Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

လူထုစိန်ဝင်း - လက်သီးဆုပ်ကိုဖြေလိုက်ပါ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type
မယုံနိုင်စရာတွေများတဲ့ ၂၀၁၁

 

           ၂၀၁၁ ခုကို ခြုံငုံပြီး သုံးသပ်တဲ့ ဆောင်းပါးရေးပေးဖို့ ဂျာနယ်တိုင်းက တောင်းဆိုကြတယ်။ နှစ်တစ်နှစ် ကုန်ဆုံးချိန်မှာ သတင်းသမားတိုင်း မလွဲမသွေ လုပ်ကြရတဲ့ အလုပ်တစ်ခုပါ။ စာဖတ်ပရိသတ်အတွက် အချိန်တိုအတွင်း သိသင့် သိထိုက်တာ မှန်သမျှ ကြွင်းကျန်မနေရစ်အောင် နှစ်ချုပ်စာရင်း လုပ်ပေးတဲ့ သဘောမျိုး ဆိုပါတော့။

 

မယုံရတဲ့နှစ် 

 

သတင်းစာသမားရဲ့ စရိုက်အတိုင်း အတိုဆုံးနဲ့ အရှင်းဆုံး “လိုတိုရှင်း” ပဲ ပြောရရင်တော့ ၂၀၁၁ ခု တစ်နှစ်လုံးဟာ မယုံနိုင်စရာတွေ တစ်ခုပြီးတစ်ခု အဆက်မပြတ် မြင်တွေ့ကြားသိနေရတဲ့ နှစ်ဖြစ်လို့ “မယုံရတဲ့နှစ်”လို့ပဲ ပြော ရပါလိမ့်မယ်။ နှစ်ဦးပိုင်းမှာပဲ ၁၉၈၈ ခုနှစ်ကတည်းက တစ်သွေးတစ်သံ တစ်မိန့် အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ “နယက”စစ်အစိုးရအဖွဲ့ ကို ဖျက်သိမ်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အဖြစ်ကနေ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အဖြစ်ကို ပြောင်းလဲသွား တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးတာဝန် အားလုံးက အနားယူလိုက်ပြီ လို့ သတင်းတွေက ဆိုတယ်။ ဒါဟာ ပြည်သူတွေအတွက်တော့ တကယ်ကို မယုံနိုင်စရာသတင်း ဖြစ်တယ်။

 

ဒီမိုကရေစီရနံ့သင်း 

 

အရပ်သားအသွင် ပြောင်းသွားတဲ့ ဦးသိန်းစိန်က သမ္မတရာထူး ရယူပြီး ပထမဆုံး ပြောကြားလိုက်တဲ့ မိန့်ခွန်းမှာပဲ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူလူထုရဲ့ ဆန္ဒကို အလေးထားပြီး ပြည်သူ တွေ လိုလားတဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်သွား မယ်။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်သွားမယ်။ တရားဥပဒေစိုးမိုးရေး မဖြစ်မနေ.ဆောင်ရွက်မယ်။ စတုတ္တမဏ္ဍိုင်ကိုလည်း ကြံ့ခိုင်အောင် ဆောင်ရွက်မယ် စတဲ့ ဒီမိုကရေစီ ရနံ့သင်းတဲ့ စကားတွေကို ပြောကြားလိုက်တယ်။ ဒါလည်း မယုံ နိုင်စရာသတင်း ဖြစ်တယ်။

 

သမ္မတကြီးနဲ့ တွေ့ဆုံ 

 

          အဲဒီနောက် ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ကြတယ်။ နောက်တစ်ကြိမ် ထပ်တွေ့တယ်။ အဲဒီနောက် နိုင်ငံတော် သမ္မတ ကြီး ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ တွေ့ဆုံတယ်။ ဒါဟာ ဘယ်လိုမှကို မယုံနိုင်လောက်တဲ့သတင်း ဖြစ်တယ်။ မကြာခင် ကာလ လေးအထိ နာမည်ကိုတောင် မကြားချင်ဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတကြီးက တွေ့ဆုံခဲ့ရုံမက လွှတ်တော်ဥက္ကဋ္ဌကြီး နှစ်ယောက်စလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း၊ လွှတ်တော်နိုင်ငံရေးမှာ ပါဝင် လာပါက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ဆိုတဲ့ စကားတွေ ပြောကြ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလို တွေ့ဆုံရတာ အားရကျေနပ်ကြောင်း၊ သမ္မတဦးသိန်းစိန်ရဲ့ ရိုးသားဖြူစင်မှုကို ယုံကြည်ကြောင်း ပြောခဲ့ တယ်။ တကယ် မယုံနိုင်စရာဘဲ မဟုတ်လား။

 

ကာဗာဂဲနဲ့ ဘက်စ်ဆဲလား 

 

အဲဒီနောက်တော့ မယုံနိုင်စရာတွေ တစ်ခုပြီးတစ်ခု နေ့စဉ်ရက်ဆက် တွေ့လာရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေ ဂျာနယ်တိုင်းမှာ တွေ့ လာ ရတယ်။ သူနဲ့ အင်တာဗျူးခွင့်ရဖို့ အပြိုင်အဆိုင် အလုအယက် ကြိုးစားကြ တယ်။ “တစ်မိုးလုံးဖျောက်ဆိပ်”ဆိုသလို ဂျာနယ်တိုင်းရဲ့ မျက်နှာဖုံးမှာ သူ့ပုံတွေချည်း ဖြစ်နေတော့တယ်။ တချို့လူနောက်တွေက ဒေါ်အောင်ဆန်းစု ကြည်လည်း ဂျာနယ်သမားတွေကြောင့် မျက်နှာဖုံးမယ် “ကာဗာဂ်” ဖြစ်နေပြီ လို့ နောက်ပြောင်ပြောဆိုကြတယ်။ တချို့က သူကိုယ်တိုင် ရေးခဲ့တဲ့ စာတွေကို ရအောင်တောင်းပြီး ထည့်ကြတယ်။ သူသာမကဘူး။ အရင်က နာမည်ကိုတောင် ထည့်ရေးလို့မရတဲ့ ဦးဝင်းတင်ရဲ့ စာတွေပါ ဂျာနယ်တွေမှာ ထည့်ခွင့်၊ စာအုပ်ထုတ်ဝေခွင့် ရလာတယ်။ ချက်ချင်းဆိုသလို ဦးဝင်းတင်လည်း ထုတ်ဝေ သူတွေ အလုအယက် အလိုက်ခံရတဲ့ “ဘက်စ်ဆဲလား”တစ်ယောက်အဖြစ် ရောက်သွားတယ်။ ဒါတွေဟာ မယုံနိုင်စရာတွေချည်း မဟုတ်လား။

 

ရေကာတာစီမံကိန်းကိစ္စ 

 

            အတိုက်အခံ အင်အားစုတွေနဲ့ မတူတာတွေ ဖယ်ထားပြီး တူတာတွေ လက်တွဲလုပ်ဆောင်သွားမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့ လက်တွဲလုပ်ဆောင်သွားနိုင်မယ့် နည်းလမ်းများရှာဖို့ ဆောင်ရွက်သွား မယ်။ ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ အားတက်စရာ စကားတွေလည်း အစိုးရအဖွဲ့ ခေါင်းဆောင်တွေဆီက နေ့စဉ်လို ကြားရတယ်။ ဘယ်လိုမှ မယုံနိုင်စရာ စကားတွေပဲ။ မယုံနိုင်စရာတွေထဲက အရေးကြီးဆုံး မယုံနိုင်စရာ တစ်ခုကတော့ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူ လူထုရဲ့ ဆန္ဒနဲ့အညီ ဆက်လက်မလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်တယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒသဘော ထားကို လေးစားလို့ အစိုးရရဲ့ ပေါ်လစီတစ်ခုကို ပြောင်းလဲလိုက်တယ် ဆိုတဲ့ ကိစ္စမျိုး နှစ်ငါးဆယ်အတွင်း တစ်ခါမှ မကြားဖူးခဲ့ဘူး။ လုံးဝကို မယုံနိုင်စရာ ကိစ္စ ဖြစ်ပါတယ်။

မျက်ဝါးထင်ထင် မြင်တွေ့ရ မယုံနိုင်စရာ ဖြစ်ပျက်ပြောင်းလဲမှုတွေ ဆက်တိုက်တွေ့မြင်ခဲ့ကြရသလို၊ မျက်ဝါးထင်ထင် မြင်တွေ့ ရလို့ သံသယပွားစရာမလိုဘဲ ယုံလိုက်ရတဲ့ သတင်း တွေလည်း အများအပြားရှိတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေးမှာ သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဦးကျော်က ရန်ကုန်မြို့တော်အတွင်း သောက်သုံးရေ ဖူလုံအောင် ဖြန့်ဖြူးရေး အဆိုတင်တယ်။ အဲဒီအဆိုကို မဲခွဲဆုံးဖြတ်တော့ ထောက်ခံမဲ ၂၄ မဲ၊ ကန့်ကွက် မဲ ၉၈ မဲနဲ့ ရှုံးသွားတယ်။ မယုံစရာဘဲ။ ဒါပေမဲ့ နိုဝင်ဘာ ၇ ရက် (7.11.2011) ထုတ် Messenger ဂျာနယ်မှာ ရေးထားတာဆိုတော့ ယုံလိုက်ရတယ်။ ရန်ကုန်အနီးအနားဒေသ တချို့က လယ်မြေတွေကို အကြောင်းအမျိုးမျိုးနဲ့သိမ်းယူနေတဲ့အတွက် လယ်သမားတွေက အိုးအိမ်ဦးစီးဌာနရုံးရှေ့မှာ စုဝေး ဆန္ဒပြကြတယ်။ နိုင်ငံတော် သမ္မတနဲ့တကွ လွှတ်တော်ဥက္ကဋ္ဌတွေက ပြည်သူ့ ဆန္ဒကို လေးစားဖို့၊ ပြည်သူတွေ စိတ်ချမ်းသာအောင် ဆောင်ရွက်ဖို့ မကြာမကြာ ပြောနေတဲ့ကြားက ရန်ကုန်အနီးအနားမှာတောင် ဒီလို သိမ်းယူတာတွေ ရှိနေ တယ်ဆိုတာ မယုံစရာပဲ။ ဒါပေမဲ့ အားလုံးမျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြ ရတာဆိုတော့ ယုံလိုက်ရတယ်။

 

ဈေးတက်စီးပွားရေး 

 

          နောက်ပြီး မီးရထားခတွေ ဆယ်ဆတက်သွားတာလည်း အပြောမဟုတ် ဘူး၊ လက်တွေ့ ။ စာပို့ခက ပြည်တွင်းရိုးရိုး စာတစ်စောင်ပို့ခ နှစ်ဆယ်ကနေ တစ်ရာ၊ အမေရိကဆိုရင် သုံးဆယ်ကနေ ငါးရာတဲ့။ ရေခွန်တို့ အမှိုက်ခွန်တို့ လည်း တက်ဦးမှာလို့ ကြားရတယ်။ နိုင်ငံခြားချေးငွေတွေ၊ အကူအညီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေက ဟီလာရီကလင်တန်နဲ့အတူ ပါလာတာ မဟုတ်ဘူး။ သူက လူလုံးချည်းလာတာ။ ချက်ချင်းလက်ငင်းကတော့ ဈေးတွေခေါင်ခိုက်အောင် တက်တာပဲ တွေ့ရသေးတယ်။ ဈေးကွက်စီးပွားရေးဆိုတာ ဈေးတွေ တက်ချင် တိုင်း တက်တာလားလို့ မေးရမလို ဖြစ်နေတယ်။ “ဈေးတက်စီးပွားရေး” လို့ ခေါ်ချင်တယ် ပြောသူတွေတောင် ရှိတယ်။

 

တွေးမိတိုင်း အရိုးနာ

 

           မယုံနိုင်အောင် ပြောင်းလဲတာတွေ တွေ့ရသလို မယုံနိုင်အောင် မပြောင်း လဲတာတွေလည်း ရှိနေသေးတယ်။ မင်းကိုနိုင်တို့ ခွန်ထွန်းဦးတို့ တစ်တွေ အကျဉ်းထောင်တွေထဲ ရှိမြဲရှိသေးတယ်။ နှစ်ခြောက်ဆယ်ကျော်ကြာ ပြည်တွင်း စစ်ကလည်း မရပ်စဲသေးဘူး။ တိုက်တုန်းခိုက်တုန်း သေကြကျေကြတုန်းပဲ။ တွေးကြည့်ရင် ရှက်စရာကောင်းတယ်။ ဘယ်ဘက်ကသေသေ မြန်မာတွေချည့်ပဲ။ တွေးမိတိုင်း အရိုးနာပါတယ်။ ၂၀၁၂ နှစ်ချုပ် ရှင်းတမ်းလုပ်တဲ့အခါ မပါစေချင် တော့ဘူး။ ဒါကြောင့် မယုံနိုင်စရာတွေ အားလုံး ယုံစရာ ဖြစ်သွားအောင် လေမဟုတ်အလုပ်နဲ့ ပြကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

 

၁၂-၁၂-၂၀၁၁

လက်သီးဆုပ်ကို ဖြေလိုက်ပါ 

 

          တော်တော်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုကို ဦးစီးလုပ်ကိုင် နေတဲ့ ကျောင်းသူဟောင်းတစ်ယောက် ရှိပါတယ်။ အသက်လေးဆယ်ကျော်လေး နဲ့ အောင်မြင်မှုတွေ ရနေတာ မုဒိတာပွားစရာ ကောင်းလှတယ်။ ပွဲလမ်းတကာ အခမ်းအနားတကာမှာ သူ့နာမည်ကို ရှေ့ဆုံးနားမှာ အမြဲ တွေ့ရတယ်။

 

နေ့မအားညမအား 

 

          တစ်နှစ်ကို တစ်ကြိမ်နှစ်ကြိမ် သူ ရောက်ရောက်လာလေ့ရှိတယ်။ ရောက်လာတဲ့အခါတိုင်း တတွတ်တွတ်နဲ့ စကားတွေ မနားတမ်းပြောပြီး ရင်ဖွင့် တတ်တယ်။ အများအားဖြင့်တော့ အလုပ်တွေနဲ့ နေ့ညမအားနိုင်အောင် ဖြစ်နေ လို့ လူမှုရေးဝတ္တရားတွေ ပျက်ကွက်ရတဲ့ အကြောင်း ညည်းချင်းထုတ်တာတွေ ပါပဲ။ ဒါတောင် သူက အိမ်ထောင်ရှိတာ မဟုတ်ဘူး။ မိဘတွေကလည်း ကျန်းကျန်းမာမာနဲ့ ဆိုတော့ သူ့မှာ တာဝန်ကြီးကြီးမားမား ယူစရာမရှိဘူး။ လုပ်ငန်းကြီးတွေ လေးငါးခြောက်ခုထက်မနည်း ဦးစီးနေရတာဆိုတော့ အလုပ် များတာ သဘာဝကျတယ်။ ညည်းမယ်ဆို ညည်းလိုက်တယ်။ ငယ်ရွယ်တုန်း၊ အပင်ပန်းခံနိုင်တုန်း ကြိုးစားပါ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အထိ ကြိုးစားလိုက်စမ်းပါလို့ပဲ အားပေးစကား ပြောမိတယ်။

 

သံသယဖြစ်စရာမရှိ 

 

          ဒီမိန်းကလေးဟာ ကျောင်းတုန်းကလည်း ပညာထူးချွန်ခဲ့သူ ဖြစ်တယ်။ ရည်မှန်းချက် ချမှတ်ပြီး ကြိုးစားအားထုတ်ရင် အိမ်နီးချင်းနိုင်ငံတွေအထိ ထိုးဖောက်နိုင်မယ် ဆိုတာ သံသယ ဖြစ်စရာမလိုဘူး။ သူနဲ့ ဆက်သွယ်ရောင်းဝယ် မှုပြုနေတဲ့ အိမ်နီးချင်း နိုင်ငံတွေက စီးပွားရေး လုပ်ငန်းရှင် အတော်များများ ဟာ သူ့ လိုတောင် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား နိုင်နိုင်နင်းနင်း ဖတ်တတ်၊ ပြောတတ်ကြတာ မဟုတ်ဘူး။ တချို့ဆို စကားပြန်နဲ့ အလုပ်လုပ်နေကြရတာ။ သူကတော့ ဘယ်နိုင်ငံက ဘယ်သူလာလာ ကောင်းကောင်း ပြောဆိုဆက်ဆံနိုင် တယ်။ အင်္ဂလိပ်စကားအပြင် ဂျပန်စကားနဲ့ ပြင်သစ်စကားတောင် တတ်ထား သေးတယ်။

 

မိသားစုပုံစံ 

 

          ရည်မှန်းချက်ချပြီး အသေအချာကြိုးစားရင် သူကောင်းကောင်း ဖြစ်နိုင် တယ်။ နေ့မအားညမအား ပင်ပန်းတယ်ဆိုတာကို သက်သာအောင် လုပ်လို့ ရပါတယ်။ လုပ်ငန်းကြီးလုပ်တာကို လုပ်ငန်းကြီးနဲ့တူအောင် လုပ်တတ်ဖို့ပဲ လိုတယ်။ မြန်မာတွေရဲ့ လုပ်ရိုးလုပ်စဉ် လုပ်နည်းလုပ်ဟန်တွေတော့ ပြောင်းလဲ ပစ်ဖို့ လိုတာပေါ့။ အစဉ်အလာအားဖြင့် မြန်မာတွေက စီးပွားရေး လုပ်ငန်းကြီး တွေ လုပ်တာကိုလည်း အသေးစား မိသားစု စီးပွားရေးလုပ်ငန်း လုပ်သလိုပဲ လုပ်လေ့ရှိကြတယ်။ မိသားစု စီးပွားရေးမှာတော့ ဘာကိစ္စမဆို အဖေ ဒါမှမဟုတ် အမေကပဲ စဉ်းစားဆုံးဖြတ်ပြီး ကျန်မိသားစုတွေက ဝိုင်းလုပ်ကြရုံပဲ။ စဉ်းစား ဆုံးဖြတ်ခွင့် မရှိကြဘူး။ ဒီတော့ အဖေအမေတွေချည့် ပင်ပန်းတာပေါ့။

 

ပရော်ဖက်ရှင်နယ်မဆန် 

 

အလတ်စား အကြီးစား စီးပွားရေးလုပ်ငန်းတွေ လုပ်တော့လည်း ဒီလို မိသားစုပုံစံမျိုးပဲ လုပ်ကြတာများတယ်။ လုပ်ငန်းခွင် ဆက်ဆံရေးမှာလည်း မိသားစုဆက်ဆံရေးပုံစံမျိုး လုပ်ကြကိုင်ကြတယ်။ “ပရော်ဖက်ရှင်နယ်” မဆန် ဘူး။ အလုပ်နဲ့ လူမှုရေးကို စည်းခြားမထားတတ်ကြဘူး။ အဆိုးဆုံး ကတော့ စဉ်းစားဆုံးဖြတ်တဲ့အလုပ်ကို ပိုင်ရှင်သူဌေး တစ်ယောက်တည်းက ချုပ်ကိုင်ထား ခြင်းပဲ ဖြစ်တယ်။ ဒီလိုလုပ်တော့ ပိုင်ရှင်က အလုပ်တိုင်း၊ နေရာတိုင်း ဝင်ပါနေ ရပြီး အားချိန်မရှိတော့ဘူး။ ဝန်ထမ်းတွေလည်း ခေါင်းသုံးပြီး စဉ်းစားဆုံးဖြတ်ရတဲ့ အလုပ်မလုပ်ရတော့ ကြာလာတဲ့အခါ မစဉ်းစားတတ်တော့ဘူး။ ခေါင်းမသုံး တတ်တော့ဘူး။