လူထုစိန်ဝင်း - လူကြီးလူကောင်းစိတ်နှင့်အခြားဆောင်းပါးများ
ဂျာနယ်မဂ္ဂဇင်းအတော်များများမှာ စာတွေ အဆက်မပြတ်ရေးနေတာနဲ့ ပတ်သက်ပြီး စာဖတ်ပရိသတ်များက “သိပ်ရေးနိုင်တာပဲ” လို့ တအံ့တသြ ပြောတတ်ပါတယ်။ စာနယ်ဇင်းသမားတွေကတော့ “အိမ်ထဲက အိမ်ပြင် ထွက်နိုင်တာလည်း မဟုတ်ဘဲနဲ့ ၊ ရေးစရာတွေ ဘယ်ကရနေတာလဲ”လို့ မေးလေ့ရှိပါတယ်။
အချိန်ကို အချည်းနှီးမဖြစ်စေသူ
မေးသမျှလူတိုင်းကိုလည်း “လူထုဦးလှရဲ့ အဆုံးအမနဲ့ ကြီးလာရ တာကြောင့်ပါ”လို့ပဲ ဖြေပါတယ်။ ဦးလေးလှက သူရဲ့ တစ်နေ့တာအချိန်ကို နည်းနည်းလေးမှ အချည်းနှီးကုန်ဆုံးစေတဲ့သူ မဟုတ်ပါဘူး။ မနက်အိပ်ရာက နိုးတာနဲ့ လုပ်စရာအလုပ်တွေက တန်းစီနေပါတယ်။ တက်စရာအစည်းအဝေးတွေကလည်း တစ်ပြုံကြီးပါပဲ။ ဗထူးကွင်း အစည်းအဝေး၊ ကြက်တောင် အစည်းအဝေးတွေ တက်လိုက် ဘိုးဘွားရိပ်သာ အစည်းအဝေးပြေးလိုက်၊ တက္ကသိုလ်ဆီးနိတ်အဖွဲ့ အစည်းအဝေးတက်လိုက်နဲ့ နားရတယ် မရှိပါဘူး။
ဒီကြားထဲ မတ္တရာဘက်က လယ်တွေရေနစ်လို့ အမတော်ကြေးဆိုင်းငံ့ထားဖို့ ရေးပေးပါဦး၊ လာပြောတဲ့ လယ်သမားတွေကို လက်ခံ စကားပြောလိုက်၊ စစ်ကိုင်းတောင်ရိုးကောင်တွေ ရေ,မရတဲ့ကိစ္စ ရေးပေးဖို့ပြောတဲ့ ဆရာတော် ကြီးတွေကို တွေ့ရ၊ ဘယ်ကျောင်းက ဘယ်ဆရာတော် နာမကျန်းဖြစ်နေလို့ ဆိုတာကြောင့် ဆရာဝန်ခေါ်သွားပြီး ပြပေးလိုပေးရနဲ့ အမြဲအလုပ်ရှုပ် နေပါတယ်။
နားတစွင့်စွင့်နေရ
ဒီကြားထဲမှာ စစ်ကိုင်းတံတားထိပ်က သပြေတန်းခံတပ်ကြီးဖြင့် အစောင့်အရှောက်မဲ့ပြီး နွားခြံဖြစ်နေပြီလို့ အမြင်မတော်သူတစ်ယောက်ယောက်က လာပြောတဲ့အခါ ဦးလေးက ချက်ချင်းပဲ ဓာတ်ပုံဆရာခေါ်ပြီး ကိုယ်တိုင်သွားကြည့် ပါတယ်။ ပြန်လာရင် ရန်ကုန်က သူ့ မိတ်ဆွေ ယဉ်ကျေးမှုဌာန အတွင်းဝန် ဦးသိန်းဟန်ဆီ ဖုန်းဆက်ပြောလိုက်၊ မန္တလေးက ဦးစိန်မောင်ဦးဆီ ဖုန်းဆက်ပြောလိုက်နဲ့ အလုပ်ရှုပ်ပြန်ပါရော။ ညကျရင် ီတော့ အဲဒီတစ်ကြောင်းကို ဆောင်းပါးရေးပါသေးတယ်။ တိုက်က လူငယ်တွေကတော့ ဦးလေး အပြင်ကပြန်လာရင် “ဘယ်က ကောက်ရိုး ထုပ်ပြီး ယူလာပြန်ပြီလဲ မသိဘူး” ဆိုပြီးရင် တထိတ်ထိတ်နဲ့ ခေါ်သံကို နားစွင့်နေကြရပါတယ်။ ဦးလေးပြန်လာတိုင်း အမြဲတမ်း မဟုတ်တောင်၊ အများအားဖြင့်တော့ သတင်းအစအန တစ်ခုခုပါလာလေ့ ရှိပါတယ်။ ပါလာ တဲ့အခါ ဓာတ်ပုံဆရာတစ်ယောက်နဲ့ သတင်းထောက် တစ်ယောက်ယောက် ဆိုပြီး ခေါ်ပါတယ်။
အတွင်းခန်းဂျိုကာ
အဲဒီလို ခေါ်တဲ့အခါတိုင်း ဘယ်သူမှ မရှိတာက များပါတယ်။ နေ့အချိန်ဆိုတာ သတင်းထောက်တွေ၊ ဓာတ်ပုံဆရာတွေ၊ တိုက်ကပ်တဲ့ အချိန်တွေမှ မဟုတ်တာ။ အဲဒီတော့ အယ်ဒီတာခန်းထဲမှာ အားနေတတ်သူက ကျွန်တော် တစ်ယောက်တည်း ရှိတယ် ။ နေ့ဖောင်ကို နတ်မောက် ကိုထွန်းရှိန်က ကိုင်ပြီး ညဖောင်ကို မောင်သစ်လွင်(လူထု) က ကိုင်တော့၊ရွှေဥဒေါင်းကလည်း “စာရေးတယ်ဆိုတာ ပြောစရာအကြောင်းအရာ တစ်ခုခုကို အများသိစေချင်လို့ ရေးတာ။ ပြောစရာ မရှိရင် မရေးနဲ့ ”လို့ ပြောတတ်ပါတယ်။ စာတစ်ပုဒ်ဖတ်ပြီး ဘာမှ မယ်မယ်ရရ မပါတဲ့အခါဆိုရင် ဆရာကြီးက တော်တော်ဒေါသထွက်ပြီး တဗျစ်တောက်တောက် ပြောလေ့ ရှိပါတယ်။ အဲဒီ စာရေးဆရာရဲ့ စာကို နောက်ဘယ်တော့မှ မဖတ်တော့ ပါဘူး။
တတိယမျက်လုံး
ကျွန်တော်တို့ တတွေက ကံကောင်းထောက်မစွာနဲ့ ဆရာကြီး ရွှေဥဒေါင်းလို၊ ဦးလေးလှလို ပုဂ္ဂိုလ်ကြီးများရဲ့ အရိပ်အောက်မှာ ကြီးပြင်းခဲ့ ရပါတယ်။ အဲဒါကြောင့် စာရေးတဲ့အလုပ်ကို ပေါ့ ပေါ့ မလုပ်ပါဘူး။ လေးလေးစားစား လုပ်ပါတယ်။ နေထိုင်ကောင်းနေတဲ့ အချိန်အားလုံးကို စာရေးစာဖတ် လုပ်နေတာချည်း ဖြစ်ပါတယ်။ ဂျာနယ်တွေ အများကြီး ထွက်နေတဲ့အချိန်မှာ နေ့စဉ်နှစ်ပုဒ်ကျကို ရေးဖြစ်ပါတယ်။ ပင်တော့ ပင်ပန်း ပါတယ်။ ဒါပေမဲ့ လူငယ်တွေကို ကူညီရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားပြီး ရေးရတာဖြစ်တယ်။ သတင်းစာတစ်စောင် ထွက်လာတယ်ဆိုတာ လူတွေ အတွက် တတိယမျက်လုံးတစ်ခု တိုးလာခြင်းဖြစ်ပါတယ်။
ကြည့်သောသူ မြင်၏
တစ်နေ့နှစ်ပုဒ်ရေးနေလည်း ရေးစရာတွေက မလည်ပါဘူး။ “ကြည့် သောသူမြင်၏” ဆိုတဲ့အတိုင်း အလေ့အကျင့်လုပ်ထားတဲ့ သတင်းသမားရဲ့ မျက်စိထဲမှာ ရေးစရာချည့်ပါပဲ။ ဘောလုံးပွဲကြည့်ရင်းလည်း ရေးစရာ တွေ့ပါ တယ်။ ဖျော်ဖြေရေးနယ်က မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ အကြောင်း ဖတ်လည်း ရေးစရာ မြင်ပါတယ်။ ကိုရီးယားကား ကြည့်လည်း ရေးစရာပေါ်လာပါတယ်။ ဂျာနယ်တိုက်ပေါင်းစုံက လူငယ်တွေနဲ့ စကားပြော ရင်းလည်း ရေးစရာတွေ ခေါင်းထဲရောက်လာပါတယ်။ အိမ်ထဲက အိမ်ပြင် မထွက်နိုင်ပေမဲ့လည်း ထွက်နေတဲ့ သူတွေထက်တောင် ပိုသိပါတယ်။ ဂျာနယ်ပေါင်းစုံက လူငယ်တွေ ဥဒဟို ဝင် ထွက် သွားလာနေကြတာကိုး။ပြီးတော့ နိုင်ငံခြားသား မိတ်ဆွေ၊ သတင်းစာဆရာ၊ စာရေးဆရာတွေ၊ကျောင်းဆရာတွေကလည်း တစ်လကို ငါးဦး၊ ခြောက်ဦးတော့ ရောက်ရောက် လာလေ့ရှိပါတယ်။ သူတို့လာတိုင်း စာအုပ်တွေ၊ စာစောင်တွေ လက်ဆောင် ယူလာကြလေ့ရှိတော့ ကမ္ဘာကြီးအကြောင်းလည်း ကောင်းကောင်းသိနေပါ တယ်။ အချိန်ရတိုင်း အင်တာနက်လှိုင်းလုံးကြားထဲလည်း ကူးခတ်နေတတ် ပါတယ်။
သိလို့ ရေးတာ
အဲဒီတော့ ရေးစရာ မရှားပါဘူး။ ပြောချင်တာတွေလည်း မနည်းပါ ဘူး။ ကျန်းမာရေးကြောင့်သာ မဟုတ်ရင် နှစ်ပုဒ်မက သုံးပုဒ်၊ လေးပုဒ် ရေးလို့ တောင်ရပါတယ်။ ရေးသမျှ မှန်တာဖြစ်ချင်မှ ဖြစ်ပါမယ်။ ကောင်းချင်မှ ကောင်းပါမယ်။ ဒါပေမဲ့ ရေးသမျှစာတွေထဲမှာ ပြောစရာတစ်ခု၊ ပေးစရာ တစ်ခု မပါတာမျိုး ဘယ်တော့မှ မရှိပါဘူး။ “ပြောစရာမရှိရင် မရေးနဲ့ ” ဆိုတဲ့ ဆရာကြီး ရွှေဥဒေါင်းတို့ ဦးလေးလှတို့ရဲ့ အဆုံးအမနဲ့ ကြီးလာခဲ့ရ တာပါ။ နောက်ပြီးတော့ ရေရေရာရာ ပိုင်ပိုင်နိုင်နိုင် မသိတဲ့ အကြောင်းအရာ တစ်ခုလို လူအထင်ကြီးအောင် ဖြီးဖြန်းရေးတာမျိုးလည်း ဘယ်တော့မှ မရှိ ပါဘူး။ ကိုယ်ရေးသမျှဟာ သေသေချာချာသိလို့၊ သေသေချာချာကို ယုံကြည် လို့ ရေးတာချည့် ဖြစ်ပါတယ်။ တစ်နေ့ နှစ်ပုဒ်နှုန်းနဲ့ စာတွေ အများကြီး ရေးနေပေမဲ့ မှားလို့ ဖြေရှင်းရတာတို့၊ တောင်းပန်ရတာတို့လည်း တစ်ခါမှ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သေသေချာချာ မသိဘဲမရေးသလို၊ နာမည် ကြီးချင်လို့၊ ထင်ပေါ်ချင်လို့ ၊ အခွင့်အရေးလိုချင်လို့ ရေးတာမျိုးလည်း မရှိခဲ့ လို့ ပါပဲ။ ဝေဖန်သုံးသပ်တာတွေ ရေးတာဖြစ်တော့ အခွင့်အရေးမျှော်ပြီး လုပ်သူတွေကတော့ ဘယ်ကျေနပ်ကြမှာလဲ။ ကိစ္စမရှိပါဘူး။ ရေးသင့်တာ တော့ ဆက်ရေးနေမှာပဲ ဖြစ်ပါတယ်။
(၁၉၁၀ ဇန်နဝါရီ ၁၉ မှာ မွေးဖွားတဲ့ ဦးလေး လူထုဦးလှရဲ့ နှစ်တစ်ရာပြည့် ကို ကြိုဆို ရေးသားလိုက်တာပါ) ။