျိုးအစားကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကပင်လျှင် ဗုဒ္ဓမြတ်စွာက ခွဲခြားရှင်းပြခဲ့ဖူးလေသည်။ စင်စစ် အားဖြင့် စိတ်မချမ်းသာမှုသည် ဒုက္ခအစုပင် ဖြစ်လေသည်။ တစ်နည်း အားဖြင့် ဒုက္ခများကို အကြောင်းပြု၍ ခံစားရသော အနိဋ္ဌာရုံပင် ဖြစ်လေ သည်။ ထိုဒုက္ခတွင် နှစ်ပိုင်းခွဲခြားနိုင်လေသည်။

          တစ်ပိုင်းမှာ ရှောင်ပြေးမလွတ်အောင် လောကတွင် ထာဝရပေါ် မြဲဖြစ်သည့် ပဋိသန္ဓေနေရခြင်းဒုက္ခ၊ အိုရခြင်းဒုက္ခ၊ နာရခြင်းဒုက္ခ၊ သေ ရခြင်းဒုက္ခများ ဖြစ်လေသည်။

          ကျန်တစ်ပိုင်းမှာကား လူတို့၏ စိတ်နှင့်ရုပ်တို့၏ လှုပ်ရှားမှုအရ ပေါ်သည့်အခါ ပေါ်၍ မပေါ်ဘဲ နေသည့်အခါ နေနိုင်သော အရေးပေါ် ဒုက္ခမျိုးဖြစ်၍ ၎င်းတို့တွင် မိမိချစ်သူကို မရသော ဒုက္ခ၊ မိမိမချစ် မနှစ် သက်ဘဲ ဇွတ်အတင်း အနိုင်အထက်ပြုမှုကြောင့်ဖြစ်စေ မလွှဲသာသော အကြောင်းကြောင့်ဖြစ်စေ၊ မချစ်လိုဘဲ လိုက်လျောနေရသော ဒုက္ခ စသည့် ဒုက္ခများနှင့် မိမိလိုသလို ဖြစ်မလာသော ဒုက္ခတို့ပါဝင်လေသည်။ မိမိ လိုရာမရသော ဒုက္ခမှာ တစ်မျိုးတည်းသာ ပေါင်းရုံး ရေတွက်စေကာမူ ထိုဒုက္ခမျိုး၌ ထောင်သောင်းမကသော လူ့လောက၏ ဒုက္ခမျိုးစုံတို့အကျုံးဝင်နေပေသည်။ လူ့လောကတွင် လူတို့ အများဆုံး ခံစားရသော ဒုက္ခ၊ အများဆုံးဖြစ်ပေါ်ရသော စိတ်မချမ်းသာမှုအမျိုးအစားသည် ထိုဒုက္ခတွင် ပါဝင်လေသည်။ ဆွေမျိုးသားချင်းတို့နှင့် ရှင်ကွဲ၊ သေကွဲ ကွဲရခြင်းသည်လည်း မကွဲလို၍မရသော ဒုက္ခပင်ဖြစ်၍ အမှုအခင်း၊ အကျဉ်းအချုပ် ခံရခြင်းသည်လည်း လွတ်လပ်လိုပါလျက် မလွတ်လပ် နိုင်သော ဒုက္ခပင်ဖြစ်ပေရာ လိုရာမရသော ဒုက္ခသည် နယ်အကျယ်ဆုံး သော ဒုက္ခပင် ဖြစ်လေသည်။ 

          ထိုဒုက္ခများ ဖြစ်ပေါ်လာရသောအခါ စိတ်၏ သန္တာန်တွင် မလို လားအပ်သော ခံစားမှုများပေါ်လာ၍ ထိုခံစားမှုများသည် အသွင် အမျိုး မျိုးဖြင့် စိတ်ကို မချမ်းသာအောင် ထိုးဆွလေတော့သည်။ ထိုသို့ ထိုးဆွပုံ များတွင် ရပ်တည်ရာမရဘဲ ငွေ့ တွေ့ ခုန်ရလောက်အောင် ရှူးရှူးရှားရှား ဒေါသမာန်ပွားရခြင်းလည်း ပါဝင်လေသည်။ တခြောင်းခြောင်းထွက်နေ သော ဒေါသသည် စိတ်ကိုလည်း မအေးချမ်း မငြိမ်သက်အောင် မွှေဆွ တော့သည်သာ ဖြစ်လေသည်။ မှန်ကန်စွာ ဆုံးဖြတ်ဆင်ခြင်နိုင်ခြင်း၊ အန္တရာယ်ကို ကြိုတင်မြင်နိုင်ခြင်း၊ အမှားအမှန် ခွဲခြားနိုင်ခြင်း မရှိအောင် စိတ်ကို ပိတ်ဖုံး၍ ဆင်ကန်းတောတိုး ဖြစ်လိုရာဖြစ်အောင် ရိုင်း၍သွားစေ သည့် မောဟသည်လည်း စိတ်ကို မချမ်းသာအောင် ထိုးဆွလေသည်။ လိုချင်ရမ္မက် ထောင်းထောင်းတက်၍ နေမထိထိုင်မသာ ရလို၊ ယူလို၊ ပိုင်စိုးလိုသော လိုချင်တောင့်တခြင်း လောဘဟူသည်မှာလည်း စိတ်ကိုပင် တကြွကြွ၊ တရွရွဖြစ်အောင် နှိုးဆွပေးတတ်ပြန်လေသည်။ ချုံးနုံးခွေ ကာ ကြောင့်ကြပူပန်ခြင်း သောက၊ ငိုကြွေးရှိုက်ငင် ပင်ပန်းဆင်းရဲရခြင်း ပရိဒေဝ၊ မကြည်မသာ စူရဲ့ ရှုံ့မဲ့ရသော ဒေါမနဿ၊ သူတစ်ပါးကို မနာ

လို ဝန်တိုဖြစ်ရသော အဘိဇ္ဈာ၊ ဗြူစူစောင်းမြောင်းရသော ဣဿာစသော မကောင်းသော စိတ်အမျိုးစုံတို့သည် အကြောင်းအားလျော်စွာ