လူထုစိန်ဝင်း - အရှေ့ကိုမျှော်၍အနောက်ကိုကြည့်ခြင်း
စမတ်ကတ်ခေါ်တဲ့ အီလက်ထရောနစ်ပိုက်ဆံ
၂၁ ရာစုကို တံခါးဖွင့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် သူက မိတ်ဆွေကို ပိုက်ဆံတွေပေးပါလိမ့်မယ်။ မိတ်ဆွေလိုချင်သလောက်၊ ကြိုက်သလောက် သူပေးခိုင်းနိုင်ပါတယ်။ တင်းနဲ့တောင်းနဲ့ ခြင်ပြီးယူရလောက်အောင် အများ ကြီးလိုချင်ရင်လည်း ရပါတယ်။ ထည့်စရာအိတ်မရှိဘူး၊ ထားစရာနေရာ မရှိဘူးလို့လည်း ပူနေစရာမလိုပါဘူး။ သူက အိတ်ကြီးတွေနဲ့ သယ်လာပေး မှာ မဟုတ်ပါဘူး။ တယ်လီဖုန်းကတ်ကလေးလောက်သာရှိတဲ့ ကတ်ကလေး တစ်ခုကို မိတ်ဆွေလက်ထဲ ထည့်ပေးလိုက်မှာပါ။
နောက်ဆိုရင် လူတွေရဲ့ အိတ်ထောင်တွေထဲက အကြွေသံတွေ ကြား ရတော့မယ် မဟုတ်ပါဘူး။ စမတ်ကတ်ကလေးတစ်ခုတည်းနဲ့ ဝယ်ချင်တာ ဝယ်လို့လည်းရပြီ။ အိမ်တံခါးဖွင့်ဖို့သော့၊ ကားတံခါးဖွင့်ဖို့သော့အဖြစ်လည်း သုံးလို့ရနိုင်ပြီ။ ဒါတင်မက ကားမောင်းလိုင်စင်အဖြစ် ကျန်းမာရေး မှတ်တမ်း အဖြစ်လည်း သုံးနိုင်ပါသေးတယ်။ ခရီးသွားတဲ့အခါ လက်ဆွဲအိတ်ကြီး ဆွဲဆွဲပြီး သွားစရာမလိုတော့ဘူးလေ။ စမတ်ကတ်ကလေးတစ်ခု အိတ်ထဲ ထည့်ပြီး စမတ်ကျကျ ကြော့ကြော့ကလေးထ သွားလိုက်ရုံပါပဲ။
သုံးရာသီဝတ်စုံ
သွားတာလာတာသာ မဟုတ်၊ ဝတ်တာစားတာမှာလည်း သိပ် အဆင်ပြေသွားမှာပါ။ နွေထည်၊ ဆောင်းထည် စသဖြင့် ဝတ်စုံတွေအမျိုးမျိုး ဝယ်နေဖို့ လိုမှာမဟုတ်တော့ဘူး။ “စမတ်ချည်မျှင်နဲ့ ချုပ်ထားတဲ့ ဝတ်စုံတွေဟာ ဆောင်းမှာ အနွေးဓာတ်ကိုထုတ်ပေးပြီး နွေမှာ အအေးဓာတ်ကို ထုတ်ပေး ပါလိမ့်မယ်။ ဆောင်းမှာ အနွေးထည်ကြီးတွေ ဖိုးရိုးဖားရားနဲ့ ပုံပျက်ပန်းပျက် ဖြစ်နေတာကို စမတ်ကျကျ ဝတ်ဆင်နိုင်ဖို့ “စမတ်ဝတ်စုံ” တွေလာပါတော့ မယ်။
စိတ်ကြိုက်မင်းသား မင်းသမီးရွေးမလား
ရုပ်ရှင်ကြိုက်တတ်သူတွေအတွက် ကိုယ်ကြည့်နေတဲ့ဇာတ်ကားထဲက ဇာတ်ဆောင်တွေကို မကြိုက်ရင် ကိုယ့်စိတ်ကြိုက် သရုပ်ဆောင်ကို အစားထိုး ပြီးကြည့်လို့တောင် ရနိုင်တော့မှာ ဖြစ်ပါတယ်။ ဥပမာ-မက်ဒေါနား သရုပ်ဆောင်အဖြစ်ပါတဲ့ကားကို ကြည့်နေရင်းက မက်ဒေါနားအစား မွန်ရိုးဆိုရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးပေါ်လာတယ် ဆိုပါစို့။ ခလုတ်ကို နှိပ်လိုက်ရုံနဲ့ မက်ဒေါနားရဲ့ နေရာမှာ မွန်ရိုးရဲ့ ပုံတွေ ဝင်လာပါလိမ့်မယ်။ အသံကအစ မွန်ရိုးရဲ့ အသံ ထွက်လာမှာပါ။
ကွန်ပျူတာဒရိုင်ဘာ
ကွန်ပျူတာထိန်းချုပ်စနစ်နဲ့ မော်တော်ကားတွေကို အခု စမ်းသပ်နေ ကြပါပြီ။ လာမယ့် ရာစုနှစ်ထဲမှာဆိုရင် ကားကို ကိုယ်တိုင်မောင်းနေဖို့ မလိုတော့ပါဘူး။ ကားပေါ်တက်ထိုင်ပြီး ကိုယ်သွားမယ့်ခရီးစဉ် ပြောလိုက်တာနဲ့ ကွန်ပျူတာက သူ့အလိုလို လက်ကိုင်ဘီးကိုထိန်းပြီး မောင်းသွားပါလိမ့်မယ်။ အရှိန်တိုးဖို့လျှော့ချဖို့၊ ကားချင်းပွတ်ရှောင်ဖို့၊ ကျော်တက်ဖို့၊ ဘရိတ်အုပ်ဖို့ စတဲ့ကိစ္စတွေအားလုံး လူထက်တောင် ပိုပြီး စိတ်ချရအောင် လုပ်နိုင်လိမ့်မယ် လို့ ဆိုကြပါတယ်။ ဖြစ်နိုင်စရာလည်း ရှိတယ်လေ။ ကွန်ပျူတာက လူလိုမှ စိတ်မဆိုးတတ်၊ ဒေါသ မထွက်တတ်၊ အိပ်မငိုက်တတ်တာပဲ။ စစချင်းတော့ ကွန်ပျူတာဒရိုင်ဘာမောင်းမယ့် ကားတွေအတွက် အထူးစပါယ်ရှယ် လမ်းမ ကြီးတွေလိုဦးမှာဖြစ်တယ်။ ဒါပေမဲ့ နောက်တစ်ဆင့်ကျရင်တော့ ရိုးရိုးလမ်း တွေပေါ်မှာ မောင်းခိုင်းလိမ့်မယ်ဆိုပါတယ်။ အဲဒီအခါကျရင်တော့ လူက ကားပေါ်ထိုင်လိုက်ရင်း ရုပ်ရှင်ကြည့်ချင်ကြည့်၊ မြင်းလောင်းချင်လောင်း၊ အိပ်ချင်ရင် တရေးတမောအိပ်နေလိုက်ရုံပါပဲ။
လေဖြတ်ခံရသူများအတွက် သတင်းကောင်း
လူတွေခံစားရတဲ့ ရောဂါဝေဒနာအမျိုးမျိုးအနက် လေဖြတ်ခံရတဲ့ ဝေဒနာဟာ အဆိုးဆုံးတွေထဲက တစ်ခုပါပဲ။ အကောင်းကြီးအတိုင်းရှိ နေရာ က ရုတ်တရက် ချက်ချင်းကြီး ကောက်ကာငင်ကာ ဒုက္ခိတဘဝ ရောက်သွား စေပါတော့တယ်။ သူက တခြားရောဂါတွေလို လက္ခဏာတွေ ဘာတွေပြ တတ်တာ မဟုတ်ပါဘူး။ အိပ်ရာကထလာတုန်းက အကောင်းပကတိ ရှိနေရာက မျက်နှာသစ်ပြီးလို့ မှန်ရှေ့မှာ ခေါင်းဖြီးနေတာကို တွေ့ချင်တွေ့ရ တတ်တာ။ ဒါမှမဟုတ် အိပ်ရာထဲမှာအိပ်နေရင်း လက်တွေထုံကျဉ်လာပြီး မြှောက်မရလှုပ်မရ ဖြစ်ရာကနေ ကိုယ်တစ်ခြမ်းသေတဲ့ အဖြစ်မျိုးဖြစ်ချင် လည်းဖြစ်တတ်တာ၊ တစ်ခါတလေတော့ တစ်ခုခုလုပ်နေရင်းက ရုတ်တရက် မူးလဲပြီး သတိလစ်သွားရာက သတိပြန်ရလာတော့ စကားပြောလို့မရတော့ဘဲ ကိုယ်တစ်ခြမ်းသေတဲ့ မသန်မစွမ်းဒုက္ခိတဘဝကို ရာသက်ပန်ရောက်သွား စေတော့တာပါ။
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ပြင်မှာရှိတဲ့ ဆေးရုံကြီးတစ်ရုံမှာ ၁၉၉၆ ခုနှစ်၊ သြဂုတ်လ တစ်မနက်က နှလုံးရောဂါကု ဆရာဝန်ဒေါက်တာဗီရင်ဒရာ ဘစ်စတာ ၄၉ နှစ်ဟာ ပြုနေကျဝတ္တရားအတိုင်း လူနာတွေကို လှည့်ကြည့် နေပါတယ်။ တော်တော်လေးကြာတော့ သူ့ကို နံရံတစ်ခုမှာ မှီရပ်နေတာ သူနာပြုဆရာမတွေဟာ တွေ့လိုက်ကြတယ်၊ “ဘာဖြစ်လို့လဲ နေမကောင်း ဘူးလား” လို့ မေးကြတော့ သူပြန်မဖြေနိုင်တော့ဘူး။ ဆရာမတွေမေးနေတာ ကို သူအကုန်ကြားနေရတယ်။ ဒါပေမဲ့ သူဖြေလို့မရဘူး။ ချက်ချင်း သူ့ကို တွန်းလှည်းပေါ်တင်ပြီး အရေးပေါ်ခန်းကို ယူသွားရတယ်။ လေဖြတ်တာလို့ ဆရာဝန်တွေက ဆုံးဖြတ်ပြီး အီလီနွိုင်းတက္ကသိုလ်ဆေးရုံမှာရှိတဲ့ လေဖြတ်ရောဂါ အထူးကုဌာနကို အမြန်ဆုံးပို့လိုက်ကြပါတယ်။ ရောက်ရောက်ချင်း သူ့ကို ဆေးတစ်မျိုးပေးလိုက်တယ်။ ဆေးပေးပြီး သုံးနာရီလောက်ရှိတော့ သူလမ်းလျှောက်လို့ရပြီး သူ့လူနာတွေကိုတောင် လိုက်ကြည့်နိုင်သွားပြီ ဖြစ်တယ်။
ဒေါက်တာဘစ်စလာကို ကယ်လိုက်တဲ့ဆေးဟာ အသစ်ပေါ်ပေါက် လာတဲ့ဆေး မဟုတ်ပါဘူး။ သူကိုယ်တိုင် နှလုံးရောဂါဝေဒနာသည်တွေကို နှစ်ပေါင်းများစွာပေးလာခဲ့တဲ့တှပီအေ (Tissue Plasminogen Activator) လို့ခေါ်တဲ့ ဆေးပါ။
လေဖြတ်တယ်လို့ အများခေါ်နေကြတဲ့ ရောဂါဟာ သွေးကြောတစ် နေရာရာမှာ သွေးအခဲတုံးလေးတစ်ခု ပိတ်ဆို့နေတာကြောင့် ဦးနှောက်ထဲကို အောက်စီဂျင် ဓာတ်ပို့ပေးနေတဲ့ သွေးအလုံအလောက် မရောက်တဲ့အတွက် ဖြစ်ရတဲ့ရောဂါပါ။ အောက်စီဂျင်နဲ့ သွေးလုံလောက်အောင်မရတဲ့ ဦးနှောက်ရဲ့ အပိုင်းက ဆဲလ်တွေ အောက်စီဂျင်ပြတ်သွား သေသွားပါတယ်။ အဲဒီဆဲလ် တွေသေသွားတော့ သက်ဆိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူက အမိန့်ပေးစေခိုင်းတာ မလုပ်နိုင်တော့ပါဘူး။ အဲဒီမှာ ကိုယ်တစ်ခြမ်းသေတာ တို့၊ ပါးတစ်ခြမ်းရွဲ့ပြီး စကားမပြောနိုင်တော့တာတို့ ဖြစ်သွားရပါတယ်။
အီလီနွိုင်းတက္ကသိုလ်ဆေးရုံက ဆရာဝန်တွေဟာ တီပီအေဆေးကို သုတေသနလုပ်နေတာ နှစ်အတော်ကြာရှိခဲ့ပါပြီ။ အခုတော့ အမေရိကန် နှလုံးရောဂါအသင်းကြီးက တီပီအေကို လေဖြတ်ခံရသူတွေကို ကုသပေးတဲ့ နေရာမှာ အသုံးပြုဖို့ လမ်းညွန်ချက်တွေနဲ့ အတည်ပြုပေးလိုက်ပါပြီ။ လမ်းညွှန်ချက်ထဲမှာ အရေးကြီးဆုံးအချက်ကတော့ လေဖြတ်သွားတာဟာ သွေးခဲကြောင့်ဖြစ်ရတယ်ဆိုတာ သေချာမှ သုံးရမယ်ဆိုတဲ့ အချက်ဖြစ်ပါ တယ်။ တစ်ခါတလေ သွေးခဲကြောင့်မဟုတ်ဘဲ သွေးကြောလေးတွေ သွေးယို စိမ့်မှုဆိုရင် သွေးခဲရှိနေတာဟာ လူနာရဲ့ အသက်ကို ကယ်တင်တဲ့ အကြောင်း တစ်ရပ်ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သေချာအောင် စမ်းသပ်စစ်ဆေးပြီးမှ ပေးရမယ်လို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
နောက်ညွှန်ကြားချက်တစ်ခုကတော့ လေဖြတ်ခံရပြီး သုံးနာရီအတွင်း မှာသာ တီပီအေကို ပေးရမယ်ဆိုတာ ဖြစ်ပါတယ်။ သုံးနာရီကျော်သွားပြီးမှ ဆိုရင်တော့ ဦးနှောက်ထဲ သွေးစီးဝင်တာကို မထိန်းနိုင်ဖြစ်ပြီးလူနာ အသက် ဆုံးရှုံးသွားနိုင်ပါတယ်။
တီပီအေနဲ့ သွေးခဲကို ချေပေးနိုင်ပြီဆိုတော့ လေဖြတ်ခံရလို့ တစ်သက် လုံးဒုက္ခိတဘဝကို ရောက်ကြရတဲ့အဖြစ်က ဝေးကြတော့မှာဖြစ်တယ်။
The Futurist စာစောင်တွေနဲ့ စက်တင်ဘာ ၁၆၊ ၁၉၉၆ ခုထုတ် Time မဂ္ဂဇင်းပါ သတင်းဆောင်းပါးတွေကို ကိုးကားထားတာပါ။
နှစ်ဆယ့်တစ်ရာစုကို မျှော်ကြည့်ခြင်း
တယ်လီဖုန်းမြည်သံကြောင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟင်္သာ အိပ်ရာက နိုးလာရသည်။ အိပ်ရာဘေးမှ နာရီကိုကြည့်လိုက်တော့ နံနက် ၄ နာရီဟု သိရသည်။ အိပ်ရာဘေးစားပွဲလေးပေါ်က ကြိုးမဲ့ဖုန်းကို ကောက် ယူနားထောင်လိုက်တော့ ရှေးဦးစွာ တူ..တူ...တူ ဟူသော အချက်ပေးသံကို ကြားရသည်။
“ဪ... နိုင်ငံခြားကဖုန်းပဲ၊ သားဆီကထင်ပါရဲ့... ဟယ်လို”
ဟု ဆရာမကြီး ဒေါ်ဟင်္သာ အိပ်ချင်မူးတူးအသံဖြင့် ထူးလိုက်တော့...
“မေမေလား၊ သမီးရောက်ပြီ၊ ကိုကြီးတို့တစ်အိမ်သားလုံး လာကြို ကြတယ်၊ အားလုံးအဆင်ပြေပါတယ်။ အခု အိမ်ရောက်ရောက်ချင်း ဆက် လိုက်တာ၊ မေမေ အိပ်ရေးပျက်သွားလား။ မေမေရော နားထောင်နေလား။ ဖေဖေတို့စိတ်ပူနေမှာစိုးလို့ ချက်ချင်း ဆက်လိုက်တာ။ ဒီမှာ အခု ညနေ ၄ နာရီဆိုတော့ ဖေဖေတို့ဆီမှာ မနက် ၄ နာရီပေါ့ နော်။ ဒီမှာက အင်္ဂလန်လို မချမ်းဘူး။ နေလို့ကောင်းတယ်။ ဒါပဲနော် သမီးနောက်မှထပ်ဆက်မယ်”
တယ်လီဖုန်းကိုပြန်ထားရင်း “မြန်လိုက်တာနော်” ဟု ဒေါ်ဟင်္သာ ရေရွတ်လိုက်သည်။ ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီကပဲ သမီး လန်ဒန်ဟီးရိုးလေဆိပ်ကနေ ဖုန်းဆက်လိုက်သေးသည်။ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဟင်္သာတစ်ရေးသာ အိပ်လိုက်ရသေးသည်။ သမီးဖြင့် ပင်လယ်သမုဒ္ဒရာတို့ကို ကျော်ဖြတ်ကာ အင်္ဂလန်နိုင်ငံကနေ ဖလော်ရီဒါကို ရောက်သွားပြီ။ ၁၂ နာရီကြာ လေယာဉ်စီးသွားရတဲ့ခရီးဆိုတော့ အင်္ဂလန် ကျွန်းနဲ့ အမေရိကန်ဆိုတာ မြန်မာပြည်နဲ့ အင်္ဂလန်ခရီးလောက်ပါပဲလားဟု ဒေါ်ဟင်္သာ တွေးနေမိသည်။
“သူတို့ခေတ်ကြီးများ ကောင်းလိုက်တာနော် လွှတ်ခနဲဆို ရောက်သွား တာပဲ။ သိပ္ပံမောင်ဝတို့တုန်းကများ ဒီခရီးကို မီးသင်္ဘောကြီး ပျင်းအောင်စီးပြီး တစ်လလောက်ကြာအောင် သွားရတာတဲ့”
ဆရာမကြီးဒေါ်ဟင်္သာက အိပ်ရာပေါ်ပြန်နှပ်နေရင်းက တွေးလိုက် မိခြင်းဖြစ်သည်။ သမီးကို အောက်စဖို့ဒ်ကျောင်းသို့ ကျောင်းတက်ရန် လွှတ် မည်ဆိုတော့ စာအုပ်စင်မှ သိပ္ပံမောင်ဝ၏ အောက်စဖို့ဒ်တက္ကသိုလ်ခရီးများမှတ်တမ်းစာအုပ်ကို ပြန်ရှာပြီးဖတ်ရသည်။ သင်္ဘောပေါ်မှာ ပျင်းရိငြီးငွေ့ ဖွယ်ရာ အချိန်တွေကုန်လွန်ခဲ့ရတာများကို သိပ္ပံမောင်ဝကရေးပြသည်။ လေဒဏ်၊ လှိုင်းဒဏ်ကြောင့် မူးဝေအော့အန်ပြီး အစားမစားချင်လောက် အောင် ဖြစ်ရတာကို ဖတ်ရသည်။ “ခုခေတ်များတော့ မြန်လိုက်ကြတာ၊ လေယာဉ်ကြီးတွေစီးရလာလည်း ငြိမ့်လို့၊ လေထဲပျံနေမှန်းတောင် မသိရ ဘူး။ စားသောက်ချိန်ဆိုလည်း ရှေ့က ခုံလေးပေါ်က စားစရာတွေကို ဇွန်းခက် ရင်းနဲ့ အေးအေးဆေးဆေး ကော်စားလို့ သောက်စရာအချိုရည် ဖန်ခွက်က လည်း စားပွဲပေါ်မှာအဆင်သင့်။ ဖိတ်မှာစဉ်မှာ လိမ့်ကျမှာမပူရဘူး။ ကလော ရထားစီးရတာနဲ့များ ကွာချင်တိုင်းကွာ”
သမီးနှင့်အတူလိုက်သွားပြီး တစ်လတာလောက် လည်ပတ်ခဲ့သော ဘိလပ်ပြန် ကျောင်းအုပ်ဆရာမကြီးက သူကလောမှာနေခဲ့ရစဉ် ရန်ကုန်နှင့် သွားလိုက်ပြန်လိုက်လုပ်ခဲ့ရသော ခရီးများအကြောင်း ပြန်တွေးနေမိသည်။ ရန်ကုန်နှင့်ကလောဆိုသည်မှာ မိုင် ၃ဝဝ ကျော်ကလေးသာရှိသည်။ ဒီခရီး ကို တစ်ညလုံး တစ်နေ့လုံး ရထားစီးမှရောက်သည်။ ဒါတောင် အင်မတန် ကံကောင်းပါမှ။ ဒေါ်ဟင်္သာက ကျောပိုးအိတ်ကလေးတစ်လုံးသာ လွယ်ပြီး မင်္ဂလာဒုံလေဆိပ်မှ လေယာဉ်ပျံပေါ်တက်သွားသော သမီးလေးပုံသဏ္ဌာန်ကို မျက်စိထဲ ပြန်မြင်ယောင်နေမိသည်။ ဘန်ကောက်လေဆိပ်မှာ လေယာဉ် အပြောင်းအလဲအတွက် လိုအပ်သော ကိစ္စဝိစ္စတွေကိုလည်း သမီးလေးသည်ကျောပိုးအိတ်ကလေးလွယ်လျက်ပင် တစ်ယောက်တည်း ပြေးလွှားလုပ် ဆောင်ခဲ့သည်။ ဒါတင်မက ရန်ကုန်က အမေ့ဆီတောင်လှမ်းပြီး အားလုံး ချောမောကြောင်း ဖုန်းဆက်ခဲ့သေးသည်တဲ့။ သူ ဒီအရည်အချင်းတွေ ဘယ် တုန်းကများ ရှိထားလိုက်ပါလိမ့်။ သမီးကလေးသည် ခုမှ အသက် ၂ဝ ထဲ ဝင်စရှိသေး။ အိမ်မှာ ကလေးတစ်ယောက်လို ချွဲလို့နွဲ့ လို့ကောင်းတုန်း၊ ညနေ
စောင်း အိမ်ရှေ့မှာ သင်ဖြူးတစ်ချပ်ခင်းပြီး အဖေကျော်ဆန်း အနားယူပြီး ဆိုလျှင် အဖေ့လက်မောင်းပေါ်ခေါင်းအုံးအိပ်တတ်တုန်း။ တစ်ဦးတည်းသော သမီးပီသစွာ သမီးသည် ဘယ်တော့မှမကြီးသော ကလေးဘဝမှာပင် ရှိနေခဲ့သည်။
သို့သော် မင်္ဂလာဒုံလေဆိပ်က ထိုင်းအဲယားဝေး လေယာဉ်ကြီးပေါ်