Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

လူထုစိန်ဝင်း - ပိတောက်မြေကမဟေသီနှင့်ရွှေအမြူတေ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

အညတရ မှတ်တိုင်ကလေးများ

 

           လမ်းကြောင်းတစ်ခုဟာ တောင်တစ်လုံးကို ရစ်ပတ်ကွေ့ဝိုက်လျက်ရှိနေတယ်။ နဂါးကြီးတစ်ကောင်က ကြီးမားတုတ်ခိုင်လှတဲ့ကိုယ်လုံးကြီးနဲ့ တောင်ကိုပတ်ထားသလိုပဲ။ တောင်က မြင့် မားမတ်စောက်ပြီး ခံ့ညားထည်ဝါလှတယ်။ တောင်ထွတ်ဟာ နှင်းမြူတွေ ထဲမှာ ဝိုးတဝါး ဖြစ်နေတယ်။

            တောင်ကို ရစ်ပတ်ထားတဲ့လမ်းကြောင်းပေါ်မှာ တစ်ဦးတည်းသော ခရီးသွားတစ်ယောက်ကို မြင်တွေ့ရတယ်။ သူဟာ တောင်ခြေနားကို ရောက်နေတယ်။ တောင်ပေါ်က ဆင်းလာပုံရတယ်။ သူ့ခရီးဆုံးဖြစ်

ကောင်းဖြစ်မယ်။ ဖြစ်ချင်မှလည်း ဖြစ်ဦးမယ်။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်တောင်မှ သူ့ခရီးဘယ်မှာဆုံးမယ်၊ ဘယ်တော့ဆုံးမယ်ဆိုတာ မသိနိုင်လို့ ဖြစ်တယ်။

            သူဟာ တောင်ရဲ့ အခြားတစ်ဖက်ကနေပြီး တောင်ထိပ်ရောက်အောင် တကယ်ကို ကျားကုတ်ကျားခဲ တက်လာခဲ့ရတာဖြစ်တယ်။ တောင်တက် လမ်းခရီးတစ်လျှောက်မှာ အခက်အခဲပေါင်းများစွာနဲ့ အန္တရာယ်ပေါင်း အနန္တကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ မိုးသက်မုန်တိုင်းတွေကို ကြံ့ကြံ့ခံ ခဲ့ရတယ်။ တစ်ခါတလေ နက်ရှိုင်းလှတဲ့ချောက်ကမ်းပါးကြီးတွေထဲ သူကျသွားတယ်။ မတ်စောက်လွန်းလို့ ပြန်တက်လာနိုင်လိမ့်မယ် မထင်ရဘူး။ ဒါပေမဲ့ သူအရှုံးမပေးဘူး။ အပွန်းအပဲ့တွေ၊ ဒဏ်ရာဒဏ်ချက်တွေများစွာနဲ့ သူပြန်တက်လာနိုင်ခဲ့တယ်။

            တစ်ခါတစ်ရံ တောင်ပြိုတဲ့ထဲ ပါသွားခဲ့တယ်။ တန်ချိန်ပေါင်းများ စွာရှိတဲ့ မြေကြီးတွေ၊ ကျောက်ခဲတွေအောက်မှာ သူ့ဘဝဇာတ်သိမ်းပြီလို့ ထင်မှတ်ရတယ်။ ဒါပေမဲ့ တစ်နည်းတစ်ဖုံနဲ့ ကျောက်ခဲပုံတွေကြားက သူပြန်ထွက်လာနိုင်ခဲ့တယ်။ သူ့ဦးခေါင်းတစ်ခုလုံး သွေးတွေ ခြင်းခြင်း နီရဲနေတယ်။ ဒါပေမဲ့ သူကတော့ ဦးမညွှတ်ခဲ့ဘူး။ အရှုံးမပေးခဲ့ဘူး။ ဒူးမထောက်ခဲ့ဘူး။ ချောက်ကမ်းပါးတွေထဲ ကျသွားလိုက်၊ ပြန်တက် လာပြီး တောင်တစ်လုံးကျော်လိုက်နဲ့ ရှေ့ကိုသာတက်ပြီး တက်နေခဲ့တယ်။

            သူ့မှာ တစ်ချောင်းတည်းသော စိတ်သာရှိတယ်။ တောင်ထိပ်ကိုရောက် ဖို့ဆိုတဲ့စိတ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် တောင်ထိပ်ကိုရောက်ရမယ်ဆိုတဲ့ စိတ်။

            ချောက်ထဲကျလိုက်၊ ပြန်တက်လိုက်၊ လဲကျလိုက်၊ ပြန်ထလိုက်နဲ့ သူဟာ မမှိတ်မသုန် ရှေ့ကိုသာဆက်တက်ခဲ့တယ်။ ထော့ကျိုးတော့ နဲ့ တောင်ထိပ်ရောက်ရမယ်ဆိုတဲ့ ဇွဲနဲ့ နောက်ဆုံးတော့ တောင်ထိပ်ကို ရောက်ခဲ့တယ်။ တိုက်ပွဲကို သူနိုင်ခဲ့ပြီ။ ဒဏ်ရာဒဏ်ချက်ပေါင်း များစွာနဲ့ တန်ဖိုးကြီးစွာပေးပြီး တိုက်ပွဲကို အနိုင်ရခဲ့ခြင်းဖြစ်တယ်။ အနိုင်မခံ အရှုံး မပေးတဲ့စိတ်၊ အလံမလှဲတဲ့စိတ်နဲ့ တိုက်ပွဲကိုအနိုင်ရခဲ့ခြင်းဖြစ်တယ်။

            သူ့ရဲ့ ဘဝတစ်သက်တာ ရည်မှန်းချက်ဖြစ်တဲ့ တောင်ထိပ်ကို သူ ရောက်ခဲ့ပြီ။ တောင်ထိပ်ပေါ်မှာရပ်နေရင်းက တောင်အောက်ကို ပြန်စို့ ကြည့်လိုက်တော့ မြွေနဂါးကြီးတစ်ကောင် ရစ်ခွေနေသလို မြင်ရတဲ့တောင်ပတ်လမ်းရဲ့ အစကို ပျပျလေးပဲမြင်ရတယ်။ နည်းတဲ့အမြင့်မဟုတ် ပါလား။ မတစ်ထောင်တစ်ကောင်ဖွား ကျားဆိုမှကျားဆိုတဲ့ ငါပါလား လို့ မာန်တွေဝင့်ထည်ခဲ့မိတယ်။ လူ့“အားမာန်”ကို သူက ယုံကြည်တယ်။ လူလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိလို့ သူက သဘောထားတယ်။ ဒီယုံကြည်ချက်၊ ဒီသဘောထားကြောင့်ပဲ မရောက် နိုင်ဘူးလို့ မှတ်ထင်ကြတဲ့ တောင်ထိပ်ကို သူရောက်လာနိုင်ခဲ့တယ်။ ထော့ကျိုးတော့ကျိုးနဲ့ သူလိုလူမျိုး တောင်ထိပ်ကို ဘယ်လိုလုပ်ပြီး ရောက်

နိုင်မှာလဲလို့ ပြောခဲ့ကြတယ်။ အခုတော့ မဖြစ်နိုင်ဘူးဆိုတာတွေကို ဖြစ်အောင် သူလုပ်နိုင်ခဲ့ပြီ။ သူမာန်ဝင့်သင့်တာပေါ့ ။ သူ ဝမ်းသာအားရ ရှိသင့်တာပေါ့။ လက်ခမောင်း ခတ်သင့်တာပေါ့ ။

           ဒါပေမဲ့ သူရဲ့ ဝမ်းသာကြည်နူးမှုတွေဟာ သက်တမ်းတိုလှပါတယ်။ သူ ရှေ့ဆက်သွားရဦးမယ်လေ။ သူဟာ ခရီးသည်တစ်ဦး မဟုတ်လား။

           ရှေ့ဆက် သူတက်စရာတောင်ထွတ်မရှိတော့ဘူး။ တောင်ထွတ်တွေ အားလုံးရဲ့ အထွတ်အထိပ်ကို သူရောက်နေပြီလေ။ ဒါပေမဲ့ သူနားနေလို့ မဖြစ်ဘူး။ သူက ခရီးသည်မဟုတ်လား။ လမ်းရှိနေသရွေ့ လျှောက်နေရ မှာပေါ့။ သူ့ရှေ့မှာရှိနေတဲ့ တစ်ခုတည်းသောလမ်းက အဆင်းလမ်းသာ ဖြစ်တယ်။ ခရီးသွားတဲ့လူအဖို့ ဆင်းတာနဲ့တက်တာနဲ့ ကွာခြားချက်ရယ် လို့ မရှိပါဘူး။ တက်တာလည်း ခရီးသွားခြင်းပဲဖြစ်သလို ဆင်းတာလည်း ခရီးသွားခြင်းပါပဲ။ ခရီးသည်ကတော့ အတက်တွေ့ တွေ့၊ အဆင်းတွေ့ တွေ့ လမ်းတွေ့ရင် ခရီးသွားရမှာပါ။

          ပြီးတော့ သူက ခရီးသည်တစ်ဦးလေ။ အသိဉာဏ်၊ ဗဟုသုတတွေ နောက် မွတ်သိပ်စွာနဲ့ တကောက်ကောက်လိုက်နေတဲ့ ခရီးသည်တစ်ဦးဆိုတော့ လမ်းတွေ့ရင် လျှောက်ရပေမပေါ့ ။ စိတ်လိုလက်ရမရှိလှပေမဲ့ ဖြည်းဖြည်းဖြည်းဖြည်းနဲ့တောင်ခြေနားတောင် သူရောက်နေခဲ့ပါပြီ။

           ရှေ့ကိုလှမ်းမျှော်ကြည့်လိုက်တော့ လမ်းဆုံးကိုမတွေ့ရဘူး။ လမ်း ကလေးဟာ သစ်ပင်ချုံပုတ်တွေအောက်မှာ ကွယ်ပျောက်နေတယ်။ တော အုပ်စိမ်းစိမ်းကြီးက ပန်းတိုင်ကို ဖုံးကွယ်ထားတယ်။ အဲဒါကြောင့် လမ်း ဆုံးကို သူမတွေ့နိုင်ဘူး။

          စမ်းချောင်းကလေးတစ်ခု ဘေးမှာ အမောအပန်းဖြေရင်း လွမ်း ဆွတ်တသစွာနဲ့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခံ့ညားထည်ဝါလှတဲ့

တောင်မင်းကို မို့မို့ စိမ်းစိမ်း မြင်တွေ့ရတယ်။ တောင်ထွတ်ကိုတော့ မမြင်ရဘူး။ မြူနှင်းတွေကြားမှာ ပျောက်ကွယ်နေတယ်။

           မမြင်ရပေမဲ့ တွေ့ရပါတယ်။ ဘဝတစ်သက်တာလုံး မျှော်လင့်ချက် ကြီးမားစွာနဲ့ တသခဲ့ရတဲ့ သူ့ဘဝရဲ့ ပန်းတိုင် (ပန်းတိုင်လို့ သူထင်ခဲ့ သိမှားဖြစ်ခဲ့တာပါ။ ပန်းတိုင်မဟုတ်သေးပါလားဆိုတာကို ပန်းတိုင်ဆိုတဲ့

နေရာရောက်မှပဲ သိလိုက်ရတာပါ) ကို မျက်စိမှိတ်ထားတောင် သူတွေ့ နေရပါတယ်။

           အိပ်ပျော်နေရင်တောင်မှ အိပ်မက်ထဲမှာ သူ့ ရဲ့ တောင်ထွတ်ကို သူ တွေ့ရတတ်ပါတယ်။ အဲဒီတောင်ထွတ်ကိုရောက်ဖို့အတွက် အန္တရာယ် အသွယ်သွယ်၊ ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ သွေး ပင်လယ်နဲ့ ချွေးသမုဒ္ဒရာကိုလည်း လက်ပစ်ကူးခပ်ခဲ့ရပါတယ်။ နောက် ဆုံးတော့ တောင်ထွတ်ကို သူ ရောက်ခဲ့ပါပြီ။ သူ့ဘဝရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ခဲ့ပါပြီ။

          အဲဒီလိုရောက်သွားပါမှ သူအထိတ်တလန့်နဲ့ တုန်လှုပ်ချောက်ချား သွားရပါတော့တယ်။ ဘဝတာတစ်ခုလုံး အမျှော်လင့်ကြီးမျှော်လင့်ခဲ့ရတဲ့၊ လိုချင်မက်မောလှတဲ့ “ပန်းတိုင်” ဆိုတဲ့အရာဟာ ပန်းတိုင်မဟုတ်သေးပါ လားဆိုတာကို ဗြုန်းခနဲ ဒိုင်းခနဲ သူသိလိုက်ရပါတယ်။

          သူက ခရီးသည်ပဲ။ ခရီးဆက်ရပေဦးမှာပေါ့။ အသိဉာဏ်၊ ဗဟု သုတတွေရှာဖွေဖို့၊ နောက်လူတွေကို နေရာပေးဖို့။

          ဘယ်အချိန် ဘယ်အခါမှာ ထွက်ခွာရမယ်ဆိုတာကိုသိဖို့ လူ့ဘဝမှာ အရေးအကြီးဆုံးဖြစ်ပါတယ်။ မသိခဲ့ရင် ဘဝပျက်တတ်ပါတယ်။ သိသူ ဟာ အသိဉာဏ်ရှိသူ၊ လိမ္မာသူပေါ့။

           စမ်းချောင်းလေးနံဘေးမှာ ချိုင်းထောက်ကိုမှီရင်း နောက်ကို သူပြန် ကြည့်နေမိတယ်။ သူ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝေနေလို့ပဲလား၊

တောင်ထိပ်မှာ မြူတွေဆိုင်းနေလို့ပဲလား အသေအချာ သူသတိမထား မိပါဘူး။ တောင်ထွတ်ကို မမြင်ရတာကိုသာ သတိထားမိတယ်။

          သူ့မျက်စိထဲမှာ အထင်အရှားမြင်တွေ့ နေရတာကတော့ လမ်းပြမှတ် တိုင် ဖြူဖြူလေးတွေဖြစ်ပါတယ်။ တချို့က ကျိုးလို့၊ တချို့က လဲလို့၊ ရီဝေတဲ့မျက်လုံးတွေနဲ့ မှတ်တိုင်ဖြူဖြူလေးတွေကို ရေတွက် ကြည့်လိုက် မိတယ်။ 

          “ခြောက်ဆယ်”

          သူ့ပါးစပ်က တီးတိုးရေရွတ်သံတောင် ထွက်လာတယ်။ ကျိုးတာ ကကျိုး၊ ပဲ့တာကပွဲဖြစ်နေပေမဲ့ ခြောက်ဆယ်သောမှတ်တိုင်လေးတွေကတော့ လမ်းဘေးမှာ အထင်အရှား ရှိနေပါသေးတယ်။ ခုလတ်တလော

လေးကမှ သူစိုက်ထူလိုက်တဲ့ မှတ်တိုင်လေးတစ်ခုကလွဲရင် ကျန်တဲ့ ၅၉ ခုသော မှတ်တိုင်လေးတွေအားလုံးဟာ အိုမင်းဟောင်းနွမ်းနေကြပါပြီ။

          ဒီမှတ်တိုင်လေးတွေဟာ အိုလမ်ပတ်တောင်ခြေ ကျောက်ဖြူသား တိုင်လုံးကြီးတွေလို ခံ့ညားထည်ဝါမှုမရှိပါဘူး။ အနုပညာလည်း မဆန် ပါဘူး။ သာမန်ကျောက်တိုင်လေးတွေပါ။ သူကိုယ်တိုင်လုပ်ပြီး သူ ကိုယ်တိုင်စိုက်ထူထားခဲ့တဲ့ သာမန်ကျောက်တိုင်ကလေးတွေပါ။

           စမ်းချောင်းလေးနံဘေးမှာ သူတစ်ယောက်တည်းရပ်ရင်း မှတ်တိုင် ကလေးခြောက်ဆယ်ကို ငေးကြည့်နေမိတယ်။ အခုတော့လည်း သူ တစ်ယောက်တည်းပါ။ ။

          အစကတော့ တစ်ယောက်တည်းဘယ်ဟုတ်မလဲ။ အဖော်တွေ အများ ကြီးနဲ့ပေါ့။

ခရီးအစမှာ သူနဲ့ အတူလိုက်ပါခဲ့သူတချို့ဟာ ချောက်ကမ်းပါးထဲ ကျသွားရာက ပြန်တက်မလာနိုင်ရှာကြတော့ဘူး။ တချို့ကတော့ တောင် ပြိုရာမှာပါသွားပြီး ကျောက်တုံးတွေ မြေကြီးတွေအောက်မှာ နစ်မြုပ် ကွယ် ပျောက်သွားခဲ့ကြရှာတယ်။ တချို့ကတော့ ချွေးတစ်စက်၊ သွေးတစ်စက် လောက်ထွက်တာနဲ့ နောက်ပြန်လှည့်သွားခဲ့ကြတယ်။ 

           အခုတော့လည်း သူတစ်ယောက်တည်းပါပဲ။ ကမ္ဘာကြီးထဲမှာ တစ်ယောက်တည်းပါပဲ။ တစ်ကိုယ်တော်ခရီးသည်ကြီးပေါ့ လေ။ လမ်း ဆုံးမသိတဲ့ တောကြီးမျက်မည်းထဲမှာ သူတစ်ယောက်တည်းပါ။ ။

           သူအိုပါပြီ။ တုန်ချည့်တုန်ချည့်လည်း ဖြစ်နေပါပြီ။ ဒါအပြင် ဒုက္ခိတ ဘဝကိုလည်း ရောက်နေပါပြီ။ ချိုင်းထောက်ပေါ်မှာ လုံးဝမှီခိုအားထား နေရတဲ့ ဒုက္ခိတအဘိုးအိုဖြစ်နေပါပြီ။

           ဒုက္ခိတအဘိုးအို။

          မှန်ပါတယ်။ သူဟာ ဒုက္ခိတလည်းဖြစ်၊ အဘိုးအိုလည်းဖြစ်နေပါပြီ။ ဒါပေမဲ့ ဇရာကိုလည်း သူမမှုပါဘူး။ ဗျာတိကိုလည်း သူအရှုံးမပေးပါဘူး။

          မရဏဆိုတဲ့ သေခြင်းတရားကိုတောင် မကြောက်မရွံ့ ရင်ဆိုင်နိုင်သူ ဟာ ဇရာနဲ့ ဗျာတိလောက်ကို ဘယ်ကြောက်ပါတော့မလဲ။